သမ္မတသစ်ရဲ့ ကတိနဲ့ အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

သမ္မတသစ်ရဲ့ ကတိနဲ့ အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
Published 1 April 2018

မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်အပြီး ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

မြန်မာ့စီးပွားရေးဟာ ကာလတိုမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ဖွယ်ရှိနေတယ်လို့ IMF က ခန့်မှန်းပေမယ့် ဘဏ်လုပ်ငန်း စည်းမျဉ်းသစ်တွေ လိုက်နာနိုင်မှု၊ ရခိုင်အရေးကြောင့် ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်နိုင်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု စတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ပြည်သူတွေအကြား လှုပ်ခတ်ခဲ့တာက နိုင်ငံတော်သမ္မတ အပြောင်းအလဲဖြစ်ပြီး နှုတ်ဆိတ်အေးဆေးစွာ တာဝန်ယူရင်း နုတ်ထွက်ချိန်မှာကို ပြည်သူတွေကို မိန့်ခွန်းပြောကြားခြင်း မရှိခဲ့ပေမယ့် ပြည်သူတွေကတော့ ရိုးသားအေးဆေးတဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ကို မေတ္တာမပျက်ကြသလို အသစ်ဖြစ်လာတဲ့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ကိုလည်း သူ့ရဲ့ အဂတိကင်းရှင်းမှု၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် သူတာဝန်ယူခဲ့ချိန်မှာ ဝန်ကြီးဌာနတွေ၊ ဝန်ကြီးတွေကို သတိထောက်ခဲ့တဲ့ သူ့ရဲ့ပြောဆိုပုံတွေနဲ့ ခရိုနီတွေနဲ့ ရောထွေးယှက်တင်မနေတဲ့ တည်ကြည်မှုတွေကြောင့် တိုင်းပြည်အနာဂတ် အလင်းတန်းတစ်ခုသဖွယ် ရှုမြင်ခဲ့ကြပါတယ်။

ဒီလိုရှုမြင်ခဲ့တယ် ဆိုပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတော်သမ္မတသစ်က ဘယ်လောက်လုပ်ခွင့်ရမှာမို့လို့လဲဆိုတဲ့ မေးခွန်းထုတ်သံတွေကလည်း ရှိခဲ့ပါတယ်။ ဒီလို အကောင်းမြင်မှုတွေ၊ သံသယတွေနဲ့ ပြည်သူတွေ မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ ဦးဝင်းမြင့်ဟာ NLD အစိုးရ နှစ်နှစ်မှာ ကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆွဲတင်ပေးမလားဆိုတဲ့ အခြေအနေတွေနဲ့ သမ္မတသစ်ပေးခဲ့တဲ့ ကတိတွေ ဘယ်လောက်အထိ တည်မြဲမလဲဆိုတဲ့ အခြေအနေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ဖို့ ကြွေးကြော်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ကုန်ကျမယ်ခန့်မှန်းထားတဲ့ အခြေအနေတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ပြန်လည်ဖော်ပြလိုပါတယ်။

သမ္မတသစ်နဲ့ ကတိ

ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကြပ်မတ်ရမှာဖြစ်ပြီး ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတသစ်က သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ ထုတ်ဖော်ပြောလာပါတယ်။ ဒါဟာ NLD ပါတီကို မီဒီယာတွေရဲ့ ဝန်းရံမှုကြောင့် ရွေးကောက်ပွဲမှာ USDP ရှုံးရတာပါလို့ မချိတင်ကဲပြောသံတွေနဲ့ နှစ်နှစ်ကျော်ကာလမှာ ပထမဆုံးမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပြန်လည် ပြောလာတယ်လို့ဆိုရမယ့် အခြေအနေဖြစ်ပြီး ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာ ကတိသုံးချက် ပါဝင်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ (၁) တရားဥပဒေ စိုးမိုးရေးနဲ့ပြည်သူများရဲ့ လူမှုစီးပွားဘဝတိုးတက် မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

လက်ရှိတိုင်းပြည်အခြေအနေဟာဆိုရင် အဘက်ဘက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲနွမ်းပါးနေဆဲဖြစ်တာကြောင့် နေရာကဏ္ဍအသီးသီးမှာ အများကြီးဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာဖြစ်သလို နိုင်ငံတကာစာမျက်နှာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင် လွဲမှားနေတာကို ရင်ဆိုင်နေရသလို တိုင်းပြည်မှာလည်း အဂတိလိုက်စားမှု အခြေအနေတွေ ဆိုးရွားနေတာကို ပြင်ဆင်ဖို့လည်း လိုအပ်နေပြန်ပါတယ်။

“ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှု မရှိစေဖို့ စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေးနစ်နာကြေး ရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားတွေရဲ့ လူမှုဘဝမြင့်မားတိုးတက်ရေး၊ အလုပ်သမားတွေရဲ့ ဘဝသာယာစိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စတာတွေကို ဖော်ဆောင်ရပါလိမ့်မယ်။ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကတိပေးခဲ့ပါတယ်။

လယ်ယာမြေပြဿနာတွေကို ရှင်းလင်းမယ်လို့ ကတိပေးချိန်နဲ့ တစ်ပြိုင်နက် တိုက်ဆိုင်နေတဲ့ ဖြစ်စဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းမှုကြောင့် တိုင်းပြည်နစ်နာမှု မဖြစ်တော့ပေမယ့် ဒေသခံပြည်သူတွေနစ်နာနေဆဲ လက်ပံတောင်းတောင်စီမံကိန်းရဲ့ တစ်ကျော့ပြန် ပဋိပက္ခပါ။ ဒီတစ်ကျော့ပြန် ပဋိပက္ခဟာ နိုင်ငံတော်သမ္မတသစ်အတွက် မှတ်ကျောက်ဖြစ်လာနိုင်သလို ပြည်သူတွေကို ပေးထားတဲ့ကတိတွေအတွက်လည်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

