ကျွန်တော်နှင့် ငရဲသားများ

ကျွန်တော်နှင့် ငရဲသားများ
Published 18 August 2017

အင်းစိန်အကျဉ်းဦးစီးဌာနကို တွေ့ရစဉ် (အောင်မျိုးသန့်)

ငရဲကောင် အမှတ်(၂) - ထောင်မှူးကြီး လှအောင်

တစ်လောက ထောင် (သို့မဟုတ်) အကျဉ်းဦးစီးဌာနက ထုတ်ဝေသည့် “ဘဝသစ်” အမည်ဖြင့် မဂ္ဂဇင်းဟောင်းတစ်စောင် ဖတ်ရသည်။ အကျဉ်းဦးစီး အငြိမ်းစားအရာရှိ တစ်ဦး၏ ဆောင်းပါးအရ ယခင်က ထောင်သည် တရားရေးဝန်ကြီးဌာန လက်အောက်တွင်ရှိကြောင်း သိခဲ့ရသည်။ ၁၉၇၁ မှစပြီး အကျဉ်းဦးစီးသို့ စစ်ဗိုလ်များ တဖွဲဖွဲ ရောက်လာပါကြောင်း သိမှတ်ခဲ့ရပါသည်။

ထိုအပြောင်းအလဲကြီး အင်္ဂါစုံစုံလင်လင် ဖြစ်ခါနီးအချိန် ၁၉၇၆ တွင် ကျွန်တော်က အင်းစိန်ထောင် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ဦးနု၏ “ရက်စက်ပါပေ့ကွယ်” ဝတ္ထုကြီးပါ ကိုလိုနီခေတ်ကို မမီသော်လည်း ဆိုရှယ်လစ် အင်းစိန်ထောင်ကား ကမ္ဘာကျော် ထိပ်တန်း နာမည်ဆိုးစာရင်းဝင် ဖြစ်ပါ၏။ ဖိနှိပ်ချုပ်ခြယ်မှု၊ လာဘ်ပေးလာဘ်ယူ၊ ရက်စက်မှုကား ကမ်းကုန်လှပါသည်။

ထောင်မှာ လူဆိုးသူခိုးတို့၏ နေရာဖြစ်သည့်အတိုင်း မုဒိမ်းလူသတ်၊ လူသတ်ဓားပြ နှစ်ကြီးလေ ဂုဏ်ရှိလေ။ ထောင်တွင်း လူသတ်မှုတစ်မှုလောက် ကျူးလွန်လိုက်လျှင် “ပြန်တမ်းဝင်”သွားပြီ။ နေမှု စားမှု မပူရ။ စကထ (စည်းကမ်းထိန်း)၊ တန်းစီး၊ ဘာယာ၊ ဘုတ်ကိုင် နေရာအသီးသီးက စောင့်ကြိုလျက်။ အဆောင်ရုံးခန်းများတွင် ချိတ်ဆွဲထားသော အကျဉ်းသားတစ်ဦး၏ ရပိုင်ခွင့်ဇယားပါ တစ်နေ့ ဆန်၊ ဆီ၊ မန်ကျည်းသီး၊ ကြက်သွန် စသည့် စာရင်းများကား ဇယားထဲတွင်သာ ရှိသည်။ လက်တွေ့မပါ။ ထိုဖိနှိပ်ချုပ်ခြယ်မှု ပြင်းထန် ရက်စက်လှသည့် ထောင်တွင် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်နှင့် နှိပ်ကွပ်မှုများ အရှိန်မြင့်လာသည်။ ထောင်တွင် နိုင်ငံရေးအကျဉ်းသား မရှိ၊ ဘုန်းကြီး မရှိ၊ ကျောင်းသား မရှိ၊ အကျနှင့် အချုပ်သာ ရှိသည်ဟူသည့် ကြွေးကြော်သံ တက်လာသည်။

