အလှပဆုံး မြင်ကွင်း

အလှပဆုံး မြင်ကွင်း
Published 20 April 2018

ကျွန်တော်၏ သုံးနှစ်ခွဲအရွယ် သမီးငယ်က သူ၏အဘွားလုပ်သူကို တစ်ခါတစ်ရံ “ဒါ လေးတောင်မသိဘူးလား။ ဒါလေးတောင် မသိဘူးလား” ဟူ၍ ဆရာမလေသံဖြင့် ပြောသည်ကို ကြားရတိုင်း ကျွန်တော် ပြုံးမိသည်။ သူ့အဘွား လုပ်သူမှာလည်း ထိုသို့ပြောလေတိုင်း “အေး မေကြီးက မသိဘူး။ သမီး လုပ်ပြပါဦး” ဟူ၍ ပြန်လည်တုံ့ပြန်ရင်း ပြုံးနေတတ်သည်။

ကျွန်တော့်သမီးငယ်နှင့် သူ့အဘွားတင်မှ မဟုတ်၊ ကျွန်တော်သည် ထိုကဲ့သို့ မြေး အဘိုး စကားပြောခန်းများကို ကြားရမြင်ရတိုင်း စိတ်ထဲကြည်လင်သန့်ရှင်း၍ ပီတိဖြစ်နေမိတတ်သည်။ မျိုးဆက်တစ်ခု ကွာဟသွားသော လူသားနှစ်ဦးကြားက ဆက်သွယ်မှု ပုံစံသည် ချစ်စရာကောင်းနေ၏။ ကျွန်တော့် တွင် အဘိုးအဘွားတို့ မရှိတော့ပါ။ အဖေ့ဘက်က အဘိုးအဘွားရော အမေ့ဘက်က အဘိုးအဘွားတို့ပါ ကွယ်လွန်ကုန်ကြသည်မှာ ကြာခဲ့ပြီ။ သက်ရှိထင်ရှား ရှိခဲ့စဉ်အချိန်တုန်းကလည်း အတူနေခဲ့ရသည် မဟုတ်၍ ရင်းရင်းနှီးနှီး ရှိခဲ့သည် မထင်ပါ။

ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်များဆိုလျှင် အဘိုးအဘွားများရှိရာ နယ်ဘက် ကျေးရွာများသို့ မိသားစုလိုက် ရထားကြီးစီး၍ ပြန်ခဲ့ကြရဖူးသည်။ ကလေးဘဝက ရန်ကုန်- မန္တလေး ရထားကြီးပေါ်တွင် ကျပ်ကျပ်သပ်သပ်စီးရင်း တစ်မျှော်တစ်ခေါ် လယ်ကွင်းများ ကို ကြည့်ရသည့် အရသာကိုတော့ ယနေ့အထိ မမေ့နိုင်။ ထိုစဉ်တုန်းက ရန်ကုန်-မန္တလေး ခရီးစဉ်သည် ရထားဖြင့် ၁၆ နာရီခန့်အထိ မောင်းရသည်ကို မှတ်မိနေသည်။ မြို့တစ်မြို့ ဘူတာတစ်ခု ဝင်လေတိုင်း “ဒီမြို့မှာ ဘယ်လို လူတွေ နေပါလိမ့်” ဟူသည့် ကလေးအတွေး နှင့် ရထားပြတင်းပေါက်မှတစ်ဆင့် အိမ်များ လမ်းများပေါ် စိတ်ဝင်တစား အလုအယက် ကြည့်ကြရင်း ပျော်ရွှင်နေတတ်ကြသော ကျွန်တော်တို့လို ကလေးငယ်များပင်လျှင် ပျင်းရိငြီးငွေ့လာအောင် စီးရသည့် အချိန်ပမာ ဏပင် ဖြစ်ခဲ့သည်။

