အပြောင်းအလဲကို လိုချင်သည်

အပြောင်းအလဲကို လိုချင်သည်
Published 10 April 2018

နံနက်စာ စားအပြီး တယ်လီဖုန်းသံကြားရလို့ နားထောင်လိုက်တော့ အိမ်ရှင်ဆီက ဖြစ်နေပါတယ်။ ဒီလထဲ မခေါ်ပါစေနဲ့လို့ ဆုတောင်းပေမယ့် မပြည့်တော့ပြီ။ အိမ်အငှားစာချုပ် ရက်စေ့ခါနီးတိုင်း ရင်ထဲတထိတ်ထိတ်နဲ့ အိပ်မပျော်ဖြစ်နေရတဲ့ အချိန်တွေက ကြာရှည်လှပါတယ်။ အိမ်တစ်ခါငှား ခြောက်လစာချုပ် ချုပ်ပြီးရင်တော့ အချိန်က အကုန်မြန်လိုက်တာလို့ ညည်းရင်း မကြာခင် နောက်ခြောက်လ စာချုပ်ကာလ ရောက်တော့တာပါပဲ။

စာချုပ်စေ့ပေမယ့် ဖုန်းမခေါ်ရင် အေးအေးဆေးဆေးမှ နောက်ထပ်စာချုပ်နဲ့ ပိုက်ဆံကို လာယူမယ့်သဘော ဖြစ်တယ်။ ခုတော့ စာချုပ်မစေ့ခင် တစ်လကျော် ကြိုဆက်ကတည်းက အိမ်ပြောင်းခိုင်းတော့မယ်ဆိုတာ သိနှင့်ပြီးနေပြီလေ။

ဒီတိုက်ခန်းလေးက သားငယ်ရဲ့ ဆရာမ နယ်ပြောင်းသွားလို့ငှားတော့ အသိပွဲစားက တစ်ဆင့် အငှားချခဲ့တာပါပဲ။ အိမ်ငှားဖို့ စာချုပ်ချုပ်တော့မှ သားဆရာမမှန်း သိကြပါတယ်။ ဆရာမရဲ့ တချို့ မသယ်နိုင်တဲ့ပစ္စည်းတွေလည်း ထားခဲ့ချင်တာနဲ့ အတော်ပါပဲလေ။ ကိုယ်တွေကတော့ ပွဲစားကို ထုံးစံအတိုင်း လခတစ်ဝက်စာ ပေးခဲ့ရပါတယ်။ နောက် ခြောက်လနေတော့ ဆရာမက ဖုန်းဆက်ပြီး ပွဲစားနဲ့ ဘာမှ မပြောခိုင်းဘဲ စာချုပ်ကို ရက်စွဲတိုးဖို့ ပြောပါတယ်။ အဲဒီလိုလုပ်ပေမယ့် ပွဲစားက တကျီကျီ လာတောင်းနေလို့ နားငြီးတာနဲ့ သုံးသောင်း ထုတ်ပေးလိုက်ရပါသေးတယ်။ တကယ်တမ်း အိမ်အသစ်ပြောင်းမယ်ဆိုလည်း ဒီပွဲစားတွေကိုပဲ ပြန်ချိတ်ရတာပါပဲ။ ဒီဆရာမတိုက်ခန်းလေးမှာ သုံးနှစ်လောက် နေခဲ့ရတာကိုပဲ ကျေးဇူးတင်ရပါတယ်။ ကိုယ်တွေ နေခဲ့သမျှ တစ်နှစ်နဲ့ ပြောင်းရ တစ်နှစ်ခွဲနဲ့ ပြောင်းရနဲ့ ကျောင်းပြီးကတည်းက အိမ်ပေါင်း၂၀ အကျော်မှာတော့ ထပ်မရေတွက်တော့ပြီ။

အိုးအိမ်နံဖြစ်တဲ့ တနင်္ဂနွေဂြိုဟ်က ညံ့တယ်ဆိုကြတာပဲလေ။ ဘာဂြိုဟ် ကောင်းကောင်း မကောင်းကောင်း ကိုယ်ရှာမှ နေစရာ အိမ်ရမှာမို့ အိမ်ရှာထွက်ရပါတော့မယ်။

ဖုန်းစာအုပ်တွေထဲက ပွဲစားတွေရဲ့ လိပ်စာတွေ ပြန်ဆက်ပြီး မေးမြန်းတော့ တချို့ကလည်း လက်ငင်းငှားစရာက မရှိသေးတဲ့။ နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းတွေ မေးမြန်းကြည့်တော့ တပေါင်း တန်ခူးမှာ ငှက်တောင် အသိုက်မပြောင်းကောင်းဘူး ပြောကြလေရဲ့။ ငှက်က သူ့ဘာသာ ပြောင်းပြောင်း မပြောင်းပြောင်း ပူစရာမလို။

