နွေအစမှာ ပန်းချီကားများ ပျောက်ဆုံးခြင်း

နွေအစမှာ ပန်းချီကားများ ပျောက်ဆုံးခြင်း
Published 18 April 2018

Photo: Toyota Canada

နေ့လယ်က ကျွန်တော့်နားထဲ အသံလေးတစ်ခု တိုးဝင်လာတယ်။ ဥသြ...ဥသြဆိုတဲ့ အသံလေး။ အဲဒီအသံလေးဆီသာ ကျွန်တော် ဆက်လက်နားစွင့်နေမိတယ်။ စိတ်ထဲ အေးချမ်းလာသလိုလည်း ခံစားရတယ်။ ကြာလာလေလေ ပိုမိုအေးချမ်းကြည်လင်လာသလို ခံစားမိတယ်။ အသံလေးတစ်ခု။ အဲဒီအသံလေးတစ်ခုက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ လက်လွှတ်လိုက်ရတဲ့ တချို့နေရာတွေအတွက် အစားထိုးချင်ထိုးလို့ ရပါတယ်။

ဥသြငှက်ကလေးက သူ့ဘာသာ ရှင်သန်တယ်။ သူ့ဘာသာ မြည်တွန်တယ်။ ကျွန်တော်က ကျွန်တော့်ဘာသာ ရှင်သန်တယ်။ ကျွန်တော့်ဘာသာ ရုန်းကန်တယ်။ ဒါပေမဲ့ ကျွန်တော့်အကြားအာရုံနဲ့ ဥသြငှက်လေးရဲ့ အသံဟာ အခုချိတ်ဆက်မိနေတယ်။ တစ်စုံတစ်ယောက်ဆီကို တစ်စုံတစ်ရာသော ခံစားမှုကို ရောက်ရှိစေခဲ့တယ်။ ဒါဟာ အင်မတန်မှ လွယ်ကူရှင်းလင်းတဲ့ ဖြစ်ရပ်လေးပါပဲ။ တူရိယာပစ္စည်း အမြောက်အမြား ပေါင်းစပ်မှ ပေါ်ထွက်လာနိုင်တဲ့ အခက်အခဲမျိုးမဟုတ်။ သီဆိုသူတစ်ယောက် အပါအဝင် ဖန်တီးပြုလုပ်ထားတဲ့ သီချင်းတစ်ပုဒ်မဟုတ်။ ဘာလေ့ကျင့်ခန်း၊ ဘယ်လိုကြိုးစားအားထုတ်မှု စွမ်းအားတွေမှ ထူးထူးခြားခြား ထည့်သွင်းမထားတဲ့ အဖြစ်အပျက် အကြောင်းအရာလေးတစ်ခု။ ရိုးရှင်းတယ်။ လွတ်လပ်တယ်။ ဘဝပါတဲ့ စီးဆင်းနေတာလေးတစ်ခု။ ပြီးတော့ လှတယ်။

