ရေရတဲ့ မျက်နှာ (၇)

ရေရတဲ့ မျက်နှာ (၇)
Published 17 April 2018

ချောက်မြို့နယ် ဇီးချိုပင်ကျေးရွာတွင် ရေကားဖြင့် ရေလှူဒါန်းနေစဉ်

Eleven Media Group နဲ့ စေတနာရှင်များ စုပေါင်းပြီး ဧရာဝတီတိုင်းအတွင်း မြို့နယ် ခုနစ်မြို့နယ်မှာ ရေကန်ပေါင်း ၁၈ ကန်နဲ့ စက်ရေတွင်းတစ်တွင်းကို တူးဖော်လှူဒါန်းနိုင်ခဲ့ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း ရှစ်မြို့နယ်အတွက်လည်း စက်ရေတွင်းပေါင်း ၁၈ တွင်းကို တူးဖော်လှူဒါန်းနိုင်ခဲ့ပါတယ်။

မကွေးတိုင်းအတွင်း ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း တူးဖော်လှူဒါန်းခဲ့တဲ့ စက်ရေတွင်းများမှာ-

မကွေးမြို့နယ်
၁။ နွားခြံကုန်းကျေးရွာ
၂။ အင်းကုန်းကျေးရွာ
၃။ ငွေစမ်းရောင်ကျေးရွာ
၄။ ခရုကန်ကျေးရွာ

စေတုတ္တရာမြို့နယ်
၅။ ကျောက်ပုံ၊ ခဲပစ်ကျေးရွာ

တောင်တွင်းကြီးမြို့နယ်
၆။ မင်းရွာကျေးရွာ
၇။ လှည်းပွဲကြီး ကျေးရွာ

ဆင်ပေါင်ဝဲမြို့နယ်
၈။ စမ်းအိုင်ကျေးရွာ

ချောက်မြို့နယ်
၉။ ဇီးချိုပင်ကျေးရွာ
၁၀။ ညောင်ကျပ်ပင်ကျေးရွာ

မြိုင်မြို့နယ်
၁၁။ ဝါးကန်ကျေးရွာ
၁၂။ ပန်းတိုင်းတောကျေးရွာ (အနောက်)
၁၃။ စိုတွင်းကျေးရွာ
၁၄။ သင်းမကျေးရွာ
၁၅။ နှောကန်ကျေးရွာ
၁၆။ ကိုင်းကန်ကျေးရွာ

ပခုက္ကူမြို့နယ်
၁၇။ ဥယျာဉ်စုကျေးရွာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်
၁၈။ စိုင်ကန်တဲတိုက်တို့မှာ ဖြစ်ပါတယ်။

ရေတွင်းတွေနဲ့အတူ လိုအပ်တဲ့ အခြေအနေပေါ်မူတည်၍ ရေမြုပ်မော်တာပန့်၊ အုတ်ကန်၊ မီးစက်၊ ဒိုင်နမိုများပါ အလုံးစုံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

မကွေးမြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာတွေအတွက်လည်း ရေသယ်ကားတွေနဲ့ ရေပေးဝေနိုင်ခဲ့သလို ပခုက္ကူနဲ့ ညောင်ဦးအနီးတစ်ဝိုက်ဒေသတွေကိုလည်း အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ရေသယ်ယာဉ်နဲ့ ယခုထိတိုင် ရေပေးဝေလှူဒါန်းနိုင်ဆဲ ဖြစ်ပါတယ်။

အဲဒီလို စက်ရေတွင်းတွေ တူးဖော်တဲ့ အခါမှာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ထူးခြားစွာ ရေအောင်မြင်ထွက်ရှိခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

မြိုင်မြို့နယ် သင်းမကျေးရွာတွင် တူးဖော်နေသည့် စက်ရေတွင်းမှ ရေထွက်ရှိလာစဉ်

ချောက်မြို့နယ် ဇီးချိုပင်ကျေးရွာ

ဇီးချိုပင်ကျေးရွာဟာ ဂွေးချိုတောင်တန်းရဲ့အနောက်ဘက်အခြေအနီးမှာ တည်ရှိပြီး ဂွေးချိုတောင်တန်းရဲ့ အနောက်ဘက် နှစ်မိုင်ကျော်အထိ မြေအောက်ရေကြောမှာ ရေချိုမရှိတဲ့နေရာဖြစ်ကြောင်း မြေအောက်ရေကြောကျွမ်းကျင်ပညာရှင်တွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။ အဲဒါကြောင့် ဂွေးချိုတောင်ရဲ့ အရှေ့ဘက် ဇီးချိုပင်ကျေးရွာနဲ့ တစ်မိုင်ကျော် အကွာအဝေးမှာ စက်ရေတွင်း တူးဖော်ခဲ့ရပါတယ်။ ဇီးချိုပင်ကျေးရွာကို ရေပို့လွှတ်နိုင်ဖို့ ရေစင်အမြင့်နဲ့ အုတ်ကန်တည်ဆောက်ပြီး အဲဒီရေစင်ကနေ ကျေးရွာအထိ ပေ ၆၀၀၀ နီးပါးကို ပိုက်နဲ့သွယ်ပေးခဲ့ရပါတယ်။ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ရေပိုက်ကတစ်ဆင့် နေအိမ်တိုင်းကို ရေမီတာနဲ့ ရေပေးဝေနေတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ချောက်မြို့နယ် ညောင်ကျပ်ပင်ကျေးရွာ

ညောင်ကျပ်ပင်ကျေးရွာမှာ တူးဖော်ခဲ့တဲ့ စက်ရေတွင်းက ပေ ၇၅၀ ခန့်မှာ ရေတွေ့မယ်လို့ ပတ်ဝန်းကျင်ကျေးရွာတွေရဲ့ အချက်အလက်တွေ၊ စက်ရေတွင်းတူး ကျွမ်းကျင်သူတွေက ယူဆခဲ့ကြပေမဲ့ အမှန်တကယ် တူးဖော်တဲ့အခါ ပေ ၉၀၀ ကိုကျော်ပြီး ပေ ၁၀၀၀ အနီးမှ ရေတွေ့ရှိ အောင်မြင်ခဲ့ပါတယ်။ ညောင်ကျပ်ပင်ကျေးရွာဟာ အရင်တုန်းက နွေရောက်ပြီဆိုတာနဲ့ သုံးဖာလုံခန့်ဝေးတဲ့ ရေကန်မှာ ရေသွားခပ်ကြရပါတယ်။ အဲဒါကြောင့် စက်ရေတွင်း တူးဖော်စဉ်ကာလအတွင်း ညသန်းခေါင်ကျော်အထိ ကျေးရွာသူ ကျေးရွာသားတွေက လာရောက်စောင့်ကြည့် ကူညီလုပ်ကိုင်ပေးခဲ့ကြပါတယ်။ ရေရရှိလာမည့်အရေးကို စောင့်စားနေကြတဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်မျက်နှာတွေဟာ ထူးခြားလှပါတယ်။

မင်းဘူးမြို့နယ် ခရုကန်ကျေးရွာ

ခရုကန်ကျေးရွာမှာ အရင်က စက်ရေတွင်းနှစ်တွင်း တည်ရှိပါတယ်။ ဒါပေမဲ့ နှစ်တွင်းလုံးက ရေငန်တွေပဲထွက်တာကြောင့် နွေရာသီရောက်တိုင်း တခြားကျေးရွာတွေက လာရောက် လှူဒါန်းတဲ့ ရေကိုသာ မှီခိုကြရပါတယ်။ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ ဆေးတက္ကသိုလ်ကျောင်းဆင်း သူငယ်ချင်းတွေက စက်ရေတွင်း တူးဖော်လှူဒါန်းခဲ့ရာမှာ ကံကောင်းစွာဖြင့် ရေချိုထွက်ရှိခဲ့တဲ့အတွက် အခုတော့ ရေဒုက္ခက ကင်းဝေးသွားကြပြီ ဖြစ်ပါတယ်။