လူတွေလို အိမ်လခလည်း မပေးရ၊ ကျောင်းနေတဲ့ ကလေးတွေအတွက် ကျောင်းနီးလား ကြည့်စရာမလို၊ ရုံးသမားတွေ ဈေးနီးလား ကားမှတ်တိုင်နီးလား လူကြီးအတွက် အထပ်မြင့်တက်ရမလား ကြည့်ဖို့လိုတာ မဟုတ်။ ကိုယ့်မှာ ဒီနေရာက ဆင်းရင် ကလေးတွေနဲ့ နေစရာက မရှိ။ ကပ်နေစရာ အမျိုးဘုန်းကြီးလည်း မရှိ။ အမျိုးထဲမှာကိုပဲကိုယ်က ပထမဆုံး ရန်ကုန်မှာ ခြေချတဲ့သူဆိုတော့ တောကအမျိုးတွေကတော့ ကိုယ့်ကို လပေါ်ခြေချတဲ့ နီးလ်အမ်းစထရောင်းလောက်ကို အထင်ကြီးကြလေရဲ့။

ပွဲစားနဲ့ အိမ်ကြည့်မယ်လို့ ချိန်းတော့ သားကျောင်းပြန်ချိန် ညနေဘက်ကို သားအမိအတူ သွားကြတယ်။

လက်ဖက်ရည်ဆိုင်ထိုင်ပြီး ခဏစောင့်ဦးဆိုရင်း နောက်ပွဲစားတစ်ယောက်ကို ချိတ်နေပါတယ်။ ဒီနယ်အပိုင် ပွဲစားလာတော့မှ သူ့သော့နဲ့ တိုက်ခန်းကို  လိုက်ပြပါတယ်။ တက်ရတာ ခုနစ်လွှာထိပ်ဆုံးအထိ ဟောဟဲဆိုက်ရော။ ကိုယ်နေတာက အလွန်ဆုံး ငါးလွှာကိုး။ နေရာလေးကတော့ မဆို၊ အောက်ဆင်းရင် လမ်းမကြီးပေါ်က ကားဂိတ်နဲ့ ကပ်လျက်သားပါပဲ။ ဒါပေမဲ့ အိမ်ရှေ့ထွက်ကြည့်တော့ မျက်နှာချင်းဆိုင် လမ်းမဘက်ခြမ်းမှာ အများသုံး အိမ်သာကို တွေ့နေရတာက စိတ်ထဲတစ်မျိုး ဖြစ်မိပါတယ်။ တိုက်ခန်းတွေကတော့ ထူးမခြားနားပါပဲ။ ပွဲစားကတော့ အမြန်စရန်ချဖို့ တိုက်တွန်းလေရဲ့။ ခုစဉ်းစားနေရင် နောက်လူဆီ ပါသွားမယ်ဆိုတာလည်း ပြောပါတယ်။ ခက်တာက ဒီတိုက်ခန်း အတက်လှေကားရဲ့ ဘေးမြေညီထပ်က ဂရင်းရွိုင်ရယ် နာမည်တပ်ထားတဲ့ အရက်ဆိုင်တွေ့ခဲ့တာလည်း ထည့်စဉ်းစားမိတယ်။ ကိုယ်တွေ အိမ်ပြန်နောက် ကျတဲ့အချိန်မှာ စားပွဲတွေ အပြင်ထုတ်ထားတဲ့ အရက်ဆိုင်ဘေးက ဖြတ်ရမှာလေ။ သားတွေအတွက်လည်း မကောင်းပါဘူး။ ဒီလိုနဲ့ သားအမိနှစ်ယောက် တိုင်ပင်ပြီးနောက်မှ အကြောင်းပြန်မယ်လို့ ပြောခဲ့ရပါတယ်။

