မွန်းဂျေအင်းနှင့် ကင်ဂျုံအွန်တို့၏ ဘဝခရီး

မွန်းဂျေအင်းနှင့် ကင်ဂျုံအွန်တို့၏ ဘဝခရီး
Published 30 April 2018

Photo: AFP

■ စွန့်ခွာ ထွက်ပြေးသူ၏ သား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ အာဏာသို့ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းများသည် ၎င်းတို့၏ နိုင်ငံနှစ်နိုင်ငံကဲ့သို့ပင် အလွန်အမင်း ကွဲပြားနေခဲ့သည်။ ဧပြီ ၂၇ ရက်တွင် မွန်းနှင့် ကင်တို့သည် နှစ်နိုင်ငံကြား စစ်မဲ့ဇုန်သို့ ရောက်လာခဲ့ကြပြီး သမိုင်းဝင် လက်ဆွဲနှုတ်ဆက်မှုကို ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ မြောက်ကိုရီးယားဟု ခေါ်သောနေရာတွင် ဟန်နန် ဆိုသောမြို့ရှိ ရွာငယ်တစ်ရွာ၌ မွန်း၏ မိဘနှစ်ပါးကို မွေးဖွားခဲ့သည်။ မွန်း၏ ဖခင် မွန်းယောင်ဟွန်းသည် ထိပ်တန်း အထက်တန်းကျောင်း၌ ပညာသင်ယူခဲ့သူဖြစ်ပြီး အစိုးရ စိုက်ပျိုးရေးအရာရှိ တစ်ဦး ဖြစ်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းတွင် ကိုရီးယားစစ်ပွဲ ဖြစ်ပွားချိန်၌ ကင်အီဆွန်း၏ တပ်ဖွဲ့ဝင်များသည် ဟန်နန်မြို့ကို စီးနင်း သိမ်းပိုက်ခဲ့ကြပြီး အမေရိကန်စစ်တပ်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အရပ်သားများ ကယ်ဆယ်ရွှေ့ပြောင်းရေး အစီအစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သော ဟန်နန်ရွှေ့ပြောင်းရေး အစီအစဉ်တွင် မြောက်ကိုရီးယားကို စွန့်ခွာပြေးခဲ့ကြသော အရပ်သား တစ်သိန်းတွင် မွန်း၏ မိဘနှစ်ပါးစလုံး ပါဝင်လာခဲ့သည်။

မွန်း၏ မိခင်သည် အနာဂတ်တွင် သမ္မတ ဖြစ်လာမည့် သားဖြစ်သူကို ယနေ့ခေတ် တောင်ကိုရီးယားဘက်ခြမ်းရှိ ဂျီအိုဂျဲမှ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည်။ ပညာတတ်သော်လည်း စကားနည်းသော မွန်း၏ ဖခင်သည် လူမှုရေးရာများတွင် စိတ်ဝင်စားပြီး ပညာတတ်များအကြား ခေတ်စားသော စာပေမဂ္ဂဇင်းတစ်ခုကို ဖတ်ရှုသူဖြစ်သည်။ သို့သော်လည်း စီးပွားရေးတွင် ပါရမီနည်းပြီး အကြွေးပိကာ စိတ်ဓာတ် ကျဆင်းခဲ့ရသူ ဖြစ်သည်။

“သူ ဆိုင်လေး တစ်ဆိုင်ဖွင့်တော့ လူတိုင်းက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောတဲ့နေရာမှာ ဖွင့်တာပါ။ အဲဒီအချိန်တုန်းက သူက အဲဒီလို”ဟု မွန်းက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ဖခင်အကြောင်းကို ရေးသားခဲ့သည်။

မွန်းတို့ မိသားစုသည် ကက်သလစ်သီလရှင်များက လိုက်ဝေသော စားနပ်ရိက္ခာကို မှီခိုခဲ့ရသည်။ မွန်းက သူ့ကိုယ်သူ ကက်သလစ်အဖြစ် ထုတ်ဖော် ပြောကြားထားဆဲ ဖြစ်သည်။ မွန်း၏ မိခင်သည် အိမ်ထောင်ဦးစီး ဖြစ်လာခဲ့ပြီး တစ်အိမ်ဆင်း တစ်အိမ်တက် လှည့်လည် အထည်ရောင်းခြင်းနှင့် အခြားစီးပွားရေး လုပ်ငန်းငယ်များကို ဦးစီး လုပ်ကိုင်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မွန်းသည် စစ်မှုထမ်းရာမှ ပြန်လည် ထွက်လာခဲ့ပြီးနောက် ဖခင်ဖြစ်သူသည် အသက် ၅၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

