စာဖတ်ကြစေချင်

စာဖတ်ကြစေချင်
Published 17 April 2018

Photo : Seriousreading

“စာကြည့်တိုက် ဧရိယာအတွင်းမှာသုံးဖို့ တယ်လီဖုန်းအော်ပရေတာတစ်ခုက ဝိုင်ဖိုင်စက်ကလေး လာလှူထားတယ်လေ၊ ဒါပေမဲ့ ဘယ်လိုဖြစ်သလဲဆိုတော့ စာကြည့်တိုက်ကို လာတဲ့အထဲမှာ ကလေးတွေကလွဲရင် ကျန်တာ လူငယ်တော်တော်များများက စာမဖတ်ကြတော့ဘူး၊ ရောက်တာနဲ့ ဝိုင်ဖိုင်လေး ရှယ်ပေးပါဦးဆိုပြီး Facebook ပွတ်တယ်၊ သီချင်းတွေ၊ ဗီဒီယိုတွေ ဒေါင်းလုတ်ဆွဲကြတယ်၊ အမှန်က စာကြည့်တိုက်မှာ မရှိတာတွေ အင်တာနက်ကနေ ရှာလို့၊ ဖတ်လို့ရအောင် ထားပေးထားတာပါ၊ အခုတော့ တလွဲအသုံးချသလို ဖြစ်နေကြတယ်”

အထက်ပါစကားတွေကို ပြောသူကတော့ ကျွန်တော့်အသိ စာကြည့်တိုက်မှူး တစ်ယောက်ပါ၊

သူ့နေရာကနေ ကြည့်မယ်ဆိုရင်လည်း စိတ်မကောင်းဖြစ်စရာ၊ ဂရုဏာဒေါသ ဖြစ်မိစရာပါပဲ။ အကျိုးရှိရှိ အသုံးချရမယ့်အရာ တစ်ခုကို တလွဲအသုံးချနေကြတာကိုး။ တစ်ဘက်က စာကြည့်တိုက်ကလေးတွေ တိုးချဲ့ဖွင့်လှစ်လာသလောက် တစ်ဘက်ကလည်း စာဖတ်သူဦးရေ နည်းပါးလာကြတာ တွေ့နေမြင်နေရတော့ စိတ်မကောင်းဖြစ်စရာပါပဲ။

စာကြည့်တိုက်များကွန်ရက်တို့လို အဖွဲ့အစည်းမျိုးတွေက တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ စာဖတ်သူများ စကားဝိုင်းအစီအစဉ်တွေ လုပ်ပေးတယ်၊ စာဖတ်သူဦးရေ တိုးပွားလာအောင်၊ စာများများ ဖတ်လာကြအောင် ဆွေးနွေးကြတယ်၊ တိုင်ပင်ကြတယ်၊ ဒါပေမဲ့ စာဖတ်သူဦးရေကတော့ နည်းနေတုန်းပါပဲလို့လည်း ကျွန်တော့်အသိက ပြောသေးတယ်။

ကလေးလေးတွေကတော့ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ပေါ့လေ လာကြတယ်။ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေ လာလာဖတ်ကြတယ်။ တချို့အသက်ကြီးပိုင်း လူကြီးတွေလည်း လာကြပါတယ်။ တရားစာအုပ်လေးတွေ၊ နိုင်ငံရေး ဝါသနာပါသူကျတော့လည်း နိုင်ငံရေးစာအုပ်မျိုးပေါ့လေ၊ လာရှာကြတယ်။ လာဖတ်ကြတယ်။ ခက်တာက လူငယ်လူရွယ်လေးတွေ မလာကြဘူး။ လာတဲ့သူတွေကျတော့လည်း ခုနကပြောသလိုပဲ၊ ရောက်တာနဲ့ ဝိုင်ဖိုင်ဖွင့်ခိုင်းပြီး Facebook ပွတ်တော့တာပဲ။

သူ့စကားတွေ ကြားရတော့ ကျွန်တော်လည်း စိတ်မသက်မသာဖြစ်မိတယ်။ အတတ်နိုင်ဆုံးတော့သူ့ကိုလည်း ကျွန်တော် အားပေးစကားပြောခဲ့ပါတယ်။