အဲဒီဥသြငှက်လေးရဲ့ အသံလေးအတိုင်း ကျွန်တော် လိုက်ပါလွင့်မျောသွားမိတယ်။ အတားအဆီး မရှိ။ အခက်အခဲ မရှိ။ ကျွန်တော်တို့ရဲ့အကြားကို နားလည်မှုရှိတဲ့ နတ်ဘုရားတစ်ပါးက ပူးကပ်ပေးလိုက်သလိုပဲ။ ကျွန်တော် လွင့်မျောသွားတဲ့ စိတ်ကူးတွေအတိုင်း လိုက်ပါသွားမိတာ တိတ်တိတ်ဆိတ်ဆိတ် တည်ရှိနေတဲ့ အဆောက်အအုံတစ်ခုထဲ ရောက်သွားသလို ခံစားထင်မှတ်ရတယ်။ တကယ်လည်း အဆောက်အအုံတစ်ခုထဲ ရောက်သွားခဲ့တယ်။ အဲဒီအဆောက်အအုံကို သေချာစူးစိုက်ကြည့်မိတော့ တကယ့် အသေအချာ တည်ဆောက်ထားတဲ့ အဆောက်အအုံလို့ ထင်မှတ်ရတယ်။ အဆောက်အအုံရဲ့ နံရံတွေမှာ ပန်းချီကားတွေ အမြောက်အမြား ချိတ်ဆွဲထားတာ တွေ့ရတယ်။ တချို့ ပန်းချီကားတွေက မြို့ပြတစ်ခုရဲ့ ရှုပ်ထွေးပွေလီနေတဲ့ မြင်ကွင်းတွေကို ရေးဆွဲထားသလို တွေ့ရတယ်။ တကယ့်မြို့ပြသရုပ်မှန် ပန်းချီလက်ရာများလို့ ကျွန်တော် ခံစားမိလိုက်တယ်။ ဈေးခြင်းတောင်းဆွဲလာတဲ့ အမျိုးသမီးတွေ။ ကလေးငယ်တွေကို လက်ကဆွဲလာတဲ့ လူတချို့တွေ။ ဆိုင်တစ်ခုမှာ စားသောက်နေကြတဲ့ လူတွေ။ တချို့ အမျိုးသမီးတွေက သား ငါးတွေကို ခုတ်ထစ်နေကြတာတွေ။ တချို့ အမျိုးသားတွေက လက်တွန်းလှည်းတချို့ကို တွန်းသွားကြပုံတွေ။ အဲဒီလို မြို့ပြရဲ့ သရုပ်မှန် ပုံရိပ်တွေနဲ့ ပန်းချီလက်ရာ။ အဲဒီပန်းချီကားရဲ့ အပေါ်ပိုင်းမှာတော့ အထပ်မြင့်တိုက်တာပုံတွေ အထင်းသားတွေ့ရတယ်။ အဲဒီ ပန်းချီကားထဲမှာ ထူးဆန်းတာတစ်ခုက ကားတွေဟာ အထပ်မြင့်တိုက်တွေရဲ့ ခေါင်မိုးတွေပေါ်မှာ မောင်းနှင်နေပုံကို ရေးဆွဲထားတာပါပဲ။

ကျွန်တော် အဲဒီပန်းချီလက်ရာကို အကြာကြီး ငေးစိုက်ကြည့်နေမိတယ်။ ဘာကြောင့် တိုက်ခေါင်မိုးတွေပေါ်မှာ ကားတွေ မောင်းနှင်နေပုံကို ရေးဆွဲထားတာလဲဆိုတာကိုပေါ့။ ရေးဆွဲထားတဲ့ ပန်းချီဆရာဟာ သာမန်အတွေးနဲ့ ရေးဆွဲထားတာတော့ မဖြစ်နိုင်ဘူး ဆိုတာကိုလည်း တစ်ဆက်တည်း တွေးမိတယ်။ သူ့ရဲ့ ‘သင်္ကေတ’ က ဘာလဲပေါ့။ ပန်းချီကားက မြို့ပြပုံရိပ်။ ကျွန်တော်လည်း ဆက်တွေးရင်း၊ တွေးရင်းနဲ့ ချာလည်လည်လာတော့တယ်။ ကျွန်တော်များ အမြင်မှားတာလားလို့ မျက်လုံးအစုံကို ပွတ်သပ်ကြည့်မိတယ်။ မမှားပါ။ ပန်းချီကားက အဲဒီအတိုင်းပါပဲ။

