NCA နှင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်က အကျပ်အတည်းများ

NCA နှင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်က အကျပ်အတည်းများ
Published 1 April 2018

“ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့လုပ်ရပ်တွေ အားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။ အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ်မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ ဒါကို အများကြီးတန်ဖိုးထားပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့ အဖွဲ့အစည်းများပါဝင်အောင်လို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားပါမယ်”

ဒေါ်အောင်ဆန်းစုကြည်  ဧပြီ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်၊ နှစ်သစ်ကူး မိန့်ခွန်းမှ ကောက်နုတ်ချက်

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အစိုးရအနေနဲ့ ဦးသိန်းစိန် အစိုးရဟောင်းရဲ့ အမွေကို ဆက်ခံခဲ့ပါတယ်။ အစိုးရဟောင်းက အာဏာလွှဲပြောင်းဖို့ လပိုင်းအလိုမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်မှာ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။

ဒါပေမဲ့ ဒီညီလာခံက သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ နှုတ်ဆက်ပွဲဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုအဆင့် ညီလာခံကိုကျင်းပပေမဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကို မရေးဆွဲရသေးတဲ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနဲ့ နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းစတဲ့ NCA စာချုပ်ပါ သဘောတူညီချက်တွေကို အဆင့်ကျော်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့လို့ ဖြစ်ပါတယ်။

ဒီညီလာခံကို NCA လက်မှတ်ရေးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့အပြင် လက်မှတ်မရေးထိုးထားသေးတဲ့ နာဂအဖွဲ့ (NSCN – K) ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို NCA မထိုးထားတဲ့ အင်အားကြီး “ဝ” နဲ့ မိုင်းလား၊ KIO ၊ SSPP အပါအဝင် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မပါဝင်တာကြောင့် ဝေဖန်စရာတော့ ဖြစ်ခဲ့ပါတယ်။

အစိုးရအကူးအပြောင်းကာလမှာ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေတချို့မှာ တိုက်ပွဲတချို့ ဖြစ်ပွားတာကလွဲလို့ ငြိမ်းချမ်းရေးမူဝါ ဒလမ်စဉ် အကူးအပြောင်းကို စောင့်ကြည့်နေကြတဲ့အတွက် တိုက်ပွဲတွေ အတန်ငယ် တိတ်ဆိတ်နေခဲ့ပါတယ်။ အစိုးရသစ်ကို အာဏာ တရားဝင် လွှဲပြောင်းပြီးချိန်မှာတော့ NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပြင် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကပါ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် လက်မှတ်မထိုးရသေးတဲ့  UNFC ခေါင်းဆောင်တွေနဲ့  “ဝ” အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ မိုင်းလားက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အစိုးရဟောင်းလက်ထက်က မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖြစ် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်က ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ သမ္မတအမိန့်နဲ့ ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်ကို အဲဒီနေ့မှာပဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်အားလုံးပါဝင်ရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေပါ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဇူလိုင် ၂၆ ရက်က ငါးရက်ကြာ ပြုလုပ်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံအတွက် ဘုံသဘောထားများ စုစည်းခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကနေတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံပထမအစည်းအဝေးကို နေပြည်တော်မှာ စတင်ကျင်းပခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံပထမအစည်းအဝေးမှာ NCA နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးအတွက် ခြေလှမ်းအစဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCA ကိုအခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ၊ UNFC ဥက္ကဋ္ဌနဲ့ ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင်ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေတွေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကို နှစ်ဦးနှစ်ဖက်ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအားကောင်းစေမှာပဲဖြစ်ပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်တဲ့အချိန်မှာ လက်နက်စွဲကိုင်ပြီး လိုချင်တာကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားကာ မိမိတို့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်ဖန်တီးတာမျိုးတွေက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကို သတိပြုဖို့လိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို သူက သတိပေးပြောကြားလိုက်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို NCA ရေးထိုးထားတဲ့အဖွဲ့တွေသာမက နာဂအဖွဲ့က လွဲပြီး NCA မရေးထိုးရသေးသည့် အဖွဲ့တွေပါ တက်ရောက်တာကြောင့် ငြိမ်းချမ်းရေး အလှမ်းနီးလာပြီလို့ သုံးသပ်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံပထမအစည်း အဝေးအလွန် မကြာခင်အချိန်မှာပဲ ဒေသတချို့မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

