ပန်းချီဆရာကြီး ဦးဘရင်ကလေး

ပန်းချီဆရာကြီး ဦးဘရင်ကလေး
Published 26 April 2018

ဆရာကြီး ဦးဘရင်ကလေးသည် စစ်ပြီးခေတ်တွင် အထူးခြားဆုံးလက်ရာ၊ အပြောင်မြောက်ဆုံး ပိုတာကြီးများကို ရေးဆွဲခဲ့ပြီး ရုပ်ရှင်ပိုစတာရေးနည်း ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သူဖြစ်သည်။ မြန်မာခေတ်ပြိုင်အနုပညာ ပြုစုသူများက ဦးဘရင်ကလေးကို မြန်မာနိုင်ငံ၏ မော်ဒန်အကြိုအနုပညာရှင်အဖြစ် သတ်မှတ်ခဲ့ကြပြီး  ပို့စ်အင်ပရက်ရှင်းနစ်ဆန်ဆန် ပန်းချီကားများကို  စတင်ရေးဆွဲခဲ့သူဟု  မှတ်တမ်းတင်ခဲ့ကြသည်။ ဆရာကြီးသည် လက်ရာပြောင်မြောက်သော တိုင်းရင်းသား တို့၏ဒေသရှုခင်းကားများ၊ တိုင်းရင်းသားများ နှင့် ၎င်းတို့၏ ဓလေ့ကို ဖော်ပြသောပန်းချီကားများကိုရေးဆွဲခဲ့သည်။ ဆရာပေါ်သစ်က “ဦးဘရင်ကလေး၏ နာဂတို့အသက် ဓားတစ်လက်သည် ရဲရင့်မာန်ဝင့်တယ်။ ဦးဘရင်ကလေးသည် ပြည်ထောင်စုအတွင်း တောင်တန်းဒေသများသို့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း သွားရောက်ကာ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသားယဉ်ကျေးမှု ဖော်ထုတ်ရေးကို အားထုတ်ခဲ့သူဖြစ်တယ်” ဟု ဆိုခဲ့သည်။