“ဖြည်းဖြည်းချင်းတော့ လုပ်ရမှာပဲလေ၊ ပုံမှန်လာဖတ်နေကျ ကလေးလေးတွေကို စာဖတ်ချင်စိတ် ပိုပြီးရင့်သန်လာအောင်၊ စာဖတ်တဲ့ အကျင့်လေး ကြီးတဲ့အထိ စွဲမြဲသွားအောင်သာ ကျွန်တော်တို့ ပျိုးထောင်ပေးရမှာပဲလေ၊ အဲဒီကနေမှ လူငယ်လူရွယ်လေးတွေလည်း စာအုပ်စာပေဘက်ကို စိတ်လည်လာအောင် လုပ်ယူရမှာပေါ့” လို့တော့ သူ စိတ်မကောင်းမဖြစ်ဖို့ ပြောခဲ့မိပါသေးတယ်။

တကယ်တမ်းကျတော့ ကျွန်တော်လည်း စဉ်းစားမိပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားလာတာ၊ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တစ်ဖက်ကလည်း ကျွန်တော်တို့မှာ ထိခိုက်ဆုံးရှုံးနေရမှုတွေ အနည်းအကျဉ်းတော့ ရှိလာတာပါပဲ။ ဒီနေရာမှာ တချို့ကလေး မိဘတွေကစပြီး လွဲမှားနေကြတာလေးတွေလည်း ရှိနေပါတယ်။ ကလေးကို စာဖတ်အောင်၊ စာဖတ်ချင်စိတ်ရှိလာအောင် ပြုလုပ်မပေးနိုင်ကြတော့ဘူး၊ ကလေးက နည်းနည်းဂျီကျလာရင် လက်ထဲ ဖုန်းတစ်လုံးထည့်ပေးလိုက်တာပဲ၊ ပြီးရင် ကလေးဆော့လို့ရမယ့် ဂိမ်းလေး တစ်ခုလောက် ဖွင့်ပေးထားလိုက်တယ်။ အဲဒီကနေ ကလေးဖြစ်သူက ဖုန်းကိုင်ဖို့ကိုစပြီး စိတ်ထက်သန်လာတော့တာပဲ၊ ကျွန်တော် တစ်ဖက်စောင်းနင်းကြီး ပြောတာတော့လည်း မဟုတ်ပါဘူး။ အဲဒီလိုမျိုးကြီး နားအေးပြီးရော ကလေးလက်ထဲ ဖုန်းတစ်လုံး ထိုးထည့်ပေးမယ့်အစား အချိန်လေး နည်းနည်းလောက်ပဲဖြစ်ဖြစ် ကလေးအနားမှာထိုင်ပြီး ပုံပြင်လေးတွေ ဖတ်ပြမယ်၊ ကာတွန်းလေးတွေဖတ်ပြမယ်၊ အဲဒီကနေတစ်ဆင့် ကျောင်းပိတ်ရက်နဲ့ အလုပ်နားရက် တိုက်ဆိုင်တဲ့အခါမျိုးမှာ ကလေးကို စာကြည့်တိုက်လေး ခေါ်သွားပေးတာမျိုး၊ စာအုပ်အငှားဆိုင် ခေါ်သွားပြီးတော့ စာအုပ်ကလေးတွေ ငှားရမ်းဖတ်ရှုစေတာမျိုး လုပ်ပေးစေချင်မိတာပါ။ အလေ့အကျင့် တစ်ခုကို ငယ်ငယ်တည်းက စွဲမြဲနေစေမှ ကြီးလာတဲ့အထိ ခိုင်မြဲနေမှာ မဟုတ်လား။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အခုလို တယ်လီဖုန်းတွေလည်း ကိုင်ခွင့်မရခဲ့ပါဘူး၊ အဲဒါကြောင့်လည်း စာဖတ်တဲ့ အကျင့်လေး စွဲမြဲခဲ့တာဖြစ်နိုင်ပါတယ်။ အိမ်မှာက အဘွားတို့၊ အမေတို့ကအစ စာဖတ်ဝါသနာပါကြတာလည်း ကျွန်တော့်အတွက် စာဖတ်တဲ့ အလေ့အကျင့်လေး စွဲမြဲစေခဲ့တာပါ။ ကျောင်းပိတ်ရက်ဆို အဘွားကပဲဖြစ်ဖြစ်၊ အမေကပဲဖြစ်ဖြစ် နေ့လည်နေ့ခင်းဆို နေပူထဲ ထွက်မဆော့ခိုင်းတော့ဘူး၊ ကာတွန်းစာအုပ်ကလေးတွေ၊ ပုံပြင်စာအုပ်လေးတွေ ငှားလာပြီး ဖတ်ခိုင်းကြတယ်။ အဲဒီကနေမှ တခြားဗဟုသုတရမယ့် စာအုပ်မျိုးလေးတွေကို သူတို့ကိုယ်တိုင်လည်း ရှာပြီး ဖတ်စေခဲ့သလို ကိုယ်တိုင်လည်း ရှာဖွေဖတ်ရှုတတ်ခဲ့တယ်။ ကလေးဘဝတုန်းက ပေါ့ပေါ့ပါးပါး စာအုပ်မျိုးလေးတွေကစလို့ ကြီးလာတဲ့အခါကျတော့ ဘဝအတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်မျိုး၊ အသိဉာဏ် ပိုပြီးရင့်သန်လာစေမှာမျိုး ရွေးချယ်ပြီးတော့ ဖတ်လာဖြစ်တယ်။ အဓိက,ကတော့ ငယ်ငယ်တည်းက စာဖတ်တဲ့ အကျင့်ကလေးဟာ ရင်ထဲမှာ စွဲမြဲနေခဲ့တာကြောင့်ပါပဲ။

