တိတ်ဆိတ်၍ ဆူညံသော ဝန်းကျင်များ

တိတ်ဆိတ်၍ ဆူညံသော ဝန်းကျင်များ
Published 17 April 2018

Photo: pinterest

(၁) ဒီမှာတော့ စကားမပြောဘဲ နေလိုက်တာကမှ ပိုကောင်းပါလိမ့်ဦးမယ်။ ဒီပတ်ဝန်းကျင်မှာ စကားပြောတာကိုက ရာဇဝတ်မှုတစ်ခုလို ဖြစ်နေတတ်တာမဟုတ်လား။ ကျွန်တော်လည်း ထင်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ် ထုတ်ဖော်ပြောလို့မရ ကိုယ့်အယူအဆတွေကို ချပြလို့မှ မရခဲ့တဲ့ဘဝတွေဆိုတာ တကယ်ရှိခဲ့ဖူးတယ်လေ။ တကယ်ရှိခဲ့လို့လည်း အဲဒီတုန်းက အချိန်တွေမှာ ကျွန်တော်တို့အားလုံး တိတ်ဆိတ်နေပြခဲ့ရတာပေါ့။ တကယ်ဖြစ်ခဲ့လို့လည်း ကျွန်တော်တို့သမိုင်းမှာ အဆွံ့အဆုံး နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာပေါ့။ မဟုတ်ဘူးလား။ ဘယ်လောက်တောင် တိတ်ဆိတ်ဆွံ့အခဲ့ရသလဲဆို နေ့တစ်နေ့တာမှာ ကိုယ့်ပါးစပ်ကို မဝလင်တဲ့အစားအစာ အဝင်ခံရုံမှအပ ပိတ်ထားကြရတယ်လေ။ တိပ်နဲ့ ပြန်ကပ်ထားသလို ချုပ်ရိုးအတိုင်း ပြန်ချုပ်ခံထားရသလို အခြေအနေတွေ ကြုံခဲ့ရတယ်။ ဘေးကျပ်နံကျပ် နံရံတွေအပြည့် ပိတ်ကာထားသလို နေခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီက မလိုလားအပ်တဲ့အသံတွေ ထွက်လာမှာ စိုးရိမ်ခဲ့ကြရလို့ပေါ့။ ကျွန်တော်တို့ကိုယ်ခန္ဓာမှာ ချည်နှောင်ထားတဲ့ကြိုးတွေကို ရုန်းကန်မှာ ကြောက်ကြလို့ပေါ့။ ပြောမယ့်သာ ပြောရတာပါ။ အခုအချိန်တွေထိရော ကျွန်တော်တို့ဟာ ကိုယ့်အယူအဆကိုယ် ဘယ်လောက်များ ယုံယုံကြည်ကြည် ပြောခွင့်ရသေးလို့လဲ။ ကိုယ်မှန်တယ်ထင်ရာကို ဘယ်လောက် ကျယ်လောင်မှုနဲ့ ပြသခွင့်ရသေးလို့လဲ။ အရင်တုန်းကလိုမျိုးဆိုရင် ကိုယ့်ဆီကအသံ ထွက်သွားရုံနဲ့ ဘာမှထပ်ပြီးထူးခြားလာမယ်လို့တောင် မထင်ခဲ့ကြဘူးမဟုတ်လား။ မွန်းကျပ်လွန်းတဲ့အခါတွေမှာ အားခနဲ အော်လိုက်ရင်တောင်မှ ကိုယ့်အော်သံကြောင့် ကျယ်လောင်စွာ ပဲ့တင်ထပ်ပေါက်ကွဲလာမယ့် အသံနက်ကြီးအပေါ် အသံသေးသေးလေး ထပ်မံ ဖုံးအုပ်လိုက်သလိုပဲဖြစ်နေမှာ။ ကံမကောင်းရင် ပြဿနာတွေ တစ်လှေကြီးတောင် တက်သွားနိုင်သေးတာပေါ့။ ဒါမှမဟုတ်ရင်လည်း လေထဲမှာ လုံးထွေးပျောက်ကွယ် အရာထင်မှာ မဟုတ်ပါဘူး။

