ရန်ကုန်လား၊ မန္တလေးလား ဘယ်သြင်္ကန်ပိုစည်မလဲ

ရန်ကုန်လား၊ မန္တလေးလား ဘယ်သြင်္ကန်ပိုစည်မလဲ
Published 9 April 2018

လမ်းလျှောက်သြင်္ကန် ပြုလုပ်မည့် မန္တလေးမြို့ ကျုံးတောင်ဘက် မြို့တော် မဟာသြင်္ကန်မဏ္ဍပ် (ပုံကြီး)၊ မန္တလေးကျုံးအရှေ့ဘက် (၆၆ လမ်း) ပုံသေး (ဝဲ)၊ ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းရှိ မဏ္ဍပ်တစ်ခု (လယ်)၊ ပြည်လမ်းပေါ်ရှိ မဏ္ဍပ်တစ်ခု (ယာ)

မြန်မာ့ ၁၂ ရာသီပွဲတော်ကာလများထဲမှ တန်ခူးလတွင် ကျင်းပသည့် သြင်္ကန်ပွဲတော်အား ပြည်သူများ နွှဲပျော်ရန် စောင့်စားနေသည့် အချိန်သည် ရက်ပိုင်းခန့်သာ လိုတော့သည်။ ယခု ရန်ကုန်တိုင်းအစိုးရသစ်လက်ထက်မှ စတင်ကာ သြင်္ကန်ပွဲတော် ရေကစားမဏ္ဍပ်များကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် သြင်္ကန်ပွဲတော်သည် စည်ကားမှုနည်းပါးခဲ့ကြောင်း သိရသည်။

သို့သော် ရန်ကုန်သြင်္ကန်တွင် စည်ကားမှု နည်းပါးခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတွင် ထူးခြားမှုတစ်ခုအနေဖြင့် လမ်းလျှောက်သြင်္ကန်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ စည်ကားမှုနည်းပါးသဖြင့် ရန်ကုန်သြင်္ကန်ကို ပြန်လည်စည်ကားစေရန် တိုင်းအစိုးရအဖွဲ့က စီးပွားဖြစ်မဏ္ဍပ်များ၊ လမ်းလျှောက်သြင်္ကန်များကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်သြင်္ကန်မဏ္ဍပ် ဘယ်နေရာတွေမှာရှိမလဲ

“ခွင့်ပြုတာကတော့ လောလောဆယ် ၆၉ ခုရှိတယ်။ အစတုန်းက လျာထားတာကတော့ ၉၅ ခုဖြစ်တယ်။ လာလျှောက်တဲ့ အရေအတွက်ကတော့ အတိအကျမသိဘူး။ ကျွန်တော်တို့ခွင့်ပြုတဲ့ ၆၉ ခုမှာ မြို့နယ်ထွေအုပ်မဏ္ဍပ် ၃၂ ခုပါတယ်” ဟု လမ်းနှင့် တံတားမှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းဟုတ်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာ သြင်္ကန်မဏ္ဍပ်များ စာရင်းချုပ်သည် ပြည်လမ်းတွင် မဏ္ဍပ်ကြီးခုနစ်ခု၊ မဏ္ဍပ်လတ်လေးခု၊ ဌာနဆိုင်ရာမဏ္ဍပ် ၃၂ ခု၊ ဝေဇယန္တာလမ်းတွင် မဏ္ဍပ်ကြီးလေးခု၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မဏ္ဍပ်ကြီး လေးခု၊ မဏ္ဍပ်လတ်တစ်ခု၊ မင်းဓမ္မလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ အနော်ရထာလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ မဏ္ဍပ်လတ်တစ်ခု၊ ကုန်သည်လမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ ပါရမီလမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ အင်းစိန်လမ်းတွင် မဏ္ဍပ်လတ်တစ်ခု၊ စက်မှု (၁) လမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ ကန်တော်ကြီးပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်နှစ်ခု၊ ဦးဥတ္တမပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခု၊ မဟာဗန္ဓုလပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခုတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သြင်္ကန်နား နီးကပ်လာပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင် ဧပြီ ၆ ရက်အထိ သြင်္ကန်မဏ္ဍပ်တည်ဆောက်ခွင့်လက်မှတ် လာရောက်ထုတ်ယူသူ ၁၃ ဦးသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းဟုတ်က ပြောကြားသည်။

