တောင်ကိုရီးယားကေပေါ့အဖွဲ့၏ ရှားပါးသောဖျော်ဖြေမှုကြောင့် ကင်ဂျုံအွန်က အလွန်အမင်းစိတ်လှုပ်ရှားခဲ့ဟု အစိုးရမီဒီယာဖော်ပြ

တောင်ကိုရီးယားကေပေါ့အဖွဲ့၏ ရှားပါးသောဖျော်ဖြေမှုကြောင့် ကင်ဂျုံအွန်က အလွန်အမင်းစိတ်လှုပ်ရှားခဲ့ဟု အစိုးရမီဒီယာဖော်ပြ
Published 3 April 2018

ဧပြီ ၁ ရက်က ပြုံယမ်းတွင် တောင်ကိုရီးယား အနုပညာရှင်များနှင့် တာဝန်ရှိသူများကို ကင်ဂျုံအွန်က စကားပြောနေစဉ် (Photo - AFP)

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် တောင်ကိုရီးယား ကေပေါ့စတားများ၏ ရှားရှားပါးပါး ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ရပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် က လက်ခုပ်တီး၊ ပြုံးရယ်လျက် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ကြောင်း အစိုးရသတင်းအေဂျင်စီ KCNA က ဧပြီ ၂ ရက်တွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယားပေါ့ယဉ်ကျေးမှုလှိုင်းလုံးက ၎င်းတို့၏ အထီးကျန် မြောက်ကိုရီးယားပြည်သူများထံ ထိုးဖောက်ဝင်ရောက်ရန် မည်သည့်ကြိုးပမ်းမှုကိုမဆို ဟန့်တားရန် မြောက်ကိုရီးယားအာဏာပိုင်များက ခက်ခက်ခဲခဲရုန်းကန်နေရစဉ် အဆိုပါဖျော်ဖြေပွဲသို့ ကင်ဂျုံအွန်နှင့် ၎င်း၏ဇနီးဖြစ်သူ အဆိုတော်ဟောင်း ရီဆိုဂျူလည်း တက်ရောက်ခဲ့မှုက တစ်မူထူးခြားခဲ့သည်။

တောင်ကိုရီးယားအနုပညာရှင်များ၏ ဖျော်ဖြေပွဲတစ်ခုသို့ တက်ရောက်ခဲ့သည့် ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သည့် ကင်က ထိုအနုပညာရှင်များနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး လှိုက်လှိုက်လှဲလှဲကျေးဇူး တင်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ယခုလနှောင်းပိုင်းတွင် သမိုင်းဝင် ကိုရီးယားနှစ်နိုင်ငံထိပ်သီးမကျင်းပမီ ကိုရီးယား ကျွန်းဆွယ်၌ သံတမန်ဆက်ဆံရေးတင်းမာမှုမှ ပြန်လည်ပျော့ပျောင်းလာနေစဉ် ဆိုးလ်၏ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအရ တောင်ကိုရီးယားအနုပညာရှင်များက ပြုံယမ်းသို့သွားခဲ့ခြင်း ဖြစ်သည်။ ကင်က ဧပြီအစောပိုင်းတွင် ရှုပ်ထွေးသော နိုင်ငံရေးဆိုင်ရာအစီအစဉ်များကြောင့် သူသည် အလုပ်ရှုပ်နေနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် သူသည် စိတ်ငြိမ်းချမ်းမှုအား ဆောင်ကြဉ်းပေးနိုင်သည်ဟုဆိုသော ထိုဖျော်ဖြေပွဲသို့ တက်ရောက်ရမှုအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အနုပညာရှင် ၁၁ ဦးအပြင် အကသမားများ၊ ပညာရှင်များနှင့် ကိုယ်ခံပညာရှင်များ အပါအဝင် လူ ၁၂၀ ပါသော တောင်ကိုရီးယား အဖွဲ့သည် ဧပြီ ၁ ရက်တွင် ဖျော်ဖြေပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဧပြီ ၃ ရက်တွင် နောက်ထပ်ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။ ကင်၏ ညီမဖြစ်သူ ကင်ယိုဂျုံနှင့် မြောက်ကိုရီးယား၏ အဆောင်အယောင်မျှသော ခေါင်းဆောင် ကင်ယုံနမ်တို့လည်း တက်ရောက်ခဲ့ကြသည့် ဧပြီ ၁ ရက်က နှစ်နာရီကြာ ကျင်းပခဲ့သည့် ထိုဖျော်ဖြေပွဲ၌ ကင်ဇနီးမောင်နှံတို့က လက်ခုပ်တီးလျက် အားပေးခဲ့ကြသည်။ လူ၁၅၀၀ ဆံ့ အရှေ့ပြုံယမ်းဂရန်းပြဇာတ်ရုံ၌  ခမ်းခမ်းနားနားကျင်းပခဲ့သော အဆိုပါဖျော်ဖြေပွဲတွင် အနုပညာရှင်အားလုံးက ကိုရီးယားပြန်လည်ပေါင်းစည်းရေး သီချင်းတစ်ပုဒ်အား သီဆိုပြီး ပိတ်သိမ်းခဲ့ချိန်၌ တက်ရောက်လာသည့် ပရိသတ်အားလုံးက မတ်တတ်ရပ်၍ ဂုဏ်ပြုခဲ့ကြသည်။

မြူးကြွသော အီလက်ထရွန်နစ်ဂီတနှင့် ကကွက်များအား ရောစပ်ထားမှုဖြင့် ထင်ရှားပြီး အဖွဲ့ဝင်ငါးဦးပါသော တောင်ကိုရီးယားအမျိုးသမီးအဖွဲ့ Red Velvet သည် အလွန်အမင်း အာရုံစိုက်ခံခဲ့ရပြီး ၎င်းတို့၏အအောင်မြင်ဆုံး သီချင်းများထဲမှ Bad Boy နှင့် Red Flavpur တို့ကို ဖျော်ဖြေခဲ့သည်။ မြောက်ကိုရီးယား ပရိသတ်များသည် မျှော်လင့်ထားသည်ထက် ၎င်းတို့အားပို၍ အားပေးခဲ့ပြီး သီချင်းများပင် လိုက်ပါသီဆိုခဲ့သဖြင့် အလွန်အမင်း စိတ်သက်သာရာရခဲ့ကြောင်း Red Velvet အဖွဲ့ဝင် ယီရီက ပြောကြားခဲ့သည်။

Ref ;AFP

Most Read

Most Recent