အဆောက်အအုံရဲ့ နံရံတွေအတိုင်း ကျွန်တော် ဆက်လက် လျှောက်ကြည့်မိတယ်။ နောက်ထပ်ပန်းချီကားတစ်ခု ထပ်တွေ့ပြန်တယ်။ အဲဒီ ပန်းချီကားထဲမှာ အထင်ရှားဆုံး ရေးဆွဲထားတဲ့ အမှတ်အသားတွေက ဖရိုဖရဲ ပုံရိပ်တွေပါပဲ။ တချို့ အမျိုးသမီးတွေက လုံချည် မနိုင်တနိုင်နဲ့ ပြေးလွှားနေကြတယ်။ ကလေးငယ်လေးတွေ တချို့က ပန်းကန်လို့ထင်ရတဲ့ အရာလေးတွေကိုင်လျက် တစ်စုံတရာကို တောင်းခံနေကြတယ်။ ရုပ်သွင်ပြင်လေးတွေကလည်း သနားစဖွယ်တော်တော် လေးညစ်နွမ်းနေကြတယ်။ နောက် ချုံပုတ် အစုအစုတွေလည်း တွေ့ရတယ်။ တချို့နေရာတွေဘက် ကြည့်မိတော့ တစ်စုံတစ်ရာ အစုအပုံတွေအပေါ်မှာ လက်နက်ကြီးငယ် တချို့နဲ့ လူတချို့ကို တွေ့ရတယ်။ မီးခိုးငွေ့တွေလိုလို ရေးခြယ်ထားတာတွေလည်း တွေ့ရပြန်တယ်။ အဲဒီ ပန်းချီကားမှာလည်း ထူးခြားတာတစ်ခု တွေ့ရတယ်။ လူလေး၊ ငါး၊ ခြောက်ယောက်ခန့်လောက်က ဝိုင်းဖွဲ့ပြီး ‘ဖဲကစား’ နေတဲ့ပုံပါပဲ။ သူတို့ရဲ့ ဖဲချပ်တွေပေါ်မှာ ‘ချိုးဖြူငှက်’ ပုံတွေချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ကျွန်တော် ထပ်မံအံ့သြရပြန်တယ်။

ဒီလိုနဲ့ ကျွန်တော် အဲဒီနေရာမှာ ခဏထိုင်ရင်း နားနေမိတယ်။ နောက် စဉ်းစားကြည့်တယ်။ စိတ်ဝင်စားဖွယ်ရာ ပန်းချီကားတွေအကြောင်းပေါ့။ ကျွန်တော် စဉ်းစားပေမဲ့ ဘာအဖြေမှ ထွက်မလာပါ။ ပိုပြီးသာ ရှုပ်ထွေးလာတယ်။ အဲဒါနဲ့ ကျွန်တော် အဆောက်အအုံနံရံအတိုင်း ဆက်လျှောက်လိုက်မိတယ်။ ဆက်လျှောက်လာရင်းနဲ့ နောက်ထပ်ပန်းချီကားလက်ရာတွေ ထပ်တွေ့ရပြန်တယ်။ ဒီတစ်ခါ ပန်းချီကားက ကွင်းပြင်ကျယ်ကြီးပုံစံ ရေးဆွဲထားတဲ့ ပန်းချီကားတစ်ခု။ အဲဒီကွင်းပြင်ထဲမှာ လူတချို့ ခမောက်လေးတွေ ဆောင်းရင်း တစ်စုံတစ်ရာကို ပြုလုပ်နေကြပုံဖြစ်တယ်။ လှုပ်ရှားလုပ်ကိုင်နေကြပုံတွေမှာ အတော်လေး မြန်မြန်ဆန်ဆန် လုပ်ကိုင်နေကြပုံဖြစ်တယ်။ နောက် မိုးကောင်းကင်ပုံစံပါ ပါတယ်။ အုံ့မှိုင်းနေတဲ့ မိုးကောင်းကင်ပုံစံမျိုး။ အဲဒီအုံ့မှိုင်းနေတဲ့ မိုးကောင်းကင်ကို ကြည့်မိလိုက်တော့ ကျွန်တော့်စိတ်ထဲ အလိုလို ဝမ်းနည်းလာမိတယ်။ ဒါ ဘာကြောင့်ပါလဲ။ ကျွန်တော်ဟာ မြစ်ဝကျွန်းပေါ်သား ဖြစ်နေခဲ့လို့များလား။ စိတ်မှာ အဂတိကပ်နေခဲ့တာလားပေါ့။ အဲဒီပန်းချီကားရဲ့ ထူးခြားတာတစ်ခုကလည်း ပန်းချီဆရာရဲ့ ဆေးရောင်သုံးထားတဲ့ စိတ်ကူးဖြစ်ပါတယ်။ ပန်းချီကားထဲက အရောင်အားလုံးလိုလိုက မွဲခြောက်ခြောက်၊ မှိုင်းတိုင်းတိုင်း အရောင်တွေဖြစ်နေခြင်းပါပဲ။ သိပ်စိတ်လှုပ်ရှားဖို့ကောင်းတယ်။