“ယနေ့အထိတော့ မဏ္ဍပ် တည်ဆောက်ခွင့်အတွက် လက်မှတ်လာရောက် ထုတ်တဲ့သူက ၁၃ ဦးပဲရှိသေးတယ်။ လျှောက်ထားတာကတော့ ၆၉ ဦးရှိတယ်။ ပါမစ်ထုတ်ပေးထားတဲ့သူက ၁၃ ဦးပေါ့” ဟု ဦးသန်းဟုတ်က ပြောကြားသည်။

မဏ္ဍပ်တည်ဆောက်ခွင့် လက်မှတ်များအား ဧပြီ ၁၀ ရက်နောက်ဆုံးထား လာရောက်ထုတ်ယူရမည်ဖြစ်ပြီး လာရောက်ထုတ်ယူခြင်းမပြုသူများ အနေဖြင့် မဏ္ဍပ်တည်ဆောက်ခွင့် ရရှိမည်မဟုတ်ကြောင်း သိရသည်။

မဏ္ဍပ် ပါမစ်လက်မှတ်များကို ရောင်းချခွင့်မပြုသော ရန်ကုန်

ယခုနှစ်တွင် မဏ္ဍပ်တည်ဆောက်မည့်သူများ အနေဖြင့် လိုက်နာရမည့် အချက်များသည် သတ်မှတ်ခွင့်ပြုပေးသည့် နေရာ၊ သတ်မှတ်ခွင့်ပြုပေးသည့် အတိုင်းအတာအတိုင်းသာ ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုသည့်နေရာမှ ကျော်လွန်၍ လည်းကောင်း၊ ရွှေ့ပြောင်း၍လည်းကောင်း ဆောက်လုပ်ခွင့်မပြုကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မဏ္ဍပ်ဆောက်လုပ်ခွင့်အား ပြန်လည် ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှ အခြားသူများကို ငှားရမ်းခြင်း၊ လွှဲပြောင်း ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လျှောက်ထားသူကိုယ်တိုင်ဆောက်လုပ် အသုံးပြုရန်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက မူလခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်က ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်ဆောက်လုပ်မှုအား သြင်္ကန်အကြိုနေ့မတိုင်မီ သုံးရက်ခန့် အလိုတွင် မဏ္ဍပ်များအား အပြီးဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များဆောက်လုပ်မှုကို မဏ္ဍပ်ကြံ့ခိုင်မှု စစ်ဆေးရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အညီ ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်ဆောက်လုပ်ရန် ခွင့်ပြုချက် ရရှိသူများသည် ကိုယ်တိုင်တည်ဆောက်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သော်လည်း နှစ်စဉ်ပါမစ်များကို ရောင်းချမှုများ ပြုလုပ်နေသည်ကို အစိုးရအဖွဲ့အနေဖြင့် တားဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်သြင်္ကန်မဏ္ဍပ်ပါမစ်ဈေးသည် ပါမစ်တစ်စောင်လျှင် ကျပ်သိန်း ၆၀၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ၂၀၁၈ သြင်္ကန်မဏ္ဍပ် ပါမစ်များသည် လက်ရှိအချိန်အထိ လာရောက်ထုတ်ယူသူ ၁၃ ဦးသာ ရှိသေးသော်လည်း ပြည်လမ်းကဲ့သို့နေရာများတွင် မဏ္ဍပ်ပါမစ် ရရှိထားသူများ၏ ပါမစ်ဈေးသည် သိန်း ၁၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ရန်ကုန်မဏ္ဍပ်

