သမ္မတသစ်၊ အသွင်သဏ္ဌာန်သစ်နှင့် ငြိမ်းချမ်းရေးခရီး နီးလာမည်လား

သမ္မတသစ်၊ အသွင်သဏ္ဌာန်သစ်နှင့် ငြိမ်းချမ်းရေးခရီး နီးလာမည်လား
Published 20 April 2018

သမ္မတတာဝန် စတင်ထမ်းဆောင်ရန် မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှုတ်ဆက်နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

နှစ်ပေါင်း ၇၀ စွန်းလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်မယ့် ကနဦးခြေလှမ်းတွေကို လှမ်းလာနိုင်ဖို့ဆိုတာ အစိုးရနဲ့သမ္မတသစ်အဖို့ စိန်ခေါ်မှုကြီးလို့ ဆိုနိုင်ပေမယ့် အခွင့်အလမ်းတွေ၊ အလားအလာတွေကလည်း အစီအရီ ရှိနေကြပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ အန္တိမ ရည်မှန်းချက်ဆီ ဦးတည်နိုင်ဖို့ဆိုရင် တိုက်ပွဲတွေ၊ စစ်ပွဲတွေ အမြန်ရပ်ပြီး ဆွေးနွေးပွဲဝိုင်းမှာ ထိုင်ကြရမှာ ဖြစ်ပါတယ်။ သမ္မတသစ်အနေနဲ့ နှစ်နှစ်တာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပြန်ဆန်းစစ်သုံးသပ်ရင်း အသွင်သဏ္ဌာန်သစ်၊ ခြေလှမ်းသစ်တွေနဲ့အတူ အပြောင်းအလဲသစ်တွေကို ဖော်ဆောင်လာနိုင်ဖို့က တစ်နေ့ထက်တစ်နေ့ အရေးကြီးသထက် ကြီးလာနေတယ်လို့ ဆိုချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း၊ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကျပ်အတည်းတွေဟာ သော့ချက်အကျဆုံး ဖြစ်သလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်နိုင်ဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှုနဲ့လည်း ဆက်စပ်နေပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုလို့ပြောရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းဆိုတာ ထိပ်ဆုံးမှာရှိနေပါတယ်။ အဲဒါကြောင့် အဲဒီအကျပ်အတည်းကြီး သုံးရပ်စလုံးကို နိုင်ငံရေးနည်းလမ်းအရ တစ်ပြိုင်နက် ချဉ်းကပ် အဖြေရှာနိုင်ဖို့ တိုက်တွန်းရတာဖြစ်ပါတယ်။ ဒီအကျပ်အတည်း သုံးရပ်ကို တစ်ပြိုင်နက် ချဉ်းကပ် အဖြေမရှာ နိုင်ရင် ရေရှည်မှာ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်း နဲ့ ဆက်စပ်ရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတဲ့နိုင်ငံရေးခြေလှမ်းတွေကိုတော့ မြင်နေရပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေသလို စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေဟာလည်း သူတို့ရဲ့ နေရပ်ရင်းတွေနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ အန်စီအေကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အပိုင်းမှာ အတော့်ကို ချူချာနေတယ်လို့ ဆိုချင်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ၊ တတိယ အစည်းအဝေးရက် သတ်မှတ်ဖို့ကလည်း အခုထက်ထိ အလှမ်းဝေးနေဆဲပါ။ အဲဒီလိုနဲ့ ငြိမ်းချမ်းရေး အကျပ်အတည်းဟာ တိုင်ပတ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ၊ အပစ်အခတ်တွေ ရပ်စဲပြီး အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ရင်းတွေဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ သူတို့ရဲ့နေရပ်ရင်းတွေဆီ ပြန်အခြေချနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ စဉ်းစားမိပါတယ်။ တကယ်လို့ အစိုးရနဲ့တပ်မတော်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုတွေ တစ်ဖက်သတ် ရပ်စဲကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်နိုင်မယ်ဆိုရင် သေနတ်သံတွေ စဲသွားဖို့ အလားအလာမြင့်မားလာမယ်လို့ ထင်မိပါတယ်။ အစိုးရနဲ့ တပ်မတော်က အဲဒီလို အပစ်ရပ်ဖို့ကြေညာရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အပစ်ရပ်ဖို့ သဘောတူကြေညာချက် ထုတ်ပြန် ကြလိမ့်မယ်လို့ နားလည်မိပါတယ်။ အဲဒီ နောက်ပိုင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပိုနေမြဲ ကျားနေမြဲ ထုံးနဲ့အညီ ပစ်တာခတ်တာတွေ မရှိအောင် ဆက်ထိန်းထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