ညရောက်၍ ရထားပေါ် အိပ်ကြပြီဆိုလျှင်လည်း ကိုယ်လုံးသေးသေး ကလေးငယ်ငယ် ကျွန်တော်တို့မှာ သစ်သားထိုင်ခုံများအောက် ပုဆိုးစများခင်း ခွေခေါက်အိပ်ကြရသည်ကို အလွန်သဘောကျကြသည်။ အိမ်သာတက်ချင်၍ အိမ်သာရှိရာသို့ ကျော်နင်း ခွနင်း သွားရသည်ကို သဘောကျသည်။ အဖေအမေတို့က လမ်းတွင် စားရန် ထမင်း နှင့် ဟင်းလျာများကို ချက်ပြုတ်ပြီး စတီးငါးဆင့်ချိုင့်ကြီးများဖြင့် ထည့်လာကြ၏။ ထမင်းစားချိန်တန်လျှင် ရထားကြီး ယိမ်းထိုးလှုပ်ခါနေသည့်ကြားက ပါးစပ်ပေါက်နှင့် ဇွန်းတည့်အောင် ချိန်နေရသည်ကို ကစားနေရသလို ပျော်ရွှင်နေကြသည်။

ထိုသို့ နွေရာသီကျောင်းပိတ်ရက်တိုင်း အဘိုးအဘွားများဆီသို့ အလည်အပတ် သွားရသည်ကို ပျော်ရွှင်ရခြင်းမှာ အဘိုးအဘွား များနှင့် တွေ့ရဆုံရခြင်းထက် ခရီးသွားရခြင်းကို ပျော်ရွှင်ရခြင်းသာဖြစ်ခဲ့သည်။ ကျွန်တော် တို့၏ အဘိုးအဘွားများသည် နယ်ဘက် ကျေးဘက်မှ တောသူတောသားကြီးများ ဖြစ်၍ မြေးများ၊ ကလေးငယ်များနှင့် ပွတ်တီးပွတ်သပ် နေချစ်စရာ ပလီစိခြောက်ချက် ပြော စသဖြင့် မနေတတ်ကြခြင်း များလားတော့ မသိနိုင်ပါ။ သားသမီး များလွန်းလှ၍ မြေးကလည်း များပြားလှသည်ဖြစ်ရာ နီးနီးကပ်ကပ် အတူတူနေကြသော မြေးများကိုသာ အဘိုး အဘွားများက ပိုချစ်သည်လားတော့ မပြောတတ်။