၂၀၁၅ခုနှစ် ရန်ကုန်သြင်္ကန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် (အကြီး၊ အလတ်) လျှောက်ထားသည့် မဏ္ဍပ် ၂၀၀ ကျော် ရှိခဲ့ကြောင်း၊ ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ၁၅၂ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၄၂ ခုနှင့် အခြားမြို့နယ်များတွင် ၁၀ ခု လျှောက်ထားမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၃ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၁ ခု၊ ပြည်လမ်းတွင်လေးခုနှင့် အနော်ရထား (၁၉ လမ်းနှင့် စဉ့်အိုးတန်းလမ်းကြား)၊ ပါရမီလမ်း၊ ဆရာစံလမ်း၊ ဝေဇယန္တာလမ်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းရှေ့၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ (Polo Club Residence ရှေ့) နှင့် Sky Star Hotel ရှေ့၊ လှိုင်မြို့နယ် (ထွေအုပ်ရုံးရှေ့) များတွင် ရေကစားမဏ္ဍပ် ၄၀ ကျော်အပါအဝင် မဏ္ဍပ်စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၈ ရန်ကုန်သြင်္ကန်တွင် စီးပွားဖြစ် မဏ္ဍပ်များကို ၉၅ ခုအထိ ချထားပေးရန် ကနဦးလျာထားပေးခဲ့သော်လည်း မဏ္ဍပ်ချထားပေးသည့် နေရာများသည် ရေရှိရန် အခက်အခဲ ရှိသဖြင့် မဏ္ဍပ်လျှောက်ထားမှုသည် ၆၉ ခုသာရှိခဲ့ပြီး၊ ယင်း ၆၉ ခုတွင် အစိုးရဌာနများမှ လျှောက်ထားသည့် မဏ္ဍပ် ၃၂ ခုပါဝင်ကြောင်း သိရသည်။ ယခုနှစ် သြင်္ကန်တွင် ရန်ကုန်တိုင်းအတွင်း ထူးခြားချက်အနေဖြင့် လမ်းလျှောက်သြင်္ကန် ထည့်သွင်းခဲ့ကြောင်း၊ ယင်းလမ်းလျှောက်သြင်္ကန် ဖော်ဆောင်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လမ်းလျှောက်သြင်္ကန်ပြုလုပ်မည့်နေရာများသည် မဟာဗန္ဓုလပန်းခြံ၊ ဦးဥတ္တမပန်းခြံနှင့် ကန်တော်ကြီးပန်းခြံတို့တွင်ဖြစ်သည်။ ထို့ပြင် ပြည်လမ်းရှိ စီးပွားဖြစ်မဏ္ဍပ်များသည်လည်း ဆောက်လုပ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ကိုယ်စားလှယ်များကို ဝန်ပိစေသည့် မြို့နယ်မဏ္ဍပ်

ယခုနှစ် သြင်္ကန်ပွဲတော်အား စည်ကားရန်အတွက် တိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်တစ်ခုတွင် မဏ္ဍပ်တစ်ခု တည်ဆောက်ရန်အတွက် မှာကြားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မဏ္ဍပ်များ တည်ဆောက်ရန်အတွက် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များကို တာဝန်ပေးခဲ့သော်လည်း မဏ္ဍပ်တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်များကို အစိုးရအဖွဲ့မှ ထုတ်ပေးခြင်းမရှိသဖြင့် ကိုယ်စားလှယ်များမှ မြို့နယ်များရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံကာ ဆောင်ရွက်ရကြောင်း သိရသည်။

“ကျွန်တော်တို့ ပါဝင်ဆောင်ရွက်မှာပါ။ မနှစ်က မစည်ကားဘူး ဖြစ်သွားတယ်။ ဒီနှစ်ကိုတော့ စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တွေကို နာယကအဖြစ်ခန့်တယ်။ ဒါပေမဲ့ ဘတ်ဂျက်မရှိပဲ ဘာမှလုပ်လို့မရဘူး။ အခုက ဘတ်ဂျက် ဘာမှမလာဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ဆိုပြီး ပြောတယ်။ အဲဒီအတွက် အခက်အခဲဖြစ်တယ်” ဟု လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

လူအသေအပျောက်များခဲ့သည့် ၂၀၁၇ သြင်္ကန်

၂၀၁၇ သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာအထူးကုဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၇၅၂ ဦး၊ သေဆုံးလူနာ ၁၀ ဦးရှိခဲ့ပြီး ယင်းတို့အနက် လူနာ ၃၀၀ နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့် ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့်လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်းနှင့် ၂၀၁၇ ခုနှစ် သြင်္ကန်အကြိုနေ့တွင် အတွင်း/အပြင်လူနာ ကျား ၁၃၇ ဦး၊ မ ၄၇ ဦး စုစုပေါင်း ၁၈၄ ဦး၊ သြင်္ကန်အကျနေ့တွင် ကျား ၁၂၉ ဦး၊ မ ၅၂ ဦး စုစုပေါင်း ၁၈၁ ဦး၊ သြင်္ကန်အကြတ်နေ့တွင် ကျား ၁၆၄ ဦး၊ မ ၆၀ စုစုပေါင်း ၂၂၄ ဦး၊ သြင်္ကန်အတက်နေ့တွင် ကျား ၁၁၇ ဦး၊ မ ၄၆ ဦး စုစုပေါင်း ၁၆၃ ဦးရှိခဲ့ကြောင်းနှင့် သေဆုံးရောက်ရှိလူနာမှာ သြင်္ကန်အကြိုနေ့တွင် ကျား တစ်ဦး၊ သြင်္ကန်အကျနေ့တွင် ကျား သုံးဦး၊ မ တစ်ဦး၊ သြင်္ကန်အကြတ်နေ့တွင် ကျား တစ်ဦး၊ မ နှစ်ဦး၊ သြင်္ကန်အတက်နေ့တွင် ကျားနှစ်ဦး စုစုပေါင်း သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့်လူနာဦးရေ ၈၆၀၊ သေဆုံးလူနာသုံးဦး ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် သြင်္ကန်ကာလအတွင်း လူနာဦးရေ ၇၃၀၊ သေဆုံးလူနာငါးဦး ရှိခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ်အတွင်း လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး ၂၈၅ ဦး သေဆုံးခဲ့ကာ ၁၀၇၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြင်္ကန်ကာလတွင် ပြစ်မှုပေါင်း ၉၆၇ မှု၊ သေဆုံးသူ ၂၇၂ ဦး၊ ဒဏ်ရာရရှိသူ ၁၀၈၆ ဦး ရှိခဲ့၍ ယခုနှစ်တွင် ၂၀၁၇ ခုနှစ် သြင်္ကန်ကာလထက် ပြစ်မှုပေါင်း ၂၃၃ မှု ပိုမိုဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကထက် သေဆုံးသူ ၁၃ ဦးပိုများခဲ့ကြောင်း ၂၀၁၇ ခုနှစ် သြင်္ကန်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၂၃ မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြင်္ကန်လုံခြုံရေးအတွက် အင်အား ၇၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည်

