ဒေါ်အောင်ဆန်းစုကြည် အစိုးရကနေ ပါတီပြန်မည်လား

ဒေါ်အောင်ဆန်းစုကြည် အစိုးရကနေ ပါတီပြန်မည်လား
Published 7 April 2018

မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်အပြီး ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီအရေးဗျာများနေရသော စိန်ခေါ်ချက်များ၊ အကျပ်အတည်းများကို ဗျူဟာမြောက်ဆန်းစစ်၊ ကျော်ဖြတ်နိုင်ရေး ရှေးရှုမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ပြန်လည်အခြေချ၍ ပါတီကို နိုင်ငံရေးအရ ဦးဆောင်ရမည့်သဘောမှတစ်ပါး  အခြားမရှိနိုင်ပေ။ ရွေးကောက်ပွဲ အကြိုကာလတွင် အစိုးရအဖွဲ့ကို သမ္မတကြီး ဦးဝင်းမြင့်က ဦးဆောင်နေပြီး အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေမည့် အခင်းအကျင်းသည် နိုင်ငံရေးအရ စိတ်လှုပ်ရှားဖွယ်ရာပင် ဖြစ်သည်။

ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်က ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ(၁) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂)အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ရက်အနည်းငယ် အလွန်တွင် ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ သို့ဆိုလျှင် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နံပါတ်(၂)ခေါင်း ဆောင်ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည် အလွန်နိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖို့ လျာထား သတ်မှတ်ခံရသည့် ပုဂ္ဂိုလ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

သမ္မတသစ် ရွေးချယ်တင်မြှောက်ခြင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဦးတည်မည့် ခြေလှမ်းများကို အစပြု၊ စဉ်းစား၊ ပြင်ဆင်နေပြီဟုလည်း ကောက်ချက်ပြုနိုင်သည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်နှစ်တာကာလတွင် ဒီချုပ်အစိုးရသည် အစွမ်းပြရတော့မည် ဖြစ်သည်။ အစွမ်းပြနိုင်ခြေနည်းလေလေ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အလားအလာသည် မွန်းကျပ်လေလေဟု ဆိုနိုင်သည်။ ရွေးကောက်ပွဲအကြို နှစ်နှစ်လိုကာလကတည်းက အစိုးရနှင့် လွှတ်တော်များ အားကောင်းမောင်းသန်ရေးကို အားကုန်ရုန်းကြရမည် ဖြစ်သည်။ အာဏာရဒီချုပ်ပါတီကိုလည်း ပြန်တည်ဆောက်ရမည် ဖြစ်သည်။ စိန်ခေါ်မှုများ၊ အကျပ်အတည်းများအကြားတွင် အာဏာရ ဒီချုပ်ပါတီသည် လျော့ရဲ ပျော့ပြဲနေဆဲပင် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တာဝန်များမှ နုတ်ထွက်ပြီး ဒီချုပ်ပါတီဥက္ကဋ္ဌအဖြစ် တရားဝင် လူလုံးပြလာနိုင်ခြေကလည်း မြင့်မားနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစောဆုံး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၊ နောက်အကျဆုံး ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နေရာကို ပြန်ရယူနိုင်ဖွယ်ရှိပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် မောင်းနှင်နိုင်ဖွယ် ရှိနေသည်ဟုလည်း သုံးသပ်ကြသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးတွင် အရေးပါနေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီကို ပြန်လည်ဦးဆောင်နိုင်ဖွယ် ရှိနေသည့် ၂၀၂၀ ပြည့်နှစ်ကာလမတိုင်မီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီကဲပြီး ဗဟိုဦးစီးစနစ်နှင့် ဗဟိုချုပ်ကိုင်မှုနည်းသည့် ပါတီတည်ဆောက်ရေး ပုံစံသစ်ကို ဦးစွာဖော်ဆောင်နိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအား ဦးဆောင်မည့် ဒီချုပ်ပါတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များက ဦးစီးဦးဆောင်မှသာ အစပ်အဟပ် တည့်မည်ဖြစ်သည်။ သို့ဖြစ်၍ ပါတီအနေဖြင့် ၂၀၁၈ ခုနှစ် အတောအတွင်း နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံခေါ်ယူကျင်းပပြီး ပါတီခေါင်းဆောင်များကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်၍ ပါတီကို အမာခံများ၊ အမာခံဒေသများအဖြစ် သတ်မှတ်လျက် တည်ဆောက်နိုင်ရန် စက်ကုန်ဖွင့် ဆောင်ရွက်သင့်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမိုကြမ်းတမ်းခက်ခဲနိုင်ပြီး စိန်ခေါ်မှု မြင့်မားနိုင်ခြင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရတာဝန်များမှ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်ဦးဆောင်ရန် ဆော်သြသည့် အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူးကာလ ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ တာဝန်ကို မလွဲမသွေ ပြန်လည်ထမ်းရွက်လာနိုင်ဖွယ်ရှိမည်ဟု သုံးသပ်ကြသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကာလများတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ကြိုးနီစနစ် တိုက်ဖျက်ရေး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းမွန်ရေးတို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံမှု ပိုမိုကောင်းမွန်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အခြေခံအုတ်မြစ်ကောင်းများကို ဟန်ချက်ညီညီ၊ ဗျူဟာမြောက် ပြိုင်တူတွန်း၊ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု၏ ယုံကြည်မှုကို  ကျယ်ကျယ်ပြန့်ပြန့် ရရှိလာနိုင်မည်ဟု ကောက်ချက်ပြုနိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ လျှော့ချနိုင်ရေး ချဉ်းကပ်စဉ်းစားမည် ဆိုလျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့သည့် ဖြစ်စဉ်များကို ကျောသားရင်သား မခွဲမခြား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရန် ပဓာနကျမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မှားခဲ့သည့် အမှားမျိုး ထပ်မမှားအောင် ဆန်းစစ်၊ ပြုပြင်နိုင်ရန် အရေးကြီးမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ အရှုပ်တော်ပုံများ၊ ပြဿနာများ ထပ်မံဖြစ်ပေါ်ဦးမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးအရ ပိုမို ထိခိုက်ပွန်းရှစေမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရှိရေးကို အလှမ်းဝေးသွားစေနိုင်ဖွယ် ရှိနေသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရမှတ်တမ်းသည် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ အနိုင်ရမှတ်တမ်းလောက် တောက်တောက်ပြောင်ပြောင် ဖြစ်နိုင်ခြေနည်းပါးသည်ဟု သုံးသပ်နိုင်သည်။ အထူးသဖြင့် ပြည်နယ်များတွင် ဗမာမဟုတ်သော တိုင်းရင်းသား ပါတီများအကြား ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်လာနိုင်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲထက် ပိုမိုအနိုင်ရရှိလာနိုင်ခြေ ရှိသည်။ ဗမာမဟုတ်သော တိုင်းရင်းသားပါတီများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိနိုင်ရန် ရည်သန်လျက် စီမံချက် ရေးဆွဲချမှတ်ဖော်ဆောင်နိုင် ရေးစိုင်းပြင်းသင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။