မှတ်မိပါသေးတယ်၊ ငယ်ငယ်တုန်းက ကာတွန်းဇာတ်ကောင်ကလေးတွေ၊ ကာတွန်းစာအုပ်ကလေးတွေ။ ကလေးဘဝမှာ ပေါ့ပေါ့ပါးပါး ဖတ်ဖြစ်ခဲ့တာလေးတွေကအစ အခုထိ သတိတရရှိနေတုန်းပါပဲ။ တချို့ကာတွန်း ဆရာတွေ၊ စာရေးဆရာကြီးတွေလည်း အခုအချိန်မှာ မရှိကြတော့ပါဘူး။ ဒါပေမဲ့ သူတို့ ဖန်တီးခဲ့တဲ့ စာအုပ်ကလေးတွေကတော့ အခုထိ ရှိနေတုန်းပါပဲ။ နောင်ကာလတွေအထိလည်း ရှိနေဦးမှာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်ကဆို မုန့်ဖိုးကလေးများရရင် စာအုပ်အငှားဆိုင် ပြေးတော့တာပဲ၊ တစ်ခါခါကျ ငှားလာတဲ့စာအုပ်ကို ကြိုက်လွန်းလို့ အပြန်အလှန် ဖတ်ရတာ၊ စာအုပ်ပြန်အပ်ရမယ့် ရက်ကျော်တော့ စာအုပ်ဆိုင်ကလိုက်လာ၊ အိမ်က စိုက်ရှင်းပေးရပြန်ရော၊ အဲဒီလိုအဖြစ် ကလေးတွေလည်း အခုထိ သတိတရရှိတုန်းပါပဲ။

နောက်တစ်ခုက အခုခေတ်မှာ ပေါများလာတဲ့ အင်တာနက် သုံးစွဲသူတွေနဲ့ ပတ်သက်လို့ ဖတ်မိတာလေးတချို့ကိုလည်း ပြန်မျှဝေချင်ပါသေးတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် မေ့စွမ်းရည်အမျိုးသမီး စာစောင်ထဲမှာပါတဲ့ နန်းလွင်ရဲ့ဆောင်းပါးတစ်ပုဒ်ထဲကပါ။

“မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁၂ သန်းကျော်၊ Facebook သုံးစွဲသူပေါင်း ၁၁ သန်းနီးပါးရှိပြီး အမြဲ Active ဖြစ်နေတဲ့ အကောင့်ပေါင်း ကိုးသန်းကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံရဲ့ အင်တာနက်စစ်တမ်းက ဖော်ပြထားပါတယ်။

အဲဒီထဲမှာ Facebook သုံးစွဲသူ ၂ ဒသမ ၄၀ သန်းကျော်က အသက် ၁၃ နှစ်ကနေ ၁၈ နှစ်ကြားရှိသူတွေဖြစ်ပြီး Facebook သုံးစွဲသူ ၃ ဒသမ ၅၀ သန်းကျော်က အသက် ၁၉ နှစ်ကနေ အသက် ၂၅ နှစ်ကြား ရှိသူတွေဖြစ်ပါတယ်။