ကျွန်တော် ငယ်သေးသည့် သုံး လေးတန်းအရွယ်လောက်က အဖေ၏ အမေ၊ ကျွန်တော့်အဘွား ဆေးရုံတက်ရန် ရန်ကုန်သို့ တစ်ခေါက် လာခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ အဘွားသည် သူ့အိမ်တွင်ရှိသော သံဖြင့် ပြုလုပ်ထားသည့် ခွေးခြေခုံသေးတစ်ခုကို မတော်တဆ တိုက်မိရာက ခြေသလုံးတွင် အနာဖြစ်လေသည်။ ဆေးမလိမ်း ဆေးမစား ဂရုမစိုက်နေသောကြောင့် အနာက ရင်း၊ မန်း ဝင်၍ ရောင်ကိုင်းလာသည်။ ထိုအခြေ ရောက်သည်ကိုလည်း သိပ်အလေးမထား၊ အများပြောသမျှ ဟိုအရွက် ဒီအရွက်ဝါး၍ ကပ်သည်။ မရ။ အနာက ပိုရင်းလာသည်။ ထိုအခါ ဖယောင်းချက် နှစ်ကျပ်ဖိုးလောက် ဝယ်ကပ်သည်။ မပျောက်။ ဤလိုနှင့် မသက်သာ အစာမစားနိုင်၊ အချိန်နှင့်အမျှ အော်ဟစ် ညည်းညူနေရသောကြောင့် နယ်မှ ဆေးရုံပြရာ အဆင်မပြေသည်နှင့် အဖေက ရန်ကုန် တက်ကုရန်ခေါ်ရင်း ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က အဘွား ရန်ကုန်လာနေပြီး ဆေးကုသည့်အချိန် လေးလကျော် ငါးလနီးနီး ကာလသည် ထိုအဘွားနှင့် ကျွန်တော်တို့ အနီးကပ်ဆုံး နေရသည့် ကာလဖြစ်ခဲ့သည်။ သို့သော် အဘွားမှာ ဝေဒနာက ကြီးမားသည် ဖြစ်ရာ အမြဲလိုလို အော်ဟစ်ညည်းညူနေရ၍ မည်သူမျှ အနားကပ်မခံပါ။ အော်ငေါက်လွှတ်လေ့ရှိသည်။ ကျွန်တော်တို့ကလည်း အနားမကပ်ကြပါ။ အဘွားရောက်ကာ စ ရက်များက ဆိုလျှင် အဘွား၏ အနာကြီးမှာ ပြည်ပုပ်အနံ့ပင် တထောင်းထောင်းဖြစ်နေရာ ကျွန်တော် တို့သည် အိမ်ပင် မကပ်ချင်ကြပါ။ ထို့နောက် အဘွားသည် ဘာမှမဟုတ်သည့် ဒဏ်ရာလေး မှတစ်ဆင့် အပ်နှင့်ပေါက်ရမည်ကို ပုဆိန်နှင့် ထွင်းရဖြစ်သကဲ့သို့ ခြေထောက်ကို ပေါင်လယ်လောက်မှ ဖြတ်လိုက်ရတော့သည်။

ထို့နောက် ဆေးရုံမှဆင်းပြီး အိမ်ပြန် ရောက်လာသည့်နောက် အဘွားသည် သူ့ ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်ကို အင်မတန် ပူဆွေးဝမ်းနည်းလျက် တငိုငို တရယ်ရယ်ဖြစ်၍နေလေသည်။ (သူ၏ ခြေထောက်ဖြတ်မည်ကို ဆရာဝန်များအား မတား မြစ်ရကောင်းလားဟု ဆိုကာ အဖေ့ကိုပင် စိတ်ဆိုးနေခဲ့သည်ဟု နောက်ပိုင်းတွင် အဖေက စိတ်မကောင်းစွာ ပြန်ပြောပြ၍သိရသည်။) ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ၍ အဘွား သည် ခြေတုကြီး တစ်ဖက်တပ်ရသည်။ထိုခြေတုကြီးနှင့် ကျင့်သားရအောင် လမ်းလျှောက် ကျင့်ရသည်။ ကျွန်တော်တို့ ညီအစ်ကို မောင် နှမသုံးယောက်သည် ခုတင်ခြေရင်းတွင် တွေ့ ရသော ခြေတုကြီးကို ဘာကြောင့်မှန်းမသိ အလွန်ကြောက်ကြသည်။ ထိုခြေတုကြီး နံဘေးမှ တစ်ယောက်တည်း မဖြတ်ရဲကြ။ နဂို ကပင် သံယောဇဉ်နည်းလှသော အဘွားနှင့် ကျွန်တော်တို့သည် သူ၏ ကြောက်စရာခြေတု ကြီးကိုပါ ပေါင်းစပ်လိုက်သောအခါ အဘွားသည် ကျွန်တော်တို့အိမ်တွင် ငါးလခန့်နေသွားခဲ့သော်လည်း ပို၍ချစ်ခင်မလာသည့်အပြင် ကြောက်စရာ လန့်စရာဖြစ်သွားတော့သည်။ အဘွားမှာ ကံဆိုးရှာပါသည်။ ခြေတုကြီးတစ်ဖက်နှင့် သူ့နေရပ်သို့ ပြန်သွားပြီး လေး ငါး ခြောက်လခန့်အကြာလောက်မှာပင် ဆုံးပါးသွားခဲ့ပါသည်။