အဆောက်အအုံထဲမှာ ကျွန်တော် လျှောက်ရင်း လျှောက်ရင်းနဲ့ နောက်ဆုံးပန်းချီလက်ရာလို့ ထင်ရတဲ့ ပန်းချီကားတစ်ခုကို ထပ်မံတွေ့ရှိရတယ်။ အဲဒီပန်းချီကားက စက်ရုံ၊ အလုပ်ရုံ ပုံစံများကို အဓိက ရေးဆွဲထားတယ်။ မြို့ပြတစ်ခုရဲ့ အစွန်လို့ ယူဆလို့ရတဲ့ အခင်းအကျင်းကို ပန်းချီဆရာက ပုံဖော်ရေးဆွဲထားတယ်။ စက်ရုံ၊ အလုပ်ရုံနေရာတွေဆီ သွားနေကြတဲ့ လူအများအပြား အတန်းလိုက်ကြီးပုံစံလည်း ရေးဆွဲထားတယ်။ နောက်ယာဉ်မျိုးစုံ ရှုပ်ထွေးနေတဲ့ လမ်းတွေရဲ့ ပုံစံတွေလည်းပါတယ်။ အဲဒီပန်းချီကားထဲမှာလည်း ထူးဆန်းတာတစ်ခုကို တွေ့ရတယ်။ ပန်းချီကားထဲက အတန်းလိုက် လျှောက်နေကြတဲ့ လူတွေရဲ့လက်ထဲမှာ ထမင်းဘူးတွေ၊ ရေဘူးတွေ ကိုင်မထားကြဘဲ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ထားကြတာပါပဲ။ တချို့က လက်သီးလက်မောင်း တန်းနေကြတယ်။ တချို့က လော်စပီကာလေးတွေကိုင်ရင်း တစ်စုံတစ်ရာကို ပြောဆိုနေကြဟန်တွေပါပဲ။ ပန်းချီကားတွေ။ စိတ်ဝင်စားဖွယ်ရာ သင်္ကေတတွေနဲ့အတူ။

အဲဒီအဆောက်အအုံထဲ ဝင်သွားလိုက်မိတာနဲ့ ပန်းချီကားတစ်ကားချင်းစီမှာ ထူးခြားတဲ့ ပန်းချီစိတ်ကူးလက်ရာတွေကို ကြည့်ရှု ခံစားလိုက်ရတယ်။ ပန်းချီကားလက်ရာများရဲ့အပေါ်မှာ ကျွန်တော် အတွေးလွန်သွားခဲ့တယ်။ အဲဒါနဲ့ လူလည်း အပန်းဖြေရင်း၊ စိတ်လည်း အပန်းဖြေရင်း ကျွန်တော် ခဏထိုင်နားနေမိတယ်။ အဲဒီလိုနားနေရင်း ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာတယ်။ ဟုတ်တယ်။ ကျွန်တော့်မှာ ဖုန်းပါလာတယ်။ ဖုန်းနဲ့ ပန်းချီကားတွေကို ဓာတ်ပုံရိုက် သိမ်းဆည်းထားဖို့ အကြံပေါ်လာတယ်။

