တိမ်ငေးသူ

တိမ်ငေးသူ
Published 1 April 2018

ခပ်ရူးရူးမိုက်မိုက် နွေလယ်ခင်းတစ်ခုကို ငေးကြည့်နေမိသည်။ ကန္တာရတစ်ခုကို ဖြတ်ကျော်လာသော လေပြေနုတွင် အပူငွေ့ဓာတ်တို့သာ ကပ်ပါလာသည်။ အရာအားလုံးသည် သူအရပ်နှင့် သူဇာတ်ပမာ အလိုကျ ကပြနေရသည်။ ဆူညံပေါက်ကွဲသော ဟဲဗီးရော့ခ် သီချင်းသံတစ်စွန်းတစ်စကို ကြားရသည်။ ငေးကြည့်နေမိသော နွေလယ်နေ့ခင်းတစ်ခုက အနီရောင်အိမ်စီးကားတစ်စီး အရှိန်ပြင်းပြင်း ဖြတ်သန်းမောင်းနှင်သွားခြင်းနှင့်အတူ ဖုန်တလူလူပြန့်ပွနေသည်။ ဤကဲ့သို့သော နွေနေပူပူကို အဘယ်ကြောင့် စာဆိုတို့က စာမတင်ရသနည်း။ စာကဗျာများထဲတွင် နွေသည် လှပသည်ဟုသာ ကဗ္ဗည်းတင်ခဲ့ကြသည် မဟုတ်ပါလား။

အဆုပ်လိုက်ဖြစ်နေသော တိမ်စိုင်များကို ငေးကြည့်နေမိသည်။ တိမ်စိုင်များသည် ဝါဂွမ်းစိုင်များ ဖြန့်ကျဲထားသကဲ့သို့ ဖြစ်နေသည်ဟု ရှေးစာဆိုများက ဖွဲ့နွဲ့တင်စားကြသည်။ သူသည် ဤကဲ့သို့ အခိုက်အတန့်များတွင် တိမ်ဖြူဖြူများကို ငေးကြည့်နေရသည်ကို သဘောကျသည်။ တိမ်စိုင်များ ဘေးနားတွင်ရှိ၍ ငေးကြည့်ခွင့်ရခြင်းကိုက ကံကောင်းခြင်းဖြစ်သည်ဟု ဆရာမောင်ကြည်ရဲ့ တိမ်အကြောင်းအက်ဆေးတွင် ဖတ်ခဲ့ရဖူးသည်။ သူသည်လည်း တိမ်ဖြူဖြူလွလွလေးများကို ငေးကြည့်ရသည်ကို အလွန် စိတ်ထဲနှစ်သက်နေသည်။ ထိုတိမ်မျှင်တိမ်စများကို ငေးကြည့်နေရခြင်းကိုက ကြည်နူးစရာကောင်းနေသည်။ ပျော်စရာကောင်းနေသည်။ ဆုပ်ကိုင်၍ မယူသောအရာကို တပ်မက်ရသည်က အလွန်တရာ စွဲမက်ဖွယ်ဖြစ်သည်။ တစ်ခါတစ်ရံ ရယူခြင်းမရှိသော အရာကို ချစ်မိသည်။ ပိုင်ဆိုင်ခွင့်မရှိသောအရာကို ချစ်မိသည်က လွတ်လပ်စွာ ပျော်ရွှင်ခံစားရသည်။

