ထမင်းပေါင်းစားခြင်း

ထမင်းပေါင်းစားခြင်း
Published 12 April 2018

“ခင်မာစန်းရေ စားမယ်။ စန်းဌေး၊ တင်မာ လာကြတော့”

ငယ်စဉ် မူလတန်းနှင့် အလယ်တန်း ကျောင်းသားဘဝများမှာ ကျောင်းပိတ်ရက်ဆိုလျှင် ရပ်ကွက်ထဲက ဆော့ဖော်ဆော့ဖက် သူငယ်ချင်းများနှင့်အတူ ထမင်းစုစားကြဖို့ ဆော်သြလိုက်ခြင်း ဖြစ်ပါသည်။ ဘေးပတ်ပတ်လည်အိမ်တွေမှာ ကိုယ်နှင့်ရွယ်တူဆိုလို့  မိန်းကလေးတွေချည်းပဲရှိသည်ဆိုတော့ မိန်းကလေးများနှင့်ပဲ အပေါင်းအသင်းလုပ်ရသည်ပေါ့လေ။

ခင်မာစန်းက အိမ်တောင်ဘက်ကပ်လျက်က ဦးစပ်ဘိုနှင့် ဒေါ်အေးလှိုင်တို့၏ နို့ညှာသမီးဖြစ်ပြီး အရပ်အခေါ် စန်းဌေး၊ ကျောင်းနာမည် ခင်စန်းဌေးက ခေါင်းရင်းအိမ်မှ ဦးအေးရှောင်နှင့် ဒေါ်ခင်ကြည်၏ သမီးကြီးဖြစ်သည်။ တင်မာခေါ် တင်တင်မာကတော့ အိမ်ရှေ့မျက်စောင်းထိုးက ဦးဖိုးမြိုက်နှင့် ဒေါ်ရွှင်တို့၏ သမီးငယ် ဖြစ်ပါ၏။ တစ်ခါတစ်ရံ ခင်မာစန်းတို့အိမ်တောင်ဘက်က နွဲ့ယဉ်နှင့် စန်းဌေးတို့အိမ်ခေါင်းရင်းက စန်းစန်းဦး ခေါ် စန်းဦးလည်း ပါလာတတ်သည်။

စန်းဌေးနှင့် စန်းဦးကအလယ်တန်းအဆင့်ထိ ကျောင်းတက်ခဲ့ဖူးပြီး နွဲ့ယဉ်နှင့် ခင်မာစန်းက မိဘတို့၏ စီးပွားရေးအခြေအနေအရ မူလတန်းမှာပင် ကျောင်းထွက်ခဲ့ရလေသည်။ တင်မာကတော့ ကျောင်းတက်သံမကြားခဲ့ဖူး။ ကလေးဘဝမှာတော့ ကျောင်းတက်ခြင်း၊ မတက်ခြင်းက အတူတူဆော့ပြီး ထမင်းပေါင်းစားခြင်းလောက် အရေးမပါခဲ့ပါချေ။

ငယ်စဉ်က အခုလိုအပြိုင်အဆိုင်ခေတ် မဟုတ်သေးသည်မို့ စာမေးပွဲနီးမှသာ စာကျက်ကြပြီး ကျန်သည့်ရက်တွေကတော့ အိမ်စာလေးလုပ်ပြီးလျှင် သူငယ်ချင်းများစုပြီး တစ်နေကုန် တစ်နေခန်း ဆော့ဖြစ်သည်များပါ။ ညဘက်တွေမှာ ညောင်ပင်တစ္ဆေတို့၊  ထုပ်ဆီးတိုးတို့၊ မစာဥတို့၊ ဒီထိုးတာတို့ ကစားလေ့ရှိပြီး နေ့ဘက်တွေမှာတော့ ဖန်ခုံ၊ ဇယ်ခတ်၊ မန်ကျည်းစေ့ကျင်းတောက်နှင့် ခွက်ပစ်တူးတူတို့ ကစားဖြစ်သည်။ ဆော့လိုက်၊ စားချိန်ရာက်ရင် စားလိုက်ဖြင့် ကလေးဘဝကို လွတ်လပ်မှုအပြည့်ဖြင့် သောကကင်းစွာ ဖြတ်သန်းခဲ့ကြပါ၏။

