w ပီကာဆိုနှင့် ကျွန်တော့်ပုံတူ - Eleven Media Group <

ပီကာဆိုနှင့် ကျွန်တော့်ပုံတူ

ကျွန်တော် ပြောချင်သည်များထဲမှ မိမိကိုယ်ကိုယ် ရှုမြင်ပုံအချို့ကို ပြောလိုပါသည်။ ကျွန်တော် စာရေးရာတွင် လိုက်နာသော အချက်ရှိပါသည်။ ယင်းမှာ နှစ်လိုဖွယ်ကောင်းအောင် ဖန်တီးခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ပီကာဆို၏ ပန်းချီကားများကို ကြိုက်နှစ် သက်ပါသည်။ ယခုအခါ ဘာကြောင့် ပီကာဆိုကို ကြိုက်နှစ်သက်ရကြောင်း ဆက်စပ်စဉ်းစားမိပါသည်။ ကျွန်တော် ကျောင်းသားဘ၀က လေ့ကျင့်ခန်းစာအုပ်များ မှတ်စုစာအုပ်များ၌ ရေးသားရာတွင် မျဉ်းကြောင်းနှစ်ကြောင်း၏ အလယ်၌ စာရေးပါသည်။ ရက်စွဲတပ်ရာတွင် ၁၉၉၀ ဧပြီ ၂၀ ရက် စသည် ဖြင့် ခုနှစ်ကိုရှေ့မှာ ထားပြီး ရက်ကို နောက်မှာထားကာ ရေးပါသည်။ စာသင်ချိန် မှတ်စုရေးရာတွင် ဘေးမျဉ်း (မာဂျင်) မပါဘဲ ရေးသည်။ ထိုစဉ်က ကျွန်တော် ၁၀ တန်းကျောင်းသားဖြစ်သည်။ ကျွန်တော့်လက်ရေးမှာ ၀ဆွဲနှင့် အသတ်များကို တြိဂံပုံစံဖြစ်အောင် အပင်ပန်းခံ လေ့ကျင့်ကာ ရေးပါသည်။ စလုံးရေးရာတွင် ထိုစဉ်က ၀တ်ဆံကို ထောင့်ချွန်ပုံစံဖြစ်အောင် ရေးယူပါသည်။ ကျွန်တော်သည် ထိုသို့ ရေးသားရခြင်းများကို နှစ်သက်ပျော်မွေ့ပါသည်။ နောင်အခါတွင် ထိုသို့သော လက်ရေးများ ရေးနိုင်သွားပါ သည်။ ကျွန်တော်၏ လက်မှာ ညာသန်ဖြစ်ပါသည်။ သို့ရာတွင် ခြေထောက်မှာ ဘယ်သန် ဖြစ်နေပါသည်။ ကျွန်တော် ဘောလုံးကန်လျှင်၊ ခြင်းခတ်လျှင် ဘယ်ခြေနှင့်ဖြစ်ပါသည်။ ကျွန်တော့်ကို ဤသို့ ထုတ်လုပ်ထားပါသည်။ ကျွန်တော် ၁၀ တန်း ကျောင်းသားဘ၀က လက်ရေးတစ်ခုနှင့်တစ်ခု မတူ၍ ဆရာမပြောပါသည်။ ကျွန်တော်သည် ဘယ်ဘက်ကို စောင်းနေသော လက်ရေး၊ ညာဘက်ကို စောင်း နေသော လက်ရေး၊ တည့်တည့်မတ်မတ် ရှည်မျောမျော လက်ရေးများကို ရေးပြရပါသည်။

ကျွန်တော် ကျောင်းသားဘ၀က ဖတ်စာအုပ်ထောင့်အနီးတွင် စာမျက်နှာတစ်ခုချင်း လူရုပ်ပုံသေးသေးကလေးများကို ရေးပါသည်။ ထိုလူရုပ်ပုံကလေးသည် ဖတ်စာအုပ်ကို  လက်မဖြင့် ဖိလှန်ပြီး ကြည့်လိုက်သောအခါ လှုပ်ရှား အသက်ဝင်လာပါတော့သည်။ ယင်းနောက် ပန်းချီပန်းပုကျောင်းသို့ ကျွန်တော် တက်ရောက်သောအခါ ပီကာဆိုကို တွေ့ရပါတော့သည်။ ကျွန်တော် ပီကာဆိုကို