“ဒုက္ခသည် တစ်ယောက်အနေနဲ့ သူ့ဘ၀ တစ်လျှောက်လုံး ခံစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆင်းရဲမွဲတေ ခဲ့ပါတယ်။ သူ့မှာ ကျွန်တော့်အတွက် မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အောင်မြင်တာတွေကို သူ မတွေ့သွားရဘဲ သေဆုံးသွားခဲ့ပါတယ်။ ကျွန်တော် အရမ်းပဲ စိတ်မကောင်းဘဲ အပြစ်ရှိသလို ခံစားရပါတယ်”ဟု မွန်းက ရေးသားခဲ့သည်။

မွန်းသည် ဖခင်ဖြစ်သူထံမှ ပညာတတ်ညာဉ်များနှင့် လူမှုရေးဆိုင်ရာ အသိစိတ်ဓာတ်ရှိမှုတို့ကို ဆက်ခံရရှိခဲ့သည်။ မွန်းသည် ရှေ့နေ ဖြစ်လာခဲ့ပြီး အာဏာရှင် ပက်ချုံဟီး လက်ထက်တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ခဲ့သည်။ ထို့နောက် လစ်ဘရယ် သမ္မတ နိုမူဟွန်းက ၂၀၀၃ ခုနှစ်တွင် မွန်းကို အဓိက လက်ထောက်အဖြစ် ရွေးချယ်မြှောက်စားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မိခင်ဖြစ်သူ ကန်ဟန်အော့သည် မြောက်ကိုရီးယားဘက်၌ ကျန်ရစ်ခဲ့သော ညီမဖြစ်သူနှင့် ကန်ဂန်တောင်၌ ပြန်လည်တွေ့ဆုံခဲ့မှုကို မွန်းက လိုက်ပါပေးခဲ့သည်။
ထို့ပြင် ၂၀၀၇ ခုနှစ်က ပြုံယမ်း၌ ကျင်းပသော ကိုရီးယား ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ၏ ရုံးအကြီးအကဲအဖြစ် မွန်းက တက်ရောက်ခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မွန်းသည် ပက်ချုံဟီး၏ သမီးဖြစ်သူ ပက်ကွမ်ဟီးကို ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်တွင် ပက်ကွမ်ဟီးသည် စွပ်စွဲ ပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရပြီး ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် မွန်းက ၎င်းအား ဆက်ခံရန် အနိုင်ရသူဖြစ်လာခဲ့သည်။

■ ခေါင်းဆောင်ဖြစ်ရန် မွေးလာသူ

ကင်ဂျုံအွန်၏ အဖေ ကင်ဂျုံအီကို ကိုရီးယားတို့ အထွတ်အမြတ်ထားသည့် ပက်တူတောင်တော်ရှိ လျှို့ဝှက်ပြောက်ကျားစခန်းတွင် မွေးဖွားခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်သည်။ ထိုနေရာသည် မွန်း၏ မိဘများ ဇာတိဖြစ်သော ဟန်နန်နှင့် အနီးအနားရှိ နေရာဖြစ်သည်။

ဆိုဗီယက် မှတ်တမ်းများနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ကင်ဂျုံအီသည် သူ၏ ဖခင်ဖြစ်သူ ကင်အီဆွန်း ပြည်ပြေးဘဝ၌ ရောက်ရှိခဲ့သော ဆိုက်ဘေးရီးယားရှိ ရွာတစ်ရွာတွင် မွေးဖွားခဲ့သူဟု ဖော်ပြကြသည်။

ကင်ဂျုံအွန်၏ ဘဝအစပိုင်းသည်လည်း ဒဏ္ဍာရီဆန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ၎င်း၏ မွေးနေ့ အတိအကျကိုပင် ရှင်းရှင်းလင်းလင်း မသိကြရပေ။ သို့သော်လည်း ကင်ဂျုံအွန်သည် စည်းစိမ်အပြည့်နှင့် ဘဝကို ခံစားခဲ့ရသူ ဖြစ်သည်။ ကင်ဂျုံအီ၏ တတိယဇနီး ကွယ်လွန်သူ ကိုရီးယားကချေသည် ကိုယောင်ဟွေမှ မွေးဖွားခဲ့သော ကင်ဂျုံအွန်သည် ဆွစ်ဇာလန်တွင် ပညာသင်ကြားခဲ့ရပြီး မိခင်ဘက်မှ အဒေါ်ဖြစ်သူနှင့် ခင်ပွန်းတို့က ၎င်းအား ဆွစ်ဇာလန်တွင် စောင့်ရှောက်ခဲ့သည်။ မြောက်ကိုရီးယား အာဏာရှင်မိသားစု၏ ဆက်ခံသူဟု ကျောင်းဝန်ထမ်းများနှင့် သူငယ်ချင်းများက ကင်ဂျုံအွန်ကို သိရှိခဲ့ခြင်း မရှိဟု ဆိုကြသည်။ ကင်ဂျုံအွန်သည် ရေခဲပြင် စကိတ်စီးခြင်းကို နှစ်သက်သော၊ ရှက်တတ်သူ ယောက်ျားလေး တစ်ဦးအဖြစ်သာ သိရှိကြသည်။ ထို့ပြင် ဟောလိဝုဒ် အက်ရှင်သရုပ်ဆောင် ယန်းကလော့ဗန်ဒိန်းနှင့် ဘတ်စကတ်ဘောကို ကင်ဂျုံအွန်က နှစ်သက်သည်ဟု ဆိုသည်။