ထမင်းစားချိန်မှာတော့ စောစောကလိုပင် ဟိုခေါ်ဒီခေါ် လူစုပြီးပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ကာ ထမင်းစားဖြစ်သည်။ တစ်ယောက်ယောက်က “ထမင်းပေါင်းစားရေအောင်ဟေ့” ဟုဆိုလိုက်သည်နှင့် ကိုယ့်အိမ်ကချက်သည့်  ဟင်းလေးတွေ ကိုယ်စီယူလာပြီး သူ့ဟင်းကိုယ့်ဟင်း နည်းနည်းစီ ဝေမျှကာစားကြသည်။ လူကြီးတွေ အလုပ်ရှုပ်သည့် မိုးရာသီနှင့် ဆောင်းရာသီမှာအသားဟင်း၊ ငါးဟင်းတို့ဖြင့် စိုစိုဖတ်ဖတ်ရှိသော်လည်း အလုပ်ပါးသည့် နွေရာသီမှာတော့ ငါးပိချက်၊ ငါးပိဖုတ်၊  ငါးပိရည်ကျို၊ ငံပြာရည်ချက်၊ ခရမ်းသီးခြောက်ချက်၊ မျှစ်စို့ခြောက်ချက်၊ ချဉ်ရည်ဟင်းနှင့် ပဲတို့ကိုသာ သူ့အိမ်နှင့်ကိုယ့်အိမ်လက်ရာချင်း ယှဉ်စားရသည်ကများပါ၏။ ဟင်းမကောင်းစေကာမူ သူငယ်ချင်းများနှင့် ပြောရင်း၊ စားရင်းဆိုတော့လည်း ထမင်းမမြိန်သည်က ရှားပါသည်။

ကျောင်းဖွင့်ရက်များမှာတော့ ကျွန်တော်တို့ မောင်နှမသုံးယောက်နှင့်အတူ တခြားရပ်ကွက်မှ ကျောင်းသူ၊ ကျောင်းသားများပါ ပါသဖြင့် လူပိုစုံ၏။ များသောအားဖြင့်  နေ့လယ်ထမင်းစားကျောင်းဆင်းချိန်မှာ ကျောင်းရှေ့ ကုက္ကိုပင်ကြီးအောက်က ဒုံးဒုတ်ခေါ် ကွပ်ပျစ်ပေါ်မှာစားဖြစ်ကြသည်။ အစ်မနှင့်အစ်ကိုတို့၏ သူငယ်ချင်းများက ကိုယ်နှင့်သိပ်ပြီး ရင်းနှီးမှုမရှိသဖြင့် စန်းဌေးတို့၊ တင်မာတို့နှင့် စားသလောက် ပျော်ဖို့မကောင်း။ တစ်ခါတစ်လေ အသားမစားသူနှင့်တွေ့လျှင် စိတ်အနှောင့်အယှက် ဖြစ်ရသေးသည်။ ကြည့်လေ။ ဝက်သားမစားဘူးဆိုလို့ ကော်တာပဲဟု တွေးနေစဉ်မှာ “အဆီမစားတာအသားတော့ စားတယ်” ဟူသည့် စကားသံကြောင့် ငါလည်း အစက ဝက်သားမစားဘူးပြောခဲ့ရရင် အကောင်းသားဟု တွေးမိခဲ့သေးသည်။

