စံမလျှော့လေနှင့် မော်ရွှေမြိုင်

စံမလျှော့လေနှင့် မော်ရွှေမြိုင်
Published 21 April 2018

ဆာဦးသွင် (ဝဲစွန်) ကို ၁၉၅၀ ပြည့်နှစ်က ကိုလံဘိုမြို့၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု (ယာစွန်) နှင့်အတူ တွေ့ရစဉ် (Photo: dailynews)

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စိတ်စေတနာသဒ္ဓါ သန့်ရှင်းစင်ကြယ်စွာ ဖြူပေးခဲ့သော ကောင်းမှု၏အကျိုးဆက်သည် နှစ်ရာပေါင်းများစွာ ရှင်သန်တည်တံ့နိုင်ကြောင်း ပြယုဂ်တစ်ခုကို တွေ့မိပါ၏။

ထိုပြယုဂ်တစ်ခုမှာ မော်လမြိုင်အသင်း (ရန်ကုန်) ဖြစ်သည်ဟု ဆိုချင်ပါ၏။

ထိုပြယုဂ် ဖြစ်တည်လာမှုအတွက် စိတ်စေတနာ သဒ္ဓါတရား သန့်ရှင်းစင်ကြယ်စွာ ကောင်းမှုပြုပေးခဲ့သူကား ‘ဆာဦးသွင်’ ဖြစ်ပါသည်။

ဦးသွင်သည် ၁၉၄၀ ပြည့်နှစ်တွင် အင်္ဂလိပ်တို့ အမြတ်တနိုးရှိသော ‘ဆာဘွဲ့’ ချီးမြှင့်ခံရသည်။ လွတ်လပ်ရေးရရှိပြီး ၁၉၅၀ ပြည့်တွင် ‘သတိုးသီရိသုဓမ္မဘွဲ့’ ချီးမြှင့်ခံရသည်။ ၁၉၅၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ပထမတန်းဘွဲ့တံဆိပ်နှင့် ရွှေစလွယ်ချီးမြှင့်သော ‘Order of the Crown’ ဘွဲ့ကို လက်ခံရရှိခဲ့သည်။

ဦးသွင်သည် ရန်ကုန်ကောလိပ်မှ အက်ဖ်အေအောင်ကာ ဘီအေတန်းကို တက်ရုံသာတက်ပြီး ပညာအုပ်လုပ်ခဲ့သည်။ နှစ်နှစ်အကြာတွင် အလုပ်ထွက်ကာ ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် ဆန်စက်ထောင်သည်။ နိုင်ငံခြားသားများနှင့်တန်းတူ ယှဉ်ပြိုင်လုပ်ရင်း အောင်မြင်လာကာ ဆန်ကုန်သည်ကြီးဖြစ်ခဲ့သည်။ ဆန်စက်ပိုင်၊ မြေယာ၊ တိုက်တာပိုင်အဖြစ် ကြွယ်ဝလာသည်။ မော်လမြိုင်မြို့ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ အုပ်ချုပ်မှုအစုရှင်၊ စည်ပင်သာယာအဖွဲ့ဝင်၊ မြန်မာအမျိုးသား အာမခံကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာပြည်ဘိလပ်မြေ ကုမ္ပဏီလီမိတက် အုပ်ချုပ်ရေးဒါရိုက်တာ၊ ရန်ကုန်ရေဝန်ရုံး အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ‘သူရိယသတင်းစာတိုက်’၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် သူ့ဘဝတွင် ဆောင်ရွက်ခဲ့သည်။

၁၉၃၇ တွင် အိန္ဒိယနိုင်ငံ ရီဇတ်ဘဏ် အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးအဖြစ်လည်း ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုနှစ်မှာပင် ဂျော့ဘုရင်နန်းတက်ပွဲသို့ မြန်မာကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ခွင့်ရခဲ့သည်။ ၁၉၃၇ မှ ၁၉၄၁ အထိ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။ ဦးသွင်သည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦး မဟာဗောဓိအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ၊ ဂျပန်ခေတ်တွင် အစိုးရ၏ ပရီဗီကောင်စီတွင် သဘာပတိ၊ နိုင်ငံတော်သမ္မတက နာယကအဖြစ် ဆောင်ရွက်သော ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌစသည်ဖြင့် အဖွဲ့အစည်းတာဝန်များ ဆောင်ရွက်ခဲ့ရသူဖြစ်သည်။