ကြိုက်နှစ်သက်သွားပါသည်။ သူသည် ကျွန်တော်၏ ပန်းချီဆရာဖြစ်ပါသည်။ သူသည် လူတစ်ယောက်၏ ပင်ကိုဖြစ်ခြင်းကို အံ့သြဖွယ် ပြောပြနိုင်သူဖြစ်ပါသည်။ သူ့ကြောင့် ခေတ်ကြီးသည် ရှေ့သို့ သုံးမီတာခန့် ရွေ့သွားပါသည်။ စစ်ကြီးပြီးသွားပြီး လူအများ အိပ်မက်မှ လန့်နိုးလာကြပါသည်။ ဆော့သ်ဘီလေလံတင်ခန်းမသည် ရယ်မောနေပါသည်။ နောက်ထပ် ပီကာဆိုတစ်ဦး ထပ်မံပေါ်ပေါက်လာနိုင်စရာ မရှိတော့ပါ။ “ကျွန်တော်ရဲ့ လက်ကို လေထဲမှာ ဝှေ့ရမ်းပြီး စာမျက်နှာပေါ် ခုတ်မောင်းလိုက်ရတော့တာပဲဗျာ” ဟု ကျွန်တော် ရေးနိုင်ခဲ့သည်။ ယင်းမှာ ပီကာဆို၏ ဟန် ဖြစ်ပါသည်။ ကျွန်တော်သည် လမ်းဘေးအရက်ဆိုင်မှ အညိုရောင်ဖန်ခွက်ပြတ်များကို ခိုးယူလာခဲ့ပါသည်။ ယင်းတို့ကို ပန်းချီရေးဆွဲရာတွင် အသုံးပြုရန် ရည်ရွယ်ပါသည်။ ကျွန်တော်သည် မြို့၏လမ်းမများ၌ လျှောက်သွားပါသည်။ မြင်ကွင်းများသည် ရေးဆွဲရန် ကောင်းမွန်သော အထားအသိုဖြင့် တည်ရှိနေကြပါသည်။ ကျွန်တော်သည် လူပုံရေးဆွဲရာတွင် နှာခေါင်းနှင့် သစ်ပင် ရေးဆွဲရာတွင် သစ်ရွက်ကို မရေးတတ်ပါ။ ယခုထက်ထိဖြစ်ပါသည်။ သို့ရာတွင် ကိစ္စမရှိ။ ဒြပ်ထုများကို မည်ကဲ့သို့ ထားသိုရမည်ကို ကျွန်တော် နားလည်နေပါပြီ။ စက္ကူဖြူတစ်ရွက်ဖြစ်စေဦးတော့ အစက်ကလေးကို  မည်သည့်နေရာတွင် ချရမည်ကို ကျွန်တော်သိပါသည်။ ကျွန်တော် လူငယ်ဘ၀ စပ်ကူးမပ်ကူးက မိမိကိုယ်ကိုယ်မိမိ ယုံကြည်ခြင်းနှင့် မိမိကိုယ်ကိုယ် အထင်ကြီးခြင်းတို့ ရောပြွမ်းနေခဲ့ပါသည်။ ထိုစဉ်က အော်စကာဝိုင်းသည် ကျွန်တော်၏ ဒဿနဆရာဖြစ်ပါသည်။ နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် ရွေ့သွားသောအခါ ကျွန်တော်သည် ကျိုးကျိုးနွံနွံ ဖြစ်သွားပါသည်။ ကျွန်တော်သည် ပြင်းထန်သော ဖိအားကြီးအောက်မှ ကျိုးကျိုးနွံနွံ ထွက်လာနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော် ပန်းချီပန်းပုကျောင်းတွင် တက်ရောက်နေခဲ့စဉ်က ကျွန်တော့်ကို ဆရာများက ကောင်းစွာ မျှော်လင့်ခဲ့ကြသည်။ ပီကာဆို သည် စက္ကူဖြူကို အပေါက်နှစ်ပေါက် ဖောက်၍ သူ့မျက်နှာမှာ ကပ်ကာ ကျွန်တော့်ကို ကြည့်နေသည်။ သူသည် နေမင်းကို လေးထောင့်ပုံစံ မြင်ရသည်ဟု ပြောခဲ့သည်။ ကျွန်တော်သည် တကယ်မဖြစ်နိုင်သည်များကို မြင်နေရပါသည်။ ယင်းမှာ ပီကာဆို၏ ပန်းချီကားများ ဖြစ်ပါသည်။ ကျွန်တော့်ဆရာက ကျွန်တော့်ကို ရှင်းပြနေသည်။ “ပီကာဆို ရှင့်ရဲ့ ငါးဆိုတဲ့ ပန်းချီကားထဲမှာ ငါးက ဘယ်မှာလဲ” ။ ပီကာဆိုက ပြန်ပြောသည်။ “ဟုတ်ကဲ့ မဒမ် အဲဒါ ငါးမဟုတ်ဘူး။ ပန်းချီကားပါ”။ ပီကာဆို၏ ပန်းချီ ကားများကို လေ့လာရာတွင် အ၀ါရောင် ခေတ်၊ ပန်းရောင်ခေတ်၊ အပြာရောင်ခေတ် ဟူ၍ ခွဲခြားလေ့လာကြသည်ဟု ဆိုပါသည်။ ပီကာဆို ပန်းချီရေးဆွဲရာတွင် လွှမ်းမိုးသော အရောင်များသည် ထိုကဲ့သို့ ပိုင်းဖြတ်ဖြစ်ပေါ်စေခဲ့သည်ဟုလည်း ဆိုပါသည်။ ကျွန်တော်သည် ပီကာဆို၏ အပြာရောင်ခေတ်ကို မြင်တွေ့ခဲ့ပါသည်။ သူတောင်းစားအဘိုးအိုသည် ငုံ့ကိုင်းကွေးညွတ်၍ ကျိုးနွံစွာဖြင့် ဂီတာကို တီးနေပါသည်။ ယင်းသည် အပြာရောင်ခေတ် လက်ရာတစ်ခုဖြစ်ပါသည်။ ပန်းချီကားကို ‘သူတောင်းစားအဘိုးအို’ဟု အမည်ပေးထား သည်။ ကျွန်တော်သည် ၁၅  ဒေါ်လာတန် ပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့သည်။ တစ်ထွာသာသာ စက္ကူပေါ်တွင် ရေဆေးအပြာ တစ်ရောင်တည်းဖြင့် ရေးဆွဲထားသော ပုံဖြစ်သည်။ ကုဗပန်းချီရေးဟန်ဖြင့် မိခင်မှ သား ငယ်ကို ထွေးပွေ့ထားသည့် ပန်းချီကားဖြစ်ပါ သည်။ မင်းကွန်းဘက်ရှိ အညာသားပန်းချီ ပြခန်းမှ ထိုပန်းချီကားကို ၁၅ ဒေါ်လာဖြင့် ရောင်းချခဲ့သည်။ “၀ယ်ယူသွားတာက ပြင်သစ်ကဗျ”ဟု ပြခန်းပိုင်ရှင်က ကျွန် တော့်ကို ပြောပါသည်။ ကျွန်တော်သည် ၁၅ ဒေါ်လာ တန် ပန်းချီကားရေးဆွဲခဲ့ပြီးနှစ်များ လွန်ခဲ့သည့်တိုင် ပန်းချီမရေးဖြစ်ခဲ့ပါ။ မှန်ပါသည်။ ဆော့သ်ဘီလေလံခန်းမသည် ရယ်မောနေပါသည်။ ကျွန်တော် ဘာမျှမတတ်နိုင်ပါ။ စက္ကူဖြူ ဖြူပေါ်တွင် အစက်ကလေး မည်သည့်နေရာ တွင် ချရမည်ကို နှစ် ၂၀ ခန့်ကြာမှ ကျွန်တော် သိလာခဲ့ခြင်းဖြစ်ပါသည်။ ပီကာဆိုသည် အောင်မြင်သော လူသားဖြစ်ပါသည်။ “အောင်မြင်မှု၏ ယစ်မူးတတ်သော သေရည်ကို ရေ ရောပစ်ရန် ကျွန်ုပ် သဘောမတူပါ”ဟု ကဗျာ ဆရာနေမော်ဟိန်းက ပြောနေပါသည်။ ပိုစတာကြီးတစ်ခုကို ကျွန်တော် ရေးဆွဲခဲ့ရသည်။ ထိုပိုစတာကြီးကို ထရပ်ကားဖြင့်တင်ပြီး မြို့၏မြောက်ဘက်တွင်ရှိ ပွဲတော်တစ်ခုသို့ သယ်ဆောင်သွားပါသည်။ ပီကာဆိုကို ကျွန်တော် မမေ့ပါ။ ဓာတ်ပုံထဲတွင် ပီကာဆိုသည် ကမ်းခြေ၌ လမ်းသလားနေပါသည်။ သူ၏ဦးခေါင်းမှာ ကြီးမားပါသည်။ “အမေ ကျွန်တော့်ကို မွေးတုန်းက တော်တော် ဆင်းရဲဒုက္ခရောက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဦးခေါင်းက ကြီးနေတာကိုး”။ မောင်ဒေးက နိုင်ငံရပ်ခြားကဗျာတစ်ပုဒ်ကို ပြောပြနေပါသည်။ ကျွန်တော် ပထမဆုံးရေးဆွဲသောပုံတူမှာ ခင်မင်ရသော အမျိုးသမီးတစ်ဦး၏ပုံဖြစ်သည်။ ကျွန်တော် ဒုတိယ ရေးဆွဲသောပုံတူမှာ အမေ့ပုံဖြစ်ပါသည်။ အမေသည် နုတ်ကပတ်တော်များ ရွတ်ဆို၍ ဘုရားဝတ်ပြုနေပုံကို ရေးဆွဲထားခြင်းဖြစ်ပါသည်။ “ဒါ အမေ့ပုံ လား”ဟု အမေက မေးပါသည်။ ကျွန်တော် ပန်းချီကျောင်းသားဘ၀က ဘကြီးတစ်ဦး၏ ပုံတူကို ခဲဖြင့် ရေးဆွဲပေးခဲ့ဖူးသည်။ ဒုတိယနှစ် အတန်းတက်နေချိန်တွင် ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော် ရေးဆွဲပေးသော သူ့ပုံတူ ကိုကြည့်၍ “ငါက ဒီ ပုံစံလားကွ၊ မင်းပန်းချီပုံ မင်းပြန်ယူသွား”ဟု ဆိုပါသည်။ ဘကြီး စိတ်တိုနေပါသည်။ ကျွန်တော် ဘာမျှ မတတ်နိုင်ပါ။ အနုပညာလက်ရာ ဖန်တီးချိန်နှင့် အောင်မြင်မှုရယူချိန်၌ ပီကာဆိုအဖို့  တစ်ဆက်တည်းလိုလိုပင်ဖြစ်ပါသည်။ ယင်းသည် သူ၏ အခြား ပန်းချီဆရာများနှင့် ကွာခြားချက်လည်း ဖြစ်ပါသည်။ ဖဲထုပ်ထဲမှ ဖဲချပ်တစ်ချပ်ကို ဆွဲယူလိုက်ပါက တက်လာသောဖဲမှာ ဦးထုပ် ပျော့ဆောင်း၍ ပြုံးရယ်နေသော လူရွှင်တော် ပုံကို တွေ့ရပါသည်။ ယင်းသည် ပီကာဆိုဖြစ် ပါသည်။ ယင်းသည် ဂျိုကာ ဖြစ်ပါသည်။ ကျွန်တော်သည် ဇနီးဖြစ်သူနှင့် နှစ်ယောက်တည်း ဖဲကစားခဲ့စဉ်က ကျွန်တော် နားမလည်သောအချက်များကို သူမက ရှင်းလင်းပြောပြ ပေးပါသည်။ ထိုစဉ်က ကျွန်တော်တို့နှစ် ယောက်မှာ ရည်ငံနေကြချိန်ဖြစ်သည်။ ကျွန်တော်သည် ဖဲထုပ်ထဲမှ ဖဲချပ်တစ်ချပ်ကို ဆွဲယူလိုက်သောအခါ ဂျိုကာ တက်လာပါသည်။ ယင်းဖဲကိုကြည့်ပြီး ကျွန်တော်က မ၀င်းမေကို ပစ်ပေးလိုက်သည်။ ကျွန်တော့်ပစ်ဖဲကို ကောက်ယူ၍ မ၀င်းမေ ဒေါင်းသွားပါ သည်။ ဂျိုကာသည် ဦးထုပ်ပျော့ချွန်ချွန်ကို ဆောင်းထားပြီး အဖျားတွင် သိုးမွေးပွအလုံးကလေး ရှိနေပါသည်။ ဂျိုကာသည် လက်နှစ်ဖက် မြှောက်၍ ရယ်နေပါသည်။ သူသည် ပီကာဆို ဖြစ်ပါသည်။ ယင်းသည် ကျွန်တော်၏ အမှတ် ရချက်လည်း ဖြစ်ပါသည်။

April 11, 2018














Copy Protected by Chetan's WP-Copyprotect.