<

ဖောက်ပြန်တဲ့ လူတစ်ယောက်အကြောင်း

ဖောက်ပြန်ရေးသမားတဲ့ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အသုံးအနှုန်းလဲ။ ဖောက်ပြန်မှုထက် ပိုမိုပြင်းထန်တဲ့အရာကြီးပဲ။ ဒီလိုခေါ်ကြတယ်။ ဟိုဘက်အိမ်ကလူကို ဖောက်ပြန်ရေးသမားတဲ့။ ၀ိုင်းပြောကြတယ်။ ဘယ်သူ စပြောတယ် ဘာကြောင့်ပြောရတယ် ဆိုတာတော့ ဘယ်သူမှ သေချာမသိရပါဘူး။ ဒီလူရွာထဲကို ပြောင်းလာတာ မကြာသေး။ အလွန်ဆုံးရှိလှ သုံးလလောက်ပဲ။ ဘယ်ကလာတယ် မသိရ။ ဘာအလုပ်လုပ်တယ် မသိရ။ ဒါကလည်း ဘယ်သူကမှ မစုံစမ်းတာကိုး။ ရွာဦးကျောင်းက ဘုန်းတော်ကြီးကတော့ သိမလား မပြောတတ်ဘူး။ ဘုန်းကြီးတွေရဲ့ သြဇာဆိုတာ အခုထိ ကြီးနေဆဲကိုး။ ရွာထဲမှာ ဘုန်းတော်ကြီးကလွဲရင် သြဇာအရှိဆုံးက ကျောင်းဆရာ ကိုဘငြိမ်ရယ်။ နေဦး။ ဒီနေရာမှာ သြဇာဆိုတာက တလွဲမတွေးနဲ့ဗျ။ ရွာထဲက လူတော်တော်များများဟာ ဘုန်းတော်ကြီးပြီးရင်တော့ ကျောင်းဆရာကိုဘငြိမ်ကို လေးစားချစ်ခင်ကြတာရယ်။ သူကလည်း တော်တော်လေး တော်တယ်ပြောရမယ်။ ရပ်ရေး ရွာရေးအစ ဘာမဆိုလိုက်ပြီး ဦးစီးဦးဆောင် လုပ်တတ်တာကိုးဗျ။ ဘယ်လိုခေါ်မလဲ ရိုးသားတယ်။ စေတနာရှိတယ်။ အဓိကကတော့ ကျောင်းဆရာကိုးဗျ။ ကိုဘငြိမ်လို့သာခေါ်တာ အသက်က ၄၀ ကျော်လောက် ရှိနေပြီ။ ဒီလိုဗျ။ ဟိုတစ်လောက ရွာထဲမှာ လင်မယား ရန်ပွဲတစ်ခုဖြစ်တယ်။ ဟုတ်တာပေါ့။ ဒါက အထူးအဆန်းကြီးတော့ ဘယ်ဟုတ်မလဲ။ လင်မယားရန်ဖြစ်ပွဲဆိုတာ ရွာထဲမှာ ခဏခဏ ဖြစ်နေတတ်တာကိုး။ အဲဒီရန်ပွဲကတော့ မသေးဘူးဗျာ။ ကိုဘဇံတို့ လင်မယားရယ်။ လင်မယားနှစ်ယောက်လုံးကို အိမ်နီးချင်းတွေက ဆက်ပြီးရန်မဖြစ်ကြဖို့ ခွဲကြသေးတယ်။ ခွဲလေ ဆိုးလေဗျ။ လင်မယားနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဆဲနေလိုက်ကြတာ တော်တော်ကိုလွန်ပါတယ်။ ဘယ်လိုမှ ခွဲမရတော့ အိမ်နီးချင်းတွေကလည်း ဒီအတိုင်း ကြည့်နေကြတာ။ နောက်တော့ ယောက်ျားဖြစ်သူက သူ့မိန်းမကို ဓားနဲ့ခုတ်မယ်လုပ်တယ်။ သူ့မိန်းမကလည်း မခေဘူး။ အိမ်ထဲက ဓားမကြီးကို သွားယူပြီး ပြန်ခုတ်မယ် လုပ်သဗျာ။ အရပ်ထဲကလည်း ဘယ်သူမှ ၀င်မဆွဲရဲကြဘူး။ အဲဒီချိန်မှာ ကျောင်းဆရာ ကိုဘငြိမ် ရောက်လာတော့ “ဟေ့ ကိုဘဇံ ခင်ဗျား ဓားချလိုက်ပါ” တဲ့။ တစ်ခွန်းပဲ။ ကိုဘဇံက ဓားကို ချက်ချင်းပဲ ပစ်ချလိုက်သဗျာ။ “ဟေ့ မိငြိမ်း နင်လည်း ဓားကိုချလိုက်နော် ငါနှစ်ခါ မပြောချင်ဘူး” လို့ ကျောင်းဆရာ ကိုဘငြိမ်က ထပ်ပြောတော့ ကိုဘဇံမိန်းမကလည်း ဓားချလိုက်သဗျ။ အဲဒါနဲ့ပဲ ရန်ပွဲက ပြီးသွားတာပါ။ ပြောချင်တာက ကျောင်းဆရာ ကိုဘငြိမ်ဟာ အဲဒီလောက်တောင် ရွာထဲမှာ သြဇာညောင်းသဗျာ။ ထားပါတော့။ ရွာထဲကို အသစ်ရောက်လာတဲ့ ဟိုလူသစ်အကြောင်းကိုတော့ ဘုန်းတော်ကြီးက မသိရင်တောင်မှ ကျောင်းဆရာကိုဘငြိမ်ကတော့ သိလောက်တယ်ပေါ့။ ရွာထဲ အသစ်ရောက်လာတဲ့လူဟာ မနက်စောစော ဆိုင်ကယ်နဲ့ မြို့ပေါ်ကို တက်သွားတတ်တယ်။ ဒါကလည်း မြို့သွားတဲ့ လမ်းဘက်ကိုပဲ ဟိုလူက သွားတာကိုး။ ဘယ်သွားတယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် မြို့သွားတဲ့လမ်းဘက်ကိုပဲ ဆိုင်ကယ်နဲ့ ထွက်ထွက်သွားတော့ မြို့ပေါ်တက်သွားတယ်လို့ပဲ ပြောကြတာပါ။ သူ ဘယ်သွားတာလဲလို့ လိုက်ကြည့်တဲ့လူမှ မရှိပဲ။ ရွာနဲ့ မြို့က ဆိုက်ကယ်နဲ့ဆို မိနစ် ၃၀ လောက်ပဲ မောင်းရတာပါ။

ဖောက်ပြန်တယ်ဆိုတဲ့ဟာမှာ အမျိုးအစား အမျိုးမျိုးရှိတာပဲ။ လင်သားအပေါ် မိန်းမအပေါ်ဖောက်ပြန်တာ၊ လူ့အဖွဲ့အစည်း လူ့ကျင့်ဝတ်ကို ကျော်တာခွတာ မလိုက်နာတာ။ ဘာညာပေါ့။ ဖောက်ပြန်မှုဆိုတာကို အမျိုးစား ခွဲရမယ်ဆို မပြီးနိုင်ဘူးရယ်။ တကယ်တော့ အဲဒီလူကို ကြည့်ရတာ ကောင်းကောင်း မွန်မွန်ပါ။ ဟိုလမ်းထိပ်က ကောင်ပြောတာတော့ အဲဒီလူက တက်တူးကြီးနဲ့ဆိုပဲ။ ဒါလည်း အဲဒီကောင် ပြောတာပါ။ ဘယ်သူမှ သူ့တက်တူးကို သိတာမဟုတ်ဘူး။ မြင်ဖူးတာ မဟုတ်ဘူး။ သို့သော် ယုံကြည်တယ်ပေါ့လေ။ အဲဒီကောင်ကို။ နို့တက်တူးထိုးထားတိုင်း လူဆိုးသူခိုးဆိုတော့လည်း မဟုတ်။ တက်တူးထိုးခြင်းက