ဦးသွင်သည် ထိုကဲ့သို့ လုပ်ငန်းကြီးများ ဆောင်ရွက်သယ်ပိုးရင်း သဒ္ဓါထက်သန်စွာ လှူဒါန်းမှုများမှာလည်း အမြောက်အမြားပင်ဖြစ်သည်။ ဆန်စက်ငှားခ၊ အိမ်လခတို့မှအစ တန်ဖိုးများပြားလှသည့် တိုက်တာအိမ်ရာခြံမြေ လယ်ယာတို့နှင့် စိန်ရွှေရတနာတို့ကို လှူဒါန်းခဲ့သူဖြစ်သည်။ ကျိုက်သလ္လံစေတီတော် ငှက်မြတ်နားကို ပြင်ဆင်ရွှေချခြင်း၊ အထွတ်တင်သည့် စိန်ဖူးတော်ကိုလှူခြင်း၊ မော်လမြိုင် ရှမ်းကနု်ရပ်တွင် ရွှေချက်သိုစေတီတည်ခြင်း၊ ယခုအခါကုက္ကိုင်း၊ ဟာမစ်တစ်သာသနာ့ရိပ်သာဟု ထင်ရှားသည့် ရိပ်သာကြီးဖြစ်တည်လာရန်အတွက် ထိုခေတ်ကာလခန့်မှန်းငွေကျပ် ၁၉ သိန်းခန့်တန်သော မြေဧက ၁၉ ဧကနှင့် ထိုမြေအတွင်း ၅ ဒသမ ၄၈၈ ဧကအကျယ်တွင် ကမ္မဋ္ဌာန်းကျောင်းလေးဆောင်၊ ဗုဒ္ဓကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တကဲ၊ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ၊ ရေတွင်းရေကန် ပရိဘောဂများ၊ ထို့နောက် အမိအဖတို့၏အမည်များကို အဖျားဆွတ်တွဲလျက်မှည့်ခေါ်သော ‘ဖလ်ယဉ်ဓမ္မာရုံကြီး’ ဆောက်လုပ်လှူဒါန်းမှုတို့မှာ သူ၏အထင်ကရဒါနများဖြစ်ကြသည်။

ဦးသွင်သည် သူ၏ဇာတိမြို့ မော်လမြိုင်အသင်းကို ၁၉၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်သည်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းတွင် ရှေးယခင်ကရှိခဲ့သော ဒေါက်တာဒေးဆေးတိုက်၏ မြောက်ဘက်အနီးမှ သုံးထပ်တိုက်တွင် အသင်းတည်ရာပြုခဲ့သည်။ ရည်ရွယ်ချက်မှာ ထိုစဉ်က ရန်ကုန်မြို့၌ မော်လမြိုင် မြို့သူမြို့သား လေးသောင်းကျော်ခန့်ရှိရာ စည်လုံးညီညွတ်မှုဖြင့် တွေ့ကြဆုံကြ အချင်းချင်း ကူညီစောင့်ရှောက်မှုပြုကြရန်ဖြစ်သည်။

မော်လမြိုင်အသင်းသည် ရန်ကုန်၌ အစောဆုံးပထမဦးစွာ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အသင်းဖြစ်ခဲ့သည်။ အသင်းနှင့်ဖွင့်လှစ်ပွဲကိုလည်း ပင့်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုဖြင့်ဖွင့်ကာ ပရိသတ်တို့ကိုလည်း ကျွေးမွေးဧည့်ခံသည်။ ထိုတိုက်ခန်းတွင် လူမဆံ့သဖြင့် တိုက်ရှေ့မြေပြင်တွင် ပရိသတ်က အပြည့်ဖြစ်ခဲ့သည်။ အငြိမ့်ပွဲပါခံခဲ့ကြောင်း ဆိုသည်။ ကျွေးမွေးဧည့်ခံမှုမှာ ဧည့်သည်တို့က ‘ဝလင်ပါပြီ။ တော်ပါပြီ’ ဟုပြောဆိုခဲ့ရသည်အထိဟု ဆိုရာ မော်လမြိုင်က အစားဟု စကားရှိသော်လည်း ထိုအစားသမားတို့ပင် လက်မြှောက်ရအောင် ကျွေးမွေးမှုသဒ္ဓါကို မည်မျှလောက်ဟု ခန့်မှန်းနိုင်ပေပြီ။ စည်ကားသိုက်မြိုက်မှုကိုလည်း မြင်ယောင်မှန်းနိုင်ပေပြီ။