နောက်တစ်ပတ်လောက်မှာ အိမ်တစ်အိမ်ကို ကြည့်ဖို့ နေ့ခင်းဘက် ချိန်းပါတယ်။ ဘုန်းကြီးကျောင်းဘေးကနေ လမ်းအဆုံးအထိ ဝင်လာတော့ တဲပေါ်နေသူ တိုက်ပေါ်တင်ရေး စီမံကိန်းနဲ့ ၂၀၀၀ ပြည့်နှစ်လောက်က ဆောက်ထားတဲ့ တိုက်တန်းရှည်ကြီးတွေ တစ်မျှော်တစ်ခေါ် တွေ့ရပါတယ်။ စဝင်လာကတည်းက လမ်းဘေးမှာအသုတ်ဆိုင်၊ တုတ်ထိုးဆိုင်တွေနဲ့ စည်ကားနေသလို ဇယ်ဝိုင်း၊ ဘိလိယက်ဝိုင်းတွေနဲ့ လက်တောက်ခုံတွေလည်း အစီအရီပါပဲ။ တတိယမြောက် တိုက်တန်းရှည်ရဲ့ အလယ်လောက်က လှေကားကိုတက်လာတော့ ဘယ်အခန်းက ငိုမှန်းမသိတဲ့ ကလေးငိုသံကြားရလေရဲ့။ နောက်မှသိတာက ဒီတိုက်ခန်းတွေမှာ နယ်က ဈေးလာရောင်းတဲ့ မိသားစုတွေ၊ အလုပ်သမားတွေ မိသားစု နှစ်စုလောက် ငှားနေကြတယ်ဆိုပဲ။ တခြားနေရာ ထက်လည်းဈေးက သက်သာတယ်ဆိုတော့  နေရင်ကောင်းမလား တွေးကြည့်မိပါတယ်။ ဒါပေမဲ့ လမ်းမတန်းကနေ တော်တော်ဝင်ရတာရယ် ပတ်ဝန်းကျင်က ရှုပ်ယှက်ခတ်နေတာရယ်ကြောင့် စဉ်းစားဦးမယ်ပဲ  ပြောလိုက်ရပါတယ်။ အဲဒီနေ့က လာလက်စနဲ့ နောက်တိုက်ခန်းတစ်ခု ကြည့်ခဲ့ပါတယ်။ ခုနက တိုက်ခန်းတွေရဲ့အဆုံး ဈေးကြီးဘေးကလမ်းအတိုင်း သွားလိုက်တာ နောက်ဆုံးမြစ်ကမ်းဘေး ရောက်ခါနီးနေပါပြီ။ တိုက်က အသစ်ဆိုပေမယ့် လှေခါးခြေရင်းမှာ ကြွက်စီကြွက်စီ လုပ်နေတဲ့ ကလေးတစ်သိုက်နဲ့ ခွေးတွေကိုမောင်းပြီး တက်လာရပါတယ်။ ဒီတိုက်ခန်းတွေ ရောင်းမထွက်လို့ ကန်ထရိုက်က ပန်းရန်နဲ့ လက်သမား မိသားစုတွေတင်ရင်း ငွေပေးစရာနဲ့ နှိမ်ထားတယ်ဆိုလား။ ရေကလည်းမကောင်း ရေသန့်ဘူးနဲ့မှ ထမင်းဟင်းချက်လို့ရသတဲ့။ ဖြစ်ချေဘူး တစ်နေ့ရေသန့်တစ်ဘူးဖိုး ကုန်ရချေရဲ့လို့ တွေးမိပါတော့တယ်။

ကိုယ့်လိုပဲ အိမ်ဒုက္ခရောက်ရတဲ့ ဇာတ်ကားလေး ကြည့်မိပြန်ပါတယ်။ Will Smith သရုပ်ဆောင်တဲ့ The Pursuit of the Happyness ဆိုတဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်ကောင် ခရစ္စက ဆေးရုံတွေမှာ အရိုးသိပ်သည်းဆတိုင်းတဲ့စက်ကို ကော်မရှင်နဲ့ လိုက်ရောင်းရတဲ့သူဖြစ်တော့ ဝင်ငွေက ပုံမှန်မရှိ။ မိသားစုအတွက် နယ်ဆင်းရောင်းရင်း ကားပါကင်ဒဏ်ကြေးတွေကထိ။ မိန်းမက ဝင်ငွေနည်းလို့ ရန်ဖြစ်ပြီး အိမ်က ထွက်သွားတော့ မူကြိုတက်နေတဲ့ သားလေး ခရစ္စတိုဖာကို ကြည့်ရပြီ။ အစပိုင်းမှာတော့ မိန်းမက ကလေးကို ကျောင်းအပြန်မှာ ကြိုပေးပါသေးတယ်။ နောက်တော့ မိန်းမရဲ့အလုပ်က နယ်ပြောင်းလေတော့ ကလေးကိုထားခဲ့ပြီ။ ခရစ္စတစ်ယောက် ကလေးကို ညနေဘက်မှာ အပြေးအလွှား ကြိုရရှာပါတယ်။ အလုပ်အပြန်မှာ သားကျောင်းအဆင်းကိုကြိုရင်း မူကြိုကျောင်း နာမည်ကိုဖတ်ပြီး Happyness လို့ ရေးတာ မှားကြောင်း Happiness လို့ရေးရမယ်လို့ ပြောလေရဲ့။