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုလုပ်မည့် သြင်္ကန်ပွဲတော်တွင် တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်မည်ဖြစ်ပြီး မဏ္ဍပ်များတွင် အလုံပိတ်အခန်းများ မထားရန် ညွှန်ကြားထားကြောင်း ဧပြီ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

“လုံခြုံရေးကို အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သြင်္ကန်မတိုင်မီ ဆောင်ရွက်ချက်၊ သြင်္ကန်တွင်းဆောင်ရွက်ချက်နဲ့ သြင်္ကန်ပြီးကာလလုံခြုံရေး ဆောင်ရွက်ချက်ဆိုပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သြင်္ကန်ကာလမှာဆိုရင် ကျွန်တော်တို့တပ်ဖွဲ့ရဲ့ အင်အား ရာခိုင်နှုန်း ၆၀ ကို ဆောင်ရွက်တဲ့အပြင် အခြားတပ်ဖွဲ့တွေအနေနဲ့ ရဲတပ်ရင်းတပ်ဖွဲ့တွေရှိမယ်။ သတင်းမှုခင်း ရေကြောင်းလေကြောင်းတပ်ဖွဲ့တွေအပြင် ကျွန်တော်တို့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ မီးသတ်၊ ကြက်ခြေနီတို့ ထွေအုပ်တို့ အကုန်ပေါင်းစပ်ပြီးတော့ လုံခြုံရေး အင်အား ၇၀၀၀ ကျော်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မီးတန်းယာဉ် ၄၅ စီးနဲ့ မီးတန်းဆိုင်ကယ် ၁၅၀ ရှိတယ်။ အဲဒါတွေကိုလည်း သြင်္ကန်မှာ လုံခြုံရေးအတွက် အပြည့်အ၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ယူနီဖောင်းနဲ့ လုံခြုံရေးချသလို အရပ်ဝတ်တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးမြင့်ထွေးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်ထားသည့် မဏ္ဍပ်များတွင် အလုံပိတ်အခန်းများ ထားရှိခြင်းမရှိအောင် တာဝန်ရှိသူများက ညွှန်ကြား စစ်ဆေးထားကြောင်းနှင့် မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်များအလိုက် လုံခြုံရေးကင်မရာများကို သတ်မှတ်ထားသည့်အတိုင်း တပ်ဆင်ရန်လည်း ညွှန်ကြားထားကြောင်း ဒုတိယရဲမှူးကြီး မြင့်ထွေးက ဆက်လက်ပြောကြားသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆောင်ရွက်နေစဉ် ပြည်သူများအပေါ် ညင်သာစွာနှင့် လိမ္မာပါးနပ်စွာ ပြောဆိုကြရန်နှင့် လုံခြုံရေး ဆောင်ရွက်နေသူများ အရက်သေစာသောက်စားမှုများ မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဆက်လက်ပြောကြားသည်။

သြင်္ကန်ကာလ ယာဉ်မောင်းများ လိုက်နာရမည့် အချက်များ

၂၀၁၈ ခုနှစ် သြင်္ကန်ကာလအတွင်း ယာဉ်မတော်တဆမှုများနှင့် ယာဉ်အန္တရာယ်မဖြစ်စေရန် ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ အပျော်လွန်ကြူး၍ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရန်၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြောပြောင်းပြန်စီးနှင်း မောင်းနှင်ခြင်းမပြုရန်၊ ထော်လာဂျီ ကဲ့သို့အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍စီးခြင်း၊ အသံကျယ်လောင်စွာစီးခြင်း၊ နံပါတ်မမြင်အောင်တွန့်ခေါက်၍စီးခြင်း၊ ရှေ့နောက်နံပါတ်ပြားမပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍စီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲ စီးခြင်းများမပြုရန်၊ သံစုံဟွန်းများတပ်ဆင်ကာ အသုံးမပြုရန်၊ မော်တော်ယာဉ်များတွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သောပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်းမပြုရန် စသည့် အချက်များ ပါဝင်သည်။

