ပဲ့ကိုင်ရှင်

ပဲ့ကိုင်ရှင်
Published 10 April 2018

(၁)

လူရေစီးကြောင်းကြီးသည် လောကခရီးရှည်ကို အလျဉ်မပြတ် လျှောက်လှမ်းနေကြသည်။ ယင်းစီးကြောင်းထဲတွင် နိုင်ငံလိုက် လူမျိုးလိုက် ဒေသလိုက် မိသားစုလိုက်မှသည် တစ်ကိုယ်တည်း အထီးကျန် လျှောက်လှမ်းနေသည်များအထိ ပါဝင်၏။ သူတို့၏ဘဝဖြစ်စဉ် သမိုင်းများကား ကျွန်တော်တို့ သင်ယူမဆုံးသော စာအုပ်ကြီးများပင် မဟုတ်ပါလား။

ယင်းစာအုပ်ကြီးများက ကျွန်တော်တို့အား “မင်းတို့ ငါ့ကို ဖတ်ကြစမ်းပါ” ဟု မည်သည့် အခါမျှ မတိုက်တွန်း။ ဖတ်ချင်သူများကိုလည်း မဖတ်ပါနှင့်ဟု မဟန့်တား။ ဖတ်ရှုကာ သင်ခန်းစာ ယူတတ်သူ ပညာယူတတ်သူများမှာကား အကျမနာဘဲ သူများထက် အမြဲတမ်း တစ်ပန်းသာနေတတ်သည်သာ။

ကမ္ဘာ့သမိုင်းကို လေ့လာလိုက်စားမည် ဆိုပါက ခေါင်းဆောင်ကောင်းများ အုပ်ချုပ်ခဲ့သည့် တိုင်းပြည်များနှင့် မင်းဆိုးမင်းညစ်များ အုပ်ချုပ်ခံခဲ့ရသော တိုင်းပြည်များ၏ သမိုင်းရာဇဝင်သည် မည်သို့ကွဲပြားခြားနားသည်ကို  မြင်တွေ့ရမည် အမှန်ပင်ဖြစ်၏။ လူမျိုးတစ်မျိုး သို့မဟုတ် ဒေသတစ်ခု သို့မဟုတ် မိသားစုတစ်စု၏ ဂုဏ်သတင်း ထွန်းပြောင်ခြင်းသည် လည်းကောင်း။ ဂုဏ်သရေ ညှိုးနွမ်းခြင်းသည်လည်းကောင်း သူတို့ကိုယ်တိုင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် မိမိတို့၏တန်ဖိုးကို ကျကျနန ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိ မရှိ ဆိုသည်က အခရာကျကြောင်း သိလာပေလိမ့်မည်။

အလားတူ တစ်ဦးချင်းအတွက်မူကား ကိုယ်ပိုင်စည်းကမ်းနှင့် ရည်မှန်းချက်ပန်းတိုင်သို့ ပေါက်ရောက်အောင် အားထုတ်နိုင်စွမ်း ရှိခြင်းမရှိခြင်းက အဓိကကျကြောင်း ပြောပြမည်မှာ မြေကြီးလက်ခတ်မလွဲ။ သို့သော် ယင်းစာအုပ်ကြီးများကို သေသေချာချာ လေ့လာဖတ်ရှုသူကား နည်းပါးလှ၏။ နည်းပါးလှသည့်အထဲတွင် ဝေဖန် သုံးသပ် စိစစ်သူကား ပို၍ပင် ရှားပါးပါသေးသည်။

(၂)

ဘန်ကောက်မြို့လယ်ရှိ ချစ်သောမြန်မာကျောင်း DEAR BURMA School မှ ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ ကျွန်တော်သွားရောက်လည်ပတ်ရာ ယင်းကျောင်းမှ  ကျောင်းသား မောင်စိုးနိုင်နှင့် ဆုံမိကြသည်။ သူကား ဆရာကြီး၏ လက်စွဲတော် ဖြစ်၏။ အလုပ်သမားအရေး ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာ လုပ်ဆောင်နေသူလည်း ဖြစ်သည်။

ချစ်သောမြန်မာကျောင်း  DEAR BURMA School ကို ဦးစီးဖွင့်လှစ်ထားသော မိခင်အဖွဲ့အစည်းမှာ ထိုင်းမြန်မာ မဟာမိတ်ဖောင်ဒေးရှင်း (TACDB) ဖြစ်၏။ ယင်းဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအနှံ့အပြားရှိ မြန်မာအလုပ်သမားများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အလုပ်သမားရေးရာ စာစဉ်ကို ကာလကြာမြင့်စွာ ထုတ်ဝေခဲ့ဖူးပါသည်။ လွန်ခဲ့သော ခုနစ်လခန့်ကမှ ငွေရေးကြေးရေး အခက်အခဲကြောင့် ဆက်မထုတ်နိုင်ဘဲ ရပ်တန့်နေ၏။ ယင်းစာစောင်၏ နောက်ဆုံး အယ်ဒီတာကား ကျွန်တော်ကိုယ်တိုင် ဖြစ်သည်။

ကျောင်းအုပ်ကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်သည် စာစောင်ကို အသက်ပြန်သွင်းချင်ကြသည်။ သို့သော် ထောက်ပံ့မည့် အလှူရှင်ကား မည်သူဖြစ်လေမည်နည်း အတိအကျ မသိ။ ထို့ကြောင့် ကျောင်းအုပ်ကြီးတွင်ရှိသော ထောင်နှင့်ချီသည့် ကျောင်းသားများ၏ အားနှင့် စာစောင်ကို ပြန်အသက်သွင်းရန် ကျွန်တော်က အကြံပြုသည်။

“ဒီလိုလုပ်ဗျာ။ ခင်ဗျား ဒီတစ်ခေါက် ကျောင်းဖွင့်ရင် ကြော်ငြာသင်ပုန်းကြီးမှာ ‘အလုပ်သမားရေးရာစာစောင် ဖြစ်မြောက်ရေး ကော်မတီအသစ် ဖွဲ့စည်းမည်။ စိတ်ပါဝင်စားသော ကျောင်းသား ကျောင်းသူများ ဆက်သွယ်ပါ’ လို့ ကြော်ငြာလိုက်ဗျာ။ ထောင်ချီတဲ့ ကျောင်းသားထဲက အနည်းဆုံး ဆယ်ဂဏန်းလောက်တော့ ပါလာကြပါလိမ့်မယ်။ အဲဒီ ကော်မတီကနေ ကျောင်းသားတွေကြားမှာရော အလုပ်သမားတွေရှိတဲ့နေရာတွေမှာ ထပ်ပြီး စည်းရုံးလှုံ့ဆောင်ကြပါလိမ့်မယ်။ ပြီးရင် ကြော်ငြာတွေ ရလာအောင် လုပ်ကြမယ် မကောင်းဘူးလား ကိုမြင့်ဝေ” ဟု ကျောင်းအုပ်ကြီး ဦးမြင့်ဝေကို အကြံပြုစကားပြောကာ မေးခွန်းထုတ်လိုက်ရာ သူက “ခင်ဗျားပြောတာ ဆိုးတော့မဆိုးပါဘူး။ ကြိုးစားကြည့်ကြတာပေါ့။ ကဲဟေ့ကောင်၊ စိုးနိုင်၊ ကိုဌေးဝင်း ပြောတာ ဘယ့်နှယ်လဲ ဖြစ်နိုင်ပါ့မလား” ဟု ကျောင်းဆရာကြီးက စိုးနိုင်ဘက်သို့ လှည့်ကာ မေးလေသည်။

ထိုအခါ စိုးနိုင်က“မလွယ်ဘူးထင်တယ် ဆရာ။ တချို့ ဆရာတွေက ဒါမျိုးလုပ်တာကို သိပ်မကြိုက်ကြဘူး။ မကြိုက်ရုံတင်မက အပြစ်ပါပြောတဲ့ ဆရာမျိုးလည်း ရှိသေးတယ်” ဟု ဖြေရာ သူ့ဆရာကြီးက “ဟုတ်တယ် ကိုဌေးဝင်းရေ။ ကျောင်းတည်ထောင်တဲ့ ၁၀ နှစ်ပြည့် အခမ်းအနားလုပ်လို့ တချို့ကျောင်းသားတွေ  စာမေးပွဲရှုံးတော့ ဆရာတချို့က ဒီလို အများနဲ့ဆိုင်တဲ့အလုပ်မျိုးလုပ်တာကို မကြိုက်တဲ့အကြောင်း စာသင်ခန်းထဲမှာ ဗြောင်ပြောတဲ့ ဆရာလည်းရှိတာအမှန်ပဲ။ သူတို့ကလည်း  ခရေဇီတစ်မျိုးရှိတယ်ဗျာ” ဟု ဆိုသည်။

ကျွန်တော်က စိုးနိုင်ကို “ဒါဖြင့် မင်းကိုငါ တစ်ခုမေးမယ်ကွာ။ ခု မင်းဆရာနဲ့ ငါနဲ့ ဆွေးနွေးနေတဲ့ကိစ္စက မလုပ်သင့်တဲ့ ကိစ္စလား။ လုပ်သင့်တဲ့ ကိစ္စလားဆိုတာကို အရင်ဖြေကြည့်ပါ”