ထို့နောက်နှစ်များ မကြာမြင့်မီ သုံးနှစ်ခန့်အကြာ အခက်အခဲအချို့ကြုံတွေ့ရပြီး အသင်းကို ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းမှ ဇရပ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းဇရပ်သည်လည်း အရင်းခံအားဖြင့် ဦးသွင်၏ စွန့်လွှတ်လှူဒါန်းမှုပင်ဖြစ်သည်။ ဇရပ်ဒကာကြီးတစ်ဦးထံမှ သူရရှိခဲ့သောမြေကွက်တွင် အသင်းပိုင်ဇရပ်တည်ဆောက်ရသော် အသင်းသားများသည် အသင်းဇရပ်သို့ လာရင်းဘုရားဖူးနိုင်ခြင်း၊ တရားပွဲနှင့်အတူ အလှူအတန်းများပြုနိုင်ခြင်း၊ ဥပုသ်သီတင်း သီလဆောက်တည်နိုင်ခြင်း၊ မြို့သားများလည်း တည်းခိုနိုင်ခြင်းတို့ဖြင့် အဆင်သင့်လှမည်ဖြစ်၍ ဇရပ်တစ်ဆောင် ဆောက်လုပ်ပြီး ရွှေ့ခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် အစအဆုံး ဆောက်လုပ်လှူဒါန်းမှုပြုနိုင်သော်လည်း အသင်းသားတို့၏ဒါနများလည်း ပါဝင်နိုင်ရန် ရည်ရွယ်ကာ သူက ငွေကျပ်တစ်သောင်းငါးထောင် ခေတ္တစိုက်ထုတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အသင်းအတွက် ဇရပ်တစ်ဆောင် ဆောက်လုပ်နိုင်ခြင်း ရည်ရွယ်ချက်မှာ အထမြောက်ခဲ့သည်။

ကျွန်တော့်ဖခင်ဘက်မှ အဘိုးအဘွားတို့နှင့်အတူ ကျွန်တော်ရောက်ဖူးခဲ့ရသော ဇရပ်ဖြစ်လေသည်။ ထိုဇရပ်သည် တိုင်းပြည်၏ မျိုးချစ်နိုင်ငံရေးသမားကြီးများ ချိန်းဆိုတွေ့ဆုံစည်းဝေးတိုင်ပင်ခဲ့ဖူးရာ နေရာတစ်ခုလည်း ဖြစ်ခဲ့သဖြင့် ‘သမိုင်းဝင်ဇရပ်’ ဟုဆိုရပေမည်။ နှစ်ကာလများစွာ ဇရပ်သည် ရည်ရွယ်ချက်လုပ်ငန်းများအတွက် အကျိုးပြုခဲ့သည်။

သို့သော် လောက၌ ကြုံရလေ့ဓမ္မတာအတိုင်း ၁၉၉၅ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ကြသည့်အခါ မော်လမြိုင်အသင်းဇရပ်သည်လည်း ကွယ်ပျောက်ခဲ့ရသည်။ ထိုအခါ မဟာအောင်မြေဘုံစံ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးက အသုံးပြုခွင့်ပေးတော်မူသဖြင့် မော်လမြိုင်အသင်းသည် အုတ်တိုက်ဇရပ်ဟောင်းတစ်ဆောင်တွင် ခိုလှုံရပ်တည်ခဲ့ရသည်။ အသင်းသက်တမ်း (၇၇) နှစ်၌ ယာယီရွေ့လျောသည်ဟုဆိုနိုင်သည်။

မူလပကတူး စေတနာသဒ္ဓါထူးသည့် အလှူရှင်ဆာဦးသွင်က စတင်တည်ထောင်ပေးမှုဖြင့် အသင်းသည် ၁၉၁၈ ခုနှစ်မှစတင်ကာ ဖြစ်တည်လာခဲ့သည်။

ယခုခရစ်နှစ် ၂၀၁၈ ခုနှစ်တိုင်သောအခါ မော်လမြိုင်အသင်း (ရန်ကုန်)သည် သက်တမ်းအားဖြင့် နှစ်တစ်ရာတင်းတင်းပြည့် မြောက်လာခဲ့ပေပြီ။