၂၀၁၉ ခုနှစ် နှစ်ကုန် သို့မဟုတ် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီဥက္ကဋ္ဌနေရာကို ပြန်လည်ထမ်းဆောင်မည်ဆိုလျှင် သမ္မတကြီး ဦးဝင်းမြင့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရယန္တရားကြီးကို ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မောင်းနှင်ရမည့် သဘောရှိနေသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် အစိုးရများနှင့် လွှတ်တော်များ၏ဆောင်ရွက်ချက်များ၊ အစိုးရနှင့်လွှတ်တော်အကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှုများသည် ဗျူဟာမြောက်အရေးပါလာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကာ လများတွင် နိုင်ငံရေးအရ ခြေစွမ်းခြေစ ပျောက်နေဦးမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အလားအလာသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိသွားနိုင်ခြေ ရှိနေသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေးကို မာရသွန်ပြေးပွဲတစ်ခုနှင့် နှိုင်းယှဉ်သုံးသပ်မည်ဆိုလျှင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နေ့ရက်များသည် ပန်းဝင်ရန် နီးကပ်လာနေသည့် အချိန်ကာလဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်သည်ကား ပန်းဝင်အံ့ဆဲဆဲ ပန်းတိုင်ကိုလှမ်း မြင်နေရသည့် ကာလပင်ဖြစ်သည်။ နိုင်ငံရေးအရ သက်လုံကောင်းရန် အရေးကြီးသည့်အပြင် အမောမဖောက်ရန်၊ ကြွက်မတက်ရန်၊ ခလုတ်မတိုက်မိရန်၊ ပြေးလမ်းပေါ်တွင် ပစ်မလဲရန် အလွန်အမင်းသော့ချက်ကျသော ကာလလည်း ဖြစ်သည်။ အဆိုပါ ပန်းဝင်အံ့ဆဲဆဲ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရတာဝန်များမှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ပြန်လည်ရယူနိုင်ရန် အလားအလာ မြင့်မားသည်ထက် မြင့်မားလျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Most Read

Most Recent