မုန်တိုင်း၏ ဗဟိုချက်မှာ ၁၉၇၉ ခုနှစ် မတ် ၁၅ ရက် ကျွန်တော်၏ (၂၆)နှစ်မြောက် မွေးနေ့တွင် စတင်သည်။ ထောင်ပိုင်ကြီး မက္ကနားက ကျွန်တော်တို့ ကျောင်းသားများ၊ ၅ (ည) များ အားလုံးကို စုဝေးစေပြီး မိန့်ခွန်းချွေသည်။

“မင်းတို့ ကျောင်းသားတွေ မဟုတ်လား”

“ဟုတ်ပါတယ်”

“အေး မင်းတို့ကျောင်းမှာ ကျောင်းစည်းကမ်း၊ ထောင်မှာ ထောင်စည်းကမ်း။ ဟုတ်သလား” “ဟုတ်ပါတယ်” ကျွန်တော်တို့ က သံပြိုင်ဖြေလိုက်သဖြင့် ထောင်ပိုင်ကြီး သဘောကျသွား၏။ ထောင်ပိုင်ကြီးမှာ အရပ် (ခြောက်ပေ) နီးနီး၊ မျက်လုံးပြာကြီးနှင့် ဘာလူမျိုးမှန်းတော့ မသိ။ နာမည်က မစ္စတာ မက္ကနား ထောင်ပိုင်လေးမှာ ဦးအောင်နွဲ့ဖြစ်သည်။

“ကျောင်းမှာ ကျောင်းစည်းကမ်း မလိုက်နာရင် ဘာလုပ်သလဲ” သူက ဗိုလ်သံဝဲ၀ဲဖြင့် မေး၏။ “ကျောင်းထုတ်ပစ်ပါတယ်” သူက ကျေနပ်စွာဖြင့် ပေါင်ကို ဗြောင်းကနဲ တစ်ချက်ပုတ်လိုက်ရင်း “အေး ဟုတ်တယ်၊ ထောင်စည်းကမ်း မလိုက်နာရင်ကော” ဟု မေးသည်။ ကျွန်တော်တို့က သံပြိုင် တစ်ညီတစ်ညွတ်တည်း “ထောင်က ထုတ်ပစ်ပါ ခင်ဗျား”ဟု အော်ကြသည်။

ထောင်ပိုင်ကြီးက မျက်နှာကြီး ရှုံ့မဲ့သွားပြီး “ဟာ ဒါတော့ မဖြစ်ဘူးကွ။ အိုင်ဆေး ကိုအောင်နွဲ့ ရှင်းပြလိုက်ပါ” ဟုပြောပြီး တပ်တောင်တာဗိုလ်ထုဖြင့် လှည့်ပြန်သွားသည်။

ဤအချိန်တွင် ထောင်မှူးကြီး လှအောင်ကို ကျွန်တော် စတင်မြင်ဖူးခြင်း ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် မျိုးငြိမ်းနှင့် တူ၏။ အရပ် အလောတော်။ ဗိုက်ပူပူ ဆံပင်က ဂျပန်ဆံတောက်လိုလို ဘာလိုလို ဂုတ်ထောက်နှင့် မျက်နှာက ညိုညစ်ညစ်တွင် အသီးအသီးများ ထနေသေးသည်။ ဂိုက်ဆိုက်ဟန်ပန် အလွန်များသည်။ ထောင်ပိုင်ကြီးဒီဇိုင်းဖြင့် လက်နောက်ပစ်ကာ လမ်းလျှောက်ရင်း မိန့် ခွန်းချွေသည်။ ကျွန်တော်တို့ကို နိုင်ငံတော်အစိုးရက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ချလိုက်သည့်အကြောင်း၊ ရွှေမင်းသားလေးလိုနေစေဟု အမိန့်ချခြင်း မဟုတ်ကြောင်း၊ ဒါကြောင့် ဆိုရှယ်လစ်စနစ်သစ်တွင် ပြစ်မှုကြွေးကို ချွေးဖြင့် ဆပ်ရမည်ဖြစ်ကြောင်း မိန့်ကြားသည်။ နောက် အလုပ်ဌာနအလိုက် စာရင်းများ ဖတ်ပြသည်။
ယခင်က ကျောင်းသားများ နှင့် ၅(ည)များကို အလုပ်မခိုင်း၊ အခန်းသန့် ရှင်းရေးအမည်ဖြင့် ထားသည်။ ဘာမှမလုပ်ရ။ ယခု ကျွန်တော် ဝင်းမင်းထွေးနှင့် အချို့မှာ လက်သမားဘုတ်၊ အချို့ကား ယက္ကန်း၊ အထည်ချုပ် စသဖြင့်။