သို့ဖြစ်၍ နှစ်တစ်ရာပြည့် အခမ်းအနားကို ဧပြီ ၈ ရက် တနင်္ဂနွေနေ့ နံနက်ခင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ကျင်းပရာနေရာကား ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ဧပြီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ အောက်ပစ္စယာအုတ်လမ်းရှိ ‘မော်လမြိုင်ဓမ္မာရုံသစ်’ တွင် ဖြစ်လေသည်။

ထိုနေ့နံနက်ခင်းက ကျင်းပသောအခမ်းအနားသို့ မော်လမြိုင်မြို့ ဇာတိသားတစ်ဦးပင်ဖြစ်သော ကျွန်တော်လည်း တက်ရောက်ခဲ့ပါသည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး၏ ပရိဝုဏ်ဝတ္တကမြေ အနောက်ဘက် အောက်ပစ္စယာသည်ဓမ္မာရုံ၊ ဇရပ်၊ သစ်ပင်ပန်းမန်တို့နှင့် စိမ်းစိုအေးချမ်းကာသာယာလှသည်။ မော်လမြိုင်အသင်းဓမ္မာရုံခြံဝသို့ ရောက်တော့ လက်ဆောင်ပစ္စည်းများကမ်းကာ နွေးထွေးစွာ ဆီးကြိုကြသည်။ ၂၀၁၁ ခုနှစ်တွင်မှ အသင်းဝင်ဖြစ်ခဲ့သော ကျွန်တော်အဖို့ ကိုယ်ကသိရှိသူနည်းလှသလို၊ ကိုယ့်ကိုသိသူလည်း နည်းပါးလှသည်။ မည်သို့ဖြစ်စေ ဓမ္မာရုံခန်းမအတွင်း ဝင်ခဲ့သော ကျွန်တော်သည် စိတ်လက်ပေါ့ပါး ပျော်ရွှင်ဆုံမိခဲ့သည်။ ကျွန်တော်သိသော ဦးစိုးမြိုင် (လေ) သည် ခန်းမအတွင်း ဓာတ်ပုံတဖျပ်ဖျပ် လှည့်ပတ်ရိုက်နေသည်။ ဆရာမကြီးဒေါ်ခင်လေးမြင့် (မလေး-ပညာရေး) က လူကြားထဲ တိုးဝှေ့လာကာ နှုတ်ဆက်ပါသည်။ အတန်ငယ်နောက်ကျပြီးမှ ခန်းမတွင်းဝင်လာသော ဆရာညို (ဒေါက်တာခင်မောင်ညို) ကို လှမ်းတွေ့လိုက်ရသည်။ နှုတ်မဆက်သာပါ။

ခန်းမအတွင်းဝယ် စန္ဒရားအောင်ဝင်းနှင့် အဖွဲ့၏တေးသံသာများက စီစီလှိုင်လှိုင် ချိုမြိန်စွာပျံ့လွင့်နေသည်။

ပရိုဂျက်တာဖြင့် ထိုးပြနေသဖြင့် ပိတ်ကားပေါ်တွင် မော်လမြိုင်မြို့၏ ရှုခင်းနှင့် အထင်ကရ အဆောက်အအုံဓာတ်ပုံများကို ငေးမောကြည့်ရှုရတော့ ကိုယ့်ကိုဖွားမြင်ခဲ့ရာ ဇာတိမြို့၏ အငွေ့အသက်များကို ခံစားရသည်။ မော်လမြိုင်သည် မွန်ပြည်နယ်၏ မြို့တော်၊ ဆိပ်ကမ်းမြို့၊ အင်္ဂလိပ်တို့ကလည်း သဘောကျနှစ်ခြိုက်လှစွာ အစောဆုံးခြေချခဲ့ရာဖြစ်ခဲ့သည်။

သမိုင်းဝင်ပြီး တန်ခိုးကြီးဆုတောင်းပြည့်ဝကြလေသည့် ဘုရားပုထိုးစေတီကျောင်းကန်ဇရပ်တို့ ပေါများလှသည်။ ဘုံပြတ်(ခေါ်)မြင်းလှည်းကို မျက်စေ့ထဲ မြင်ယောင်သေးတော့သည်။ လက်ဆောင်ပစ္စည်းများ ကမ်းရာတွင် တီရှပ်၊ သီချင်းခွေ၊ ထီလက်မှတ်တစ်စောင်၊ Key Chain၊ ထီးတစ်ချောင်း စသည်တို့အပြင် အထိမ်းအမှတ်မဂ္ဂဇင်းတစ်အုပ်လည်း ပါပါသည်။