မန္တလေးဆေးကျောင်းမှာ ကျောင်းတက်စဉ်ကာလများကတော့ ထမင်းပေါင်းစားတာ မဟုတ်ပေမယ့် နီးစပ်ရာအတန်းတူ သူငယ်ချင်းများစားပွဲတစ်ခုမှာ စုထိုင်ကာအဆောင် ထမင်းဟင်းကို အပြိုင်အဆိုင် အားပေးခဲ့ကြသည်။ သူငယ်ချင်းတစ်ယောက်ယောက်အိမ်က ဟင်းရောက်လာလျှင်တော့ ထမင်းဝိုင်းကပိုပြီး စိုစိုပြည်ပြည် ဖြစ်လာသလိုထမင်းလည်း ထပ်ပြီးထည့်ရတတ်ပါသည်။ မြစ်ငယ်က သူငယ်ချင်းတစ်ယောက်ကတော့ အခြားသူငယ်ချင်းအိမ်က ပို့လိုက်သည့် အသားကြော်ကို တစ်တုံးမက စားလိုလျှင် ရတနာသုံးပါးဆိုပြီး ခပ်တည်တည် စားတတ်လေသည်။ အနန္တော အနန္တငါးပါးအထိ တက်မသွားလို့ တော်ပေသေး၏။

နောက်ဆုံးနှစ် အပိုင်း (က) အရောက်မှာ ကွင်းဆင်းလေ့လာရေးခရီးစဉ်အတွက်  မဲနှိုက်တော့ ကောလင်းမဲပေါက်သည်။ သရဲခြောက်သည်ဆိုသော သံဃာဆောင်မှာ အဖွဲ့ကို နှစ်ခြမ်းခွဲပြီး တစ်ခြမ်းမှာ မိန်းကလေးနှစ်ယောက်၊ ကျန်တစ်ခြမ်းမှာ ကျွန်တော်တို့ ယောကျ်ားလေးသုံးယောက်ကို နေရာချပေး၏။ ကျွန်တော်တို့အဖွဲ့၏ ဂီတာသံ၊ သီချင်းသံတွေက ပရိတ်ကြီး ၁၁ သုတ်ထက်များပိုပြီး စွမ်းလေသလားမသိ။ တစ်ခါမျှပင် သရဲအခြောက် မခံခဲ့ရ။

နေရေးမပူရပေမယ့် စားရေးအတွက်ကတော့ အဖွဲ့လိုက် ဈေးသွားကာမိန်းကလေးနှစ်ယောက်က ထမင်းဟင်းချက်၊ ယောကျ်ားလေးများက လိုတာလေးတွေ ကူလုပ်ပေးပေါ့လေ။ ပထမရက်မှာ ဒေသထွက် ဆန်ခပ်စေးစေးကြောင့်  စားရတာ အဆင်မပြေသော်ငြား နောက်ရက်တွေမှာ ရွှေဘိုဆန်ပြောင်းချက်စားတော့ အဆင်ပြေပါ၏။ အိမ်ကထည့်ပေးလိုက်သည့် ဟင်းဘူးများနှင့် သူတို့ ကြိုးစားပမ်းစားချက်ထားသည့် ဟင်းပူပူနွေးနွေးလေးတွေ ပေါင်းလိုက်သည့်အခါမှာတော့ စားရသည်မှာ လျှာလည်သွားလေသည်။

လားရှိုးမှာ အလုပ်သင်ဆင်းတော့ ကံကောင်းစွာပင် အတန်းတူ ကျောက်မဲသူတစ်ယောက်နှင့် လူနာဆောင် တစ်ဆောင်တည်းကျ၏။ လားရှိုးက သူ့ဦးလေးစာရေးဆရာ ဆရာဝန်ကြီးတစ်ယောက်၏ အိမ်မှာနေသည်မို့ ထမင်းဟင်းတွေ၊ မုန့်တွေကို မှန်မှန်လေး အားပေးခွင့်ရသည်။ သူ့ဦးလေးပိုင် မှန်လုံကားလေးဖြင့် မန်ဆန်ရေတံခွန် အပါအဝင် လားရှိုးဝန်းကျင်က အထင်ကရနေရာများကို လည်ပတ်ရာမှာလည်း စားဖို့အတွက်ပါ ချိုင့်ကြီးချိုင့်သေးများဖြင့် တစ်ခါတည်း သယ်လာတတ်သည်မို့ အညာစကားဖြင့် ပြောရသော် ကျွန်တော်တို့ လျှာတွေ ‘ခွေး ဘုရားပွဲ တွေ့သကဲ့သို့’ ဖြစ်ခဲ့ပါ၏။