ထိုအဘွား၏ ယောကျ်ား၊ အဖေ့၏အဖေ၊ အဘိုးနှင့်လည်း ကျွန်တော်တို့ အစေးမကပ်ကြပါ။ ကျွန်တော်သည် ထိုအဘိုးနှင့် စကားတစ်ခွန်းပင် ပြောခဲ့ဖူးသည်ကို မမှတ်မိပါ။ သူ့အကြောင်းဆိုလျှင် မှောင်မည်းနေသော အခန်းငယ်တစ်ခုထဲတွင် ကတုံးကြီးနှင့် လူကောင် ထွားထွား အဘိုးကြီးတစ်ဦး ထုံးဘူးသေးသေး တစ်ခုထဲသို့ သူ၏ကြီးမားလှသော လက်ညှိုး ကြီးဖြင့်နှိုက်ကာ ကွမ်းရွက်ကို ထုံးသုတ်နေသည့် ပုံကိုသာ ကျွန်တော် မှတ်မိသည်။အခြား ဘာမျှ စဉ်းစား၍မရပါ။

အဖေ့ဘက်က အဘိုးအဘွားတို့နှင့်စာလျှင် အမေ့ဘက်က အဘိုးအဘွားတို့က ကျွန်တော်တို့နှင့် ပို၍နီးစပ်မှုရှိခဲ့ကြသေးသည်ဟု ဆိုနိုင်မည်ထင်သည်။ အမေ့ဘက်က အဘိုး နှင့် အဘွားသည် ကျွန်တော်တို့အိမ်သို့ တစ်ဦးလျှင် နှစ်ကြိမ်စီ ရောဂါဝေဒနာနှင့် မဟုတ်ဘဲ လာလည်ခဲ့ဖူးသည်ကို မှတ်မိနေသည်။ နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက် ကျွန်တော်တို့မိသားစု အများဆုံးသွားဖြစ်သည်မှာလည်း အမေ့ဘက်က အဘိုးအဘွားများရှိရာ မုံရွာမြို့ဆီသို့ပင်ဖြစ်၏။ကျွန်တော်တို့ကလည်း အဖေ့ဇာတိ ကျောက်ဆည်မြို့ထက်၊ အမေ့ ဇာတိ မုံရွာမြို့သို့ သွားရသည်ကို ပိုပျော်သည်။ ထိုအဘိုးအဘွားကို ပိုချစ်၍ တော့လည်း မဟုတ်ပါ။ မုံရွာမြို့သို့သွားသည့် အခါတိုင်း ကျွန်တော်တို့သည် ချင်းတွင်းမြစ် တစ်ဘက် ကမ်းရှိ အဘိုးရွာ ကံကုန်းနှင့် အဘွား၏ရွာ နတ်လပို့တို့ကို လှေစီး၍ သွားရသောကြောင့် ဖြစ်ပါသည်။