ကြည့်ပါဦးလေ။

အခမ်းအနားတွင် ကံစမ်းမဲများဖောက်ပြီး ပစ္စည်းများချီးမြှင့်တော့ ကျွန်တော်သည် အိမ်မှာရှိသော တီဗွီကအိုပြီမို့ မဲပေါက်ချင်လှသည်။ ဆုများတောင်းနေခဲ့သည်။ အသင်းလူကြီးများက အလှည့်ကျမဲနှိုက်ယူပြီး ဖွင့်ဖောက်တော့ တစ်ခုသော တီဗွီပေါက်မဲမှာ (၀၉၅)။ အားပါးပါး။ ကျွန်တော်ရသော ကံစမ်းမဲနံပါတ်မှာ (၀၉၆) ဖြစ်လေသည်။ သားလတ်ဖြစ်သူ ပီပီကြားလပ်ခဲ့လေသလားပါပဲ။ သို့သော် ပျော်ခဲ့ရပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က ကျွန်တော်နေရာယူခဲ့သော စားပွဲတွင် ကျွန်တော်ငယ်ငယ်က နေထိုင်ကျောင်းနေခဲ့ဖူးရာ မော်လမြိုင်မြို့ ရွှေတောင်ရပ်မှ သားအမိတို့နှင့်အတူ ထိုင်ခဲ့ရပြီး အလွန်ကြိုက်လှသော သြင်္ကန်ထမင်းကို စားခဲ့ရပါလေသည်။

မော်ရွှေမြိုင်အသင်းသည် ရိုးရာယဉ်ကျေးမှု နှစ်ကူးအတာသြင်္ကန်ကို နှစ်တစ်ရာပြည့် ပွဲသဘင်ဖြင့် ကြိုဆိုလိုက်ပြီး နှစ်သစ်ဆန်းမှစကာ နှစ်ရာကျော်ခရီးကို ဆက်ရပါတော့မည်။ အတိတ်ကို ပြန်စောင်းကြည့်ကြပါလျှင် အောင်မြင်ပျော်ရွှင်မှု ပွဲသဘင်များကို တွေ့ကြရမည်ဖြစ်သကဲ့သို့ အခက်အခဲအကျပ်အတည်း ပင်ပန်းဆင်းရဲမှု ရင်းနှီးရသည်များကိုလည်း ပြန်လည်သိနိုင်ကြမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အထက်တွင်ဆိုခဲ့သလို ပုဂ္ဂိုလ်တစ်ဦး၏ စေတနာသဒ္ဓါထက်သန် ဖြူစင်စွာ အစပြုပေးခဲ့သော ကောင်းမှု၏အကျိုးဆက်သည် နှစ်ရာပေါင်းများစွာ ရှင်သန်တည်တံ့လေမည်ဟု ယုံကြည်မိပါသည် ဆိုစကားအတွက် ပြယုဂ်ဖြစ်လေပြီ။

ပထမဦးဆုံးဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မဆာဦးသွင်မှသည် မျက်မှောက်ဥက္ကဋ္ဌဦးဆန်းဦးသို့တိုင် ဥက္ကဋ္ဌအဆက်ဆက်နှင့် အမှုဆောင်လူကြီးများနှင့် အသင်းသားတို့သည် နမူနာကောင်းနှင့် ခရီးကောင်းကို ဆက်နှင်ကြလိမ့်မည်။ မြို့သူမြို့သားများက အားပေးပါဝင်ကြရလိမ့်မည်။ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း သယ်ဆောင်ကြရပါလိမ့်မည်။

မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရပ်၊ ရှမ်းကုန်းနေ ကုန်သည်ဒါယကာကြီးဦးဖလ်၊ ကျောင်းဒါယိကာမကြီး ဒေါ်ယဉ်တို့မှ ဖွားသန့်စင်လျက် အောင်မြင်ထင်ရှားခဲ့သော ‘မြန်မာလူကျော်’ တစ်ဦးဖြစ်သည့် ဆာဦးသွင်သည် ယခုမြန်မာနှစ်သစ်ဆန်းကာလဆိုလျှင် အသက် နှစ် ၁၄၀ မွေးနေ့ကို ကြုံမည်ဖြစ်လေသည်။

Most Read

Most Recent