လူနှစ်သန်း အလုပ်အကိုင်ရပြီး အစိုးရက ကျပ် ၁၀ ဘီလျံ မြှုပ်နှံဖို့နဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

ဝေဖန်မှုတွေ တင်းကြမ်းပြည့်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ် ၁၀ ဘီလျံ စိုက်ထုတ်ပြီး ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် NYDC ကို အထူးကုမ္ပဏီများအက်ဥပဒေနဲ့ ထူထောင်လိုက်ပြီလို့ မတ် ၃၁ ရက်မှာ မိတ်ဆက်လာခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်မှာ လူနှစ်သန်းကို အလုပ်အကိုင် အခွင့်အလမ်းပေးဖို့ ရည်မှန်းထားပြီး မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နဲ့ ဆက်စပ်တဲ့ အခြေအဆောက်အအုံလုပ်ငန်းက ပျှမ်းမျှအားဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမယ်လို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်တယ်ဆိုတာ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ကတည်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Phase-1 ဆိုတာကလည်း ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ဧရိယာနဲ့ တည်နေရာကို စပြီးတော့ အတည်ပြုခဲ့တဲ့ ဧရိယာတွေ တည်နေရာတွေ ဖြစ်ပါတယ်။ ကျွန်မတို့လက်ထက်မှာမှ ထပြီးတော့ ဧရိယာတို့ တည်နေရာတို့ ပြောင်းပြီးလုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လုပ်ငန်းကို မြန်မြန်ဆန်ဆန် စတင်အကောင်အထည် ဖော်နိုင်ရန်အတွက် တည်နေရာနဲ့ ဧရိယာကို ဆက်လက်ဖော်ဆောင်တာ ဖြစ်ပါတယ်” လို့ NYDC ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆိုပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် ဝင်စိစစ်ဖို့ လိုအပ်လာမယ့် ရန်ကုန်မြို့သစ် စီမံကိန်းလား

“လက်ရှိ ရန်ကုန်မြို့တော်ရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေက Vertical Extension အရ လုပ်ရမယ့်လုပ်ငန်းတွေ အများအပြား ရှိပါတယ်။ ဥပမာ ရန်ကင်း၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ဒဂုံ-လေးမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ အဲဒီနေရာတွေမှာ Vertical Extension အရ လုပ်ရမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြို့သစ်စီမံကိန်း Vertical Extension များကို ယခုအခါမှာ ဆောင်ရွက်ရန်မသင့်ကြောင်း ယူဆပါတယ်။ နောက်ဆုံးအချက်ကတော့ လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေအရ အသေးစား၊ အလတ်စား လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမယ့် ကာလဖြစ်ပါတယ်။ အကြီးစားစီမံကိန်းများကို ယခုကျွန်တော်တို့ အစိုးရသက်တမ်းမှာ ရည်မှန်းချက်အနေနဲ့ပဲ ထားသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ယခု ၂၀၁၈ ခုနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်း နောက်ဆက်တွဲအနေနဲ့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့်လုပ်ငန်း စီမံချက် အဆိုပြုချက်ကို ယခုလွှတ်တော်မှာ မှတ်တမ်းလည်း မထားသင့်ပါဘူး။ သဘောတူညီချက်လည်း မပေးသင့်ကြောင်း တင်ပြ ဆွေးနွေးအပ်ပါတယ်” လို့ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မတ် ၂၃ ရက်က ဝေဖန်ဆွေးနွေးခဲ့ပါတယ်။

ဒီလို ဆွေးနွေးခဲ့ပေမယ့် အရင်အစိုးရလက်ထက်မှာ လုပ်ဆောင်ဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဆက်လက်အကောင်အထည် ဖော်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိအချိန်မှာ စတင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စိုင်းပြင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ချက်မေးခွန်းထုတ်ရမှာက NLD အစိုးရကို ပြည်သူတွေက ရွေးချယ်ခဲ့တာဟာ အရင်အစိုးရလက်ထက်မှာ ပြည်သူတွေကို ချမပြဘဲ ထင်ရာစိုင်းလုပ်ခဲ့တာတွေ ပြန်လည်စိစစ်ဖို့၊ ပြည်သူတွေ နစ်နာနေတဲ့ စီမံကိန်းတွေ ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ နိုင်ငံပိုင်မြေတွေ၊ အဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အာဏာရှိသူတွေနဲ့ ချိတ်ဆက်ပြီး ရယူသွားသူတွေကို စိစစ်ဖော်ထုတ်ဖို့၊ တိုင်းပြည်နစ်နာမှုတွေ ပြန်လည်ကုစားနိုင်ဖို့ဆိုတဲ့ အချက်တွေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီး အရင်ရန်ကုန်တိုင်းအစိုးရလုပ်ခဲ့တာ ငါတို့ ဆက်လုပ်နေတယ်ဆိုတာနဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုတောင် တင်ပြ ဆွေးနွေးမှုမရှိ၊ အတည်ပြုချက်ယူမှု မရှိဘူးဆိုတာ ဖြစ်သင့်ရဲ့လားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာစွာချပြထားမှု မရှိသေးတာမို့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အနေနဲ့လည်း ဒီလိုဒေါ်လာဘီလျံနဲ့ချီပြီး ကုန်ကျမယ့် စီမံကိန်းမှာ တိုင်းပြည်က ဘယ်လောက်အကျိုးအမြတ် ရရှိမလဲဆိုတာကို မဲပေးခဲ့တဲ့ ပြည်သူ့မျက်နှာကြည့်ပြီးတော့ ပါဝင်စိစစ်ပေးပါဦးလို့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုပါကြောင်း တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent