ချစ်သူငယ်ချင်းများ

ချစ်သူငယ်ချင်းများ
Published 4 April 2018

ဓာတ်ပုံ-ဇော်ဇော်အောင်

ချစ်သူငယ်ချင်းများဟုဆိုသဖြင့် 'မချစ်တဲ့ သူငယ်ချင်းရော ရှိလို့လား'ဟု ဆိုစရာ ဖြစ်ပါသည်။ မချစ်သော သူငယ်ချင်းဟူ၍ ရှိမည်မဟုတ်ပါ။ သူငယ်ချင်းမှန်လျှင် သူငယ်ချင်းချစ် ချစ်ကြသည်ပင်။ အချို့များ ညီအစ်ကိုထက်ပင် ချစ်ကြသေးသည်ဟု ဆိုသည်။

ယခု စာခေါင်းစီးကလေးကိုတွေ့မိလျှင် သူသူကိုယ်ကိုယ် သူငယ်ချင်းများကို သတိရမိကြတော့မည်။ အဝေးမှ သူငယ်ချင်းလား၊ မတွေ့ရသည်မှာ ကြာသော သူငယ်ချင်းလား၊ မရှိတော့သော သူကိုလား၊ အမျိုးမျိုး ရှိနိုင်ပါသည်။

အချို့အမှတ်ရချက်များက ပြုံးပျော်မိစေသည်။ အချို့ကို သတိရမိလျှင်တော့ ကိုယ့်မှာ ခံစားရချက်တစ်မျိုး ဖြစ်နိုင်ပြန်ပါသည်။ သူငယ်ချင်းကို ကိုယ်နေသည့်အရပ်တွင် ကစားဖော်မှစ၍ ရကြသည်။ ဇာတိအရပ်တွင် ကျွန်တော်နှင့် ကစားဖော်မှာ မွှေးမွှေးဆိုသော ကောင်မလေးတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့ ကစားနေရာအနားမှ ကာလသားကြီးများက “ကောင်လေး မင်း မလုပ်ရဲပါဘူးကွာ” ဘာညာပြောဆို စိန်ခေါ်သဖြင့် ကျွန်တော်သည် မွှေးမွှေးဆီကို အနားကပ်ကာ အာဝါးပေးလိုက်သည်။ ကျွန်တော် ကျောင်းပျင်း၍ အိမ်သို့ ပြန်လစ်သည့်အခါ ကျွန်တော့်နောက်သို့လိုက်လာပြီး ချောင်းကမ်းနံဘေးက ခရာတောထဲ အတူထိုင်ခဲ့ဖူးသည့် ကုလားလေး တစ်ယောက်ကိုလည်း ကျွန်တော် တစ်ခါတစ်ခါ သတိရသည်။ တစ်ဖက်မှ ချောင်းကမ်းတွင် ကျွန်တော်တို့ အိမ်။ ထိုကောင်လေး၏အိမ်လည်း အနီးမှာပင်ဖြစ်သည်။

ရန်ကုန်မြို့သို့ ပြောင်းလာကြပြီး ကျောင်းဆက်နေသည့်အခါ ကျောင်းအဖော် သူငယ်ချင်းများ ရလာသည်။ ကျိုက္ကဆံရပ်ကွက် နီလာလမ်း၌ နေရသည့်အခါ ကျောင်းနေဖက် တစ်လမ်းတည်း သူငယ်ချင်း သောင်းညွန့်က ရောင်ကြီးဗွေနှင့် ဖြစ်သည်။ နံနက်ပိုင်း ကျောင်းလွှတ်၍ အိမ်ပြန် ထမင်းစားပြီးသည်နှင့် ကျွန်တော်သည် သောင်းညွန့်အိမ်သို့ သွားမြဲဖြစ်သည်။ သူတို့အိမ်က ကျွန်တော်တို့နှင့် တစ်လမ်းတည်း။ အလယ်ပိုင်းနှင့် အောက်ပိုင်းသာ ခြားသည်။ သူက စာတော်သည်။ မျက်နှာသွယ်သွယ်နှင့် ရုပ်ချောသည်။ စိတ်ကောင်းရှိ၍ သူ့ကို ခင်လှသည်။ နေ့တိုင်း သူ့အိမ်သွားနေရာက တစ်နေ့တော့ သူကိုင်သွားနေကျ။ ကြိမ်လုံးကြာပွတ် (မြင်းပြိုင်ကွင်းနှင့် နီး၍ ဂျော်ကီများ ကိုင်သော ကြာပွတ်ကို သဘောကျပြီး ကိုင်ခဲ့ခြင်းဖြစ်မည်) ပါမသွားခဲ့သည်တွင် ဆေးဆရာအိမ်မှ ယခင်ကတည်းက မျက်စိနောက်နေခဲ့သလား မဆိုနိုင်။ အင်းခွေးကလေးတစ်ကောင်က ကျွန်တော့် ညာဘက် ခြေသလုံးကို ထွက်ဆွဲခဲ့လေသည်။ အလယ်တန်းရောက်ပြီးနောက် သောင်းညွန့်ကို ယနေ့တိုင် မတွေ့မဆုံခဲ့တော့။ ကျွန်တော်ကတော့ သူ့ကို မမေ့သေးပေ။