ဒါ့အပြင် Facebook သုံးစွဲသူ ၂ ဒသမ ၄၈ သန်းကျော်ဟာ အသက် ၂၆ နှစ်ကနေ အသက် ၃၄ နှစ်ကြားရှိသူတွေဖြစ်ပြီး Facebook အများဆုံး သုံးစွဲတဲ့သူတွေက ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ နေထိုင်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ ၁၉ ရာခိုင်နှုန်းဟာ Facebook ပုံမှန်သုံးစွဲသူတွေဖြစ်တယ်လို့ အမရာမက် ကက်တင်းအေဂျင်စီရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အင်တာနက် စစ်တမ်းအရတော့ မြန်မာနိုင်ငံမှာ လူတစ်ဦးကို Facebook အကောင့်နှစ်ခုထက်မနည်းရှိနေပြီး များသောအားဖြင့် အသက် ၁၃ နှစ်ကနေ အသက် ၁၈ နှစ်ကြားရှိသူတွေမှာ Facebook အကောင့်သုံးခုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဆောင်းပါးလေးကို ဖတ်မိတာရယ်၊ ကျွန်တော့်အသိ စာကြည့်တိုက်မှူးရဲ့ ပြောစကားတွေရယ်ဆက်စပ်ပြီး စဉ်းစားကြည့်မိတော့လည်း တကယ်ကို အခုခေတ် လူငယ်လူရွယ် တော်တော်များများ စာမဖတ်ကြတော့ဘူးဆိုတာ ပိုပြီးသိသာလာသလိုပါပဲ။ တကယ်တော့ လူမှုဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ အင်တာနက်တို့၊ Facebook တို့ဆိုတာ အကျိုးရှိတဲ့နေရာမှာသာ အသုံးချသင့်ပါတယ်။ မသိသေးတဲ့အကြောင်းအရာတွေ၊ ဗဟုသုတဖြစ်စေမယ့်အရာတွေ လေ့လာမယ်ဆိုရင် လေ့လာစရာတွေ အများကြီးပါ။ အဲဒီလိုမှ မဟုတ်ဘဲ တလွဲနေရာတွေမှာ အသုံးချနေကြမယ် ဆိုရင်တော့ လူငယ်လူရွယ်လေးတွေအတွက် ရင်လေးစရာပါပဲ။ ကိုယ်က အကျိုးရှိအောင် အသုံးမချတတ်ရင် ကိုယ့်ကို အသုံးချသွားမယ့်သူတွေက အဆင်သင့် စောင့်နေတက်တယ်ဆိုတာ Facebook ကြောင့်ပဲ ဘဝပျက်ရ၊ ဒုက္ခရာက်နေရတာတွေကလည်း နေ့စဉ်နဲ့အမျှ မြင်နေကြားနေရတာပဲ မဟုတ်လား။ တကယ်တော့ အလိမ္မာစာမှာရှိဆိုသလို စာအုပ်စာပေတွေကနေ အသိပညာ၊ ဗဟုသုတကလေးရအောင် ရှာမှီးထားကြရင်းမှ တစ်ဖက်ကလည်း အင်တာနက်ကနေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေ၊ သိချင်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို လေ့လာမယ်ဆိုတာမျိုးနဲ့ အကျိုးရှိစွာ အသုံးချစေချင်မိတာပါ။

နောက်ဆုံးအနေနဲ့ကတော့ ကလေးငယ်လေးတွေရဲ့ မိဘတွေ၊ အရွယ်ရောက်ကာစ လူငယ်လူရွယ်လေးတွေရဲ့ အုပ်ထိန်းသူတွေ အနေနဲ့ ကိုယ့်ရဲ့ရင်သွေး ကလေးငယ်လေးတွေကို ငယ်ငယ်တည်းက စာဖတ်တဲ့ အလေ့အကျင့်လေး ဂရုတစိုက်နဲ့ မွေးမြူပေးစေချင်မိပါတယ်။ စာများများ ဖတ်လေ အသိဉာဏ် ရင့်သန်လာလေမှ ရှေ့ဆက်ရမယ့်ဘဝလမ်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး အခက်အခဲတွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ ပေါ်ပေါက်လာကြမယ်ဆိုတာ ပြောကြားရင်း စာဖတ်တဲ့ အလေ့အကျင့်လေး မွေးမြူနိုင်ကြပါစေ၊ စာဖတ်သူဦးရေလည်း တိုးပွားလာနိုင်ပါစေလို့သာ ဆုတောင်းမိပါတယ်။

Most Read

Most Recent