ပန်းချီဆရာကြီးဦးဘရင်ကလေးကို ၁၉၁၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် မန္တ လေးမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ရက်ကန်းပညာရှင် ဦးသင်၊ ဒေါ်ပေါတို့ဖြစ်ကြပြီး မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်သည်။  မြေနီကျင်းကျောင်းတိုက်ဆရာတော် ဦးနိဗ္ဗနထံတွင် ရှေးဦးစွာ ပညာသင်ကြားခဲ့ပြီးနောက် စီးပွားရေး အခြေအနေအရ ကျောင်းမှထွက်ကာ ပန်းထိမ်ပညာကိုသင်ကြားခဲ့သည်။ သို့ သော် တူကိုပင် လက်သားတကျ မကိုင်နိုင်သေးသော ကျောင်းသား အရွယ်ဖြစ်သဖြင့်  နှစ်နှစ်ခန့်သင်ကြားပြီးနောက် ထိုပညာကို စွန့်လွှတ်ခဲ့သည်။ ထို့နောက် ကျောင်းပြန်တက်ခဲ့ပြီး မြန်မာ ခုနစ်တန်းအောင်ချိန်တွင် အသိတစ်ဦး၏ဆက်သွယ်ပေးမှုဖြင့် လက်ထိုးခဲဘလောက် (တံဆိပ်ထု) ဆရာ ဆရာသောင်ထံတွင် ပညာသင်ယူခဲ့သည်။ သို့သော်မကြာခင်  အလုပ်တိုက်ပိတ်လိုက်သဖြင့် တံဆိပ်ထုပညာမှာ တစ်ပိုင်းတစ်စနှင့် ပြီးဆုံးခဲ့ရပြန်သည်။ ထိုအချိန်တွင် ပန်းချီဆရာကြီး ဦးစံသင်းနှင့်တွေ့ရာ အင်္ဂလိပ်စာ မသင်ကြားရဟူသည့်  စည်းကမ်းကို လိုက်နာခဲ့ပြီး ပန်းချီပညာကို အခြေခံမှစ၍ သင်ကြားခွင့်ရခဲ့သည်။ ဦးဘရင်ကလေးသည် စာနယ်ဇင်းများတွင် တွေ့ရသော ဦးဘဉာဏ်၏ ဖခင်ပုံတူကားနှင့်အခြားကားများကိုကြည့်ပြီး ပန်းချီစိတ် ပိုမိုထက်သန်ခဲ့သည်။ ဗြိတိသျှဘားမားမှ ပန်းချီဆရာဦးဘမှီ  ရုပ်ရှင်ပိုစတာဆွဲသည့်အခါ အစမှအဆုံးထိုင် ကြည့်လေ့ရှိသည်။ ပိုစတာရေးနည်းစိတ်ဝင်စားသော တပည့်ကို ပန်းချီဆရာကြီး ဦးစံသင်းက ရုပ်ရှင်ကန်ထရိုက်တာ ဦးကိုကြီးထံ သူကိုယ်တိုင်အပ်နှံပေးခဲ့သည်။ “ကန်ထရိုက်တာ ဦးကိုကြီးကလည်း ခေတ်မီတဲ့လူပဲ၊ မင်း ဆေးရောင် လှလှကလေးရေးကွာဆိုပြီး ပိတ်ကား ငယ်ကလေး တစ်ချပ် စရေးခိုင်းတာပဲ၊ ဒီတော့  ကျုပ်စဉ်းစားတယ်၊ ဆေးရောင်များက လူ့အာရုံကို ဆွဲဆောင်နိုင်တယ်။ သူများအရောင်တွေနဲ့ မတူအောင်ဆိုပြီး ကြိုးစားခဲ့တာပဲ” ဟု  ဦးဘရင်ကလေးက ဆိုခဲ့သည်။ ထိုအတောအတွင်း နိပါတ်တော်ရေးနည်းကိုလည်း ဆရာအေး၏ တပည့်နိပါတ်ရေးဆရာဦးခင်မောင်ထံတွင် နှစ်နှစ်မျှ ပညာသင်ကြားခဲ့သေးသည်။  ထိုမှတဖန် ရုပ်ရှင်ပိုစတာများကို ရေးဆွဲခဲ့သည်။

ဦးဘရင်ကလေးသည် ဆယ်ကျော်သက်အရွယ်မှစ၍ ပိုစတာပန်းချီလောကသို့ ဝင် ရောက်ခဲ့သည်။ ရုပ်ရှင်ပိုစတာပညာကို ဦးဘသက်ထံတွင် သင်ယူခဲ့သည်။ တစ်ဖန် ၁၉၃၉ ခုနှစ်တွင် မန္တလေးထုတ်ကြီးပွားရေး မဂ္ဂဇင်းမှစတင်ကာ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီများကို  ရေးဆွဲခဲ့သည်မှအစ မဂ္ဂဇင်းလောကတွင် ရာသက်ပန်အခြေချခဲ့သည်။  “မန္တလေးက ဆရာကြီးဦးဘသက်၊ ဦးသိန်းဟန်တို့က ကျွန်တော့်ရဲ့ သင်ဆရာတွေပဲ”ဟု ဆိုခဲ့သည်။ ဦးဘရင်ကလေး၏ ပိုစတာများကောင်းလွန်းသဖြင့်  ပန်းချီဦးဘဉာဏ်ကိုယ်တိုင်ကပင် ဘရင်ကလေးဆိုတဲ့ ပန်းချီဆရာကို တစ်နေ့လောက်  သူ့ဆီခေါ်လာရန် တပည့်ဖြစ်သူ ဦးသိန်းဟန်ကို မှာကြားခဲ့ဖူးသည်။ ဦးဘရင်ကလေးသည်  ၁၉၄၀ ပြည့်နှစ်တွင် ဒေါ်အေးနှင့်အိမ်ထောင်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ  ဇနီးဒေါ်အေး၊ သားမောင်ညိုဝင်း( ပန်းချီ မောင်ညိုဝင်း) နှင့် လက်ရင်း ပန်းချီဘလုံလေး စသည့် တပည့်များနှင့်အတူ စဉ့်ကိုင်မြို့အနီး သပြေရိုးရွာတွင် စစ်ရှောင်ခဲ့သည် ။ ဒုဌဝတီ၊ ဇော်ဂျီ၊ ပန်းလောင်မြစ်များ၏ ရှုခင်းများ၊ မြစ်ဆုံများ၏ ရှုခင်းများကို ရေးဆွဲခဲ့သည်။ တပည့်များနှင့်အတူ ဆပ်ပြာချက်လုပ်ငန်းလုပ်ကိုင်ပြီး ဂျပန်စစ်တပ်သို့ သွင်းခဲ့သည်။  ရသည့်ငွေအများစုကို သပြေရိုးရွာပြုပြင်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့သည်။ ထို့နောက် စစ်ပြီးခေတ်ရုပ်ရှင်ပိုစတာရေးနည်း ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။ ဦးလှမောင်ကြီး၊ ဦးစောဟန်ကြီး၊ ဦးဟယ်ရီအောင်၊ ဦးတင်လှတို့မှာ ခေတ်ပြိုင် ပိုစတာပန်းချီဆရာများဖြစ်သည်။ တပည့်ဖြစ်သူ ဦးဘလုံလေး နှင့်အတူ ပန်းချီဆိုင်ဖွင့်၍ ပန်းချီလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ စာရေးဆရာမင်းရှင်နောင် နှင့်အတူ စာပေကလပ်စာစောင်ကို ထုတ်ဝေခဲ့သော်လည်း နှစ်ကြိမ်သာ ထွက်ပြီးရပ်စဲသွားခဲ့သည်။ ထို့နောက် ပြည်သူ့အာဏာဂျာနယ်တွင် သရုပ်ဖော်ပုံများရေးခဲ့သည်။