သူငယ်ချင်းဟူသည် နေရပ်များပြောင်း လေ၊ ကျောင်းများ ပြောင်းနေရလေ သူငယ်ချင်းများ ရလေ ဖြစ်သည်။

အထက်တန်းကျောင်းသားဖြစ်ကြသည့်အခါ နယ်မှကျောင်းလာနေသော သူငယ်ချင်းဖြစ်ရသူ တစ်ဦးမှာ နာမည်က ဦးကျော်မင်း ဖြစ်သည်။ သူ့နာမည်ကို စသိသိချင်းတွင် ဘယ်လိုကြီးလဲ၊ ကြောင်စီစီဟု ထင်ခဲ့သည်။ နောက်မှ သိရသည်မှာ ရခိုင်လူမျိုး၊ သားကြီး သြရသဖြစ်၍ နာမည်ထိပ်တွင် 'ဦး' ထည့်တပ်ခြင်းဟု မှတ်ရသည်။

အသားက ဖြူဖြူ၊ အရပ်မြင့်မြင်၊ လူက ခပ်၀၀။ စကားပြောလျှင် ဘောက်ဆတ်ဘောင်ဆတ်နှင့် တိုတိုပြတ်ပြတ်။ စကားလည်း နည်းသည်။ လူက ရိုးသည် တစ်ခါတစ်ခါ တကယ်  ကြောင်စီစီနိုင်သည်။ သူ့လက်ရေးမှာ ပိန်လိုက်ဝိုင်းလိုက်ဖြင့် ခပ်ကျဲကျဲကြောင်ခြစ်ထားသလို။ လက်ရေးညံ့သည်။ ကျွန်တော်က ကပ်ပြီး “မင်းလက်ရေးက အတော်လှတယ်ကွ” ဟု ပြောသည်ကို မပြုံးမရယ်ဘဲ နောက်ပြောင်မှန်း မသိ။ ”မလှပါဘူး။ မင်းကမှ လှတယ်” ဟု ခပ်တည်တည်ပြန်ပြောတော့ အနားမှ သူငယ်ချင်းများ ပြုံးကြရသည်။

တစ်နေ့တော့ ကျောင်းလွှတ်ပြီး ကျွန်တော်နှင့် ငတူးတင်ဝင်း (သူငယ်ချင်းတင်ဝင်းများကို ခွဲခြားခေါ်ဝေါ်သည်) တို့ ကျောက်မြောင်း လမ်းဘက်ရောက်ပြီး သူ့ကို လှမ်းတွေ့သဖြင့် သူ့အိမ်ကို ဝင်လည်ကြသည်။ သူငယ်ချင်းများ စကားပြောကြရန်။ သို့သော် တကယ် ပြောတော့ ကျွန်တော်တို့နှစ်ယောက်သာ ပြောဖြစ်ကြသည်။ ထိုစဉ် သူက ပန်းကန်တစ်ချပ်နှင့် ဖြူဖြူမှုန့်များ လာချပေးသည်။

“ဟ၊ ဒါ ဘာတွေလဲ” (ငတူးက မေး)

“စားပါ၊ အိမ်မှာ မင်းတို့ကျွေးစရာ ဘာမှမရှိ၊ အဲဒါ ငါ့ညီဝမ်းကွဲကလေးကို တိုက်တဲ့ နို့မှုန့်”

သူ့အဖြေတွင် ကျွန်တော်တို့ အာမေဋိတ်သံ ထွက်သွားတော့သည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ရယ်ရတော့သည်။ သူက ဆက်ပြောလိုက်သေးသည်။