သြင်္ကန်ကို နိုင်ငံတကာ စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော်အဖြစ် ပြုလုပ်မည်

၁၃၇၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသြင်္ကန် ပွဲတော်ကြီးကို ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြီး နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော် ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) ၌ ကျင်းပခဲ့ပြီး အဆိုပါမျှော်မှန်းမှုမှာ ယခုတစ်နှစ်တည်းကိုသာ မျှော်မှန်းခြင်းမဟုတ်ဘဲ ရေရှည်အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က “ရန်ကုန်မြို့ရဲ့ မြို့လယ်ဖြစ်တဲ့ ဆူးလေဘုရားဝန်းကျင်တစ်ဝိုက်ကို လမ်းလျှောက်သြင်္ကန်ရယ်၊ ဗဟိုမဏ္ဍပ်ရယ်ကိုတွဲပြီး ကျင်းပနိုင်ဖို့အတွက်နဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးထဲကနေပြီးတော့ ကမ္ဘာအေးဘုရားလမ်းကို အရေးပေါ် ထွက်လမ်းအဖြစ်ထားရှိပြီး ကျန်တဲ့ပြည်လမ်းမတို့ ဝေဇယန္တာလမ်းတွေဘက်မှာ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်ပွဲတွေကို ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကန်ပတ်လမ်းမဟုတ်ဘဲ ကန်တွင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မန္တလေး သြင်္ကန်

ကျုံးလေးဘက်လေးတန်တွင် နေရာချထား ဆင်နွှဲလေ့ရှိခဲ့သော မန္တလေးသြင်္ကန်အား ယခင်နှစ်မှ စတင်ကာ လမ်းလျှောက်သြင်္ကန်အဖြစ် ပုံသဏ္ဌာန်ပြောင်းလဲကာ ဆင်နွှဲခဲ့ပြီး စိတ်ဝင်စားမှုများပြားခဲ့ခြင်းနှင့် အောင်မြင်မှုရရှိခဲ့ခြင်းကြောင့် ယခုနှစ်တွင်လည်း မန္တလေးသြင်္ကန်အား လမ်းလျှောက်သြင်္ကန်အဖြစ် ဆက်လက်ပုံဖော်လျက်ရှိခြင်းအပြင် ကမ္ဘာ့လှည့်ခရီးသွားများ မြန်မာ့ရိုးရာသြင်္ကန်ကို ပိုမိုစိတ်ဝင်စားမှု ရှိလာစေရန်အတွက် ရည်ရွယ်ကာ အညာကျေးလက်ရသအသွင်ပုံဖော်မည့် တောသြင်္ကန်ညဈေးတန်းကိုလည်း တစ်မူထူးခြားစွာ ထည့်သွင်း ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လမ်းလျှောက်သြင်္ကန်

လမ်းလျှောက်သြင်္ကန်အဖြစ် ဆင်နွှဲမည့် ကျုံးတောင်ဘက် ၂၆ လမ်း တစ်လျှောက်တွင် ရေကစားမဏ္ဍပ်ငယ်များကို သုံးပေနှင့် ခြောက်ပေအမြင့်သာ တည်ဆောက်ရန် သတ်မှတ်ထားပြီး ၁၀ ပေအကျယ်မဏ္ဍပ်ဆိုလျှင် ကျပ်လေးသိန်း၊ ပေ ၂၀ ဆိုလျှင် ကျပ် ခုနစ်သိန်း၊ ပေ ၃၀ အကျယ်ဆိုလျှင် ကျပ် ၁၀ သိန်းပေးသွင်းပြီး ရေကစားမဏ္ဍပ် တည်ဆောက်နိုင်ရာ ဧပြီ ၅ ရက်အထိ မဏ္ဍပ်လျှောက်ထားသူ ၅၅ ခု ကျော်ရှိပြီး မဏ္ဍပ် ၈၅ ခု အထိ ခွင့်ပြုသွားမည်ဟု သိရသည်။