NCA နှစ်ပတ်လည် အခမ်းအနားကိုတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ခုနစ်ချက်ကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချက်တွေကတော့

(၁) နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်း၊

(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊

(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကျင်းပခြင်းပဲ၊

(၄) ၂၁ ရာစု ပင်လုံညီလာခံရလဒ်များအားစုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21st Century Panglon Conference Agreement) လက်မှတ်ထိုးခြင်း၊

(၅) ပြည်ထောင်စု သဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊

(၆) ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊

(၇) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ခုနစ်ချက်ကို အစိုးရကထုတ်ပြန်ခဲ့ပြီး မကြာခင် ၂၀၁၆ ခု နှစ် နိုဝင်ဘာ ၂၆ ရက်က ငြိမ်းချမ်းရေးခရီးအတွက် ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုက ဖြစ်ပွားလာပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ ထိုးစစ်ကို ပြန်တုံ့ပြန်တယ်ဆိုပြီး ကေအိုင်ကေ၊ ကိုးကန့်နဲ့ တအာင်းစတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ရှမ်းမြောက်ဒေသ နေရာတော်တော်များများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကနေ ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံကသာ တစ်ခုတည်းသောလမ်းကြောင်း ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ အဆိုတင်သွင်းခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့တာကြောင့် အဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ကျင်းပတဲ့ ရှမ်းပြည်နယ် ဒုတိယအကြိမ် အရေးပေါ် အစည်းအဝေးမှာတော့ KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်သောင်းကျန်းသူများ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတာကြောင့် အတည်ပြုခဲ့ပါတယ်။

ဒီလို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ ဆောင်ရွက်ခြင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် ထိခိုက်စေတာကြောင့် ကန့်ကွက်တယ်လို့ NCA ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ “ဝ” အဖွဲ့တို့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူစာရင်းမှာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး၊ ပြည်သူ့စစ်တစ်ဦး၊ အပြစ်မဲ့ပြည်သူ ၁၃ ဦး စုစုပေါင်း ၂၉ ဦးအထိ ရှိခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ပြည်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပေမဲ့ တိုက်ပွဲတွေက လျော့မသွားဘဲ တိုးလာပါတယ်။ ရှမ်မြောက်မှာ မြောက်ပိုင်းလေးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ငြိမ်သက်သွားချိန်မှာ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး တပ်မတော်က ကေအိုင်အေရဲ့ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်စခန်းကို သိမ်းပိုက်လိုက်ပါတယ်။

NLD အစိုးရ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးကို ပြုလုပ်နိုင်ခဲ့ပေမဲ့ တိုက်ပွဲတွေက ဆက်လက်ရှိနေသေးတဲ့အတွက် အနိမ့်အမြင့်၊ အဆိုးအကောင်း ဒွန်တွဲနေတဲ့ နှစ်တစ်နှစ်လို့ ငြိမ်းချမ်းရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

( ၂ )

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ထဲမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ  ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်းတစ်ခုကို ပထမဆုံးအကြိမ် ချုပ်ဆိုနိုင်တာကလွဲလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ငြိမ်သက်ရပ်တန့်နေတယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇန်နဝါရီ ၁ ရက်စလို့ ဒီဇင်ဘာ ၂၉ ရက်အထိ နေပြည်တော်၊ ပင်လုံ၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ အစရှိတဲ့ နေရာတွေမှာ လူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းကာလတွေကတော့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရောင်နီသန်းတဲ့ ကာလအဖြစ် ရှိခဲ့ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွတွေကို ကရင်၊ ချင်းနဲ့ ပအိုင်းဒေသတွေမှာ ပြုလုပ်နိုင်ခဲ့တာကြောင့် ငြိမ်းချမ်းရေးနှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်ဟာ တာထွက်လှခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

နောက်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးမူ ခုနစ်ရပ်ကို အကောင်အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်မယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးခရီးဟာ သကာပေါ် ပျားရည်လောင်းသလို ချိုမြိန်လွန်းတယ်လို့ ဆိုသူတွေက ဆိုကြပါတယ်။

၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ခြောက်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ NCA Unbrella အောက် ရောက်ရှိလာအောင် တွေ့ဆုံဆွေးနွေးရေးတံခါးကိုဖွင့်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခုလို ဖယ်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဖော်ထုတ်နိုင်အောင် ကျွန်မတို့အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေဟာ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ မေးခွန်းထုတ်မှုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် ငြိမ်းချမ်းရေးလေ့လာသူတွေ ကြားမှာပါ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးညီလာခံမတိုင်မီ NCA လက်မှတ်ထိုးအဖွဲ့အချို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခြင်း၊ ညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းနဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကျန်ရှိနေခြင်းစတဲ့ အချက်တွေအပေါ်မှာ မေးခွန်းထုတ်ကြတာပါ။

( ၃ )

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမတိုင်မီ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ထဲမှာ ကရင်၊ ပအိုဝ်း၊ ချင်းအဖွဲ့တွေကသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ညီလာခံကို သဘောထားတင်ပြနိုင်ခဲ့ပေမယ့် ရှမ်းအဖွဲ့(RCSS) နဲ့ ရခိုင်အဖွဲ့(ALP) ဒေသတွေမှာ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီလို ဝေဖန်မှုတွေ ရှိနေတဲ့အချိန် NLD အစိုးရသက်တမ်းတစ်နှစ်ပြည့်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသတင်းကို UNFC ဘက်က ငြင်းပယ်ခဲ့တဲ့အတွက် နားလည်မှုလွဲသွားတယ်လို့ အစိုးရဘက်က ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

နောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးဖို့ အစိုးရနဲ့ ညှိနှိုင်းနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ ကချင်အဖွဲ့ (KIO) ၊ တအာင်းပလောင်အဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နဲ့ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က နုတ်ထွက်ခဲ့ပြီး  ‘ဝ’ ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်မှု အောက်ကို ရောက်သွားပါတယ်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ဦးဆောင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ  (MNTJP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) တို့နဲ့ စုဖွဲ့ကာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းလိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) အနေနဲ့ NCA လမ်းကြောင်းမဟုတ်ဘဲ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ NCA ဟာ တိုင်းရင်းသားတွေ လိုလားချက်အတွက် မပြည့်စုံဘူးဆိုပြီး မြောက်ပိုင်း ခုနစ်ဖွဲ့ရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ အပစ်ရပ်စာချုပ်ကို ဖော်ပြခဲ့ပါတယ်။

အစိုးရအနေနဲ့ မြောက်ပိုင်းအဖွဲ့ရဲ့ စုဖွဲ့မှုနဲ့ မူဝါဒအပေါ် လက်ခံခြင်းမရှိသလို အဲဒီအဖွဲ့တွေ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးကိုလည်း ညှိနှိုင်းမှုမလုပ်ခဲ့ပါဘူး။ တပ်မတော်ကတော့ NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်သွားမယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

“တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖည်ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ(၆) ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို အထူးဖိတ်ကြားသူအနေနဲ့ UWSA မှ ဦးကျောက်ကော်အမ်းနဲ့ KIO မှ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့က တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးကို တက်ရောက်လာတဲ့ မြောက်ပိုင်းခုနစ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သူ့နေအိမ်မှာ နှစ်ဖွဲ့ခွဲတွေ့ဆုံ ဧည့်ခံခဲ့ပေမယ့် ဆွေးနွေးမှုမဟုတ်ကြောင့် ဘာအဖြေမှတော့ မထွက်ခဲ့ပါဘူး။

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မြောက်ပိုင်း ခုနစ်ဖွဲ့က တက်ရောက်ခဲ့ပေမယ့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကတော့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တန်းတူပါဝင်ခွင့် မရသေးတဲ့ အခြေအနေကြောင့်လို့ UNFC ဘက်ကဆိုပါတယ်။

NLD အစိုးရလက်ထက် NCA နှစ်နှစ်ပြည့်ကို ရောက်ခဲ့ပေမယ့် အရင်က ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ကလွဲလို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေက NCA မှာ လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနောက်ပိုင်း ကာလအတော်ကြာ ညှိနှိုင်းမရဖြစ်နေတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ကျင်းပမယ့်နေရာကို  (၆) ကြိမ်မြောက် NCA အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ သဘောတူညီမှု ရခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတွေကို ကျင်းပချင်ပေမယ့် တပ်မတော်က မိုင်းပန်မှာ ကျင်းပဖို့ သဘောတူမှုကို ဒေါ်အောင်ဆန်းစုကြည် ကြားဝင်စေ့စပ်မှုနဲ့ လင်းခေးမြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။