လူထုဂျာနယ်ထုတ်ဝေသောအခါ 'လူထု' စာလုံးခေါင်းစီးကို ရေးပေးခဲ့သည်။ ဆရာမကြီး လူထုဒေါ်အမာက “ဦးဘရင်ကလေးဆိုတာ ကမ္ဘာစစ်ကြီးပြီးစမှာ ဦးလှက လူထုဂျာနယ် စထုတ်မယ်ဆိုတော့ လူထုဆိုတဲ့ စာလုံးကို ရေးပေးတဲ့ ဦးလှရဲ့ အရင်းနှီးဆုံး ပန်းချီဆရာ တစ်ယောက်ပါ။ ကျွန်မတို့ လူထုစာလုံးဟာ ဦးဘရင်ကလေး စာလုံးပါ” ဟု အမှတ်ရခဲ့သည်။ ဦးဘရင်ကလေးသည် ကော်ဖီ၊ ဖိနပ်၊  နို့ဆီ၊ ဆေးပေါ့လိပ်ကြော်ငြာများကိုလည်း ရေးဆွဲပေးခဲ့သည်။ ဆရာဘထွေးက “ကျွန်တော် ကျောင်းသားကြီးအရွယ်သို့ ရောက်သောအခါ ရုပ်ရှင်ပိုစတာနယ်တွင်သာမက ကုန်ပစ္စည်း ကြော်ငြာ၊ ဆိုင်းဘုတ်လောကတွင်ပါ ဆရာ ဦးဘရင်ကလေး၏ ပန်းချီလက်ရာများလွှမ်းမိုးလာတာကို တွေ့ရပါတယ်။ ဈေးချို၊ ရုံတော်ကြီးနှင့် ဓာတ်ရထားလမ်းတစ်လျှောက်တွင် ဆရာ၏ ထူးခြားဆန်းသစ်သည့် ကြော်ငြာဆိုင်းဘုတ်များ ထိုးထိုးထောင်ထောင်ရှိကြပါတယ်” ဟု အမှတ်ရခဲ့သည်။ ဦးဘရင်ကလေးသည်  ပိုစတာ ဘရင်ကလေးဟု ဆိုင်းထိုးလေ့ရှိသည်။