ကျွန်တော်တို့ထဲတွင် အယူအဆ နှစ်ပိုင်းကွဲသွားသည်။ အများစုက အလုပ်ထဲ လိုက်သွားပြီး အခြေအနေ စောင့်ကြည့်မည်။ စည်းရုံးပြီး အလုပ်ဆန့်ကျင်ရေး ပြန်တိုက်မည်။ ကျန်နိုင်ငံရေး အကျဉ်းသမားများနှင့် စုစည်းပြီး အကျဉ်းသားအခွင့်အရေး တိုက်ပွဲဆင်မည်။ အကြောင်းအချက် ခိုင်လုံရမည်၊ အကန့်အသတ် ရှိရမည်၊ အကျိုးအမြတ် ရှိရမည်ဟူသော “အ သုံးလုံး” ပေါ်လစီကို ကိုင်စွဲရန် သဘောတူညီကြသည်။ ခုနစ်ဦးက ချက်ချင်း အလုပ်မဝင်ရေး (Anti-Labor) သပိတ် စမည်ဟု ဆိုသည်။ ၎င်းတို့ခုနစ်ဦးမှာ (၁)ကျော်ဝင်းမောင် (မှိုင်းရာပြည့်)၊ (၂) ကျော်မင်းမောင် (မှိုင်းရာပြည့်)၊ (၃)အေးကျော်လေး (မှိုင်းရာပြည့်)၊ (၄)ကိုတင်စိုး (ဦးသန့်အရေးအခင်း)၊ (၅)ကိုသောင်းအေး (ဦးသန့် အရေးအခင်း)၊ ကျန်နှစ်ဦးတော့ မမှတ်မိတော့။

ဆွေးနွေးအပြီး အလုပ်မလုပ်နိုင်သူ ခုနစ်ဦးကို အဆောင်ပြောင်းပစ် လိုက်သည်။ နောက်ရက်ကစ၍ အလုပ်ဆင်းရပြီ။ ကျွန်တော်တို့ လက်သမားဘုတ် ရောက်တော့ ဘုတ်ကိုင်များမှာ မီးရထားသပိတ်မှ ဦးလရွှေ၊ ဦးတင်ရွှေတို့ ဖြစ်သည်။
ထိုအလုပ်သမား ရဲဘော်ကြီးများက ကျွန်တော်တို့ကို အကာအကွယ်ပေးသည်။ စောင့်ရှောက်ကြသည်။ သို့ရာတွင် ထမင်းဝေသည်နှင့် ပြဿနာစသည်။

ထမင်းပုံးနှင့် ပဲဟင်းပုံး ရောက်သည်နှင့် ပဲဟင်းအနှစ်များ၊ အပေါ်ဆီများကို ထောင်မှူးကြီးရုံးအဖွဲ့၊ ဘုတ်ကိုင်များ၊ လူကြီးများအတွက် ခပ်ယူသည်။ ထမင်းကို သံဂေါ်ဝိုင်းဖြင့် နှစ်ဂေါ်သာ ပေးသည်။ ပုံမှန် ထမင်းတစ်ပန်းကန် မပြည့်။ မဝလျှင် ဝယ်စားနိုင်သည်။ ပဲဟင်းကို ဗြောင်ပင် ရေရောထည့်သည်။