ဒီလို အဆင်ပြေချောမွေ့လာပြီလို့ ထင်ရတဲ့  အချိန်မှာပဲ UPDJC နဲ့ JICM သဘောတူညီချက်အရ ပြုလုပ်တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲတွေကို ကျင်းပတဲ့အခါမှာ တပ်မတော်က ဟန့်တားခဲ့ပါတယ်။

( ၄ )

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ (အကြို) ဒါမှမဟုတ် လူထုတွေ့ဆုံပွဲတွေကို မြန်မာနိုင်ငံ ရှမ်းလူမျိုးများ နေထိုင်ရာဒေသတွေမှာ ကျင်းပရမှာဖြစ်တာကြောင့် လူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်နယ်နဲ့ ရှမ်းလူမျိုးများရှိရာ ရှမ်းပြည်နယ်ပြင်ပ မြို့တွေမှာ အစိုးရရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်တို့အရ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၅ ရက်အထိ ရှမ်းပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၄ မြို့နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ (အကြို) ဒါမှမဟုတ် လူထုတွေ့ဆုံပွဲတွေကို ကျင်းပတဲ့အခါ မြို့နယ်အများစုမှာ တပ်မတော်က မပြုလုပ်ဖို့ တားမြစ်ခဲ့ပြီး ပင်လုံ၊ တာချီလိတ်၊ ကာလိ၊ ကျောက်မဲ စတဲ့ မြို့နယ်တွေက အဆိုးဆုံးဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရှမ်းပြည်ထူထောင်ရေးကောင်စီ (RCSS) ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက် ရက်စွဲနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို လူထုတွေ့ဆုံပွဲတွေကို ပိတ်ပင်တာ ကမဖြစ်သင့်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ဆိုပါတယ်။

“ကျွန်တော်တို့ RCSS အနေနဲ့ လင်းခေးမှာ လုပ်ဖို့ ရည်ရွယ်ထားပြီးသား။ တခြား  NCA – sEAO အဖွဲ့တွေဖြစ်တဲ့ ရခိုင်ကလည်း လုပ်ခွင့်မရသေးဘူး။ ကရင်မှာပဲ လုပ်ခွင့်ရပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလုပ်ဖို့ အတွက်ကျတော့ လုပ်ခွင့်မကျဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ အမှန်က လူထုဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လေ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုကောင်းလို့ ကျွန်တော်တို့က အဲဒီလိုမြင်တယ်” လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးပွဲ ပြီးဆုံးချိန်မှာတော့ အချက်လေးချက်ပါတဲ့ တောင်းဆိုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်တွေကတော့

၁။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို ဆက်လက်ပြုလုပ်သွားမည်။

၂။ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ်ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်။

၃။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးဘက်များနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်။

၄။ လက်ရှိ NCA ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့်  NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အခြေခံ နားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည် စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

( ၅ )

အစိုးရက ကျင်းပခွင့်ပြုထားပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲတွေကို တပ်မတော်က ကျင်းပခွင့် ပိတ်ပင်ခြင်းဟာ အရှိန်မြင့်လာတဲ့ အစိုးရငြိမ်းချမ်းရေး လမ်းစဉ်နဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒအကြား ပွတ်တိုက်မှု ရလဒ်ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အဓိက ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူကွာဟချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးနဲ့ မပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးရင်းနဲ့ နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဦးတည်ထားပြီး တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင် အတွင်းကသာ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ တပ်မတော်ဘက်က မူခြောက်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးလမ်းပြမြေပုံ ခုနစ်ချက်ကို ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွင် မြန်မာနိုင်ငံ၌ တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာများကို Asia Foundation မှ ထုတ်ပြန်ထားသော မြေပုံ (Source - Asia Foundation 2017)

တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူ ၆ချက်မှာ ၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်၊ ၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ၄။ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ ၅။ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ခုနစ်ချက်နဲ့ တပ်မတော်ရဲ့ မူခြောက်ချက်က ဦးတည်ချက်ခြားနားနေပြီး အနှစ်သာရလည်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အစိုးရနဲ့ တပ်မတော်က တစ်ထပ်တည်း မဖြစ်တော့ ကျွန်တော်တို့ EAO လည်း အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်တယ်” လို့ ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဦးခွန်ထွန်းတင်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ခြင်း၊ မပြင်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၏ အဖြေလို့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။