ဦးဘရင်ကလေးသည် ၁၉၅၀ ပြည့်နှစ်ခန့် တွင် ရန်ကုန်သို့ဆင်းခဲ့သည်။ ပန်းချီဦးဝင်းဖေက “ကျွန်တော်တု့ိရှေ့က လူထုတိုက်မှာ ပန်းချီ သရုပ်ဖော်ပုံတွေ ရေးဆွဲသွားသူကတော့ ပန်းချီဆရာကြီးဦးဘရင်ကလေးဖြစ်ပါတယ်။ ပန်းချီဆရာကြီးဦးဘရင်ကလေးဟာ သရုပ်ဖော်ပန်းချီတွေကို အလွန်ရဲရဲရင့်ရင့် ခွန်နဲ့ အားနဲ့ ဆွဲတတ်သူဖြစ်ပါတယ်။ ခေတ်ပြိုင် ပန်းချီလက်ရာတွေနဲ့လည်း အလွန်နီးစပ်သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူထုတိုက်ကို မရောက်ခင်ကတည်းက ဆရာကြီးဦးဘရင်ကလေးဟာ ရန်ကုန်ရုပ်ရှင်ရုံဆင်ပိုစတာ ဒီဇိုင်းကြီးတွေဆွဲဖို့ အောက်ပြည်အောက်ရွာကို ဆင်းသွားပြီဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။  ဦးဘရင်ကလေးသည် ရန်ကုန်ရုပ်ရှင်ပိုစတာ နှင့်စာနယ်ဇင်းပန်းချီလောကတွင် တစ်ဟုန်ထိုး နာမည်ရလာခဲ့ပြီး ရုံဆင်ပိုစတာကြီးများအပြင် နိုင်ငံရေးသမားများထုတ်ဝေသော စာအုပ်များ မဂ္ဂဇင်း သရုပ်ဖော်များကိုလည်း ဒိုင်ခံရေးပေးခဲ့သည်။ လွမ်းပိုအောင် ရုပ်ရှင်ပိုစတာရေးရင်း ရန်ကုန်ဘဆွေနှင့်စတင်ဆုံဆည်းခဲ့သည်။ ဦးဘရင်ကလေး၏သားဖြစ်သူ ပန်းချီမောင်ညိုဝင်းက “သူတို့နှစ်ယောက်ရဲ့  အနုပညာစိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေက ကျွန်တော့်လူငယ်ဘဝကို လွှမ်းမိုးထားတယ်။ သူတို့နှစ်ဦးရဲ့ဆန့်ကျင်ဘက် အတွေးအခေါ်တွေဟာ ကျွန်တော့်ကို ရှင်သန်စေတယ်။ သူတို့နှစ်ဦးရဲ့အတွေးအခေါ်တွေနဲ့ ကျွန်တော် လူလားမြောက်ခဲ့တယ်။ နှစ်ယောက်စလုံး အားအပြင်းစားတွေဖြစ်တယ်”  ဟု ဆိုခဲ့သည်။