အမိန့်ပေးခြိမ်းခြောက်ခံခဲ့ရတဲ့ အတိတ်များ။ တားမြစ်ထားတဲ့ တစ်ဖက်စောင်းနင်း ကန့်သတ်ချက်များ။ အဲဒီတုန်းကများ ကျွန်တော်တို့ဟာ အဖိနှိပ်ခံခဲ့ဖူးတဲ့လူတွေ ဖြစ်ခဲ့ကြတာပေါ့ဗျာ။ အသံမထွက်နဲ့ ငြိမ်ငြိမ်နေဆိုတဲ့ ခြိမ်းခြောက်မှုမျိုးကို ရုပ်ရှင်တွေထဲမှာ ကြားရလွန်းလို့ ရိုးနေကြပေမဲ့ အဲဒီတုန်းက ဖြစ်ခဲ့ရတာတွေက ရုပ်ရှင်ပိတ်ကားထဲမှာမှ မဟုတ်ပဲ။ အပြင်မှာ နဖူးတွေ့ ဒူးတွေ့ ကြုံဆုံခဲ့ရတာမျိုးဆိုတော့ ပိုပြီးခါးသီးခဲ့ကြတာပေါ့။ လှုပ်မရခဲ့တဲ့အချိန်တွေ ကိုယ့်ပါးစပ်ပေါက်ကို ဇစ်တစ်ခုလို အတင်းဆွဲစေ့ခံထားရတဲ့ အဖြစ်တွေ ပိတ်ထားတဲ့နားတွေနဲ့ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလေ။ အကျဉ်းကျပ်ဆုံးကာလများပါပဲ။ တစ်နည်းအားဖြင့် အဲဒါကျွန်တော်တို့ကို အမြဲခြောက်လှန့်နေတဲ့ အတိတ်တွေပါပဲ။ ဒါပေမဲ့ အခုအချိန်ကျတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး။

(၂) အခုကျတော့ ဒီဝန်းကျင် အသိုက်အဝန်းမှာ အသံတိုးတိုးလေးကနေ ပတ်ဝန်းကျင်ကြောင့်ပဲ ပိုပြီးကျယ်လောင်လာတဲ့ အသံတွေ ဖြစ်သွားတတ်ပြန်တယ်။ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေကြောင့်လားတော့ မသိပါဘူး။ ပုံမှန်စကားပြောသံကနေ နားကွဲမတတ် အော်ဟစ်လိုက်သလို အသံတွေ ဖြစ်သွားလေ့ရှိတတ်တယ်။ တစ်စစနဲ့ပါပဲ။ ကျွန်တော်တို့ ကိုယ်တိုင်က ဆူညံသံကို သိပ်မြှင့်တင်လိုကြတဲ့ ပတ်ဝန်းကျင်တွေပေ့ါ။ သိပ်ကိုတိတ်ဆိတ်နေရလွန်းလို့လည်း တုံ့ပြန်မှုပြင်းထန်သလို ဖြစ်သွားရတာနေမှာပါပဲ။ ဟုတ်လားမသိဘူး။ ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်မိတယ်။ အခုဆိုရင် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့လည်း နေရာတကာအသံတွေက ထွက်နိုင်လွန်းလှတယ်လို့တောင်မှ ကျွန်တော် တွေးစပြုနေမိပြီ။ တစ်ဦးချင်းဆီက အသံတွေ၊ အုပ်စုလိုက်အော်တဲ့ အသံံတွေ၊ တစ်ယောက်တစ်ပေါက် ပွက်လောရိုက်နေတဲ့ အဲဒီအသံတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးမှ အများကြီးပေါ့။ ကိုယ့်နားထဲ မလိုအပ်ဘဲ ရောက်လာကြ၊ လက်မခံလည်း အတင်းဝင်လာကြတယ်။ တစ်ယောက်ချင်းစီကိုက ပါးစပ်တစ်ပေါက်စီနဲ့ အားကုန်အော်ဟစ်ဆူညံ နေကြတာဆိုတော့လေ။ ကျွန်တော်တို့ အကုန်လုံး ဘာမှမတတ်နိုင်ကြဘူး။ အကြောင်းပြချက် မည်မည်ရရမရှိဘဲ အသံတွေထွက်နေကြတာ မကောင်းဘူးလို့ဆိုပေမဲ့ အဲဒီအသံတွေက အပေါက်ရှာပြီး ထွက်လာကြတာပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဘာဖြစ်လို့များ အသံတွေကို အကျိုးမဲ့ ထုတ်လွှတ်နေကြတာလဲ ဆိုတာတော့ ကျွန်တော်လည်း တကယ်ကို မသိပါဘူး။