ကျွန်တော်တို့က လက်မခံ။ ထမင်းဝအောင် ကြွေးရမည်၊ ပဲဟင်း အနှစ်ပါရမည်ဟု အရေးဆိုသည်။ ထမင်းဘုတ်မှာ အကျပ်ရိုက်နေသည်။ နောက်တော့ ကျွန်တော်တို့ ကျောင်းသားများအတွက် သီးသန့်ယူပေးသည်။ အလုပ်ထဲတွင် စာအုပ်မျိုးစုံ ရှိသည်။ ကျွန်တော်တို့က မတ်ဝါဒ လေ့လာရေးအစုများ ဖွဲ့ကြသည်။ နိုင်ငံရေး ဆွေးနွေးကြသည်။ ဘာအလုပ်မှ မလုပ်။ နောက်တော့ ဘုတ်တာဝန်ခံ ထောင်မှူးကြီးလှအောင် သိသွားပြီး ဝင်းမင်းထွေးနှင့် ကျွန်တော်ကို သူ့ရုံးခန်း ခေါ်တွေ့သည်။

သူ့ရုံးခန်းမှာ တောက်ပပြောင်လက်နေသည်။ ကျွန်တော်နှင့် ဝင်းမင်းထွေးက ပုံစံမရပ်။ ခပ်တည်တည်ဖြင့် ခြေကားလက်ကား ရပ်နေကြ၏။ ထောင်မှူးကြီး လှအောင်၏ မျက်နှာညိုညစ်ညစ်မှာ ရဲတွတ်လာသည်။ “မင်းတို့က ဘာကောင်တွေလဲ။ အလုပ် မလုပ်နိုင်ဘူးလို့ ပြောတယ်ဆို” “ဟုတ်တယ်။ ထောင်ပိုင်လေး ဦးအောင်နွဲ့က ကျွန်တော်တို့ကို သရေပြားတစ်ချပ် မ စရာမလိုဘူး၊ ရွေဘော် တစ်ချက် မထိုးရဘူး။ အလုပ်ထဲ နာမည်ခံ လိုက်သွားလိုက်လို့ ထောင်မှူးကြီးရှေ့တင် မှာလိုက်တာလေ” ကျွန်တော်က ဖြေလိုက်သည်။ သူက တင်းခနဲ ဖြစ်သွားပြီး “ငါ့ဆီမှာ ဗိုလ်ချုပ်နေဝင်း ထောင်ကျလာလည်း အလုပ်လုပ်ရမှာပဲ။ ကဲ သွားသွား။ ဦးလှရွှေ ဒီကောင်တွေ အလုပ်ခိုင်းမရရင် လာပြောလှည့်”ဟု ရာဇအိန္ဒြေ ဆည်ကာ ပြန်လွှတ်လိုက်သည်။ ဒီကတည်းက သူက ကျွန်တော်တို့နှစ်ယောက်ကို တေးမှတ်ထားပုံ ရသည်။

တစ်ရက်တွင် ထောင်ဖွင့် နောက်ကျသည့်အတွက် အလုပ်ကြီးသို့ အလာနောက်ကျသည်။ အလုပ်ကြီး အဝင်တံခါးတွင် အကျဉ်းသားများကို ဖားခုန် ခုန်ခိုင်းပြီး သားရေပတ်ပြားဖြင့် ရိုက်သည်။ ကျွန်တော်တို့ အလှည့်ကျတော့ ကျောင်းသားများက စုပြီး “ကျုပ်တို့ နောက်ကျတာ မဟုတ်ဘူး။ ထောင်ဖွင့် နောက်ကျလို့ ဖြစ်တာ။ ဖားခုန်လည်း မခုန်နိုင်ဘူး။ အရိုက်လည်း မခံနိုင်ဘူး”ဟု တင်းတင်းမာမာ ပြန်ပြောကြသည်။ ထောင်မှူးက မျက်ရိပ်ပြသဖြင့် ကျွန်တော်တို့ကို လွှတ်ပေးလိုက်သည်။