“လုပ်တာတော့ လုပ်သင့်တဲ့ အလုပ်ပါ ဆရာဌေး။ လုပ်သင့်လို့လည်း အရင်နှစ်များ စွာကတည်းက လုပ်လာခဲ့တာပဲလေ။ အခု အလှူရှင်မရှိတော့လို့ ရပ်သွားတာပဲ မဟုတ်လား။ ကောင်းတဲ့အလုပ်တိုင်း လူတိုင်းလုပ်ချင်ကြတာပဲ။ ကောင်းတာလုပ်ဖို့ လူတိုင်းဆန္ဒရှိပါတယ် ဆရာ”

“အိုကေ မင်းအဖြေထဲမှာ မေးခွန်းဖြစ်စေတဲ့အရာ ထပ်ပါပြန်တယ်။ လူတိုင်းဟာ  ကောင်းတာကိုလုပ်ချင်တဲ့ ဆန္ဒရှိကြတယ် ဆိုတယ်မဟုတ်လား။ ငါတို့ စိတ်ထဲမှာ ဟိုဟာလေး ဖြစ်ချင်တယ်။ ဒီဟာလေး ဖြစ်ချင်တယ်။ သူများတွေ ဖြစ်မြောက်အောင်မြင်တာတွေကို တွေ့ရင်၊ အားကျအထင်ကြီးစရာတွေကို တွေ့ရင်ကိုယ်လည်း သူတို့လိုပဲ ဖြစ်ချင်ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ ဖြစ်ချင်ရုံနဲ့ ငါတို့ ဖြစ်လို့ရတတ်လား”

“ဘယ်လိုလုပ်ရပါ့မလဲ ဆရာဌေး။ ဖြစ်လာဖို့အတွက်တော့ ကြိုးစားမှ ရမှာပေါ့။ လိုချင်တဲ့အရာ ဘယ်ဟာမှ မိုးပေါ်က ကျလာတယ်ဆိုတာ မရှိပါဘူး ဆရာ။ ဒါနဲ့ ဆရာ့ကို ပြန်မေးချင်တယ်။ အောင်မြင်မှုအတွက် ဘာတွေ ကျွန်တော်တို့မှာ လိုအပ်ပါသလဲ ခင်ဗျာ”

“သင်္ဘောတွေကို မင်းတွေ့ဖူးတယ် မဟုတ်လား။ ဒီသင်္ဘောတွေ  ပင်လယ်သမုဒ္ဒရာတွေကို ဖြတ်ပြီး လိုရာခရီးအထိ ပေါက်ရောက်အောင် အဓိကကျတဲ့သူဟာ မာလိန်မှူးပဲ မဟုတ်လား။ ဒီလိုပဲ ကိုယ်ဖြစ်ချင်တဲ့အရာ တစ်ခုကို ဖြစ်မြောက်အောင်မြင်အောင် လုပ်ဖို့အတွက် အဓိကကျသူဟာ မိမိကိုယ်တိုင်ပဲ  ဖြစ်တယ်လေ။ ဖြစ်ချင်တဲ့ဆန္ဒတစ်ခု ရှိလာရင် စိတ်ကူးယဉ်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးကွ။ ဖြစ်ချင်စိတ်ကို တစ်ဆင့်တင်ပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်အဖြစ် သတ်မှတ်ရမယ်လေ။ ရည်မှန်းချက်ဆိုတဲ့ ပန်းတိုင်တစ်ခုကိုတည်ဆောက်ပြီးမှ အဲဒီပန်းတိုင်ကို ပေါက်မြောက်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘာတွေ ပြင်ဆင်ရမလဲ၊ အချိန်ကာလ ဘယ်လောက်ပေးရမလဲ၊ အရင်းအနှီး ဘယ်လောက်စိုက်ထုတ်ရမလဲ၊ ရည်မှန်းချက်ပေါက်မြောက်ပြီးတဲ့အခါ  အကျိုးရလဒ်က ဘယ်လောက်ကြီးမားသလဲ စသဖြင့် ရှင်းရှင်းလင်းလင်း သိနေဖို့လိုတယ်ကွ။ ကြိုးစားချင်စိတ်ဆိုတာ အောင်မြင်မှုအသီးအပွင့်ကို အသေအချာမသိဘဲ ဘယ်လိုမှ မပြင်းထန် မတက်ကြွဘူးကွ စိုးနိုင်ရ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်သဘောပေါက်ပါပြီ။ အခု ဆရာတို့ ဆွေးနွေးနေကြတဲ့ စာစောင်ပြန်လည် ထုတ်ဝေနိုင်ရေးအတွက် ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်က တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပါ့မယ်ဆရာ” ဟု ဆိုလေသည်။