ကိုယ်ကျင့်တရားနဲ့ ဘာမှမဆိုင်။ မုန့်ဟင်းခါးသည် ဒေါ်ညွန့်ပြောတာကတော့ သူ့နှုတ်ခမ်းမွေးတွေက ကြောက်စရာကြီး စကားပြောရင် အသံက မာလိုက်တာတဲ့။ ပြောသာ ပြောရတာ။ ဒေါ်ညွန့်က အဲဒီလူနဲ့ စကားပြောဖူးတာမှ မဟုတ်ပဲ။ ဘယ်လိုဖြစ်ဖြစ် အဲဒီလူဟာ ဖောက်ပြန်ရေးသမားလို့ တစ်ယောက်နား တစ်ယောက်ကြားပြီး ပြောကြတာပဲ။ အဲဒီလူက ဖောက်ပြန်ရေးသမားကြီးပေါ့လေ။ ဦးလေးမြတ်အိမ်က ဇယ်တောက်ခုံမှာဆို ရန်ပွဲတောင် ဖြစ်တယ်ဆိုပဲ။ အဲဒီဖောက်ပြန်ရေးသမားဆိုတဲ့ ကိစ္စနဲ့ပေါ့။ ပြဿနာက မောင်စိုးဆီက စတာ။ မောင်စိုးက စာလေးဘာလေး နည်းနည်းဖတ်တယ်။ ဟိုဖောက်ပြန်ရေးသမားဆိုတဲ့လူ စိမ်းကို “ဖောက်ပြန်ရေးသမားလို့ ပြောရအောင် မင်းမှာ ဘာသက်သေရှိလို့လဲ” တဲ့။ ဟို ငမူးသမား ထက်အောင်က “တစ်ရပ်ကွက်လုံး ကလေးလူကြီးမကျန် အားလုံးသိတာ မင်းမသိဘူးဆိုတော့ ညံ့တာပေါ့” လို့ ပြောရာကနေ မောင်စိုးက လူတစ်ယောက်ကို ဒီလို အကျိုးမဲ့အကြောင်းမဲ့ မပြောသင့်ကြောင်း အစချီပြီး တရားဟောတော့ ဟိုကောင်က ထိုးတယ်ဆိုပဲ။ ထက်အောင်က နည်းနည်းမူးနေတာ အဲဒီတုန်းက။ မောင်စိုးနဲ့ ထက်အောင် ဆိုတာကလည်း ငယ်သူငယ်ချင်းတွေပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလူဟာ ဖောက်ပြန်ရေးသမားဆိုတဲ့အကြောင်းက ရွာထဲအပြောများနေတာ အမှန်ပဲ။ ဟိုတစ်လောက ရွာထဲမှာ အသက် ၈၀ ကျော် ဘွားတော်ကြီး ဒေါ်ခဆုံး သွားရှာတယ်။ သက်ကြီးရောဂါပါပဲ။ ဖြစ်ချင်တော့ အဲဒီလူစိမ်းနေတဲ့ အိမ်နဲ့ ဆုံးသွားတဲ့ ဒေါ်ခတို့ အိမ်က သုံးလေးအိမ်လောက်ပဲ ခြားတာ။ ရွာထဲကို အသစ်ရောက်လာတဲ့လူကို ပြောတာပါ။ သိတဲ့အတိုင်း သုံးလေးအိမ် ခြားတယ်ဆိုတာက ဒီလိုရွာမှာတော့ နီးနီးလေးလို့ ပြောရမယ်ဗျ။ ဒေါ်ခကြီးဆုံးတော့ ဘုန်းတော်ကြီးကပဲ ဦးဆောင်ပြီး အသုဘလုပ်ရတာ။ ဆုံးသွားတဲ့ ဒေါ်ခကြီးမှာ သားသမီးမှ မရှိပဲကိုး။ ဒီတော့ ဘုန်းတော်ကြီးက ဦးဆောင်လုပ်ရတာ။ ငါမှ မလုပ်ရင် မဖြစ်ချေဘူးလို့ တွေးမိသလားတော့ မသိပါဘူး။ ဦးဆောင်တယ်ဆို တာကလည်း “ဟေ့ ငတင့်ကို  ခေါ်စမ်း။ကျောင်း ဆရာလေးကို ခေါ်လိုက်စမ်း” လို့ ဘုန်းတော်ကြီးက ကပ္ပိယကြီးကို မိန့်လိုက်တာပါပဲ။ ငတင့်ဆိုတာက ရွာသူကြီးပဲ။ အခုခေတ်အခေါ်ဆိုရင်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးပဲ ဆိုပါတော့။ ဒါနဲ့ပဲ သူကြီးငတင့်ရယ် ကျောင်းဆရာ ကိုဘငြိမ်တို့ ဘုန်းတော်ကြီးနဲ့ သွားတွေ့ပြီး ပြန်လာ ကြတယ်ဆိုပါတော့။ ညကျ အသုဘအိမ်မှာ ဖဲဝိုင်းကလေးလည်း ထောင်ကြသပေါ့။ ကလေးတွေကလည်း ဆော့လို့။ ဇယ်တောက်ခုံကလေးလည်း ရှိတယ်။ သူကြီးငတင့်တို့၊ ကျောင်းဆရာ ကိုဘငြိမ်တို့ဝိုင်းက တစ်ဝိုင်း။ ၀ိုင်းကလေးတွေ ကိုယ်စီပေါ့။ ကာလသားတွေကလည်း အသုဘအိမ်ထဲမှာ ခွက်ပုန်းလေးတွေနဲ့။ လက်ဖက်သုပ်ကလေး ပဲကြီးလှော်ကလေး ၀ါးကြလို့။ အဲဒီမှာ ခပ်ထွေထွေဖြစ်နေတဲ့ ကိုသာအေးကြီးက ဟိုလူစိမ်းအကြောင်း အပြောများနေကြတဲ့ ဖောက်ပြန်ရေးသမားဆိုတဲ့ လူသစ်အကြောင်းကို စလိုက်တာပဲ။ “အဲဒီကောင် လာသလား” တဲ့။ သူ့နားမှာထိုင်ပြီး သူ့လိုပဲ ခပ်ထွေထွေဖြစ်နေတဲ့ ၀င်းမောင်က ပြန်ပြောတယ်။ “လာတာ မတွေ့ဘူး” တဲ့။ “အလကားပါ သာအေးရာ အဲဒီကောင်ဟာ လူမှုရေးဘာ ညာသိတတ်မှာ မဟုတ်ဘူး” တဲ့။ “ဒီလောက် အိမ်နီးတာတောင် မလာဘူး” တဲ့။ အဲဒီကနေ တစ်ဝိုင်းပြီးတစ်ဝိုင်း ဟိုလူစိမ်းအကြောင်းကို ပြောကြကုန်ရော။ တကယ်က သူ့အကြောင်း ပြောစရာဆိုလို့ ဘာမှ မရှိဘူးရယ်။ နောက်တော့ သူကြီးတို့ ကျောင်းဆရာ ကိုဘငြိမ်တို့ ၀ိုင်းထဲကို လူစိမ်းအကြောင်းက ရောက်သွားတယ်။ ကျောင်းဆရာကိုဘငြိမ်က ပြောတယ်။ “သူ မအားလို့နေမှာပဲ။ ဒါမှမဟုတ်လည်း အသိမရှိတော့ မလာတာနေမှာပေါ့” လို့ပဲ ခပ်အေးအေးပြန်ဖြေတယ်။ သူကြီးက ကျောင်းဆရာ ကိုဘငြိမ် ဖြေတာကို သိပ်တော့သဘောမကျပေမယ့် ဘာမှပြန်မပြောဘူး။ အဲဒီအသုဘမှာ လူဟိုစိမ်းအကြောင်းက မကောင်းတာပဲ များပါတယ်။ သူ့မှာ နေရင်းထိုင်ရင်း လူမှုရေး မသိတတ်တဲ့ကောင် ဘာညာကွိကွပေါ့လေ။