နောက်တစ်ခုက အသံလှိုင်းတွေဟာ ပျောက်ပျက်မသွားဘဲ စကြာဝဠာထဲမှာ လှည့်ပတ်စီးဆင်းနေတယ်လို့ ဆိုကြတယ်မဟုတ်လား။ ဘာဖြစ်လို့များ ကိုယ့်ဆီက အလကား အသံတွေကို အာကာသပတ်လမ်းကြောင်းထဲ အများကြီး လှည့်ပတ်စီးဆင်းနေအောင် ပြုလုပ်နေကြတာလဲလို့ ကျွန်တော် စဉ်းစားနေမိသေးတယ်။ မလိုအပ်ဘဲ အသံတွေ ပျံ့နှံ့နေခြင်းကလည်း တကယ့် အနှောင့်အယှက်ပဲလေ။ အဲဒီလို မထင်ဘူးလား။ တစ်ဆက်တည်း ပြောရရင် ပါးစပ်ထဲက ထွက်လာတဲ့ ပုံရိပ်ယောင် အညစ်အကြေးတွေပေါ့ဗျာ။ ဟုတ်တယ်။ လူ့ခန္ဓာရဲ့ ဘေးထွက်ဆိုးကျိုး စွန့်ပစ်အသံတွေ၊ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ အမှိုက်စလိုအသံတွေ တားမရဘဲ ဝင်ရောက်လာတတ်တဲ့ အနှောင့်အယှက်တွေပေါ့။ ကျွန်တော် စဉ်းစားကြည့်တယ်ဗျ။ လူကို ပါးစပ်ပေါက် ဖောက်ပေးထားတာဟာ အစားအစာ စားဖို့အပြင် နားတွေကို ဒုက္ခပေးဖို့အတွက်များ တန်ခိုးရှင်တစ်ယောက်ယောက်က အပိုဖန်ဆင်းပေးခဲ့တာလား ဆိုတာကိုပါ။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်စရာ ပါးစပ်ပေါက်၊ နားပေါက်ပါလာတဲ့ လူသားဟာ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးဖို့သာ ဖြစ်လာခဲ့ပြီး အဲဒီအပေါက်တွေနဲ့ တော်တော် အလုပ်ရှုပ်နေတော့တာပါပဲ။ မဟုတ်ဘူးလား။ ဘေးနားက ဆူညံပွက်ထနေတဲ့ မီးစလိုအသံတွေက ဒီနားထဲကိုပဲ တားမရဆီးမရ ဝင်ချလာတာလေ။ နားတစ်ဖက်စီမှာ တံခါးတစ်ချပ်စီ ပါမလာတာကိုတော့ အဲဒီဖန်တီးသူကို စိတ်ဆိုးနေမိတယ်။ တကယ့်ကို ထော်လော်ကန့်လန့်နိုင်ပြီး စလွယ်နိုင်တဲ့ဖန်တီးမှုပဲလို့ ကျွန်တော် မတွေးဘဲ မနေနိုင်ဘူး။

(၃) ကြည့်ဦးလေ။ ဦးခေါင်းလို့ခေါ်တဲ့ ခပ်မာမာအရာကြီးဟာ အစကတော့ အုန်းသီးတစ်လုံးလို အလုံးလိုက်ကြီးပဲဖြစ်မယ်လို့ ကျွန်တော်ကတော့ ထင်တာပဲ။ အထဲမှာ ထည့်ထားချင်တဲ့ တန်ဆာပလာတွေကို အပြင်လှပ်ထားချင်လို့သာ ခွဲတန်တာခွဲ၊ ဖောက်တန်တာဖောက် လုပ်ထားရတာဖြစ်မှာပါ။ လူသားရဲ့ ပုံပန်းသဏ္ဌာန်ဟာ အဲဒီလို အလောတကြီးနိုင်ခဲ့တယ်။ မသေသပ်တဲ့ လှီးဖြတ်မှုတွေ ဖောက်ထုတ်မှုတွေကို လုပ်ခံခဲ့ရတယ်။ အချိန်ယူ စနစ်တကျ ဖွဲ့စည်းထားပုံမျိုး မဟုတ်ဘဲ လူဆိုတဲ့ သတ္တဝါတွေကို တစ်ပုံစံတည်း ဖန်တီးခဲ့တယ်လေ။ ဘာဖြစ်လို့များ အဲဒီလောက် အရေးတကြီးပုံစံနဲ့ ဖန်တီးခဲ့တာတဲ့လဲ။ ဘာဖြစ်လို့များ အဲဒီလောက် ပြီးစလွယ်နိုင်ခဲ့တာလဲ။ ကျွန်တော် ပြန်မေးကြည့်ချင်မိတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကိုက ဖန်တီးခံထားရတဲ့ အရာတစ်ခုပဲဆိုတော့ ခွန်းတုံ့ပြန်လို့မရဘူး ဖြစ်နေခဲ့တာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ လွန်သွားလို စူးချွန်တစ်မျိုးနဲ့ ဦးခေါင်းခွံရဲ့ ဘေးနှစ်ဘက်ကို ထိုးဖောက်လှည့်လိုက်တယ်။ ပြန့်ကားလာတဲ့ အသားပိုအစတွေနဲ့ အဲဒီအပေါက်ကြီးဟာ နားဆိုတာကြီး ဖြစ်လာတဲ့အခါ အပြင်ကအသံတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတော့တာပေါ့။ ပြီးတော့ ပြန်ထွက်မသွားပဲ စိတ်မှာကပ်လို့ တစ်လျှောက်လုံး ပါလာနေခဲ့တာပါပဲ။

အခုဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင် လမ်းတွေပေါ်က လျှံတက်လာတဲ့ အသံတွေက ကျွန်တော်တို့နားတွေထဲကို တားမရဆီးမရ ရောက်လာနေကြပြီလေ။ ဘေးဝိုင်းက ဆူညံနေတဲ့ စကားပြောသံတွေဟာ အတားအဆီးမဲ့စွာ အကြားအလပ်မရှိအောင် ခုန်ထလာတယ်။ မဏ္ဍာပ်ကထွက်လာတဲ့ ကျယ်လောင်တဲ့ သီချင်းသံတွေဟာ အရင်ဆုံးတိုက်ခန်းနံရံကို ထိမှန်ပါတယ်။ အဲဒီကမှ တံခါးကို တင်းတင်းစေ့ထားလည်း ကျွံပြီး ဝင်ရောက်လာပြန်တာပေါ့။ အိမ်နံရံကိုတောင် ဖောက်ဝင်လာတဲ့ တုန်ခါစူးရှတဲ့ ကျယ်လောင်သံတွေ နားထဲ အတင်းဝင်ရောက်လာတဲ့အခါ အိမ်ကလေးဟာ တုန်ခါလန့်ဖျပ်နေပါတော့တယ်။ ကြောက်ရွံ့နေကြလေရဲ့။ လမ်းမတွေပေါ် အော်ဟစ်နေတဲ့အသံတွေ။ အိမ်ကလေးထဲကတစ်ဆင့် ပြန်ကန်ထွက်နေတတ်တဲ့ ကလေးငယ်တွေရဲ့ အော်ဟစ်ငိုယိုသံများ။ အဲဒီလိုနဲ့ ကျွန်တော်တို့နားပေါက်တွေ တစ်စစ ကြီးမားပြန့်ကျဲလာနေပြီ။

(၄) ဟိုအရင်အတိတ်ကာလတွေမှာ ထောင်ထားခဲ့ဖူးတဲ့ သတိပေးဆိုင်းဘုတ်တွေဟာ အသက်မဲ့စွာ လမ်းမပေါ်မှာ ကျန်ခဲ့လေရဲ့။ အခုဆို လမ်းတွေပေါ်က ဆောင်ပုဒ်များ၊ ရည်မှန်းချက်များ၊ အရာမထင်သော ဆေးသားများ ပျက်ပြယ်စပြုနေပြီပေါ့။ ဟွန်းမတီးရဆိုတဲ့ လမ်းမတွေပေါ်မှာ ကားတွေကျပ်ညပ်လို့။ ကားပေါ်က ထိန်းချုပ်ထားရတဲ့ ဒေါသတွေက လမ်းမပေါ် ကျဲပြန့်လို့နေခဲ့တယ်။ လေအေးပေးစက် ဖွင့်ထားပေမဲ့ ဇိမ်ခံကားပေါ်က ပူလောင်နေတဲ့မျက်နှာတွေ။ ချိန်ကိုက်ဗုံး တစ်လုံးလို တို့ထိလိုက်တာနဲ့ တစ်ပြိုင်နက် ပေါက်ကွဲသွားတော့မယ့် တဒင်္ဂတွေလမ်းမပေါ် အတင်းစုပြုံတိုးဝှေ့နေကြပြီပေါ့။ ဟိုးအဝေးနေရာတွေကလည်း သူသူကိုယ်ကိုယ် ကြားနိုင်လောက်တဲ့ အသံတွေနဲ့ အော်ဟစ် ပေါက်ကွဲနေကြပါပြီ။ ကျွန်တော်တို့အားလုံး မကြားချင်လို့မှ မရတော့တာ။ ကျွန်တော်တို့ အသံတွေအကုန်လုံးကို နားမထောင်ချင်လို့မှ မရတော့တာ။ အသံတွေက ထိန်းချုပ်ခံခဲ့ရလွန်းလို့ လျှံထွက်လာပြီမဟုတ်လား။ အဲဒါရုန်းကန်သံမဟုတ်တော့တဲ့ တောင်းဆိုမှုတွေပါပဲ။