တိုင်းရင်းသားရိုးရာမဏ္ဍပ်များ ပါဝင်မည့် လမ်းလျှောက်သြင်္ကန်တွင် ဖျော်ဖြေရေးမပါဝင်သည့် ရေပက်မဏ္ဍပ်သီးသန့် သတ်မှတ်ထားပြီး လမ်းတစ်ပြလျှင် မဏ္ဍပ်တစ်ခု၌ ဒီဂျေဖွင့် ခွင့်ပေးမည်ဖြစ်ကာ စတုဒိသာကျွေးခွင့်ရှိသော်လည်း ဈေးရောင်းချခွင့် မရှိကြောင်း သတ်မှတ်ထားသည်။ သို့သော် မဏ္ဍပ်မရှိသူများအနေဖြင့် လမ်းလျှောက်သြင်္ကန်တွင် စတုဒိသာ သီးသန့်ကျွေးလိုပါက စည်ပင်သာယာသို့ စာရင်းပေးနိုင်ပြီး စတုဒိသာ ကျွေးမွေးရန်နေရာကို စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သြင်္ကန်တွင် ခရီးသွားမြင့်တင်ရေးကဏ္ဍအတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များက ၂၆ လမ်း၊ ၆၆ လမ်း နှင့် ၆၉ လမ်းကြား ဧရိယာတွင် အစားအသောက်ဆိုင် ၅၀၊ စတုဒိသာမဏ္ဍပ် ငါးခု၊ ရေကစားမဏ္ဍပ်ငါးခု၊ ဖျော်ဖြေရေးမဏ္ဍပ် ငါးခုနှင့် အချက်အလက် စင်တာတစ်ခု ထားရှိသွားမည်ဖြစ်ပြီး ယခင်နှစ်နှင့်မတူညီသည့် အစီအစဉ်များအဖြစ် လမ်းလျှောက်သြင်္ကန်နှင့် တွဲဆက်နေသည့် ဧရိယာများတွင် ခေတ်ပေါ် DJ Complex Foam Party များ ထည့်သွင်းသွားမည်ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထို့ပြင် လမ်းလျှောက်သြင်္ကန် ဧရိယာတွင် မြန်မာ့ရိုးရာပုံရိပ်ပေါ်လွင်စေသည့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းနေရာများတွင် ဆံရစ်ဝိုင်း အမျိုးသမီးငယ်များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် အစီအစဉ်များ အပါအဝင် လောင်းလှေများဖြင့် ရေကစားခြင်း၊ သနပ်ခါးသွေးခြင်း၊ ရိုးရာဝတ်စုံပြသခြင်းများ ထည့်သွင်းထားသည်ဟု သိရသည်။

“မြန်မာ့ရိုးရာယဉ်ကျေးမှု သြင်္ကန်ကို ခရီးသွားဧည့်သည်တွေ သိရှိပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်ဖို့ ဆောင်ရွက်နေတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ မန္တလေးရဲ့ အမှတ်တံဆိပ်ကို ပိုမိုထင်ရှားစေအောင် ဆောင်ရွက်ဖို့ အရင်နှစ် အတွေ့အကြုံတွေကို ယူပြီးတော့ လိုအပ်တာတွေ ဖြည့်စွက်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်ထားတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အထက်မြန်မာပြည်ဌာနခွဲ (မန္တလေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ဆိုသည်။

ထို့ပြင် ၂၆ ဘီလမ်း၊ ၇၃ လမ်း နှင့် ၇၈ လမ်းကြား လမ်းလယ်ကျွန်းတစ်လျှောက်တွင် ရေစိုခံကာတွန်း ပြပွဲလည်း ပါဝင်မည်ဖြစ်ပြီး စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်မပျက် ဆောက်လုပ်ဆင်နွှဲသည့် မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်တွင် သျှီ၊ ထွန်းအိန္ဒြာဗိုလ်၊ အိမ့်ချစ်၊ စိန်လင်း၊ ရဲတိုက်၊ နွေဦး၊ အောင်ကျော်ခန့်၊ ဇာနည်အောင် စသည့်တေးသံရှင် အနုပညာရှင်များနှင့် စိန်တင့်လွင်ဆိုင်း အဖွဲ့တို့ဖြင့် ဖျော်ဖြေမည်ဖြစ်သည်။