တိုက်ပွဲတွေ၊ အပစ်အခတ်တွေကြောင့် အချုပ်အခြာအာဏာရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့ စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူတွေဟာ စားဝတ်နေရေးဒဏ်၊ ဆင်းရဲမွဲတေဒဏ်၊ ရာသီဥတုဒဏ်၊ ရောဂါဘယဒဏ် စတဲ့ ဒဏ်ပေါင်းစုံကို ကြံ့ကြံ့ခံရင်း တိုက်ပွဲတွေကြားမှာ၊ နယ်စပ်ဒေသတွေမှာ နေထိုင် အသက်ရှင် နေကြရဆဲဖြစ်တယ်ဆိုတာ မမေ့မလျော့ဖို့လိုပါတယ်။ အဲဒီဒေသတွေမှာ မငြိမ်းချမ်းသရွေ့တော့ တိုင်းရင်းသားပြည်သူတွေဟာ စစ်ဘေးကို ရှောင်နေကြရဦးမှာဖြစ်ပါတယ်။ ဒီနေ့ ဒီ အချိန်အထိလည်း အချုပ်အခြာအာဏာပိုင်ရှင် စစ်စစ်တွေဟာ ရှောင်နေ၊ ပုန်းနေ၊ ပြေးနေ၊ လွှားနေရဆဲဖြစ်တာကတော့ ငြင်းမရတဲ့ အချက်ပါ။ အဲဒါကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ သဘောထားကြီးကြီးနဲ့ ကိုယ်ဘာရမလဲဆိုတာထက် ကိုယ်က ဘာပြန်ပေးရမလဲ ဆိုတာကို နှလုံးသွင်းရင်း တစ်ဖက်သတ် အပစ်ရပ်ကြောင်း အဆောတလျင် ထုတ်ပြန်နိုင်ခဲ့ရင် အလွန် ကျေနပ်ပီတိဖြစ်မိမှာပါ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ် ထုတ်ပြန်နိုင်ဖို့ဆိုရင် အစိုးရမှာ အဓိကတာဝန်ရှိမှာဖြစ်ပါတယ်။ အစိုးရဟာ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီး၊ အပစ်အခတ်ရပ်စဲ ရေးကို အဆောတလျင် ရုပ်လုံးပေါ်လာနိုင်ဖို့ အားစိုက်ရမှာဖြစ်ပါတယ်။ အဲဒီလို တစ်ဖက်သတ် အပစ်ရပ်နိုင်ဖို့မှာ ပထမခြေလှမ်းအနေ နဲ့ အစိုးရဟာ တပ်မတော်နဲ့ဗျူဟာမြောက် ထိတွေ့ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုး၊ တန်ဖိုးထားတဲ့ လူမှုအသိုင်းအဝိုင်းအနေနဲ့ တိုက်ပွဲတွေ၊ သေနတ်သံတွေ ကျယ်လောင်လာပြီဆိုရင် အဲဒါကို အမြန်ဆုံးရပ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ခေါင်းချင်းရိုက်ကြ၊ ဆွေးနွေး အဖြေရှာကြရမှာဖြစ်ပါတယ်။ အစိုးရကလည်း အသံမကြားရ၊ လွှတ်တော်တွေကလည်း ရပ်နားထားတဲ့အချိန်ဆိုတော့ ပိုတော့ စိုးရိမ်မိတာ အမှန်ပါ။ အမှိုက်ကစ ပြာသာဒ်မီးလောင်တတ်တယ်ဆိုတာကိုတော့ သတိချပ်နိုင်ဖို့ ကောင်းပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့တုန်းက သမ္မတကြီးဦးဝင်းမြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောတဲ့အခါ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အသံတွေ လုံးဝပါမလာတာကလည်း စိတ်မောစရာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လတ်တလော စစ်ရေးတင်းမာမှုတွေ၊ တိုက်ပွဲတွေကို အမြန်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းတွေကို အဆောတလျင်ဆွေးနွေး ဖော်ဆောင်နိုင်ဖို့ ပျက်ကွက်နေသရွေ့တော့ ငြိမ်းချမ်းရေးဟာ သဲနဲ့ဆောက်တဲ့ အိမ်ပဲဖြစ်နေဦးမှာပါ။ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အနေနဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူပြီး၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေး၊ ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ကချင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ရော၊ တစ်ဖက်သတ် အပစ်ရပ်နိုင်ဖို့ရော လမ်းစတွေပေါ်လာမယ်၊ အလုပ်ဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်။