“စားကွ၊ ငါလည်း တစ်ခါတစ်ခါ ဒါပဲ စားတယ်”တဲ့။

ဦးကျော်မင်းက ဤလို ရိုးသည်။

တစ်ခါတော့လည်း ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ်၊ ခြောက်ယောက်လောက် ရှိမည်။ အရပ်ထဲ လမ်းလျှောက်ပတ်နေရင်းက ကျားကွက်သစ်လမ်းရှိ သူငယ်ချင်း တရုတ်ကြီးအိမ်ရှေ့သို့အရောက် ကြံရည်သောက်ကြမည်ဆိုပြီး အိမ်ဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။ ကြံရည်မှာသည်။ ကြံရည်ခွက်နှင့် လူများ စီချတော့ လူတစ်ယောက်လိုနေသည်။ ကြည့်တော့ ကျန်နေတာ သူ။

“ဟ၊ ဦးကျော်မင်းတစ်ယောက် ဘယ်ရောက်သွားလဲ”

သူ့ကို မတွေ့၍ တစ်ယောက်က ထအော်သည်။ လမ်းပေါ်လှမ်းကြည့်တော့ ဘသားချောက လမ်းမပေါ်တွင် တောင့်တောင့်ကြီး ရပ်နေလေသည်။ မလှုပ်မယှက်။

“ဟေ့ကောင် လာကွ” ကျွန်တော် သွားခေါ်တော့ သူက မလာချင်ဘူးဟု ဆိုသည်။ အတင်းပင် ခေါ်ရသည်။ အခါခါပြောတော့ မှ သူ့မှာ ပိုက်ဆံမပါ၍ လိုက်မသောက်ချင်ဘူးဟုဆိုသည်။ “လာစမ်းပါကွာ” ဟု ဆွဲခေါ် တော့မှ သူသည် လေးကန်လေးကန်ဖြင့် ပါလာခဲ့သည်။

ကြံရည်ကို သူငယ်ချင်းများ သောက်ပြီးကြတော့ ပွစိပွစိဖြစ်လေသည်။ ခပ်တိုးတိုး။ ကိစ္စမှာ ကြံရည်ဖိုး ပိုက်ဆံဝိုင်းစုလိုက်သည့် အခါ ပြားနှစ်ဆယ်လိုနေခြင်းဖြစ်သည်။  ငွေ မပြည့်။ ဤသို့နှင့် သူငယ်ချင်း တရုတ်ကြီးကိုပင် အနားကိုခေါ်၊ ငွေမပြည့်ကြောင်း ပြောလိုက်ရသည်။ တရုတ်ကြီးက ပြုံးပြီး ခေါင်း ညိတ်သည်။ သို့သော် သူ့အစ်မ မညွန့်ညွန့်က သိသွားပြီး “နင်တို့ကလည်းဟယ်၊ ဒါများ ပြောနေရသေးလားဟဲ့၊ ဒီလောက် ပိုက်ဆံလိုတာကလေးများ ပြောမနေကြနဲ့”ဟု အသံခပ် ကျယ်ကျယ်အော်ပြောတော့ ကျွန်တော်တို့ကတော့ စပ်ဖြဲဖြဲဖြစ်ကြသည်။ ဦးကျော်မင်းတစ်ယောက် တရှူးရှူးနဲ့ စိတ်တွေဆိုးတော့သည်။ မျက်နှာကြီးသုန်မှုန်ကာ-

“မင်းတို့ ငါ မပြောလား၊ ငါမလိုက်ပါ၊ မသောက်ပါလို့ မပြောလား၊ အခု ပိုက်ဆံလိုတော့ ကောင်းလား”ဟု ရခိုင်သံဝဲ၀ဲ ဒေါနှင့်ပြောလေ၊ ကျန်သည့်လူများက ရယ်လေ၊ သူက ပိုစိတ်ဆိုးလေ။ သူသည် ယင်းကဲ့သို့ ရိုး သလောက် ရှက်တတ်သူ။ ကျွန်တော်တို့လို ရှက်ရှက်နှင့် ရှက်ရယ် မရယ်တတ်သူ။ သြော်  သည်တော့ သူ့ကို ကြုံသူတိုင်းက ဝိုင်းစတတ်ကြသည်။

ကျွန်တော်တို့ ဟိုက်စကူးလ်ဖိုင်နယ်  စာမေးပွဲကြီးကို ရေကျော် မက်သဒစ် (အခု ထ-၃ ဗိုလ်တထောင်)တွင် ဖြေကြရသည်။ သင်္ချာနေ့က မေးခွန်းနည်းနည်းခက်ပြီး မေးခွန်းအမှားလည်း ပါသည်။ ဦးကျော်မင်းထံမှ (မေး ခွန်းကြောင့်) သူ စိတ်ရှုပ်ပုံ အသံရွှတ်ရှက်ဖြင့် ထွက်နေသည်။ ခပ်တိုးတိုးသာ။ သူ့ကိုကြည့်တော့ ဖောင်တိန်ဖင်ကို သွားဖြင့်ကိုက်လျက်။ စာမေးပွဲ စတင်ချိန် နာရီဝက်ကျော်ကျော်ရှိတော့မည်။ ထိုအခိုက် သူ့စာဖြေခုံပေါ်မှ စားပွဲ တင်နာရီက ‘ကလင် ကလင် ကလင်’ ဖြင့် နှိုး စက်သံ ကျယ်လောင်စွာ ထွက်ပေါ်လေတော့သည်။ တစ်ခန်းလုံး