စေတုတ္တရာမြို့နယ် ကျောက်ပုံရွာ၊ ခဲပစ်ကျေးရွာ

ကျောက်ပုံ၊ ခဲပစ်ကျေးရွာနှစ်ရွာဟာ မဲဇလီရေလွှဲဆည် တည်ဆောက်စဉ်က ပြောင်းရွှေ့ခဲ့ရတဲ့ ကျေးရွာနှစ်ရွာ ဖြစ်ပါတယ်။ အဲဒီရွာတွေဟာ တောင်ထိပ်မှာရှိတာကြောင့် တောင်အောက်လျှိုထဲအထိဆင်းပြီး လူများ သာမက နွားတွေနဲ့လည်း တစ်နိုင်တစ်ပိုင် ရေသယ်နေကြတာကို တွေ့ခဲ့ရပါတယ်။ အခုအခါ တောင်ထိပ်ပေါ်မှာသာ စက်ရေတွင်း တူးပေးနိုင်ခဲ့လို့ ရေကို အလွယ်တကူ သက်သောင့်သက်သာ ရရှိနိုင်တဲ့အပြင် ရွာရဲ့ဘေးမှာရှိတဲ့ ရေကန်ဟောင်းကိုလည်း ကန်ပေါင်မြှင့်၊ ကန်ဆယ်ပြုလုပ်ပြီး အကူရေရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

တောင်တွင်းကြီးမြို့နယ် လှည်းပွဲကြီးကျေးရွာနှင့် မကွေးမြို့နယ် နွားခြံကုန်းကျေးရွာ

တောင်တွင်းကြီးမြို့နယ် လှည်းပွဲကြီးကျေးရွာနဲ့ မကွေးမြို့နယ် နွားခြံကုန်းကျေးရွာတွေမှာ တူးဖော်ခဲ့တဲ့ စက်ရေတွင်းတွေဟာ မြေအောက်ပေ ၉၀ ကျော်တာနဲ့ပေ ၇၀၀ ကျော်အထိ ရွှံ့စေးတွေသာ တွေ့တတ်တဲ့တွင်းတွေ ဖြစ်ပါတယ်။ ခက်ခဲလွန်းတဲ့အတွက် တွင်းတူးအဖွဲ့သုံးဖွဲ့ထိပြောင်းလဲ တူးဖော်ခဲ့ရပါတယ်။ အဲဒီလို သုံးကြိမ်အထိ တူးဖော်ခဲ့ရတာကြောင့် နောက်ဆုံးမှာ ရွာမှာရှိတဲ့ရေနဲ့ မလုံလောက်တဲ့အတွက် ရွာနဲ့အလှမ်းဝေးတဲ့နေရာတွေမှ ကန်ရေ၊ချောင်းရေတွေကို သယ်ယူ တူးဖော်ခဲ့ရပါတယ်။ ဒါ့အပြင် ရေတွေ့ပြီးမှ အကာပိုက်တွေချတဲ့အခါ မြေအောက်ရွှံ့စေးတွေက တွင်းကိုပြန်ပိတ်သလို ကြုံတွေ့ရသောကြောင့် နှစ်ကြိမ်ပြန်ပြီး အကာပိုက်ချခဲ့ရပါတယ်။ အဲဒီလို အကာပိုက်တွေချနိုင်ရန် ရေတွင်းတူး အလွန်ကျွမ်းကျင် သူတွေတီထွင်တဲ့ ရွှံ့စေးတွေကို နှုတ်ခမ်းသတ်တဲ့ ကိရိယာ အကူအညီ ရယူခဲ့ရပါတယ်။ အခုအခါ ကျေးရွာသူ ကျေးရွာသားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျေးရွာနှစ်ရွာလုံးမှာ ကျေးရွာတွင်း လမ်းဆုံလမ်းခွတွေ ရေရောက်တဲ့အထိ ပိုက်လိုင်းစနစ်တွေ တပ်ဆင်အသုံးပြုပြီး အိမ်ရှေ့ရေအရောက် ဆောင်ရွက်လျက် ရှိကြပါတယ်။