“နိုင်ငံတော်အတိုင်ပင်ခံဘက်ကတော့ ဆွေးနွေးပွဲ ရလဒ်တွေအပေါ် မူတည်ပြီး ၂၀၀၈ အခြေခံဥပဒေပြင်သွားမယ်ဆိုပြီး တစ်ချိန်လုံး ရပ်တည်လာတာ။ တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်ကလည်း သူတို့ဆွေးနွေးတဲ့ ရလဒ်အပေါ်မှာ အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့လိုအပ်တယ်ဆိုပြီး ရပ်တည်တယ်။ ဒီမှာအဓိကပြဿနာက၂၀၀၈ ကို ပြင်မလား၊ မပြင်ဘူးလားဆိုတဲ့ ပြဿနာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်စွာ အဆုံးသတ်နိုင်၊ မသတ်နိုင်ရဲ့အဖြေလို့ပဲ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ဒါအပြင် သမ္မတဦးသိန်းစိန် အစိုးရအာဏာမလွှဲပြောင်းမီ ကတိုက်ကရိုက် ချုပ်ဆိုခဲ့တဲ့ NCA စာချုပ်မှာ မရှင်းလင်းမှုတွေ၊ လုပ်ငန်းစဉ် မပီပြင်မှုတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခွဖြစ်နေမှုတွေ ရှိနေတဲ့အတွက်  အဓိပ္ပာယ် တိတိကျကျ သတ်မှတ်မှသာ အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆိုပါတယ်။

ဒီလို တိကျရှင်းလင်းမှု မရှိတဲ့အတွက် အဓိပ္ပာယ်နှစ်ခွဖြစ်နေတဲ့အပေါ် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား အဓိပ္ပာယ်ကောက်ယူရာမှာ လွဲမှားမှုများ ရှိနေတာကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တားမြစ်ပိတ်ပင်မှုတွေ ဖြစ်လာတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

NCA လက်မှတ်ထိုး ရှစ်ဖွဲ့ရဲ့ တောင်းဆိုချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှ ၂၁ ရာစု ပင်လုံ (တတိယ အစည်းအဝေး) ကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဖော်ပြထားတာကြောင့် အစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ အစိုးရအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

“တတိယအကြိမ် ပင်လုံညီလာခံကို ကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးတဲ့ ရှမ်းနဲ့ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ်ဆို ပိုထိရောက်မယ်။ တတိယ ပင်လုံဟာပိုပြီး အဓိပ္ပာယ်ပြည့်လာလိမ့်မယ်။ ကျင်းပခွင့် မရှိဘူးဆိုရင်တော့ တတိယပင်လုံမှာ ဘာကို ဆွေးနွေးကြမလဲ။ ဘယ်အချက်ကို အခြေခံပြီးတော့ ဆွေးနွေးမလဲ။ အဲဒီလိုမျိုး စဉ်းစားစရာကြီး ဖြစ်နေတယ်” လို့ ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးခွန်ထွန်းတင်က မေးခွန်းထုတ်လိုက်ပါတယ်။

( ၆ )

၂၀၁၈ ခုနှစ်မှာတော့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ကိုင်လာတဲ့ နှစ်နှစ်နီးပါး သက်တမ်းရောက်အကြာမှာ ထူးခြားမှုအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးခဲ့ကြတာပါ။ ဒါကြောင့် NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဟာ ၁၀ ဖွဲ့အထိ ရှိလာပြီ ဖြစ်ပါတယ်။

NCA စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ ထပ်တိုးလာတာကြောင့် NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပြီးမြောက်အောင်မြင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေက ပြည်သူတွေကြားမှာ မြင့်တက်လို့ လာပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ မြင့်တက်နေတုန်းမှာပဲ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ မတ် ၅ ရက်က တပ်မ တော်နှင့် KNU အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းကတော့ တပ်မတော်အနေနဲ့ KNU တပ်မ ဟာ ၅ နယ်မြေအတွင်း လမ်းဖောက်လုပ်ခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

“တစ်ဖက်နဲ့တစ်ဖက် ကြိုတင်အကြောင်းကြားမှုမရှိလို့ အဲဒီလိုသွားတဲ့အခါကျတော့ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံး ဖြစ်တဲ့ကိစ္စလေးပါ။ ဒါက ကြီးကျယ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှင်းလို့ရပါတယ်။ သွားနေတဲ့ ငြိမ်းချမ်းရေးအပေါ်မှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါဘူး” လို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။

ဒါအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှာ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာအဆင့်ရှိနေတဲ့အတွက် ဒီတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှုကဖြေရှင်းလို့ ရတယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့  စာချုပ်အရ  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပမီ မွန်ပြည်သစ်ပါတီအခြေစိုက်ရာ ခရိုင်ငါးခုမှာ မတ်လအတွင်း အကြိုလူထုတွေ့ဆုံပွဲများကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တပ်မတော်က လူဦးရေကန့်သတ်လာမှုကြောင့် ရပ်ဆိုင်းထားရပါတယ်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်ကစပြီး ရေးမြို့နယ်မှာ သုံးရက်တိုင်တိုင် ကျင်းပဖို့ စီစဉ်ထားပေမယ့် အကြိုလူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်တာကြောင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဦးမှာမဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှက ဆိုပါတယ်။

( ၇ )

ဒီလို ပြဿနာတွေ ဘာကြောင့်ဖြစ်နေရလဲဆိုတော့ NLD အစိုးရအနေနဲ့  ဦးသိန်းစိန် လက်ထက်ကလို NCA စာချုပ်ပါ အချက်တွေကို အဆင့်ကျော်ပြီး ဖော်ဆောင်နေတာကြောင့် ဖြစ်ပါတယ်။ NCA စာချုပ် အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ အခန်း ပုဒ်မ ၂၀ ဖော်ညွှန်းချက်တွေကို ကြည့်နိုင်ပါတယ်။ ပုဒ်မ ၂၀ မှာ ဖော်ညွှန်းထားတာက ‘နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း’ ဖြစ်ပါတယ်။ အဲဒီမှာ ပြဋ္ဌာန်းထားတာက -

ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေး လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည်-

(က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊

(ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (The Framework for Political Dialogue)” ကို ရေးဆွဲသဘောတူညီမှုရယူခြင်း၊

(ဂ) ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဘက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း၊

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း၊

(င) ပြည်ထောင်စု သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း၊

(စ) ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြု ချက်ရယူခြင်း

(ဆ) ‘ပြည်ထောင်စု သဘောတူညီချက်  (Pyidaungsu Accord) ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စတဲ့အချက်တွေ့ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးတာနဲ့ အဆင့်ကို ခုန်ကျော်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ပါတယ်။

လက်ရှိ NLD အစိုးရကလည်း အရင်အစိုးရဟောင်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမွေကို လက်ခံခဲ့တာကြောင့် ပွတ်တိုက်မှုတွေက တစ်ခုပြီး တစ်ခုဖြစ်လာတာပါ။ NLD အစိုးရ သက်တမ်း နှစ်နှစ်ပြည့်တဲ့အချိန်မှာ NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာပေမယ့် လက်မှတ်ထိုးပြီးနောက်ပိုင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကန့်သတ်တားမြစ်ပိတ်ပင်ခံရတာကြောင့် မကျင်းပနိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိနေပါသေးတယ်။

လက်ရှိမှာ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ အခက်အခဲ နှစ်ခုရှိနေပါတယ်။ ပထမတစ်ခုက NCA ရေးထိုးထားတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ လူမျိုးစုအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရဖို့ လိုနေပါတယ်။ ဒီလို လုပ်ဆောင်နိုင်မှသာ NCA ထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ NCA လမ်းကြောင်းမဟုတ်ဘဲ တခြားလမ်းကြောင်းကနေ နိုင်ငံရေးဆွေးနွေးချင်နေတဲ့ မြောက်ပိုင်းခုနှစ်ဖွဲ့ကို NCA ထီးရိပ်အောက်ရောက်ရှိ အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားအရ မြောက်ပိုင်းအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအများစုက အဲဒီတိုင်းရင်သားလက်နက်ကိုင်ဒေသတွေ ဖြစ်နေတာကြောင့် မြောက်ပိုင်းအဖွဲ့သာ NCA ထီးရိပ်အောက် ခိုလှုံခဲ့မယ်ဆိုရင် တိုက်ပွဲတွေ တော်တော်လျော့ကျသွားပြီး သေနတ်သံတွေ တိတ်ဆိတ်သွားနိုင်ပါတယ်။

 

Most Read

Most Recent