ရာသီဥတုက ဓာတ်ပုံဆရာများ၊ ပန်းချီဆရာများအကြိုက် ရာသီဥတု ဖြစ်နေတော့သည်။ ရှင်နေမင်း၏ ခပ်တောက်တောက် အလင်းရောင်နှင့် တိမ်စိုင်ခဲများ၏အဖွေးလိုက်၊ အဆုပ်လိုက်ပြန့်ကျဲနေသော နွေနေ့လယ်ခင်းတစ်ခုသည် လှပသောပန်းချီကားတစ်ချပ်၊ အသက်ဝင်သော ဓာတ်ပုံတစ်ပုံကို ပေးစွမ်းနိုင်သည်။ ရွာရှေ့မှ တောင်တန်းစိမ်းစိမ်းကြီးနောက်ခံ အပြာရောင်မိုးသားအစပ်တွင် တိမ်စိုင်များရွေ့လျားနေမှုကို မျက်ဝန်းထဲမှတစ်ဆင့် နှလုံးအိမ်ထဲတွင် ပန်းချီကားများ ရေးဆွဲနေပြီဖြစ်သည်။ သူသာ ပန်းချီအကြောင်း နားလည်ပြီး ရေးတတ်လျှင် အလွန်တရာ လှပအသက်ဝင်သော ရှုမျှော်ခင်းကား တစ်ချပ်ရမှာ သေချာသည်။ သို့သော် သူသည် ပန်းချီမဆွဲတတ်သောအခါတွင် စိတ်ကူးနှင့် ရေးဆွဲအလှများကို ငေးမောရင်းသာ ခံစားနေမိသည်။ နွေလယ်နေ့ခင်း၊ တောင်တန်း စိမ်းစိမ်း၊ တိမ်စိုင်ဖြူဖြူနှင့် လေရူးပူပူတို့သည် သူ၏စိတ်ပန်းဖြေရာ အချိန်အခိုက်အတန့်လေး ဖြစ်နေလေသည်။

တိမ်အကြောင်းကို သူဉာဏ်မီသရွေ့ လေ့လာဖူးသည်။ တိမ်စိုင်တိမ်လိပ်များ ဖြစ်ပေါ်လာပုံကို သူ သိပ္ပံခေတ်ဦးဂျာနယ်များထဲတွင် ဖတ်ဖူးသည်။ နွေအပူရှိန်၏ မြင့်တက်လာမှုတွင် အထက်သို့ ပျံတက်လာသော ပင်လယ်ရေငွေ့များအကြောင်း၊ ကမ္ဘာလေထု၏ ဆွဲအားနှင့် လေထုအလွှာကြား ပွတ်တိုက်ဓာတ်ပြုမှုများတွင် ငွေ့ရည်ဖွဲ့သော ရေငွေ့များ အကြောင်းကို သူမှတ်မှတ်ထင်ထင်ရှိခဲ့သည်။ ထိုရေငွေ့အစိုင်အခဲကြီးသည် လေထု၏ သိပ်သည်းဆတွင် အစိုင်အခဲပုံသဏ္ဌာန်ပြောင်းကာ အဖြူရောင်တိမ်တိုက်များ ဖြစ်လာကြောင်း သူငယ်စဉ်က သင်ခဲ့ရသော ရူပဗေဒဘာသာကို သတိရမိသည်။ အမှန်တကယ်ဆိုသော် တိမ်သည် ရေငွေ့၏အသွင်အပြင် ပုံသဏ္ဌာန်ရှိသည်။  ရေ၏အခြားသော ရုပ်လုံးပုံစံတစ်ခု ဖြစ်သည်။

တိမ်စိုင်တွင် ရေငွေ့များ ပါဝင်သည်။ ထိုရေငွေ့များသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်သည်။ လေထု၊ ရေငွေ့နှင့် မိုးတိမ်သည် ထာဝစဉ်မခွဲအတူရှိသော အရာများဖြစ်သည်။ သုံးမျိုးပေါင်းကာ ကမ္ဘာမြေကို အလှဆင်နေကြသည်။ သာယာစေကြသည်။ တိမ်တိုက်များကို သယ်ဆောင်လာသော လေပြေသည် အေးမြသည်။ ထို့အတူ ရေငွေ့မရှိသော လေထုသည် တိမ်တိုက်များ မဖြစ်ထွန်းချေ။ ထိုအရာ သုံးမျိုးသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသော သဘောတရားကို လက်တွေ့ပြသည်ဟု မှတ်ယူမိသည်။ တစ်စုံတစ်ခုက သစ္စာဖောက်လျှင်မူ ပတ်ဝန်းကျင်ကို အကျည်းတန်စေတော့သည်။ တိမ်တိုက်များသည် လေတိုက်တိုင်း မျောလွင့်နေကြသည်။ ထိုတိမ်တိုက်များတွင် ဖြူစင်သော တိမ်တိုက်များသည် အမြင့်သို့ ရောက်ရှိသည်။ လေတိုက် လေအမြင့်သို့ ရောက်လေဖြစ်သည်။ အပူအပင်ကင်းသည်။ ညစ်ညမ်းမှု ကင်းကာဖြူ လွလွတိမ်တိုက်လေးများကို ဖြစ်ထွန်းစေသည်။ ညစ်ညမ်းသော မဲပြာသော တိမ်တိုက်များသည် မြေပေါ်သို့ အကြွေစောရသည်။ အောက်နိမ့်တွင် လွင့်သွားကာ အဆုံးသတ်ကြရသည်။ ဘဝတွင် ရိုးသားသော ဖြူစင်သော သူများသည် အမြင့်ဆုံးရောက်လေ ဖြစ်သည်။ လေတိုက်ခြင်းဟူသော ကိုယ်တိုင်ကြိုးစားမှုကို အားစိုက်ထုတ်လေ အမြင့်ဆုံးသို့ ရောက်လေဖြစ်သည်။ အချုပ်အနှောင်ကင်းသောသူများကို ပေါ့ပေါ့ပါးပါးအမြင့်ဆုံးတွင် တွေ့နိုင်ဟု ပြောကြသည်။