ရွာများသို့ရောက်သည့်အခါတွင်လည်း အဘိုးအဘွားတို့နှင့် နေခြင်းထက် အိမ်တကာလှည့် ထမင်းစားသောက်၊ ကြံသကာ ထန်းလျက်၊ အသီးအနှံစသဖြင့် အချိုပွဲတည်းရ သည်ကို ကြိုက်ကြ ကျေနပ်နေကြသည်က များပါသည်။ “ရန်ကုန်က ဘိုးတင်ပိုင် မြေး တွေ လာတယ်ဟေ့၊ ဒေါ်မြရင် မြေးတွေလာတယ်ဟေ့” ဟူ၍ တစ်ရွာလုံး လှည့်ပတ်အမျိုး တော်နေသည့်လူများအကြား အရေးပေးခံရသည်ကို ကလေးသဘာ၀ ပျော်မဆုံးဖြစ်ရသည်။ ထိုသို့ရွာများကို ရောက်သည့် လေး ငါး ခြောက်ရက် တစ်ပတ်အချိန်များတွင် ကျွန်တော်တို့သည် အဘိုးအဘွားအိမ်များ၌ တစ်ရက်တလေမျှပင် ထမင်းစားလိုက်ရသည် မရှိပါ။ ဖိတ်ကျွေးသော အိမ်များ၌သာ လိုက်စားရင်း ပြန်ခဲ့ရသည်။ အချို့နေ့များဆိုလျှင် သုံး လေးနပ်ပင် စားရသေး၏။ ဟင်းဆိုသည်မှာလည်း ကိုရင်ဝတ် ရှင်ပြုတုန်းက စားခဲ့ရသည်ထက်ပင် ဟင်းခွက်များလွန်းလှ၍ ခေါင်းမဖော်စတမ်း ဖြစ်ရ၍ မပျော်ဘယ်ရှိဖြစ်မည်နည်း ဆိုသကဲ့သို့။
အဘိုးရွာ အဘွားရွာများသို့ သွားရတိုင်း အပျော်ရဆုံးအဖြစ်များမှာ ညီအစ်ကို မောင် နှမ တစ်ဝမ်းကွဲများနှင့် တောထဲ တောင်ထဲ လျှောက်သွား၊ ရေဆာလျှင်လတ်လတ်ဆတ် ဆတ်ချထားသည့် ထန်းရည်ချိုချိုသောက်၊ နီညိုရောင် ထန်းလျက်လုံးကြီးများ ချက်ကြ သည်ကို မီးထိုးကူရင်း မှင်တက်အံ့သြနေရ ခြင်းတို့ပင်ဖြစ်ခဲ့ပြီး စိတ်အပျက်ရဆုံးမှာ အိမ်သာ မရှိခြင်းတို့သာဖြစ်လေသည်။

အဖေ့ဘက်က အဘိုးအဘွားတို့နှင့်စာ လျှင် အမေ့ဘက်က အဘိုးအဘွားတို့နှင့် ပို၍ နီးစပ်သည်ဆိုရသော်လည်း တကယ်တော့ သည်းသည်းလှုပ်ချစ် သည်းသည်းလှုပ်အလို လိုက်ဆိုသည့် လက်ပွန်းတတီး ရင်းနှီးနေသည့် အခြေအနေမျိုးတော့လည်းမဟုတ်ပါ။အမေ၏ အဖေ၊ ကျွန်တော်တို့အဘိုး ဦးတင်ပိုင်သည် စက်ဘီးပြင်သည့် ပိန်သွယ်သွယ် အသားညို ညိုနှင့် အဘိုးကြီးတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ညီအစ်ကို မောင်နှမများ ဆော့ကစားရင်း သူ့ အနားရောက်လာလျှင် ကျွန်တော်တို့ မောင်နှမတတွေကို ကြည့်ကာ သွားမရှိတော့၍ ခွက်ဝင်နေသော ပါးခွက်ကြီးနှင့် ပြုံးနေ လေ့ရှိပါသည်။ တစ်ခါတစ်ရံ စိတ်ကူးပေါက် သည့်အချိန်မျိုးတွင် “ငါ့ မြေးတွေမှာ စက်ဘီးရှိလား ဘိုးဘိုး စက်ဘီးပြင်ပေးမယ်” ဟု ဆိုကာ ကွင်းခွကြီးတစ်ခုကို လှည့်သည့် သဏ္ဌာန်ပြု၍ အဘိုးက ပြောတတ်သည်။

