w အစဉ်အမြဲ ရင်ထဲကပိတောက် - Eleven Media Group <

အစဉ်အမြဲ ရင်ထဲကပိတောက်

မကွေးမြို့တွင် ဧပြီ ၁၁ ရက် နံနက်မှစ၍ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်၏ သင်္ကေတ၊ တန်ခူးလ၏ ရာသီပန်းဖြစ်သော ပိတောက်ပန်းများ ပွင့်လျက်ရှိသည်ကို တွေ့ရစဉ် ■ဓာတ်ပုံ-အောင်သူငြိမ်း (မကွေး)

သည်နှစ်တော့ ပန်းပိတောက်၏ မိတ်ဖက်မိုးကစောစော ကျရောက်လာသည်။ မိုးသည် နေရာအနှံ့စွတ်စိုစေကာ အေးမြမြလေတို့ကလည်း ထိထိသမျှကို အအေးဓာတ် လွှမ်းခြုံပေးသည်။  မိတ်ဆွေတစ်ယောက်က သူ့ခြံထဲရှိ ပိတောက်ပင်ကြီးမှာ ပင်လုံးညွှတ်မျှ ပိတောက်ပန်းများဖြင့် ဝေဆာလျက်ရှိနေသည်ကို ဓာတ်ပုံရိုက်ပြကာ ကြွားဝါသည်။  ဆန်းတော့ မဆန်းတော့ပါ။  ပိတောက်ပင်ရှိလျှင် မိုးတစ်ပြိုက်ကျရုံနှင့်ပင် ပိတောက်ပန်းများ လှိုင်လှိုင်ပွင့်သည်မှာ သဘာဝတရားပင်။

လူ့ဦးနှောက်ဆိုသည်မှာ အဆန်းသား။ အထူးသဖြင့် အသက်ရလာသောအခါ ဦးနှောက်ထဲတွင် ကိန်းအောင်းနေတတ်သော အမှတ်သညာများစွာအနက် အချို့သော အမှတ်သညာတို့သည် ကာလအားဖြင့် ကြာပင်မကြာသေးသော်လည်း မမှတ်မိတော့ လောက်အောင်ပင် မေ့ပျောက်၍နေတတ်သည်။  အချို့သော အမှတ်သညာများမှာမူ ကာလမည်မျှပင် ကုန်လွန်ခဲ့ပြီးဖြစ်နေစေကာ မူမေ့ပျောက်သွားခြင်းမရှိဘဲ ပြက်ပြက်ထင် ထင်ထင်ရှားစွာတည်ရှိနေဆဲ။ ပုံသဏ္ဌာန် ရောပုံရိပ်များကိုပါ ပစ္စုပ္ပန်ကာလအထိ စွဲထင်မြင်ယောင်နေဆဲ။  ပို၍စွဲလမ်းမိခြင်းမှာလည်း အရာတစ်ခု သို့မဟုတ် အကြောင်းအရာတစ် ခုမရှိတော့ပြီဟု သိပြီးသည့်အတွက် ပိုမိုစွဲလမ်းမိကာ မေ့ပျောက်ရန် ခက်ခဲနေမိခြင်း ဖြစ်သည်။

အနှစ် ၄၀ ခန့်ဆီက နေထိုင်ခဲ့ဖူးသော အိမ်၏ရှေ့မျက်နှာစာနှင့် မနီးမဝေးရှိ ပိတောက်ပင်သည် ယခုပစ္စက္ခကာလ၌ အသက်ရှင်နေဦးမည်မထင်တော့။  သို့စဉ်လျက် မရှိနိုင်တော့ သောအရာဝတ္ထုတစ်ခုအား မရှိတော့မှန်းသိသည့်တိုင် ရှိနေစေလိုသည့်ဆန္ဒကြောင့် ယင်းကိုပို၍ပင် အစွဲအလမ်းကြီးစေခဲ့သည်။ မိမိကျင်လည်ခဲ့သော၊ ၀န်ထမ်းအဖြစ် တာဝန်ထမ်းခဲ့သောကျောင်းကြီး၏ ကျယ်ဝန်းလှသည့် ပရိဝုဏ်အတွင်း နှစ်များစွာနေထိုင်ခွင့် ရရှိခဲ့ရာနေအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကိုသာမက ဧကများစွာကျယ်ပြန့်သည့် ၀င်းကြီးတစ်ခုလုံးကိုပါ သံယောဇဉ် အမျှင်တန်းမိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ သည့်ပြင် အိမ်ရှေ့နှင့် မလှမ်းမကမ်းလက်ဝဲဘက်ဘေးတွင် နွေဆိုလျှင် ၀ါထိန်နေအောင် အပွင့်အဖူးများဖြင့် ကြိုဆိုလေ့ရှိသော ပိတောက်ပင်ကြီးတစ်ပင်ကလည်း သံယောဇဉ်ကိုပို၍ နှိုးဆွပေးလျက် ရှိသေးသည်။