ပင်လယ်ကြမ်းပြင်သည် ကမ္ဘာပေါ်ရှိ မြို့ပြများထက် ပို၍နွေးထွေးသည်ဟူသော စကားရပ်ကို ဖတ်ခဲ့ဖူးသော မူရာကာမိ၏ ဝတ္ထုတစ်ပုဒ်တွင် တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် ထင်သည်။ ရေခိုးရေငွေ့တို့သည် မိုးတိမ်တိုက်များအဖြစ် အငွေ့ပြန်တက်ကြကုန်သည်။ ညနေခင်းများတွင် ဝင်လုလုနေရောင်နှင့် တိမ်စိုင်အလှများက စိတ်ကို ရှုပ်ထွေးစေသည်။ စိတ်၏အခြေအနေများပင်လျှင် တိမ်စိုင်ကဲ့သို့ မဟုတ်ပါလား။ လေတိုက်တိုင်း ဦးတည်ရာမဲ့နေသော တိမ်စိုင်များနည်းတူ စက္ကန့် မလပ်လွင့်ပါးနေသော စိတ်တို့သည် တောင်စဉ်ရေမရ လျှောက်ပြေးနေသည်။ စကြာဝဠာထဲ လွင့်ပါးလိုက်၊ ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်လိုက် ဖြစ်နေပုံသည် ကျားလိုက်သော မြင်းကျားအုပ်ပမာ ဟိုပြေးဒီပြေး ဖြစ်နေရသည်။ ဖမ်းဆုပ်ရခက်သော စိတ်အခြေအနေကို နေသာသော နေ့တစ်နေ့တွင် သူသည် အာနာပါန ထိုင်နေစဉ် ပိုမိုသိရှိနားလည်ခဲ့ရသည်။ အေးမြသော တရားသံများကြားတွင် သူ့စိတ်သည် တိမ်လွှာစီးနေတတ်သည်။ ဘီယာစုပ်နေတတ်သည်။ ချစ်သူနှင့်အတူ ချစ်ရည်လူးနေတတ်သည်။ လေတိုက်တိုင်း လွင့်နေသော စိတ်သည် လေတံခွန်ကဲ့သို့ ကြိုးတန်းလေးတစ်ချောင်းဖြင့် ဆွဲထိန်းနိုင်လျှင် ကောင်းမည်ဟု တွေးနေမိသည်။