အမေ့၏အမေ အဘွား ဒေါ်မြရင် ကွယ် လွန်သည်မှာ အနည်းငယ်စော၍ကျွန်တော် တို့ငယ်ငယ်က အဘွားနှင့် စကားပြောခဲ့ဖူး သည်တို့ကို မှတ်မိနေသော်လည်း ဘာ အကြောင်းများ ပြောခဲ့သည်ကိုတော့ မမှတ်မိတော့ပါ။ အဘွားသည် အဘိုးဦးတင်ပိုင်ထက် လေသံ၊ အပြုအမူ၊ စိတ်ဓာတ်စသဖြင့် မာသည်ကိုတော့ ဝိုးတဝါး မှတ်မိနေသည်။ အဘွား သည်အမေတို့ အလွန်ငယ်ရွယ်သေးသည့် အရွယ်က အတော်အသင့် ချမ်းသာခဲ့သော် လည်း အဘိုး ကျန်းမာရေးမကောင်းသည်ကို ကုသခြင်း၊ ငွေစက္ကူ ၁၀၀ တန်များ တရားမဝင် ကြေညာစဉ်ကလည်း အကျိုးနည်းခဲ့ခြင်း၊ နောက် အခြားအကြောင်းကြောင်းများ တိုက်ဆိုင် ဂြိုဟ်ဆိုးဝင် စီးပွားရေးဆုတ်ယုတ်ကာ ဆင်းရဲခဲ့ရသည်ဟု အမေက ပြောပြဖူး၏။ ကျန်းမာရေး မကောင်းသည့် အဘိုးက အသက် ရှည်ရှည်နေသွားရပြီး မာမာထန်ထန်ရှိသည့် အဘွားက ဦးစွာ ကွယ်လွန်သွားခဲ့ရသည်။ ကျွန်တော်သည့် အမေ့ အမေ၊ ကျွန်တော်တို့အဘွား ဒေါ်မြရင်ဟုဆိုလျှင် ဆေးရွက်ကြီးအပြည့်ဖြင့် ဆန်ကောကို ပေါင်ပေါ်တင်လျက် ပြောင်းဖူးဖက်ကို လျှာနှင့်သပ်ကာ ဆေး သားထည့်ပြီး ဆေးလိပ်လိပ်နေသည့်ပုံ၊ ထို ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးခိုးတလုံးလုံး ဖြစ်အောင် ဖွာကာ ငုတ်တုတ်ကြီး ထိုင်နေသည့်ပုံတို့ကိုသာ မြင်ယောင်နေမိသည်။ အဘွား၏ ရုပ်သွင်သည် ထိုပြောင်းဖူးဖက် ဆေးလိပ်ကြီး၏ မီးခိုးတထောင်းထောင်းထဲ တွင် ပေါ်လိုက် ပျောက်လိုက် ဝါးသွားလိုက်။

ယခုတော့ အဖေ့ဘက်၊ အမေ့ဘက် နှစ်ဘက်စလုံးမှ အဘိုးအဘွားများ တစ်ဦးမျှ မရှိကြတော့ပါ။ ကွယ်လွန်ကုန်ကြပြီ။ကျွန်တော်သည်လည်း ကလေးအဖေတစ်ဦး ဖြစ်နေပြီ။ ကျွန်တော့်အစ်ကိုဆိုလျှင် ကလေး နှစ်ယောက်အဖေ စသဖြင့် ကျွန်တော်တို့သည် အဖေအမေ နေရာကိုရောက်လာကြပြီး အဖေတို့ အမေတို့သည် အဘိုးအဘွားနေရာကို ရောက်လာကြသည်။ ကျွန်တော်က ကလေးများကို သူတို့၏ အဘိုးအဘွားများနှင့် လက် ပွန်းတတီး ရှိစေချင်သည်။ ကလေးငယ်တစ် ဦးနှင့် အဘိုးအို၊ အဘွားအိုတစ်ဦး ပျော်တပြုံး ပြုံးဖြစ်နေသည့် မြင်ကွင်းကိုကြည့် ရသည်မှာ ကမ္ဘာပေါ်မှ အလှပဆုံး ရှုခင်းတစ်ခုကို ကြည့် ရသည်ထက် ပို၍ နှစ်လိုဖွယ်ရှိသည်ဟု ကျွန်တော်က ထင်မိသည်။

Most Read

Most Recent