ပြည်ပအရှေ့တိုင်းဒေသတစ်ခုတွင် မိမိနေထိုင်ခဲ့စဉ်ကလည်း နွေရာသီရောက်တိုင်း ဥသြတွန်သံနှင့်အတူ ပိတောက်ပွင့်တို့ ပင်လုံးကျွတ်မျှပွင့်ခဲ့သည့်အလှကို တွေ့မြင်ခံစားခဲ့ရသည်။  ပင်လုံးကျွတ်မျှပွင့်သည်ဟု ယေဘု ယျအားဖြင့် ပြောသာပြောရသည်။ တကယ်တမ်းတော့ ကျိုးတိုးကျဲတဲသာရှိသည်။ ပြွတ်သိပ်မနေ။  သူတို့ဒေသ၏ ရေမြေအခံနှင့် ရာသီဥတုအခြေအနေကြောင့်လား သို့မဟုတ် အပင်မျိုးစိတ်ချင်း မတူခြင်းကြောင့်လား မသိ။ ပြည်ပရှိ တိုင်းတစ်ပါး သူအများစုမှာ ပန်းပန်သည့်အလေ့အထ မျိုးသိပ်မရှိလှ။ ပန်းကိုချစ်မြတ်နိုးခြင်းအားနည်း၍ပဲလားမသိ။ မိမိတို့မြန်မာနိုင်ငံသူများနှင့် ခြားနားချင်တိုင်း ခြားနားပါဘိ။  ပန်းကိုချစ်မြတ်နိုးတတ်သော မြန်မာလူမျိုးတို့သည် စိတ်သဘောနူးညံ့ရုံမျှမက ယဉ်ကျေးသိမ်မွေ့မှုမှာလည်း ရှေးဘိုးဘွားအစဉ်အဆက်ကတည်းက ဆင်းသက်လာခဲ့သည့် အမွေအနှစ်ကောင်းများ ဖြစ်သည်ဟု ဆိုရပေမည်။

သို့အတွက်ကြောင့်လားမသိ ယဉ်ကျေးမှုခြားနားသော သူတို့ဆီက ပိတောက်သည်  အပွင့်ဝေဆာ ပြွတ်သိပ်ခြင်း လျော့ပါးအားနည်းလှသည်။  ပင်စည်နှင့် အကိုင်းအခက်တို့သည်လည်း ပို၍ကြုံလှီသည်။  ပိတောက်နှင့် ပတ်သက်လာလျှင် မိမိတို့ဒေသ၊ မိမိတို့ နိုင်ငံအတွက် အများအပေါ် ၀င့်ကြွားဂုဏ်ယူစရာဖြစ်လာခြင်းကြောင့်လည်း ထာဝစဉ် ၀င့်ကြွားဂုဏ်ယူမဆုံး ဖြစ်နေခဲ့သည်။

ပြောရင်းဆိုရင်းနှင့်ပင် အနှစ် ၄၀ ခန့် အတိတ်ကာလသို့ စိတ်ကလွင့်မျောလိုက်ပါသွားပြန်သည်။  ထိုအချိန်က မိမိနေအိမ် မလှမ်းမကမ်း လက်ယာဘက်တွင် ကားထားရန် ဂိုဒေါင်ရှိသည်။  မျက်နှာချင်းဆိုင် အခြားတစ်ဖက်တွင်မူ အိမ်နှင့်ခြေလှမ်းဆယ့်ငါးလှမ်းခန့် အကွာ၌ အကိုင်းအခက်၊ ဖြာယှက်ဝေဆာအပွင့်အဖူးတို့ပွင့်အာ ပြွတ်သိပ်လျက် ထိန်ထိန်တောက်သော ပိတောက်ပင်ကြီးရှိသည်။  တစ်ခါတစ်ရံတွင် လမ်းပေါ်သို့ အုပ်မိုး၍ ကားနှင့်မလွတ်သည့် အကိုင်းအချို့ကို ၀မ်းနည်းပမ်းနည်းခုတ်ပစ်ရသည်။  ထိုသို့ ၀မ်းပမ်းတစ်နည်း ရင်မချိစွာ ခုတ်ထွင်လိုက်ရသော်လည်း များမကြာမီ အတောအတွင်း ပြန်လည်ကြီးထွားအုပ်ဆိုင်းလာသည့်အဖြစ်ကို မိမိထိုစဉ်က သတိထားနိုင်စွမ်းမရှိခဲ့။  အတန်ကြာပြီး ပြန်လည်အုပ်ဆိုင်းလာသည့် အကိုင်းအခက်များအား သတိထားကြည့်မိတော့မှ တအံ့တသြ ဖြစ်မိခဲ့သည်။ ယင်းအံ့အားသင့်ခြင်းနှင့်  တစ်ဆက်တစ်စပ်တည်းရင်ထဲ၌ ပြင်းထန်စွာ လှုပ်ခတ်သည့် ဝေဒနာတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ဝေဒနာဆိုသည်မှာ သူက ငုပ်လျှိုးနေရာမှ ကြွထလာပြီဆိုလျှင် ပြေပျောက်လိမ့်နိုးမျှော်လင့်ရန် ခက်ခဲပါဘိ။  ယင်းဝေဒနာမှာလောက ရှိလူအများခံစားရတတ်သည့် ဝေဒနာမျိုးနှင့်မတူ၊ တစ်မူထူးခြားနက်ရှိုင်းသည်။  အများစု ခံစားရလေ့ရှိသည့် ဝေဒနာများမှာ သာမန်ထက်မပိုတတ်။ လက်ရှိခံစားရသည့် ဝေဒနာမှတစ်ဆင့် နိုင်ငံနှင့်အခြေခံလူတန်းစားများနှင့် စပ်လျဉ်းသည့် အတွေးမျှင်တန်းများ ပင့်ကူအိမ်ပမာ ကွန်ရက်ဖွဲ့လာသည်။