“ဟား ဟား ဟား” ဖြင့် ဝိုင်းရယ်ကြတော့သည်။

“ဒါ ဘယ်ကောင်လုပ်သလဲ”

သူက စိတ်ရှုပ်နေဆဲ၊ ခုလိုဖြစ်တော့ စိတ်ဆိုးကာ ပြောတော့သည်။ ဘယ်သူကမှ ပြန်မဖြေဘဲ ခပ်ပြုံးပြုံးလုပ်နေမိကြသည်။ သူက လက်ပတ်နာရီမပါ၍ အိမ်က စားပွဲတင် နာရီယူလာခဲ့သည်။ ယင်းကို စာဖြေခန်းထဲမဝင်မီ တစ်ယောက်က နှိုးစက်နာရီကို စာမေးပွဲစဖြေပြီး နာရီဝက်အကျော်လောက်တွင်  မြည်စေရန် သံပတ်ပေးလိုက်၍ နာရီက ထအော်ခဲ့ခြင်းပင်။

သူ့ဆို စ၍ကောင်းသဖြင့် စခဲ့ကြသည်။ နောက်နှစ် ၁၀ တန်း ကျောင်းပြောင်းနေကြ တော့ သူပါလာသေးသည်။ ၁၀ တန်းဖြေပြီးနောက် သူ့ကို မတွေ့ရတော့။

နှစ်များ တဖြည်းဖြည်းကုန်ခဲ့သည်။ ချစ်သူငယ်ချင်းများလည်း တွေ့သူတွေ့ မတွေ့ သူ မတွေ့ဖြင့် ဝေးခဲ့ကြသည်။ လူငယ်များ၏ သူငယ်ချင်းလောကတွင် ‘သူငယ်ချင်း သုံးယောက် ရှိလေသည်’ ဆိုသော စကား/ဝါကျ ရှိသည်။ (တေးသံရှင် ဒေါ်ညွန့်ညွန့်စိန်၏ အသံလွှင့်ဇာတ်လမ်းမှာ ရုပ်ရှင်ပင် ဖြစ်ခဲ့သေးသည်ဟု မှတ်ထားမိသည်) သူငယ်ချင်းများ သုံးယောက် သုံးယောက်တွဲတတ်သည်ကို ဆိုလိုသည်။ မိန်းကလေးသူငယ်ချင်း ပါလာလျှင် မေတ္တာဖွဲ့ အချစ်ဇာတ်လမ်းလည်း ဖြစ်တတ်ကြသည်မှာ ဓမ္မတာ။

အခု တရားလွှတ်တော်ရှေ့နေကြီးဖြစ် နေသည့် သန်းစိုးရယ်၊ အတူးတင်ဝင်းရယ်၊ ကျွန်တော်တို့ သုံးယောက်သားသည် တစ်ပတ် တစ်ပတ်တွင် သူ့အိမ်မှာ နှစ်ရက် နေအိပ်စား၊ ကိုယ့်အိမ်မှာလည်း နှစ်ရက် နေအိပ်စားဆိုတော့ ကိုယ့်အိမ်မှာ သူငယ်ချင်းမရှိဘဲ ကိုယ်နေရသည်က တစ်ရက်သာ ရှိတတ်ခဲ့လေသည်။

ဟိုတစ်လောက သန်းစိုးတစ်ယောက် အတော်နေမကောင်းဖြစ်လိုက်သည်ကို သူသက်သာမှ တွေ့မှသာ သိရတော့သည်။ ဖေဖော်ဝါရီလလယ် တစ်ရက်တွင် ကျွန်တော့်ဆီ ဖုန်းဝင်လာ၍ နားထောင်လိုက်သည့် အတူး ဖြစ်နေသည်။

“ဟေ့ စိုးမြင့်၊ သူငယ်ချင်း... ငါအခု စစ်တွေ ရောက်နေတယ်ကွ”

“ဟေ ဟုတ်လား”

“အေး ဟုတ်တယ်၊ ငါ  ဒီမှာ ဦးကျော်မင်း နဲ့ တွေ့နေပြီဟေ့”