ဤသို့ဖြင့် ကျန်အကျဉ်းသားများက ကျောင်းသားတွေကမှ နိုင်ငံရေးသမား အစစ်တွေကွဟု တီးတိုးသြဘာ ပေးကြသည်။ ကျွန်တော်တို့က အကျဉ်းထောင်လက်စွဲ ဥပဒေအရ ဆန်နို့ဆီနှစ်ဘူး ရသဖြင့် ထမင်းမဝစရာ မရှိကြောင်း၊ ထမင်းခြောက်လှမ်းခြင်း၊ ဝက်စာသယ်ခြင်းများကြောင့် ထမင်းမဝခြင်း ဖြစ်ကြောင်း၊ ခြောက်လတစ်ကြိမ် ပုံစံအဝတ်အစား နှစ်စုံ၊ ပုံစံစောင်ခေါင်းအုံး ပေးရမည်ဖြစ်ကြောင်း အရေးဆိုသည်။ ကျန်အကျဉ်းသားများက တစ်စထက်တစ်စ ဗြောင်ကျကျ ထောက်ခံလာကြသည်။ ထမင်းမဝလျှင် ထပ်တောင်းလာကြသည်။ ရေမဝလျှင် အတင်းလုခပ်ချိုးတာတွေ စလာသည်။

ကျွန်တော်တို့က နိုင်ငံရေးစာပေများကို လျှို့ဝှက်လေ့လာ ဆွေးနွေးကြသည်။ ထောင်တွင် အလုပ်ဘုတ်များ၌ နည်းပြဆရာများမှာ အပြင်က အရပ်သားများဖြစ်ကြသည်။ သူတို့က အကျဉ်းသားများမှာသော ပစ္စည်းမျိုးစုံကို သယ်၍ ရောင်းသည်။ ပြန်လျှင် တန်ဖိုးကြီးသည့် သားရေပြားများကို ကိုယ်တွင်ပတ်၊ အင်္ကျီအပေါ်က ဝတ်ကာ ထုတ်ရောင်းစားကြသည်။ သူတို့ကို စည်းရုံးပြီး အင်္ဂလိပ်ဘာသာ မော်စီတုံး လက်ရွေးစင်ကျမ်းများ၊ တိုင်း(မ်) မဂ္ဂဇင်း နယူးစဝိခ်၊ မတ်လက်ရွေးစင်ကျမ်း (ပ၊ ဒု) တို့ကို ခိုးသွင်းကြသည်။ မြောက်ပိုင်း အေဘီတွင် လူကို ခွေးသတ်ခံခဲ့ရသည့် ဦးစိန် (မီးမောင်း)နှင့် ဝင်းမင်းထွေးတို့က မော်စီတုံး၏ On Practice နှင့် Ten Major Relations ကို “လက်တွေ့၊ ဆက်သွယ်မှု ဆယ်မျိုး” ဟု မြန်မာပြန်သည်။
ကျွန်တော်က Marx ၏ “ The Role of Labor in Transforming of ApetoMan ”လူဝံမှ လူသို့ အကူးအပြောင်းတွင် အလုပ်၏အခန်းကဏ္ဍ”ကို ဘာသာပြန်သည်။ အလေးများဖြင့် အားကစားလုပ်ကြသည်။