ယခုအခါ အသက် ၃၀ ကျော်အရွယ်ရှိ နေပြီဖြစ်သော ကင်ဂျုံအွန်သည် သူ၏ ရှစ်နှစ်မြောက် မွေးနေ့တွင် ဗိုလ်ချုပ်ကြီး ယူနီဖောင်း နှင့် မြောက်ကိုရီးယား၏ စစ်ဘက်ခေါင်းဆောင်က အလေးပြုမှုကို လက်ခံရရှိခဲ့ချိန်တွင် သူသည် မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာမည်ဟု သိခဲ့ပြီဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

သို့သော်လည်း ဖခင်ဖြစ်သူ လေဖြတ်သွားခဲ့ပြီး မြောက်ကိုရီးယား၏ ဒုတိယမြောက် မျိုးဆက်ဆက်ခံမှုကို ပြင်ဆင်ခဲ့ကြသည့် ၂၀၀၈ ခုနှစ်တွင်မှ ကင်သည် လူထုမြင်ကွင်းသို့ ရောက်ရှိလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကင်သည် အာဏာကို အမွေဆက်ခံ ရရှိခဲ့ပြီး သူသည် အစမ်းသပ် မခံရသေးသော၊ ထိခိုက်လွယ်သော ဝါရင့်တာဝန်ရှိသူများက ခြယ်လှယ်မှုကို ခံရနိုင်ဖွယ်ရှိသော လူငယ်တစ်ဦးအဖြစ်သာ ရှုမြင်ခံခဲ့ရသည်။ သို့သော်လည်း ကင်သည် သူ၏ ဦးလေးတော်သူဖြစ်ပြီး ထိန်းသိမ်း စောင့်ရှောက်သူဖြစ်သော ဂျန်ဆောင်သက်ကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီးနောက် သူ၏အာဏာကို အလျင်အမြန်ပင် တည်ဆောက်ခဲ့သည်။ ယမန်နှစ်က မလေးရှားတွင် အဖေတူ အမေကွဲအစ်ကို ကင်ဂျုံနန်အား လုပ်ကြံသတ်ဖြတ်မှုတွင် ကင်က အဓိကတာဝန်ရှိသူဟု ယူဆခံရသည်။

ကင်သည် ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှု၊ ဟန်ပန်အပြုအမူ၊ လူထုမြင်ကွင်းတွင် စကားပြောသည့် ဟန်တို့ကို အဘိုးဖြစ်သူထံမှ အမွေယူခဲ့ပြီး သူ၏ လက်ရေးကိုပင် အဘိုးဖြစ်သူအတိုင်း ရေးသူဖြစ်သည်။ ထို့ပြင် ကင်သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ထိပ်ဖူးတပ် ဒုံးနည်းပညာ လျင်မြန်စွာ တိုးတက်မှုရရှိစေရန် ကြီးကြပ် ကွပ်ကဲခဲ့သည်။ သို့သော်လည်း ကင်သည် အပြည်ပြည်ဆိုင်ရာ စင်မြင့်တွင် ယခုမှ အခြေချသူဖြစ်သည်။ ပြီးခဲ့သည့်လက အဓိက မဟာမိတ် ပေကျင်းထံသို့ အမှတ်မထင် သွားရောက် လည်ပတ်မှု မတိုင်ခင်အထိ ကင်က လက်ခံတွေ့ဆုံခဲ့သော အထင်ရှားဆုံး နိုင်ငံခြားသားမှာ သူ နှစ်သက်သည့် ဘတ်စကက်ဘောကစားသမား ဒင်းနစ်ရော့မန်း ဖြစ်သည်။

Most Read

Most Recent