မြောင်းမြမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျတော့ ဝန်ထမ်းအိမ်ရာ မရှိသဖြင့် အထူးကုဆရာဝန်များ အပါအဝင် ဆရာဝန်အချို့နှင့် ဆရာမအချို့ကို လူနာသိပ် မရှိသည့် ဆေးရုံကအခပေးခန်းမှာပေးနေစဉ် ကလည်း ပေါင်းစားတာမဟုတ်ပေမယ့် ထမင်းဟင်းကို ကိုယ့်ဘာသာချက်ပြီး ဟင်းတွေအပြန်အလှန် လဲလှယ်ကာစားခဲ့ဖူးသည်။ ကျွန်တော် ချဉ်ရည်ဟင်းကြိုက်မှန်းသိသဖြင့်  ကပ်လျက်အခန်းမှ သူနာပြုဆရာမလေးက ချဉ်ရည်ဟင်းချက်သည့်အခါတိုင်း ကျွန်တော့်ကို မပျက်မကွက် ပေးလေ့ရှိသည်။ ယခုအခါ မလေးရှားရောက်နေပြီဖြစ်သည့် အိုဂျီအစ်မတစ်ယောက်နှင့် ဟင်းသာမက သီချင်းခွေချင်းလဲပြီး နားထောင်ခဲ့ဖူး၏။ ရန်ကုန်သူ အိုဂျီကြိုက်သည့် ထိုစဉ်ကနာမည်ကြီးအဆိုတော် တစ်ယောက်၏ သီချင်းတွေကိုဘယ်လိုမှ ကျွန်တော် နားထောင်လို့ မရခဲ့သလို ကျွန်တော်၏  ‘မေ့ကွက်ကိုရှာ’ အပါအဝင် ခေတ်ဟောင်းသီချင်းများ စုပေါင်းထားသည့် လက်ရွေးစင် သီချင်းခွေကိုလည်း အိုဂျီက “ဘာကြီးမှန်းလဲ မသိဘူး” ဟု ချီးမွမ်းထောမနာပြုပါသည်။ ရန်ကုန်နားနှင့် အညာနား ဒီလောက်တော့ ကွာမှာပေါ့လေ။

မိုးကုတ်ဆေးရုံမှာတော့ တစ်လတစ်ခါ  ထမင်းပေါင်းစားဖြစ်ပါသည်။ သူနာပြုဆရာ မကြီးဒေါ်ခင်လေးမြင့်နှင့် ဒေါ်ညိုတို့၏ လက်ရာက ကောင်းလှသလိုအထက်တန်းသူနာပြု  ဦးတင်ဆွေအေးကလည်း ဟင်းချက်မခေလှပါ။ ဒါကြောင့်လည်း ဟင်းချက်ကောင်းသည့်  လူပျိုကြီးကို ချက်ကျွေးမည့်သူမရှိတာ ဖြစ်မည် ထင်ပါ၏။ မိုးကုတ်အလှူပွဲတွေမှာကျွေးသည့်  ဟင်းတွေကအလွန်တရာအစပ်တည့်လှသလို ဘယ်လောက်စားစားမတင်းတိမ်နိုင်သဖြင့် စားပြီးသည့်အခါ ထမင်းဝိုင်းမှ မနည်းထယူရပါ၏။