(၃)

ယနေ့ခေတ်ကာလ မြန်မာလူငယ် အများစုကား ပဲ့မပါသော လှေ၊ သင်္ဘောများနှင့် ပမာတူ၏။ အချို့ကား ချွေးတလုံးလုံး သံတလုံးလုံးနှင့် လှေဦးတည့်ရာကို လှော်ခတ်နေကြ၏။ အချို့ကား ရွက်လွှင့်ရာဘက်သို့ မျောပါနေကြ၏။ အချို့မှာကား တက်လည်းမပါ ရွက်လည်းမရှိဘဲ တဝဲ၀ဲလည်ဖြင့် ဦးတည်ရာ မဲ့နေသူများလည်း မရှားလှ။

ထိုသူများကား တိကျပြတ်သားသော အနာဂတ်ပန်းတိုင်မဲ့လျက် ဘဝရေစီးတွင် ရောထွေးမျောပါနေကြလေသည်။ မြတ်စွာဘုရားရှင်က “အတ္တာဟိ အတ္တနောနာထော”ဟု ရှင်းလင်းစွာ ဟောကြားသွန်သင် ဆုံးမတော်မူခဲ့သည်။  ဆိုလိုသည်မှာ “မိမိဘ၀ အတွက်၊ မိမိကိုယ်ကိုယ်သာ အားကိုးရာ” သို့မဟုတ် မိမိဘဝ၏ ပဲ့ကိုင်ရှင်အစစ်မှာ မိမိသာလျှင် ဖြစ်ချေသည် ဟူ၏။

မိမိကိုယ်ကိုယ် ပဲ့ကိုင်နိုင်ရန် မိမိကိုယ်တိုင်မှာ ပြတ်သားရှင်းလင်းသော ပန်းတိုင်တစ်ခုရှိကို ရှိရမည်။ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ဖို့ ပြင်ဆင်စရာများ လိုအပ်ချက်များ အရင်းအနှီးများ စသည်တို့ကို ပြည့်စုံအောင် မလွဲမသွေ ဖြည့်ဆည်းရမည်။ ထို့ပြင် ရှေ့က အောင်မြင်မှုပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ခဲ့ကြသူများ၏ အတွေ့အကြုံများကို  လေ့လာမှတ်သားကာ အားကျအတုယူရမည်။ ယနေ့ခေတ်လူသားများ ရရှိခံစားနေကြရသော ကောင်းကျိုးမှန်သမျှသည် ရည်မှန်းချက်ကြီးမားသူ လူတော်ကြီးများ လူ စွမ်းကောင်းကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်ဆိုသည်ကို မေ့ထား၍ မဖြစ်ပေ။

လူစီးကြောင်းကြီးထဲတွင် ကျွန်တော်တို့သည် အများနည်းတူ ဖြတ်သန်းသွားလာနေကြဆဲ။ စီးမျောနေကြဆဲ။ ဘယ်သူက မိမိဘဝကို အောင်မြင်အောင် ပဲ့ကိုင်နိုင်သူ ဖြစ်မည်နည်းဆိုသည်ကိုကား ဗေဒင်ဆရာကို မေးရန်မဟုတ်။ ခိုင်မာပြတ်သားသော ဘဝရည်မှန်းချက် ဘဝစီမံချက်များ ရှိ မရှိကိုသာ ကိုယ့်ဘာသာ မေးပါလေ။

သင်တို့ ကျွန်တော်တို့ရှေ့က ကြယ်ကြီးများကား တိကျပြတ်သားသော ရည်မှန်းချက်များကို ချမှတ်လျက် တက်စုံ ရွက်ကုန်လွှင့်ကာ အောင်မြင်မှုပန်းတိုင်သို့ ရောက်အောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြပြီး ဖြစ်သည်။ သူတို့  ရေးထိုးစိုက်ထူခဲ့သော အောင်မြင်မှုများသည် မွှေးပျံ့သော သမိုင်းရာဇဝင်များအဖြစ် တည်တံ့နေကြသည် မဟုတ်ပါလော။  ယင်းသမိုင်း  ရာဇဝင်များကား ကျွန်တော်တို့အတွက် အကောင်းဆုံးလမ်းညွှန်များနှင့် အကောင်းဆုံး စိတ်ဓာတ်ခွန်အားများပင် မဟုတ်ပါလော။

Most Read

Most Recent