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ရှည်ရှည်ဝေေ၀း မျှော်ထောက်ကြည့်ရန်မလို၊ နီးနီးစပ်စပ် ရာစုနှစ် ငါးခုစာမျှ ကာလကိုကြည့်ရန် သာလိုသည်။  ကာလတစ်လျှောက်လုံးဖိနှိပ်မှု၊ အကျပ်ကိုင်မှု၊ လွတ်လပ်ခြင်းဆိတ်သုဉ်းမှု၊ လူတမ်းစေ့မနေရမှု၊ စာရေးနေရေး ကျပ်တည်းမှုစသည့် လူ့အခွင့်အရေးဆုံးရှုံးရမှုများက လုံးထွေးရစ်ပတ်လာခဲ့သည်။ ပိတောက်တို့ မည်သည် သန်စွမ်းခိုင်မာသောအမျိုး။ မည်သည့် အဖျက်အဆီးကိုမဆို ကြံ့ကြံ့ခံအံတုခြင်းဖြင့် အဖူးအခက်ကိုမည်မျှပင် ချိုးချိုးခုတ်ခုတ်  ပြန်လည်အားအင်ပြည့် ဖြိုးရှင်သန်ဖွံ့ထွားလာသည့် အမျိုး။

ပြီးတော့ အဖူးအပွင့်တို့ကို ကြည့်လျှင် အပေါ်စီးမှ နေတစ်ပြောက်မျှပင် ထိုးဖောက်မ၀င်နိုင်လောက်အောင် အဆုပ်လိုက် အပြွတ်လိုက် ကျပ်သိပ်ကာ အင်အားတစ်ရပ်ကိုမြင် တွေ့နေရသည်။ အရွက်နှင့်အပွင့်တို့ ပြွတ် သိပ်နေခြင်းသင်္ကေတမှာ စည်းလုံးခြင်းအင်အားတစ်ရပ်ကို ဖော်ညွှန်းနေခြင်းပင်ဖြစ်သည် မဟုတ်ပါလား။

မြန်မာနိုင်ငံတွင် ပြည်သူအများစု၏ စည်းလုံးမှုအင်အားမှာ နေတစ်ပြောက်တည်းဟူသော အလိမ်အကောက်၊  အဖျက်အမှောင့် ထိုးဖောက်မ၀င်နိုင်လောက်အောင်ပင် ကြီးမားလှသည်။ ယင်းမျှသာမက ပိတောက်တို့မည်သည် ယင်းကိုခူးလေဖူးလေ၊ ချိုးလေတိုးလေ၊ ဖျက်လေတက်လေ၊ ခုတ်လေလှုပ်လေ၊ ချိုင်လေခိုင်လေ ဖြစ်သကဲ့သို့  အခြေခံလူတန်းစား ပြည်သူများသည်လည်း ယင်းကဲ့သို့ပင် မယိမ်းမယိုင် ကြံ့ကြံ့ခံခဲ့သူများသာ ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် မဟေသီမဂ္ဂဇင်းတွင် မိမိရေးခဲ့သော ကဗျာ၏ တစ်စိတ်တစ်ဒေသကို မြည်းစမ်းရန် အောက်တွင် ဖော်ပြအပ်ပါသည်။

တိုင်းတစ်ပါးသူရေ….

ဝါရွှေလွင်ရည်၊ တို့ဆီက ပိတောက်

ဘယ်လောက်ပဲ ခူးခူး၊ ခူးလေ ဖူးလေ

ချိုးလေ တိုးလေ၊ ဖျက်လေ တက်လေ

ခုတ်လေ လှုပ်လေ၊ ချိုင်လေ ခိုင်လေ

မယိုင်ချေဘူး…။

မတော်တဆများ….

ဖ၀ါးလှမ်းထောက်၊ တို့ဆီရောက်ခဲ့ရင်

ပိတောက်လိုလူစား

အများကြီးနဲ့ ဆုံမှာမလွဲ။       ။

April 12, 2018














Copy Protected by Chetan's WP-Copyprotect.