ပဲပြုတ်ရောင်းတဲ့ အမေအေးကတော့ ပြောတယ်။ “ဘာဖောက်ပြန်တာလဲဆိုတာတော့ မသိပါဘူးဟယ်။ အားလုံးက သူ့ကို ဖောက်ပြန်ရေးသမားလို့ ပြောကြတာ။ ဘာဖောက်ပြန်လို့လဲ မေးကြည့်တော့ တစ်ယောက်တစ်ပေါက်ပါအေ” တဲ့။ “လူတစ်ဖက်သားကို အဲဒီလိုပြောတာ မကောင်းပါဘူး” တဲ့။ အဲဒီ လူစိမ်းဟာ အမေအေးပဲပြုတ်ကို ၀ယ်တတ်တယ်။ ဒါပေမဲ့ စကားတော့ မပြောဘူး။ ခပ်တည်တည်ပဲ။ အေးအေးဆေးဆေးပါပဲ။ အမေ အေးဆီက ပဲပြုတ်ဝယ်တယ်။ အမေအေးက ပဲပြုတ်ထည့်ရင်း လူစိမ်းကို အကဲခတ်တယ်။ ဟိုကဖြင့် အေးအေးဆေးဆေးပဲ။ အမေအေးကိုတောင် မကြည့်ဘူး။ အမေအေးဆီကပဲ ပြုတ်ရတာနဲ့ ၁၀၀ တန်ကလေး ထုတ်ပေးတယ်။ ပြီးတော့ အမေအေးကို လှည့်မကြည့်တော့ဘူး။ အိမ်ထဲ တန်းဝင်တာပဲ။

ရွာထဲမှာ အဲဒီဖောက်ပြန်ရေးသမားကိစ္စက ပြောလို့ကောင်းကြတုန်းပဲ။ ဟိုညဘက်ဆို ကလေးတွေအပြင် မထွက်ခိုင်းနဲ့။ ကောင်မလေးတွေ ညဘက် မထွက်နဲ့ဆိုပဲ။ တစ်ခါက ကလေးတွေရဲ့ပညာရေးကျောင်း ပြန်ပြင်ဖို့ ဘာညာအစည်းအဝေးတစ်ခုရှိတယ်။ မိဘဆရာ အစည်းအဝေးလို့ ပြောရမလားပဲ။ ဒါကလည်း မြို့ပေါ်ကလို ဟိတ်ကြီးဟန်ကြီးနဲ့ မဟုတ်ပါဘူး။ သူကြီးငတင့်အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီးဆွေးနွေးကြတာပါ။ ကျောင်းဆရာကိုဘငြိမ်က ဦးဆောင်တာပေါ့။ ရေနွေးကြမ်းနဲ့ ပဲကြီးလှော်နဲ့ပေါ့။ ကျောင်းကိစ္စတွေ ပြောလို့ ဆိုလို့ပြီးတော့ စကားဝိုင်းဟာ ရပ်ရေးရွာရေးတွေ ဘာတွေ ရောက်သွားတယ်။ အဲဒီမှာ ဟိုလူစိမ်းအကြောင်းလည်း ရောက်သွားတယ်။ ရွာစွန်နားက ဦးဘဟန် ပြောတာတော့ “ဒီကိစ္စကို ဒီတိုင်းထားလို့ မရတော့ဘူး။ ရွာမသန့်ဘူး။ ဖောက်ပြန်ရေး သမားကို ဒီတိုင်းမထားနိုင်ဘူး” ဆိုပဲ။ “အဲဒီတော့  ခင်ဗျားက ဘာလုပ်ချင်သလဲ” လို့ ကျောင်းဆရာကိုဘငြိမ်က မေးတော့ ဦးဘဟန်ဟာ ဘာမှမပြောတော့ဘူး။ ကျောင်းဆရာ ကိုဘငြိမ်က ဆက်ပြောတယ်။ “ဖောက်ပြန်ရေးသမားလို့ ဘယ်သူက ပြောသလဲ။ ဘာလို့ ပြောနိုင်သလဲ။ သက်သေအထောက်အထားရှိသလား” မေးတော့ ဦးဘဟန်က မျက်နှာငယ်လေးနဲ့။ “ပြောကြတာပဲ ဆရာလေး ကျုပ်မသိဘူး” တဲ့။ တစ်ဝိုင်းလုံး တိတ်သွားတယ်။ ကျောင်းဆရာကိုဘငြိမ်ကို ၀ိုင်းကြည့်နေကြတာ။ “ခင်ဗျား မသိတဲ့ဟာကို ဘာလို့ ပြောသလဲ။ လူတစ်ဖက်သားကို အဲဒီလို ပြောကြဆိုကြတာတွေက မကောင်းပါဘူး။ ရွာကို သူဒုက္ခပေးသလား။ ခင်ဗျားတို့ တွေ့ဖူးတာရှိလား” လို့ အသံခပ်ကျယ်ကျယ်နဲ့ မေးတော့ အားလုံးငြိမ်လို့။ နောက်တော့ ကျောင်းဆရာ ကိုဘငြိမ်က ဆက်ပြောတယ်။ “အဲဒီလူဟာ ကျုပ်သိသလောက်တော့ စကားမပြောတတ်တဲ့လူပါ။ မွေးကတည်းက မပြောတတ်တာ။ အဲဒါကို ဘုန်းတော်ကြီးက မိန့်မှ ကျုပ်လည်းသိရတာ။ ခင်ဗျားတို့ ပြောကြဆိုကြတာတွေက လွန်နေပြီ” လို့ ပြောပြီးထပြန်ရော။ တစ်ဝိုင်းလုံးတိတ်လို့။

ဘာဖြစ်ဖြစ် ဖောက်ပြန်ရေးသမားကြီး ဆိုသူတွေရယ်၊ မဟုတ်လောက်ဘူးဆိုတဲ့ လူတွေရယ် ရွာထဲမှာတော့ ငြင်းနေကြတုန်းပဲ။ အများစုကတော့ ကျောင်းဆရာကိုဘငြိမ် ပြောတာကို ယုံကြပါတယ်။ သို့ပေမဲ့ ဒါကိုပဲ မယုံဘူးဖြစ်နေကြတာ။ သံသယပေါ့။ ဟိုလူကလည်း အေးဆေးပဲ။ မနက်ပိုင်း ဆိုင်ကယ်နဲ့ ထွက်သွားပြီး ညဘက်ကျ ပြန်လာတတ်တယ်။ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ပုံပဲ။ အချိန်တွေသာ ကုန်သွားတယ်။ အဲဒီဖောက်ပြန်ရေး သမားဆိုတဲ့ လူကလည်း အရင်အတိုင်းပဲ။ မနက်ဆို ဆိုင်ကယ်ကြီးနဲ့ ထွက်သွား၊ ညနေဘက်ဆို ပြန်လာမြဲ။ ရွာထဲသူ့ကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ် မကြားရပါဘူး။ တချို့ကတော့ သူဟာ အချိန်ကောင်း စောင့်နေတာပါတဲ့။ တချို့ကတော့ မဟုတ်လောက်ပါဘူးလေ မဖြစ်လောက်ပါဘူးတဲ့လေ။ တချို့က ယုံတချို့က မယုံ။

မုန်တိုင်းလာပြီးတဲ့ခါ မုန်တိုင်းထပ်လာဖို့  အခြေအနေမရှိတော့တာ ဖြစ်နိုင်သလို ထပ်လာတာလည်း ဖြစ်နိုင်တာပါပဲ။ လူတွေကတော့ ဒီလိုပါပဲ မေ့တေ့တေ့ရယ် ကြာလာတော့။ အင်း။ ဖောက်ပြန်ရေးသမားဆိုတာ ဖောက်ပြန်ရေးသမားဆိုတာ။

April 11, 2018














Copy Protected by Chetan's WP-Copyprotect.