ဦးဘရင်ကလေးသည် ဖဆပလတန်း လျားနေအိမ်ရှေ့တွင် ဓနိတဲကြီးထိုး၍ ပန်းချီ ပညာသည် ကြီးငယ်များနှင့်ပန်းချီဆွဲလေ့ရှိသည်။ ရန်ကုန်ဘဆွေ၊ ဦးစိန်၊ ဟယ်ရီအောင်၊ ဗဂျီအောင်စိုး၊ ပန်းချီမောင်ငွေထွန်း၊ ကိုလှစိုး၊ ကိုစံရင် စသော ပန်းချီပညာရှင်များ ပါဝင်ခဲ့သည်။ ဦးဘရင်ကလေးသည် ပန်းချီဗဟိုကောင်စီ၊ ဗမာပြည်ပန်းချီသမဂ္ဂမှ ကြီးမှူးကျင်းပသည့် ပန်းချီပြပွဲများတွင်လည်း ဆီဆေးပန်းချီကားကြီးများကို ပါဝင်ပြသခဲ့သည်။ ၁၉၅၂-၁၉၅၃ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်အနေဖြင့် သြစတြီးယား၊ ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။ တရုတ် နိုင်ငံတွင် ရှေးဟောင်းပန်းချီပန်းပု ထိန်းသိမ်း စောင့်ရှောက်ရေး ပညာသင်တန်းတက်ရောက်ခဲ့သည်။ “သူတို့နိုင်ငံတွေမှာ အနုပညာသမားတွေဟာ  တကယ်လေ့လာနိုင်ခွင့် ရကြတာ။ ကျွန်တော်ဗျာ ကျွန်တော့် ဇနီး ဆုံးသွားတယ်ဆိုတဲ့ အကြောင်းကိုသာ တရုတ် ပြည်မှာကတည်းက သိခဲ့ရင် တရုတ်ပြည်မှာ ဒီထက် အချိန်ပိုပို လေ့လာရအောင် နေရစ်ခဲ့တယ်” ဟု ဆိုခဲ့သည်။ နိုင်ငံခြားခရီးစဉ်မှ ပြန်လာပြီးနောက် အနုပညာဆောင်းပါးရှည်များ ရေးသားခဲ့သည်။ မင်းသားကြီးဦးထွန်းေ၀ နှင့်တိုင်းရင်းသားဒေသများသို့ သွားရောက်ကာ တိုင်းရင်းသားလူမျိုးစုများ၏ ဘဝ၊ ဓလေ့ထုံးစံများကို ပို့စ်အင်ပရက်ရှင်းနစ်ဆန်ဆန်  ဆီဆေးပန်းချီကားကြီးများဖြင့် အသေးစိတ် လေ့လာရေးဆွဲခဲ့သည်။ တောင်ပေါ်ခရီးသွားမှတ်တမ်းကို လူထုဂျာနယ်တွင် ရေးခဲ့သည်။ ကယားပြည်နယ်သူ ဒေါ်မြသူ (ခေါ်)ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ပြုခဲ့သည်။ ရန်ကင်းရုပ်ရှင်မှ ထုတ်လုပ်သော 'တောင်ပေါ်မြေမှ မြေ ပြန့်ပန်း' နာဂတောင်တန်းရုပ်ရှင်တွင် ဦးထွန်းဝေနှင့်အတူ လိုက်ပါသွားပြီး Art Director အဖြစ် စတင်လုပ်ဆောင်ခဲ့သည်။ 'အပယ် ရတနာ' ရုပ်ရှင်တွင်လည်း ရှုတင်မန်နေဂျာအဖြစ် လုပ်ဆောင်ပေးခဲ့သည်။

ဦးဘရင်ကလေးသည် မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ရှုမဝ၊ စစ်ပြန် မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများရေးဆွဲခဲ့သည်။ ရှုမဝမဂ္ဂဇင်းတွင် နာခံတော် အခန်းဆက်ရုပ်ပြကို ရေးဆွဲပေးခဲ့သည်။ ပန်းချီပညာဖြင့် စာရေးဆရာ မင်းအောင်ရိုက်ကူးသော 'အမုန်း၏နောက်ဝယ်' ဇာတ်ကားနှင့် ရှုမဝဦးကျော်၏ 'ရင်ဝယ်တသိမ့်သိမ့်' ဇာတ်ကားတို့တွင် Art Director အဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည်။ စာပန်းချီ စာအုပ်တိုက်အမည်ဖြင့် သခင် မြသန်း၏ မမိုးစွေဝတ္ထုကို ထုတ်ဝေခဲ့သည်။ ဆရာနတ်နွယ်က “မမိုးစွေဆိုတဲ့အတိုင်း မိုးရေထဲမှာ ပြေးနေတဲ့ မိန်းကလေးတစ်ယောက် ပုံပါပဲ။ ဒါပေမဲ့ ပုံက စာအုပ်အဖုံးတစ်ခုနဲ့ မတူဘဲ ပန်းချီကားတစ်ချပ်ထောင်ထားတာနဲ့ တူနေတယ်။ အဖြူရောင်တွေက ဖမ်းစားနေတယ်။ စောင်းရွှေပြီးဆင်းနေတဲ့ အဖြူရောင် မိုးစက်တန်းတွေက မမိုးစွေရဲ့အဓိပ္ပာယ်ကို ဖော်ပြနေတယ်။ အဲဒီမိုးစက်တွေက မမိုးစွေရဲ့ဘဝကို လိုက်လံတိုက်ခိုက်နေကြသလိုပဲ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ မြန်မာ စကားပုံကို ဒီဝတ္ထုမျက်နှာဖုံးက ပေါ်လွင်အောင် ဖော်ထားတာပဲ” ဟု အမှတ်ရခဲ့သည်။