တောသြင်္ကန်

ကျုံးအရှေ့ဘက် (၆၆ လမ်း) လမ်း ၂၀ မှ ၂၅ လမ်းအထိ ကျင်းပမည့် “တောသြင်္ကန်” ညဈေးတွင်မူ ၁၀ ပေ အကျယ်ဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် အခမဲ့ရောင်းချခွင့်ပေးကာ ဆိုင်ခန်းပေါင်း ၁၈၀ ခွင့်ပြုပေးထားကြောင်း သိရသည်။ ရရှိသည့် ဆိုင်ခန်းရှင်များကို သြင်္ကန်ဈေးမရောင်းချမီ သင်တန်းပို့ချသွားမည်ဟု သိရပြီး တောသြင်္ကန်ညဈေးတွင် ကြည့်ချင်ပွဲ ရှေးအသွင်ပိတ်ကားထောင် ရုပ်ရှင်၊ ရုပ်ကြီးစင်၊ ဆင်ကအဖွဲ့ခြောက်ဖွဲ့နှင့် ခြင်းအလှတို့လည်း ပါဝင်မည်ဖြစ်သည်။

“တောသြင်္ကန်ညဈေးမှာ နိုင်ငံခြားသားဧည့်သည်တွေ လှည့်လည် ကြည့်ရှုခံစားနိုင်ဖို့အတွက် အမိုးဖွင့် Exepress ကားတွေကိုလည်း တစ်နာရီခြားတစ်ခါ ထွက်ပေးသွားမှာပါ။ မနှစ်က လမ်းလျှောက်သြင်္ကန်မှာ အားနည်းချက် အားသာချက်တွေကို ပြင်ဆင်ပြီး ကျင်းပသွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက ဆိုသည်။

“အညာကျေးလက်က ဘုရားပွဲဈေးအရသာလေးကို နိုင်ငံခြားသားတွေ ခံစားစေချင်သလို ပြည်တွင်းကသူတွေအတွက်လည်း သြင်္ကန်က ညဆိုရင် လည်စရာမရှိတော့ဘူး။ ဒါကြောင့် ခုလိုတောသြင်္ကန်ညဈေးလေး အကောင်ထည်ဖော်ခြင်း ဖြစ်ပါတယ်” ဟု စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ရှင်းပြခဲ့သည်။

ဖျော်ဖြေမှုပါဝင်မည့် ကျုံးသုံးဘက်မှ မဏ္ဍပ်ကြီးများ

ကျုံးအရှေ့ဘက် (၆၆ လမ်း)တွင် မဏ္ဍပ်ခုနစ်ခု၊ ကျုံးမြောက်ဘက် (၁၂ လမ်း) တွင် ၁၀ ခု၊ ကျုံးအနောက်ဘက် (လမ်း ၈၀) တွင် ကိုးခု စုစုပေါင်း ၂၆ ခုကို ပေ ၁၀၀×၂၅ ပေအကျယ် တည်ဆောက်ခွင့်ပြုသွားမည်ဖြစ်ကာ ပြီးခဲ့သည့်နှစ်က လူငယ်သြင်္ကန်အဖြစ် စည်ပင်သာယာရေးကော်မတီမှ ကျင်းပခဲ့သည့် မနော်ရမ္မံကွင်းကိုမူ မဏ္ဍပ်တည်ဆောက်ဆင်နွှဲလိုသူများထံ လေလံချထားမည်ဟု သိရသည်။

“မနော်ရမ္မံကွင်းနေရာကိုတော့ ဒီနှစ်မှာ စည်ပင်က မလုပ်တော့ဘူး။ ဒါကြောင့် မဏ္ဍပ်လုပ်ကိုင်လိုသူတွေ လာရောက်လေလံဆွဲနိုင်ပါတယ်။ ကျုံးအရှေ့ဘက်ကတော့ တောသြင်္ကန်ဆင်နွှဲမှာမို့ လမ်း ၂၀ မြောက်ဘက်ကပဲစပြီး မဏ္ဍပ်ဆောက်ခွင့်ရမှာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ရုပ်ရှင်ပိတ်ကားထောင်ဖြင့် ပြသရန်အတွက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ယူထားသလို တောသြင်္ကန်ညဈေးတွင် ရောင်းချမည့် အစားအသောက်များ သန့်ရှင်းစေရန်၊ ကျန်းမာရေးနှင့် ကိုက်ညီစေရန်အတွက် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို အကူအညီ တောင်းခံမည်ဟု သိရသည်။

တမူထူးခြားစွာ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဖျော်ဖြေမည့် မြို့မတူရိယာအသင်း