သမ္မတဦးဝင်းမြင့်အနေနဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွေကို အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုကောင်းအောင် ဆွေးနွေးညှိနှိုင်းနိုင်မယ့် စြင်္ကံလမ်းတွေအဖြစ် ဦးစီးဖော်ဆောင်သင့်တယ်လို့ သုံးသပ်၊ အကြံပြုလိုပါတယ်။ ကာလုံ ကောင်စီကို အစိုးရ၊ လွှတ်တော်က အရပ်ဘက် ခေါင်းဆောင်တွေ နဲ့ တပ်မတော်ကစစ်ဘက် ခေါင်းဆောင်တွေအကြား မျက်နှာစုံညီညှိ နှိုင်းဆွေးနွေး အဖြေရှာနိုင်တဲ့ ပလက်ဖောင်းအဖြစ် ပြောင်းလဲ၊ ဖော်ဆောင်နိုင်ရင် ကောင်းမယ်လို့တော့ စဉ်းစားမိပါတယ်။ အဲဒီကာလုံ ကောင်စီရဲ့အစည်းအဝေးစားပွဲဝိုင်းပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်အတည်းတွေနဲ့ဆိုင်တဲ့ ဖိုင်တွေဟာ အမြဲတမ်းရှေ့ဆုံးကနေ နေရာယူထားဖို့လိုမယ်လို့လည်း ယူဆမိပါတယ်။ ကာလုံအစည်းအဝေးတွေကနေ စစ်ရေး တင်းမာတာတွေ၊ တိုက်ပွဲတွေ၊ ပဋိပက္ခတွေကို ထိထိရောက်ရောက်လျှော့ချနိုင်အောင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးအဖြေရှာရင်း စိန်ခေါ်ချက်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ အရေးကြီးမယ်လို့ ထင်မြင်မိပါတယ်။

အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ လူစားထိုးဖို့၊ လူတိုးဖို့ ပြောနေသလို အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျူးရှင်းကိုလည်း ပြန်ပြင်ဖို့ လိုနေတယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြလိုပါတယ်။ ငြိမ်းချမ်းရေး အင်စတီကျူးရှင်းကြီးတစ်ခုလုံးဟာ အတော့် ကို လေးလံထိုင်းမှိုင်းနေသလို ကိုမာဝင်နေသလို ထင်ရလောက်တဲ့အထိ ငြိမ်သက်လွန်းနေပါတယ်။ အန်စီအေ စာချုပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော၊ အန်စီအေလက်မှတ် ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲဆိုတာမျိုးက အတော့်ကို အလှမ်းကျဲနေတယ်လို့ သုံးသပ်မိပါတယ်။ အလွတ်သဘောရော၊ အလုပ်သဘောရော မျက်နှာစုံညီတွေ့ဆုံဆွေးနွေးတဲ့ အကြိမ်များ လာလေလေ၊ ယုံကြည်မှုနဲ့နားလည်မှု တည်ဆောက်ရလွယ်ကူလေလေဖြစ်လိမ့်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။

လေးလံထိုင်းမှိုင်းနေတဲ့ ခြေလှမ်းတွေနဲ့ ငြိမ်းချမ်းရေး ခရီးရှည်ကို ဆက်နေဦးမယ်ဆိုရင်တော့ ခရီးက ရှည်သထက် ပိုရှည်ဦးမှာ မြေကြီး လက်ခတ်မလွဲဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံဟာ မျှော်လင့်ချက်တွေနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်နေပြီဆိုရင် ခက်သထက် ပိုခက်တော့မှာဖြစ်ပါတယ်။ တွေ့ဆုံညှိနှိုင်းဆွေးနွေးရမှာ တွန့်ဆုတ်နေသရွေ့၊ အလှမ်းဝေးနေသရွေ့၊ တိုက်ပွဲတွေရပ်စဲဖို့၊ ငြိမ်းချမ်းရေးကို ရုပ်လုံးဖော်ဖို့ ဆိုတာတွေဟာ အိပ်မက်ပဲဖြစ်နေဦးမယ်လို့ ဆိုချင်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ဘယ်လောက်ပဲ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေ များပါစေ၊ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေ ရှာနိုင်ဖို့က ဗျူဟာမြောက် အရေးပါဆုံးဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက တော့ ဒုနဲ့ဒေးပါ။ ယုံကြည်ချက်ခိုင်ခိုင်မာမာ၊ ဇွဲကြီးကြီးနဲ့ အလွတ်သဘောရော၊ အလုပ်သဘောရော တွေ့ဆုံဆွေးနွေးတာတွေကို စဉ်ဆက်မပြတ်၊ အချိန်ဇယား သတ်မှတ်၊ လုပ်လာနိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးပန်းတိုင် ပေါက်မြောက်ဖို့ နီးကပ်သထက်၊ နီးကပ်လာနေပြီလို့ ဆိုရမှာဖြစ်တဲ့အကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Most Read

Most Recent