ဦးဘရင်ကလေးသည် ဆရာဖြစ်သူ ဦစံသင်းကျန်းမာရေးမကောင်းလျှင် မန္တလေးသို့ဆင်း၍ ပြုစုလေ့ရှိသည်။ မန္တလေးဆရာချိန်ကိုလည်း အမြဲမပြတ်အဝတ်အစား၊ ငွေကြေး စသည်ဖြင့် ထောက်ပံ့ခဲ့သည်။ “ကျွန်တော်စံပြုလိုတဲ့ ဆရာကြီးများက ရန်ကုန်က ဆရာကြီးဦးထွန်းလှ၊ ဆရာမြစ်၊ ဦးဘစိန် ဒါ အစဉ်လိုက်ပဲ။ မန ္တလေးက ဆရာခနဲ့ ဆရာ ချိန်တို့ဖြစ်ပါတယ်။ သူတို့ရဲ့ပညာဂုဏ်၊ သမာဓိဂုဏ်၊ အနုပညာအပေါ်ထားတဲ့ သစ္စာတရားတို့ကို လေးစားဂုဏ်ပြုပါတယ် ”ဟု ဆိုခဲ့သည်။ ဦးဘရင်ကလေးသည် နောက်ပိုင်းတွင် လူပုံတူကားများကို အရေးများခဲ့သည်။ ဆရာတော် ဦးဝိစိတ္တသာရ၊ ပါမောက္ခဦးအောင်လှ၊ သခင်လွင်၊ သခင်လှကျွေ၊ လူထုဦးလှ၊ လူထု ဒေါ်အမာ၊  ဦးမောင်မောင်တင် (မန်းတက္ကသိုလ်)၊ မင်းသားကြီးဦးထွန်းဝေ၊ မလေးလုံ၊ ပန်းချီဦးစု၊ ကုန်သည် ဦးအုန်းကြိုင် စသူများ၏ပုံတူကားပေါင်းများစွာ ရေးဆွဲခဲ့သည်။ ပုံတူ ပန်းချီရေးဆွဲရာတွင် ဓာတ်ပုံကိုကြည့်ကာ ရေးဆွဲသည်ထက် လူကိုယ်တိုင်အားလျှင် အားသည့်အလျောက် အချိန်ပေးထိုင်စေပြီး  မျက်မြင်ကြည့်ကာ ရေးဆွဲသည်ကများသည်။  ဦးဘရင်ကလေးသည် ပန်းချီပုံတစ်ပုံဖန်တီး ပေါင်းစပ်ရေးဆွဲရာတွင် ထိုပန်းချီကား၌ ပါဝင်သောဒေသ၏ အရောင်ဖွဲ့စည်းမှု စသည့် အငွေ့အသက်များပါဝင်အောင် ထိုဒေသသို့ သွားရောက်ကြည့်ရှုမှတ်သား၍လည်းကောင်း၊ မသွားရောက်နိုင်ပါက အနီးစပ်ဆုံးလေ့လာ အားထုတ်၍လည်းကောင်း၊ အပင်ပန်းခံကာ ရေးဆွဲလေ့ရှိသည်ဟု ဆိုသည်။

ဆရာအောင်သင်း၏ သရက်ထောင် ဖောက်ခဲ့စဉ်က ဆောင်းပါးကို သရုပ်ဖော်ပန်းချီ ဆွဲရန် ဆရာအောင်သင်းကို ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။ ဆရာအောင်သင်းက “သူသည် သူ့အလုပ်ကို သူများခိုင်းလို့လုပ်နေသည့် လူစားမဟုတ်။ မြဝတီတိုက်က ခိုင်းလိုက်သည်မှာ မှန်သည် ။ သို့သော် ကျွန်တော့်ကိုလာပြီး တွေ့လိုက်ချိန်မှာတော့မြဝတီ နှင့်ဘာမှမဆိုင်၊ ဘရင်ကလေးနှင့်သာဆိုင်သည်။ ဘရင်ကလေးက ဘရင်ကလေးကိုခိုင်းလိုက်ခြင်းဖြစ်သည်။ ပဓာနကျွန်တော်ပြော