ပခုက္ကူခရိုင် ကျေးရွာတစ်ရွာသို့ ရေလှူဒါန်းနေသည့်မြင်ကွင်းကို တွေ့ရစဉ်

မြိုင်မြို့နယ် ဝါးကန်ကျေးရွာ

ဝါးကန်ကျေးရွာမှာ မြေအောက်ကျောက်သားထူထပ်တဲ့ ရှင်မတောင်ကြောရဲ့ အနောက်ဖျားမှာ တည်ရှိပြီး အိမ်ခြေ ၁၀၀ ခန့် ရှိပါတယ်။ မြေသားသောက်ရေကန်မရှိတဲ့အတွက် ဘုန်းတော်ကြီးကျောင်းရေတွင်းကိုသာ အားထားရပြီး ရေမလုံလောက်မှု ကြုံတွေ့နေရသည့် ကျေးရွာဖြစ်ပါတယ်။ မြေအောက် ပေ ၄၈၀နဲ့ စက်ရေတွင်းတူးဖော်အောင်မြင်ခဲ့ပြီး ဒိုင်နမို၊ အင်ဂျင်နဲ့ ဘက်ထရီပါလှူဒါန်း ပေးခဲ့တဲ့အတွက် တစ်နာရီ ရေဂါလန် ၁၈၀၀ အထိ ထုတ်ယူသုံးစွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီစက်ရေတွင်းမှ ကျေးရွာအတွက် သောက်သုံးရေသာမက အနီးနားကျေးရွာများ ရေလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

မြိုင်မြို့နယ် ပန်းတိုင်းတောကျေးရွာ (အနောက်)

ပန်းတိုင်းတောကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး နှစ် ၃၀ ကျော် ကြာမြင့်ပြီဖြစ်တဲ့ စက်ရေတွင်းကိုသာ အားထားသုံးစွဲရပါတယ်။ အဲဒီရေတွင်းဟောင်း ယိုယွင်းခဲ့တာကြောင့် ရေမလုံလောက်မှု ဖြစ်ပေါ်ကာ စိမ့်ရေတွင်းတွေက ရေကိုသာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်ပြီး ခပ်ယူနေကြရပါတယ်။ မြေအောက် ရေဆွဲကြောကြီးမားတဲ့အတွက် တစ်လနီးပါးကြာတဲ့အထိ ခက်ခက်ခဲခဲ တူးခဲ့ရပါတယ်။ မြေအောက်ပေအနက် ၈၄၀ မှာ ရေတွေ့ရှိပြီး တစ်နာရီ ရေဂါလန် ၁၄၀၀ အထိ ထုတ်ယူနိုင်ဖို့အတွက် ရေမြုပ်ပန့်တွေပါ တပ်ဆင်ပေးခဲ့ရပါတယ်။

မြိုင်မြို့နယ် စိုတွင်းကျေးရွာ

၂၀၁၆ ခုနှစ် နွေကာလမှာ စက်ရေတွင်း ယိုယွင်းတဲ့အတွက် ရေအခက်အခဲ တွေ့နေတဲ့ ကျေးရွာဖြစ်ပါတယ်။ ကျေးရွာသောက်ရေကန်မှာ သဲမြေဖြစ်တဲ့အတွက် ရေကြာရှည် သိုလှောင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် စက်ရေတွင်းကိုသာ အားထားရတဲ့ ကျေးရွာ ဖြစ်ပါတယ်။ မြေအောက်လိုဏ်ဂူ၊ ရေတွင်းတူးဖော်ရာမှာ အသုံးပြုတဲ့ကျစ်ရေတွေကို အလွန်အမင်းစုပ်ယူတဲ့ လိုဏ်ဂူကြီးမားတာကြောင့် တစ်လနီးပါး တူးဖော်ခဲ့ရပြီး မြေအောက်ပေ ၆၈၀ အနက်မှာ ရေချိုရရှိခဲ့ပါတယ်။ အရင်တူးစဉ်က ရေငန်များသာ ထွက်ရှိတဲ့ဒေသလည်း ြုဖစ်ပါတယ်။

မြိုင်မြို့နယ် သင်းမကျေးရွာ

သင်းမကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော် ရှိပြီး စက်ရေတွင်း တူးဖော်မရရှိခဲ့ပါ။ မြေအောက်ရေ တိုင်းထွာချက်တွေအရ ပေ အနက် ၁၀၀၀ နီးပါးထိ ရေချိုရေကောင်း မရရှိနိုင်တဲ့အတွက် ကျေးရွာနဲ့ နှစ်မိုင်ခန့် ကွာဝေးတဲ့ မြေနေရာမှာ အနက်ပေ ၁၂၀ ခန့်မှာ ပေတိမ်တွင်းသုံးတွင်း တူးဖော်ခဲ့ပြီး ထွက်လာတဲ့ ရေချိုကို ကျေးရွာသို့ ရေတင်ပို့ စနစ်နဲ့ တင်ပို့နိုင်ခဲ့ပြီး ရေရှားပါးမှုကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