မူကြိုပိုင်ရှင် တရုတ်မကလည်း ငါသင်တာ မကြိုက်ရင် တခြားကျောင်းပြောင်းဆိုပြီး အမြဲပြောပါတယ်။ သူ့မှာ မူကြိုကြေး တစ်လ ၁၅၀ ထက် ပိုမပေးနိုင်တော့ ကျောင်းပြောင်းဖို့ ပြောနိုင်ပေဘူး။

နောက်ဆုံးတော့ ကားပါကင်ကြေးတွေ အကုန်ဆောင်ရလို့ အိမ်လခ ပေးစရာက မရှိတော့ အိမ်ရှင်က နှင်ချလေရော။ အလုပ်အဆင်မပြေတော့ ဝင်ငွေက နည်းနဲ့ သားအဖနှစ်ယောက်စာ တစ်ရက်ချင်းပေးရတဲ့ မိုတယ်မှာ သွားနေကြပါတယ်။ အလုပ်ပြောင်းဖို့ သင်တန်းတက်ရင်း ငွေပြတ်တဲ့ တစ်ရက်မှာ အခန်းခတွေပေးဖို့ မရှိတော့ ဆင်းရပြီ။ ခရစ္စတစ်ယောက် မိုတယ်က အထုပ်တွေ ယူပြီးသား လက်ဆွဲကာ အိုးမဲ့အိမ်မဲ့ လက်ခံရေး စခန်းကို ပြေးပါတယ်။ လူအုပ်ကြီးကြားမှာ ကလေးလက်ဆွဲပြီး တစ်ည အိပ်ခွင့်ရဖို့ကို တန်းစီရပါတယ်။ ကလေးအတွက်ပဲ ရမယ်ဆိုလို့ သူ့အတွက် တောင်းပန်ပြီး တစ်နေရာ တောင်းရပါတယ်။

နောက်နေ့တွေမှာတော့ ကလေးကျောင်း ကြိုအပြီးမှာ နေရာရဖို့ ပြေးပြီးတန်းစီတော့ အိပ်ဖို့ အဆင်ပြေသွားပါတယ်၊။ မနက်ဆို ၉ နာရီထိုးရင် ပြန်ထွက်ရပါတယ်။သင်တန်းက စာတစ်ဖက် ကလေးမူကြိုတစ်ဖက်နဲ့ ညနေတိုင်း အိုးအိမ်ရာမဲ့စခန်းမှာ တန်းစီခဲ့ရပါတယ်။

ဒီလိုပြေးလွှားနေရင်းနဲ့ပဲ ခရစ္စဟာ ခြောက်လအစမ်းခန့်တာကို ကျော်လွှားနိုင်ပြီး အလုပ်အသစ် ခန့်အပ်ခံရပါတယ်။ အဲဒီနောက်တော့ ခရစ္စဟာ အလုပ်မှာလည်း အောင်မြင်တဲ့သူ ဖြစ်သွားပါတယ်။

ဒီကားလေးထဲမှာ ပင်ပန်းတယ်ဆိုပေမယ့် အစိုးရဂေဟာလို လုပ်ပေးထားတာလေးတွေ ရှိနေတော့ တော်ပါသေးတယ်။

မြန်မာပြည်မှာတော့ အိမ်ပေါ်က ဆင်းရင် နေစရာမရှိတာတော့ အမှန်ပါပဲ။ တိုင်းပြည်စီးပွားရေး အခြေအနေ ပြောင်းရင်တော့ ပိုကောင်းလာနိုင်ရဲ့ မျှော်လင့်မိပါရဲ့။ အိုးအိမ်မဲ့နေတဲ့သူတွေ ကျူးကျော်တွေကလည်း ပိုကောင်းတဲ့ဘဝကို ပြောင်းလဲချင်နေမှာပါပဲ။ ကိုယ်လည်း ပိုကောင်းတဲ့အိမ်ခန်းလေးကို မျှော်လင့်နေမိတယ်။ တဖြည်းဖြည်းနဲ့အိမ်က ဆင်းရမယ့်ရက် နီးလာပြီ။ ဒီထက်ပိုကောင်းတဲ့ နေရာလေးကို မျှော်လင့်နေမိရင်း အချိန်တွေ ကုန်လာပြီ။ အိမ်ရှင်ကို အဖြေတစ်ခုခု အမြန်ပေးရပေတော့မယ်။

Most Read

Most Recent