ချင်သည်က ပန်းချီဆရာဦးဘရင်ကလေးသည် ကျွန်တော့်ကို မင်းနာမည်ကို မင်းရိုသေပါ၊ မင်းကိုယ်မင်းခိုင်းပါဟု ဆုံးမသွားသလို ခံစားမိပါသည်” ဟု အမှတ်ရခဲ့သည်။ ၁၉၆၂ ခုနှစ် တွင် ဒေါ်ရင်နုနှင့် တတိယ အိမ်ထောင်ပြုခဲ့သည်။ လူထုဦးလှကွယ်လွန်ပြီးနောက် လူထု ဦးလှ၏ပုံတူပန်းချီရေးဆွဲရာတွင် ပုံကြမ်းများ ထုတ်သည်။ မိတ်ဆွေများကို စံပြထိုင်ခိုင်းသည်။ ဆွဲပြီးသည့် ပန်းချီကားကိုလည်း မိတ်ဆွေများကို ဝေဖန်ခိုင်းခဲ့သေးတယ်။ “ဦးလှက နိုင်ငံရေးသမား ပုံစံမျိုးမဟုတ်ဘူး။ သူလုပ်တဲ့ နိုင်ငံရေးက ငြိမ်းချမ်းဖို့၊ သာယာဖို့၊ ချစ်ကြည်ရင်းနှီးကြဖို့၊ သူ့အတွင်းစိတ်က ငြိမ်းချမ်းရေးပဲ၊ ဒါကြောင့် ကျွန်တော် ပူတဲ့အရောင်ကို မသုံးဘူး။ အခု ကျွန်တော် ဆေးပါးဆွဲထားတာ။ ရေရှည် သုံးရအောင်လို့ တမင် ဒီလိုဆွဲတာပဲ။ နိုင်ငံခြားကားတွေ ဆေးပါးဆွဲရင် ဒီထက်ပဲ ပါးသေးတယ်။ ခုဆေးရောင်ဟာ နောက်တော့ တဖြည်းဖြည်းနဲ့ တက်လာမယ်” ဟု ဆိုခဲ့သည်။

ဦးဘရင်ကလေးသည် မိမိကိုလာရောက်ကန်တော့သော ပန်းချီဆရာများကို မြန်မာ့ ပန်းချီလောကတိုးတက်ရေးနှင့်ပတ်သက်၍ “တစ်လတစ်ကြိမ်လောက် နိုင်ငံတကာပန်းချီအကြောင်းတွေကို ဖတ်ပြီး ပန်းချီပညာတိုးတက်ရာ တိုးတက်ကြောင်း တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးဖလှယ်သင့်တယ်” ဟု တိုက်တွန်းခဲ့သည်။ ၁၉၈၇ ခုနှစ်  ဗိုလ်ချုပ်ဈေးအရှေ့ ဘက်တန်းတွင် ပြုလုပ်သော ပန်းချီဆရာပိုပို ၏ အမည်မဲ့ ပြပွဲသို့ ချိုင်းထောက်ကြီးနှင့် သွားရောက်ခဲ့ပြီး ပိုပိုကဲ့သို့လုပ်ရန် သူလည်းဆန္ဒ ရှိကြောင်းပြောဆိုခဲ့ပြီး “ကျွန်တော်အခွင့်သင့်ရင် လုပ်ချင်တာက ဒီရန်ကုန်မြို့တစ်မြို့လုံးကို အနီရောင်သုတ်ချင်တယ်” ဟု ဆိုခဲ့လေသည်။  မြန်မာပန်းချီလောက၏ အထင်ကရပန်းချီဆရာကြီး ဦးဘရင်ကလေးသည် ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ သည်။

 

ရည်ညွန်း - စွယ်စုံကျမ်းနှစ်ချုပ် ( ၁၉၈၉ )၊

မြန်မာခေတ်ပြိုင်အနုပညာ ၁

( အောင်မြင့်၊အောင်မင်း)၊ စာရေးသူ၏မှတ်စုများ။

Most Read

Most Recent