အထွေထွေ မကျေနပ်မှုများ ကြီးထွားပျံ့နှံ့လာသည့် အခြေအနေကို ဗဟိုထောက်လှမ်းရေး အကူတပ်နှင့် ထောင်က ၎င်းတို့၏ သတင်းပေးများမှတစ်ဆင့် သိရှိပြီး “ထောင်တွင်းလူဖမ်းပွဲကြီး” စတင်သည်။ ၎င်းတို့ မသင်္ကာသော ဖြစ်နိုင်ခြေ ခေါင်းဆောင်စာရင်း ပြုစုပြီး ညဘက်တွင် ထောင်ပိတ်ချိန်၌ မီးမှိတ်ပြီး ဝင်ဖမ်းခြင်းဖြစ်သည်။ တစ်ထောင်လုံး မီးမှိတ်ထားချိန်တွင် ဗဟိုကင်းမှ မီးဆလိုက် ထိုးထားပြီး ရေနံဆီ အောက်လင်းမီးအိမ် တရှဲရှဲ တဝင်းဝင်းဖြင့် ထောက်လှမ်းရေးနှင့် ထောင်မှူးများ (၃၂) ထောင်လက်ရွေးစင် ပါးကွက်သားများဖြင့် အဆောင်အခန်း အသီးသီး ဝင်ဖမ်းခြင်းဖြစ်၏။ မဲမှောင် တိတ်ဆိတ်နေချိန်တွင် အဆောင်လှေကားမှ မီးအိမ်တဝင်းဝင်းဖြင့် တဒုန်းဒုန်း တက်လာသော ခြေသံများကို ကြားရ၏။
အခန်းတံခါး သံမင်းတုံးကို တဒုန်းဒုန်း ဆွဲဖွင့်နေစဉ်တွင် အားလုံး ရင်တဒိုင်းဒိုင်း ခုန်နေကြသည်။ တံခါးပွင့်သွားတော့ မီးအိမ်အလင်းရောင်ဖြင့် ငရဲသားများ၂၀ ခန့် “သိန်းသန်းဦး ထွက်၊ ရဲခိုင် ထွက်” တုန်လှုပ်ခြောက်ခြားဖွယ်အကာ လ ည။
ကျွန်တော်နှင့် မီးမောင်း ကိုရဲခိုင်က အပေါက်ဝသို့ ထွက်လာသည်။ အပေါက်ဝအရောက်၌ ဗြုန်းဆို ဂုံနီအိတ်ဖြင့် စွပ်ခြင်းခံလိုက်ရသည်။ နောက် တဝုန်းဝုန်း ခြေသံများနှင့် ဆွဲခေါ်ရာ ပါသွားသည်။

သူတို့ချင်း ဆူညံရယ်မော စကားပြောသံများအရ အလုပ်ကြီးတွင် စစ်ကြောရေး လုပ်နေကြောင်း သိရသည်။ မိနစ် ၂၀ ခန့် လျှောက်သွားပြီး တရှဲရှဲ အောက်လင်းဓာတ်မီးမြည်သံက တဖြည်းဖြည်း နီးလာသည်။ ဂုံနီအိတ် ချည်သားကြားမှ မီးရောင်ဝင်းဝင်း ဝိုးတဝါးမြင်နေရ၏။ “ရပ်” ဟု အော်သံနှင့်အတူ စွပ်ထားသည့် ဂုံနီအိတ်ကို ဆွဲချွတ်လိုက်ကြသည်။ “ဘုန်း ဝုန်း အွတ် အင့် ဗြောင်း” အလင်းရောင် ဝင်းခနဲမြင်လိုက်ရချိန်တွင်ပင် လက်သီးများ၊ ခြေထောက်များ၊ ဒူးတံတောင် ရိုက်ချက်၊ ကန်ချက်များကြောင့် ကျွန်တော် နောက်ပြန်လဲကျသွားသည်။ နေရာမှာ လက်သမားဘုတ်အဝင် သရက်ပင်ရိပ်တွင် ဖြစ်ပြီး အောက်ခြေတွင် သဲများခင်းထား၏။ “ဟေ့ကောင် ထ ရပ်” ကျွန်တော်က နှုတ်ခမ်းမှ သွေးများကို လက်ခုံဖြင့် သုတ်ရင်း ထရပ်လိုက်သည်။

အပိုင်းပိုင်း ကျိုးနေသော ကြိမ်လုံးများ၊ အိုင်ထွန်းနေသော ရေများနှင့် သဲပြင်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုကို ညွှန်ပြနေ၏။ စားပွဲတစ်လုံးတွင် ထိုင်နေသော ထောင်မှူးကြီး လှအောင်ကို တွေ့ရ၏။ ဘေးတွင် အရပ်ဝတ် နှင့် လူ ၁၀ ဦးခန့် တွေ့ရသည်။ ယူနီဖောင်းဝတ်များမှာ တစ်ပွင့်နှင့် နှစ်ပွင့်၊ ထောင်မှူး၊ ထောင်မှူးကြီးများသာ ဖြစ်သည်။ စစ်ယူနီဖောင်းဖြင့် ထောက်လှမ်းရေး တပ်ကြပ်ကြီး သိန်းမြိုင်ကိုလည်း တွေ့ရသည်။