လွိုင်ကော်မှာတော့ ဖျားနာဆောင်မှာ ထမင်းပေါင်းမစားဖြစ်ပေမယ့် ကလေးအထူး ကုဆရာဝန်ခွင့်ဖြင့် ခရီးထွက်သည့် အခါမျိုးတွေမှာ ကလေးဆောင်ဘက် ကူးပြီးကလေး လူနာများကို ကြည့်ပေးရသည်။ ဒီလိုအခါ မျိုးတွေမှာငါးဒုက္ခတို့ အင်းစတိုင်လ်ဆေးခါးကြီး ဟင်းရည်တို့ဖြင့် လျှာအရသာထူးခဲ့ဖူးသည်။  ငါးကိုဗိုက်ခွဲကာအဆာပလာတွေ ထည့်ပြီး နှီးကြိုးလေးဖြင့်ချည်ကာပေါင်းထားသည့် ငါးဒုက္ခက လွိုင်ကော်ဟင်းထုပ်နှင့် ကယားဝက်အူချောင်းတို့လိုပင် ထူးခြားကောင်းမွန်သည့်  အစားအသောက်တစ်မျိုး ဖြစ်ပါ၏။

ဒီဘက်ပိုင်းနှစ်တွေမှာတော့ ပေါင်းစားသည့် ထမင်းဝိုင်းများ၏ နေရာကို ညစာစားပွဲများက အစားထိုးလာကြသည်။ အချို့ပွဲတွေမှာ အဖျော်ယမကာတွေ ပါသည်။ အချို့ပွဲများမှာတော့ သီဆိုဟစ်ကြွေးသံများ။ ထမင်းဝိုင်းပုံစံ ပြောင်းသွားသလို အစားအသောက်များသည်လည်း အရသာကွဲပြားသွား၏။ ညစာစားပွဲတွေမှာ ငါးပိဖုတ်မရှိ။ သရက်သီးတို့စရာမရှိ။ ငါးခြောက်ဖုတ် မရှိ။ ပဲဟင်းချို မရှိ။ ငါးလေးအိုးကပ်ချက် မရှိ။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း မရှိ။ ပဲရေပွကြော် မရှိ။ ငရုပ်သီးထောင်း မရှိ။

ယခုအခါ အိမ်ထောင်ရက်သားကျကာ သားသမီးများပင် လူပျိုပေါက်၊ အပျိုပေါက်အရွယ် ရောက်နေပြီဖြစ်သည့် စန်းဌေးတို့၊ ခင်မာစန်းတို့ကို သတိရသလို လယ်ကြမ်းငါးပိကို လွမ်းသည်။ ဒေါ်ခင်ကြွယ်ဌေးတို့၊ မိုးသန္တာတို့၊ မဘုတ်ဆုံတို့၊ မနှင်းတို့ကိုသတိရသလို နုနုရွရွ မိုးကုတ်လက်ဖက်ညွန့်လေးများနှင့် အစပ်အဟပ်တည့်သည့် မိုးကုတ်ဟင်းလျာတို့ကို လွမ်းသည်။ ဖိုးမူကြီးတို့၊ မဌေးမြာတို့ကို သတိရသလို လွိုင်ကော်ဟင်းထုပ်နှင့် ကယားဝက်အူချောင်းကို လွမ်းသည်။

အညာစာကိုလွမ်းရင်း၊ မိုးကုတ်လက်ဖက်ကိုလွမ်းရင်း၊ ကယားဟင်းထုပ်ကို လွမ်းရင်းအခွင့်ကြုံလျှင်တော့ ချစ်ရသူများ၊ ခင်ရသူများနှင့် တစ်ဝိုင်းတည်းထိုင်ကာ ပကာသနသဘောမပါသည့် သဘာဝတောစာလေးများကို အားပါးတရစားသုံးကာ လွမ်းသမျှ ပြေချင်ပါသေးသည်။

Most Read

Most Recent