၁၉၂၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးမြို့၏ အထင်ကရ မြို့မတူရိယာအသင်းမှာ ယခုနှစ်သြင်္ကန်ပွဲတော်တွင် တစ်မူထူးခြားစွာဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဖျော်ဖြေသွားမည်ဖြစ်ပြီး သြင်္ကန်တေးသီချင်းသစ်များ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။ မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်တွင် အဖွဲ့တစ်ဖွဲ့နှင့် နှစ်စဉ်မြို့တွင်းနေရာအနှံ့ လှည့်လည်ဖျော်ဖြေသည့် အဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲကာ ဆင်နွှဲသွားမည်ဖြစ်ကာ တေးသီချင်းသစ် ၁၂ ပုဒ်နှင့် ငွေငန်းအလှပြယာဉ်ကို ပုံဖော်ပန်းချီဒီဇိုင်းများ ရေးဆွဲလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခုနှစ်ထူးခြားမှုတစ်ရပ် အနေဖြင့် မဟာသြင်္ကန်ဖွင့်ပွဲတွင် ရှေးမြန်မာဘုရင်များလက်ထက်တော်အခါက အခါကြီးရက်ကြီးများတွင် ဘုရင့်အမိန့်တော်ကို အရပ်လေးမျက်နှာသို့ မောင်းကြေးနင်းခတ်ခြင်း သရုပ်ပြအစီအစဉ်ကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ယင်းသို့ ဓလေ့ထုံးတမ်းအစဉ်အလာမှာ ပါတော်မူချိန်မှ စတင်ပျောက်ကွယ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ သြင်္ကန်ကာလတွင် သြင်္ကန်ခါမောင်းကြေးနင်းခတ်၍ အမိန့်တော်ပြန်သည့် ထုံးစံကို ပြန်လည်ဖော်ထုတ်ပြသရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်မန္တလေးသြင်္ကန်တွင် ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့ငါးဖွဲ့ စာရင်းပေးသွင်းထားပြီး သံချပ်အဖွဲ့များကို ဧပြီ ၆ ရက်နောက်ဆုံးလက်ခံမည် ဖြစ်သော်လည်း ဧပြီ ၁၂ ရက်အထိ စာရင်းပေးသွင်းမှုကို တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သံချပ်အဖွဲ့များ၏ သံချပ်စာသားများကို စိစစ်၍ ခွင့်ပြုပေးမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် ယှဉ်ပြိုင်ချိန် မိနစ် ၃၀ သတ်မှတ်ထားကြောင်း သိရသည်။

ကျုံးလေးဘက်လေးတန်တွင် ယခင်နှစ်များက လည်ပတ်သည့်ကားများ တိုးမပေါက်ဘဲ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ်ခဲ့ရခြင်းတို့နှင့် သရုပ်ပျက်ယွင်းခဲ့သည့် မန္တလေးသြင်္ကန်ပုံရိပ်များကို ယခင်နှစ်သြင်္ကန်ကာလတွင် မြင်တွေ့ရမှု နည်းခဲ့ခြင်းကြောင့် ယခုနှစ်ဆက်လက် ဖော်ဆောင်လျက်ရှိသော မန္တလေးလမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန်တို့မှာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်သြင်္ကန်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသစ်တက်လာပြီးနောက် သြင်္ကန်မဏ္ဍပ်များတွင် ရေဆော့ကစားရန်အတွက် ငွေပေးရသဖြင့် စီးပွားရေးဆန်လာသည်ဟုဆိုကာ ၂၀၁၆ ခုနှစ်မှ စတင်ပြီး မဏ္ဍပ်ပါမစ်ထုတ်ပေးမှုကို ကန့်သတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မဏ္ဍပ်ပါမစ်ထုတ်ပေးမှု ကန့်သတ်မှုများ ရှိခဲ့သော်လည်း The One Entertain- ment Park၊ ရွှေထွဋ်တင်ကွင်းတို့တွင် ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားအောင် ပုံစံတစ်မျိုးဖြင့် စမ်းသပ်ခဲ့ကြသည်။ ယခုနှစ်သြင်္ကန်တွင် မဏ္ဍပ်ပါမစ်များကို ပြန်လည်ခွင့်ပြုခဲ့သော်လည်း မဏ္ဍပ်ချထားပေးမည့် နေရာအများစုသည် ရေရှိရန် အခက်အခဲဖြစ်သည့် နေရာများဖြစ်နေသဖြင့် ဝေဖန်မှုများရှိနေခဲ့သည်။ ထူးခြားချက်ကို ပြန်ကြည့်မည်ဆိုပါက ရန်ကုန်မြို့၏ နေရာလေးခုတွင် ပြုလုပ်မည့် လမ်းလျှောက်သြင်္ကန်သည် အစည်ကားဆုံးဖြစ်မည်လား၊ မန္တလေးလမ်းလျှောက်သြင်္ကန်သည် အစည်ကားဆုံးဖြစ်မည်လားဆိုသည်ကို စောင့်ကြည်ရမည်ဖြစ်သည်။

Most Read

Most Recent