“ကဲ နေဝင်းကိုတော့ သတ်ပြီးပြီ၊ မင်း အလှည့်ပဲဟေ့ သိန်းသန်းဦး” ထောင်မှူးကြီး လှအောင်က ငါးသုံးလုံး စီးကရက်ကို ဟန်ပါပါ ဖွာရှိုက်ရင်း ထလာသည်။ ကိုနေဝင်းမှာ မီးမောင်းစာစောင်က ဖြစ်သည်။ မလှမ်းမကမ်း အလုပ်ရုံများထဲမှ အော်ဟစ်ခြိမ်းခြောက်သံ တဝုန်းဝုန်း၊ ရိုက်နှက်သံများ ကြားနေရသဖြင့် အခြားသူများကို ထိုနေရာများတွင် စစ်ကြောရေး လုပ်နေပုံရသည်။

ဒင်း ကျွန်တော်ရှေ့တွင် ဟန်ပါပါရပ်ကာ စီးကရက်မီးခိုးများဖြင့် ကျွန်တော့်မျက်နှာကို မှုတ်လိုက်၏။ “မင်း သိပ်လူပါးဝတဲ့ကောင်။ ငါ့ ရုံးခန်းထဲ ဖိနပ်စီးဝင်တဲ့ကောင်။ ကဲကွာ ဗြောင်း” ပြင်းထန်သော လက်ပြန်ရိုက်ချက်ကြောင့် ကျွန်တော့်မျက်နှာ လည်ထွက်ကာ နှာခေါင်းမှသွေးများ ဖြာစီးကျလာသည်။ အင်္ကျီကိုပါ စွန်းကွက် ပေကျံသွားသည်။ “မင်းတို့ဆိုတဲ့ သီချင်းထဲကလိုပေါ့ကွာ။ ကယ်တင်ရှင် _ ဘယ်သောအခါမှ မရှိပေပေါ့။ ဟေ့ ဒီကောင့်ကို ကျောမှာ တရုတ်စာ ကပ်ပေးလိုက်” အနားရှိ အရပ်ဝတ်တစ်ဦးက ဝုန်းခနဲ ရေတစ်ပုံးဖြင့် ကျွန်တော့်ကို လောင်းချလိုက်သည်။ အင်္ကျီများ ရွှဲရွဲစိုသွား၏။ ထိုစဉ် နောက်မှနေ၍ ကျောကို ကြိမ်လုံးများဖြင့် ဝင်ရိုက်ကြသည်။ အမြှောက်လက္ခဏာပုံ၊ ကန့်လန့်ဖြတ် ရိုက်ကြခြင်း ဖြစ်သည်။
လှအောင်က သူကိုယ်တိုင် အငြိုးတကြီး ဝင်ရိုက်သည်။ ပုံစံအင်္ကျီနောက်ကျောမှာ အပိုင်းပိုင်း စုတ်ပြတ်ကျသွားသည်။

လက်ပြန်ကြိုး တုပ်၍ မြေကြီးပေါ် ပက်လက်လှဲစေကာ ယူဂိုစစ်ဖိနပ်များဖြင့် တက်နင်းထားပြီး မျက်နှာအဝတ်အုပ်ကာ ရေလောင်းသည်။ ကျွန်တော် အကြိမ်ကြိမ် သတိလစ်သွားသည်။

နောက်တစ်ကြိမ် သတိအရတွင် အော်ဟစ်ဆဲဆိုသံများ ကြားရပြီး မျက်နှာမှ အဝတ်ကို ဆွဲခွာကာ ဆွဲထူခြင်းခံရသည်။ မြင်ကွင်းကို ကြည်ကြည်လင်လင် မြင်ရသည့်အခါ ထောက်လှမ်းရေး ဆာဂျင်သိန်းမြိုင်က ထောင်မှူးများကို ပြစ်ပြစ်နှစ်နှစ် ဆဲနေတာတွေ့ရသည်။ “မအေ..တွေ၊ စောက်မှန်းကမ်းမှန်းမသိ လုပ်တယ်။ သေသွားမယ် နားလည်လား” ဆာ ဂျင်သိန်းမြိုင်က နံဘေးရှိ အရပ်ဝတ်တစ်ဦးကို ကျွန်တော့်ကို စစ်ခွေးတိုက် ခေါ်သွားရန် အမိန့်ပေးသည်။