ဖုန်းနဲ့ ပန်းချီကားကို အသေအချာ ချိန်တယ်။ ချိန်ပြီးလို့ ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ကျွန်တော့်ဖုန်းထဲက ကင်မရာက လုံး၀ အလုပ်မလုပ်တော့ဘူး။ ကျွန်တော် အံ့သြလန့်ဖျပ်သွားမိတယ်။ ဖုန်းများ တစ်စုံတစ်ရာ ဖြစ်တာလားလို့ စိုးရိမ်သွားမိတယ်။ မနေ့ကတောင် ရှုခင်းလှလှလေးတွေ ဓာတ်ပုံရိုက်ပြီး သိမ်းထားမိနေသေးတယ်။ အခုဘယ်လိုများဖြစ်တာလဲ။ နောက်ထပ်တစ်ခါ ပန်းချီကားကို အသေအချာ ချိန်တယ်။ ရိုက်ကြည့်တယ်။ ဖုန်းက လုံးဝဓာတ်ပုံရိုက်မရတော့ဘူး။ ဘယ်လိုဖြစ်တာလဲလို့ ဖုန်းကို အသေအချာ ပြန်စစ်ဆေးကြည့်တယ်။ အလွယ်ကူဆုံးဖြစ်တဲ့ ဖုန်း Restart ချကြည့်တယ်။ ဒါပေမဲ့ ဖုန်းအတွင်းက ကျန်တဲ့အရာတွေအားလုံးက အလုပ်လုပ်တယ်။ ကင်မရာတစ်ခုသာ အလုပ်မလုပ်တာ ဖြစ်နေတယ်။ ကျွန်တော် အတော်လေး စိတ်ပျက်သွားမိတယ်။ ကျွန်တော့်ဖုန်းမှာ ဘယ်ပုဒ်မရဲ့ ဗိုင်းရပ်စ်ကပ်နေတာလဲမသိ။ အခု အခြေအနေဆိုရင် ဒီပန်းချီကားလက်ရာတွေကို မှတ်တမ်းတင်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ဒီအဆောက်အအုံထဲကို နောက်တစ်ခေါက် ပြန်ရောက်ဖို့ဆိုတာလည်း သေချာတာမဟုတ်။ အဲဒါနဲ့ ကျွန်တော် လက်လျှော့လိုက်ရတော့တယ်။

ကျွန်တော် အဆောက်အအုံထဲကနေ ပြန်ထွက်လာခဲ့တယ်။ ပြန်ထွက်လာပြီး အဆောက်အအုံရဲ့ မလှမ်းမကမ်းရောက်တော့ အဆောက်အအုံဘက်ဆီ လှည့်ကြည့်မိတယ်။ ကျွန်တော့်မြင်ကွင်းထဲမှာ အဲဒီအဆောက်အအုံကြီး မတွေ့ရတော့ဘူး။ ဘယ်လိုများ ပျောက်ကွယ်သွားတာလဲလို့ ကျွန်တော် စဉ်းစားတယ်။ ကျွန်တော် တွေဝေမိတယ်။ စဉ်းစားလို့လည်းမရ ဖြစ်နေပြန်တယ်။ နောက် တဖြည်းဖြည်းနဲ့ ဥသြငှက်သံလေးကို ကျွန်တော် ပြန်သတိရလာမိတယ်။ အဲဒီ ဥသြငှက်လေးရဲ့ မြည်တွန်သံကြောင့်သာ အဲဒီ အဆောက်အအုံကြီးထဲကို ကျွန်တော် ရောက်ရှိနိုင်တာ မဟုတ်လား။ ထူးဆန်းတဲ့ ပန်းချီကားတွေကို မြင်တွေ့ခွင့်ရတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော် ဥသြငှက်သံလေးကို ပြန်တမ်းတ နားထောင်ချင်မိတာပဲဖြစ်တယ်။ အဲဒါနဲ့ ကျွန်တော် အသေအချာ နားစွင့်ကြည့်ရင်း ဥသြငှက်သံလေးကို နားထောင်တယ်။ ဒါပေမဲ့ ဥသြငှက်လေးရဲ့ မြည်တွန်သံကို ဘယ်လိုမှ မကြားရဘူး။ နောက်ထပ် နောက်ထပ် သေသေချာချာ နားထောင်ကြည့်လည်း မကြားရတော့ပါဘူး။ ကျွန်တော်ကပဲ ကံဆိုးတာလား။ နွေဦးကပဲ ဖောက်လွဲဖောက်ပြန် ဖြစ်သွားခဲ့တာလားဆိုတာ မဝေခွဲတတ်တော့ပါဘူး။

Most Read

Most Recent