သူက ဝမ်းသာအားရပြောရင်း တဟားဟား ရယ်မောသည်။ သူငယ်ချင်း ဦးကျော်မင်း ကို သူ မတွေ့သည်မှာ ၁၉၆၇ နောက်ပိုင်း တောက်လျှောက်ဖြစ်သည်။ ကျွန်တော်နှင့် က သံတွဲ၊ မဇင်လေဆိပ်၌ ခဏတစ်ခါတွေ့သည်။ သူ မီးသတ်ဗိုလ်ဖြစ်နေပြီ။ ကျွန်တော်  ပင်စင်မယူမီ စစ်တွေ တစ်ခေါက်ရောက် သည့်အခါ မီးသတ်တပ်ဖွဲ့ဆီ ဖုန်းဆက်စုံစမ်းရင်း တွေ့ဖြစ်ခဲ့သည်။ ကျွန်တော်တို့နှစ်ယောက် ကျွန်တော် မပြန်မီ တစ်ရက် နံနက်ခင်း ဓာတ်ပုံဆိုင်ကို သွားနှိုးကာ ဓာတ်ပုံရိုက်ခဲ့ကြသည်။ ယခု ယင်းဓာတ်ပုံကလေးကို  ပလတ်စတစ်အိတ်နွမ်းကလေးထဲထည့်ကာ သူ့အင်္ကျီအိတ်ကပ်ထဲ အမြဲထည့်ထားသည်ဟု ဆိုသည်။ သြော် သူငယ်ချင်းရယ်။

သူ ပင်စင်ယူပြီးနောက် လေထိထားသည်ဟုဆိုသည်။ အတူးတင်ဝင်းကိုတွေ့တော့ ဝမ်းသာအယ်လဲ ပြုံးပျော်၍နေသည်ဟု ဆိုသည်။ ထမင်းတစ်နပ် အိမ်မှာ အတင်းကျွေး၍ စားခဲ့ရကြောင်း ဆိုပါသည်။ ငတူး လည်း မတွေ့ရ အလွန်ကြာခဲ့ပြီဖြစ်သော သူငယ်ချင်းတစ်ယောက်ကို တွေ့ရ၍ အလွန်ပျော်သွားခဲ့ပြီ။

မကြာသေးမီက သူ့ဇနီး မိချို (ကျွန်တော် တို့ ညီမလေးလို ခင်မင်ခဲ့ရသော ချိုချိုဝင်း) ဆုံးပါးခဲ့သဖြင့် သူ့သမီးကြီး ဇနီးမောင်နှံက စိတ်ပြေလက်ပျောက်ဆိုကာ ခရီးများလွှတ်သည်ဟု ဆိုသည်။ မြောက်ဦးမြို့ဘုရားဖူးသွားသည့်အခါ စစ်တွေတွင် ဦးကျော်မင်းကို တွေ့ ခဲ့ရသည်။ သူသည် ငယ်သူငယ်ချင်းကို အားဆေးများ လက်ဆောင်ကလေးများနှင့် ကူညီနိုင်သလောက် အားပေးကူညီခဲ့ကြောင်း သိရသည့်အခါ ကျွန်တော်လည်း သာဓုခေါ်လိုက်ပါသည်။

ကျွန်တော် စစ်တွေရောက်ခဲ့စဉ်က ဦးကျော်မင်း၏သမီး ကျောင်းဆရာမလေးမှာ အလွန်ဝေးခေါင်ရာ ရောက်နေပြီး မိဘဘိုးဘွားပြုစုရန် ဒုက္ခရောက်လှသဖြင့် ဆရာကြီး ဦးအေးကြိုင် (ပြည်နယ်ပညာ) ထံ တင်ပြပေးခဲ့၍ ပြောင်းရွှေ့ခွင့်ရခဲ့သည်ကိုလည်း ဦးကျော်မင်း၏ဇနီးက ကျေးဇူးတင်ကြောင်း တဖွဖွပြောရှာသည်ဟု ဆိုပါသည်။

ငယ်စဉ်က ပေါင်းဖော်ခင်မင်ခဲ့ကြရသော သူငယ်ချင်းတို့ဟူသည် နီးနီးကလေး ရှိသော်လည်း တွေ့ဖြစ်ချင်မှ တွေ့ဖြစ်၍ ဝေးနေသော်လည်း တွေ့နေတတ်ကြပါသည်။ မည်သို့ဆိုစေ ချစ်သူငယ်ချင်းများကိုတော့ မမေ့တတ်ပါလေတကား။