လှအောင်က ကျွန်တော့်အနီး ကပ်လာသည်။ “မင်း မှတ်ထားရအောင် ပြောရဦးမယ်။ ငါလည်း မင်းလို မန္တလေးသားပဲ။ မြောက်ပြင် ထားဝယ်ဓမ္မာရုံနားကကွ။ ကြားလား၊ အချိန်မရွေး လာရှာလှည့်။ အေး မင်းတိုက်ထဲမှာ မသေဘဲ အလုပ်ထဲ ပြန်ရောက်လာလို့ ကတော့ သေတာက ကောင်းပါသေးတယ် ဖြစ်စေရမယ်” ပြောပြောဆိုဆို ကျွန်တော့် ပခုံးကို ပုတ်ကာ စီးကရက်ဖွာရင်း လှည့်ထွက်သွားသည်။ ဤသည်မှာ သူနှင့်ကျွန်တော် ယခုဘဝအတွက် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်သည်ကိုကား ထိုစဉ်က နှစ်ဦးစလုံး မသိနိုင်ကြသေး။

ကျွန်တော် စစ်ခွေးတိုက်တွင် တစ်ပတ်နေပြီး ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် “လောက်တိုက် ချီးတိုက်” ပိတ်ခံရသည်။ လောက်တိုက် ပြစ်ဒဏ်အပြီး တစ်ရက်တွင် ကျွန်တော်နှင့် ခင်သော ကလေးမြို့မှ ဝါဒါလေးတစ်ဦး အပြေးရောက်လာသည်။ သူက မောကြီးပန်းကြီးဖြင့်ပင် “ကိုသိန်းသန်းဦး အစ်ကို့ ရန်သူတော်ကြီးတော့ အသေဆိုးသေပြီ”ဟုပြောသည်။ “ဟင် ဘယ်သူလဲ ဦးနေဝင်းလား” “မဟုတ်ဘူး။ ထောင်မှူးကြီး လှအောင်လေ။ ခု ထောင်ပိုင်ပေါ့”

အကျဉ်းဦးစီးနှင့် ဗဟိုထောက်လှမ်းရေးတို့ ပေါင်းကာ ကျွန်တော်တို့ အကျဉ်းသားများသည် အင်းစိန်ထောင်တွင် ဗကပ ပါတီ ကလပ်စည်းများ ဖွဲ့စည်းကာ အထွေထွေ ထောင်ထမှုကြီး စီစဉ်ကြောင်း၊ ပါတီကလပ်စည်း ခေါင်းဆောင်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း လုပ်ကြံဇာတ်လမ်း ဆင်သည်။

ဤဇာတ်လမ်းဖြင့် ထောင်မှူးကြီးလှအောင်သည် ရာထူးတိုးက သုံးပွင့်၊ ထောင်ပိုင်အဖြစ် ပဲနွယ်ကုန်း ရဲဘက်စခန်းသို့ ရောက်သည်။ ရဲဘက်စခန်းတွင် တပ်မှ လုံခြုံရေးရဲဘော်၏ ဇနီးကို ကြာခိုသဖြင့် ရဲဘော်က ၃၀၃ ရိုင်ဖယ်ဖြင့် မျက်နှာကို အနီးကပ် ပစ်သတ်လိုက်သည်။ မျက်နှာနှင့် ဦးနှောက် အစိတ်အပိုင်းများ ပြန့်ကျဲလွင့်စင်ကာ ခေါင်းမရှိတော့ဟု ဆို၏။ ကျွန်တော်တို့ကို ညှဉ်းပန်းနှိပ်စက်အပြီး သုံးလအကြာတွင် လောကဓံကလား ပင်စင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ဝန်ဆောင် နွားလား၏ နောက်သို့ လှည်းဘီးသည် အစဉ်တစိုက် လိုက်ချေ၏တကား။

Most Read

Most Recent