မြိုင်မြို့နယ် နှောကန်ကျေးရွာ

နှောကန်ကျေးရွာမှာ ရေမြေသားကန် မရှိတဲ့အပြင် ပေတိမ်တွင်းတွေမှာလည်း ရေငန်တွေသာ ထွက်တာကြောင့် ဒေသခံများမှာ ရေချိုအတွက် ရေဝယ်ယူ သုံးစွဲနေကြရပါတယ်။ မြေအောက်ကျောက်သားထူထပ်သည့် အတွက် ကျားကုတ်ကျားခဲခက်ခဲစွာ တူးဖော်ခဲ့ရပြီး မြေအောက်ပေအနက် ၆၄၀ မှာ ရေချိုကို တူးဖော်ရရှိခဲ့ပါတယ်။ ရေဂါလန် ၅၀၀၀ ဆံ့ ရေကန်ပါတည်ဆောက်နိုင်ခဲ့ပြီး ရွာအတွင်းသို့လည်း ရေပေးနိုင်တဲ့အတွက် ပြုံးပျော်နေကြပြီဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် စိုင်ကန်တဲတိုက်

ပခုက္ကူ၊ မြိုင်နဲ့ ညောင်ဦးမြို့နယ်အတွင်း တူးဖော်ခဲ့တဲ့ ရေတွင်းတွေအနက် ပေအနက်ဆုံးနဲ့ အခက်ခဲဆုံးတွင်းဖြစ်ပါတယ်။ စိုင်ကန်တဲတိုက်ဟာ ကျေးရွာသုံးရွာခန့်မှ ဒေသခံတွေ မိမိတို့ ယာမြေအနီး အိမ်ဆောက်နေထိုင်ရင်း ဖြစ်ပေါ်လာသော တဲစုပေါင်း ၂၀၀ ကျော်ရှိတဲ့ တဲတိုက်ဖြစ်ပြီး စက်စက်ယိုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိပါတယ်။ စက်ရေတွင်း မရှိတဲ့အတွက် အနီးအနားသောက်ရေကန်တွေကို အားထားသုံးစွဲရပြီး ကန်ရေခန်းချိန်မှာ ရေဝယ်သုံးရပါတယ်။ တူးဖော်ချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး ပေအနက် ၁၁၅၀ မှာ ရေချိုအား အောင်မြင်စွာ တွေ့ရှိခဲ့ပါတယ်။

စက်ရေတွင်းတွေကို အောင်အောင်မြင်မြင် တူးဖော်နိုင်ဖို့အတွက် မကွေးမြို့နဲ့ ပခုက္ကူမြို့ရှိ နယ်မြေခံသတင်းထောက်များက အဓိကကြိုးစားအားထုတ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပခုက္ကူမြို့ မြို့ဂုဏ်ရည်သွေးလှူရှင်အသင်း၊ ပခုက္ကူမြို့ အထက-၁ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီအဖွဲ့တွေကို မကွေးမြို့ရှိ စေတနာရှင်တွေက ဝိုင်းဝန်းကူညီပံ့ပိုးကြတဲ့အပြင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ကားတစ်စီးနဲ့ ပူးပေါင်းပါဝင် လှူဒါန်းခဲ့ပါတယ်။

Eleven Media Group နဲ့ စေတနာရှင်တွေ စုပေါင်းပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း ၁၅ မြို့ နယ်မှာ ရေကန်ပေါင်း ၁၈ ကန်နဲ့ စက်ရေတွင်းပေါင်း ၁၉ တွင်းတို့ကို တူးဖော်လှူဒါန်းနိုင်ခဲ့ပါတယ်။ Eleven Media Group ရဲ့ အလှူဟာလည်း တစ်နည်းအားဖြင့် Eleven စာဖတ်သူတွေရဲ့အလှူ၊ Eleven မှာ ကြော်ငြာထည့်သူတွေရဲ့ အလှူလည်းဖြစ်ပါတယ်။ ရေအကျိုး ၁၀ ပါးရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို ရေတွင်း၊ ရေကန်တွေ လှူခဲ့ရတဲ့အကျိုးကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတွေ ပြည်တွင်းရန်၊ ပြည်ပရန်တွေမှ ကင်းဝေးပါစေကြောင်း နှစ်သစ်ကူးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

Most Read

Most Recent