အခုဆို ဆူညံသံ မထွက်ဖို့အတွက် အနိမ့်ဆုံး တားမြစ်ချက်ဖြစ်တဲ့ ဟွန်းမတီးရဆိုတဲ့ စာသားတွေ၊ စကားကို ကျယ်လောင်စွာ မပြောရဆိုတာတွေဟာ ချိုးဖောက်မှု အများဆုံးခံနေရတဲ့ ဥပဒေသများဖြစ်လာပါပြီ။ အခု ကျွန်တော်တို့ ရောက်နေကြတဲ့ နေရာကလည်း စည်းမဲ့ကမ်းမဲ့အဖြစ်ဆုံး ပတ်ဝန်းကျင်တစ်ခုပဲ ဆိုတော့လေ။ ဘာပြောကြလဲဆိုတော့ ကျွန်တော်တို့ဟာ စည်းကမ်းမရှိလို့ကို မတိုးတက်တာပါတဲ့။ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ ကျွန်တော်တို့ကို စည်းကမ်းရှိအောင်မှ မထားခဲ့ကြဘဲနဲ့ ကျွန်တော်တို့က စည်းကမ်းရှိချင်လို့ ဘယ်ရပါ့မလဲ။ မဟုတ်ဘူးလား။ နားတွေဆိုတာ ပွင့်လျက်နဲ့ အမြဲဒုက္ခတရား ထင်ရှားပြနေတဲ့ အရာတွေလေ။ ကျွန်တော်တို့ ဘာများတတ်နိုင်ခဲ့လို့လဲ။ တိတ်ဆိတ်ဖို့အတွက် တားမြစ်ထားတဲ့ အရာအားလုံးဟာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဖြစ်နေခဲ့တာကတော့ အံ့သြစရာ ပိုမကောင်းလွန်းဘူးလား။

လောကမှာ ကိုယ်တွေဉာဏ်မမီတဲ့ ကိစ္စတွေကလည်း အများကြီးပေါ့ဗျာ။ တချို့အရာတွေကတော့ သိဖို့တောင် မလိုအပ်တဲ့ အရာတွေပေါ့။ တစ်ကိုယ်စာ နေရာကွက်ကွက်ကလေးကနေ ဆန့်ထွက်ဖို့ သံသရာရှည်စေတဲ့ အကြောင်းတွေဆိုတာကတော့ ရှိပြီသားပဲလေ။ ဒါပေမဲ့လည်း အဝေးကြီးကို အဆုံးထိ ကြည့်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာ လမ်းမှမရှိတော့တာ။ ကျွန်တော်တို့ဟာ လတ်တလော ခံစားချက်နဲ့ နောက်တစ်ဘဝထိ ကြည့်နေလို့မှ မရတော့တာ။ စိတ်ထဲမှာကို ဖြစ်နေပျက်စီးနေတဲ့ တရားဓမ္မတွေဟာ လက်ရှိဘဝမှာကို မြင်နေရတာပါပဲ။ ကျွန်တော်တို့အားလုံး တိတ်ဆိတ်တုန်းက တိတ်ဆိတ်စွာ နေခဲ့ကြပြီးပြီ မဟုတ်လား။ အခုကျတော့ လမ်းမတွေပေါ် အသံတွေ ပြန့်ကျဲစဉ်ထွက်လို့ လာနေပြန်ပြီပေါ့။ ဟုတ်ပါတယ်။ အသံတွေတိတ်သွားအောင် ချက်ချင်းကြီးတော့ ဘယ်လုပ်လို့ရပါ့မလဲ။ အသံတွေထွက်နေတာတွေကိုလည်း အပြစ်သိပ်ပြောလို့ မရဘူးလေ။ တကယ်တော့ ကျွန်တော်တို့ အခုထက်ပိုပြီး အလုပ်ကို ပိုမိုကြိုးစားလုပ်ကြရဦးမှာပါ။

Most Read

Most Recent