တိမ်စိုင်များကြားတွင် ပျံသန်းချင်ခဲ့ဖူးသည်။ တိမ်သားများကို လက်ဖြင့် ဆုပ်ကိုင်ချင်ခဲ့ဖူးသည်။ တောင်တန်းများပေါ်တက်တိုင်း တိမ်စိုင်များကို ဖမ်းဆုပ်ယူချင်ခဲ့သည်။ ငယ်ငယ်က တောင်တက်၍ တောခုတ်ခြင်း အလုပ်လုပ်ရ ပျင်းသောသူကို အဘိုးကတောင်ထိပ်ကို လက်ညှိုးထိုးကာ ထိုတောင်ထိပ်ရောက်လျှင် တိမ်စိုင်များကို ဆုပ်ယူနိုင်မည်ဖြစ်ကြောင်း၊ သူနှင့်အတူ တောင်ထိပ်သို့ လိုက်ခဲ့စေရန် မဲဆွယ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ တောင်ထိပ်သို့ အဘိုးနှင့်အတူလိုက်ကာ တိမ်စိုင်များကို ဖမ်းဆုပ်၍ အိမ်ယူပြန်ရန် ကြိုးပမ်းတော့သည်။ သို့သော် လက်ထဲတွင် ဆုပ်ယူခွင့်မရှိ။ ကိုင်ပြခွင့်မရသော အခြေအနေတွင် ဖြစ်နေသောအခါတွင် လေတံခွန်ကဲ့သို့ တိမ်စိုင်များကို ကြိုးနှင့်ဆွဲရာ လိုရာကိုခေါ်ဆောင်ရန် စိတ်ကူးယဉ်မိသည်။ သို့သော် အတွေးသည်လည်း တိမ်စိုင်ပမာ လေတိုက်တိုင်း ပျောက်ကွယ်သွားကြသည် မဟုတ်ပါလား။

အပြာရောင်နောက်ခံ ကောင်းကင်ပြင်ကြီးသည် ကင်းဗတ်စ်ပေါ်ဆွဲထားသော အောက်ခံဆေးရောင်ပမာ၊ တိမ်စိုင်တို့သည် မော်ဒန်ရေဆေးပန်းချီကားချပ်ပမာ လှပနေသည်။ ပင်လယ်ပြင်၏ အငွေ့အသက် အချို့ပါသည်။ နွေလေပြေ၏ အငွေ့အသက် တချို့တစ်ဝက်ပါသည်။ ဤအရာများသည် ကောင်းကင်ပြင်ကြီး၏ နိယာမတရားအချို့ ဖြစ်မည်။ အရောင်ပြောင်းတတ်သော  တိမ်တိုက်တို့သည် ဦးတည်ရာမဲ့ လွင့်လိုက်မျောလိုက် ဖြစ်နေသည်။

တိမ်အကြောင်းကို လူများ၊ ပညာရှင်များ စာတစ်တန် ပေတစ်ဖွဲ့ ရေးသီကြသည်။ တိမ်လွှာတိမ်စိုင်များ၏ အလှဖြင့်နေဝင်ဆည်းဆာကို သရုပ်ဖော်ပုံ၊ နွေလယ်နေ့ခင်းများကို ဖော်ကျူးကြသည်။ ရင်သပ်ရှုမောဖွယ်ကောင်းလှသော အလှတရားများ စုဝေးရာဟု ဆိုကြသည်။ တိမ်၏ပုံသဏ္ဌာန်များကို အမျိုးမျိုး ဖော်ပြကြသည်။ ထိုထဲတွင် သူကျောင်းသား ဘဝက အမှတ်ရခဲ့သော တိမ်အကြောင်း ကဗျာတစ်ပုဒ်ကို ယခုချိန်ထိရွတ်မိ ဖတ်မိသည်။ နော်မာဂေလတ် (Norma Gillet) တိမ်သားတိရစ္ဆာန်ဥယျာဉ် (Cloud Zoo) သည် တိမ်၏ ပုံသဏ္ဌာန်အမျိုးမျိုးကို လှပစွာ ဖွဲ့သီထားသောကဗျာ ဖြစ်သည်။ ထိုကဗျာ ဖတ်လိုက်မိုးသားတိမ်တိုက်ကို မော့ကြည့်လျက် ခံစားလိုက်၊ တွေးလိုက်နှင့် နွေလယ်နေ့ခင်းသည် သာယာပျော်ရွှင်ဖွယ် ဖြစ်သည်။

သူ  ငယ်စဉ်ကလေးဘဝက ညနေ ဝင်လုလုနေရောင်နှင့် တောက်ပနေသော ပုစွန်ဆီ ရောင်တိမ်သားများကိုငေးကြည့်ရင်း အဘွားက ထမင်းခွံ့ကျွေးဖူးသည်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း အဘွား၏ပုံပြင်များကို နားထောင်ဖူးသည်။ ကမ္ဘာကြီးလည်နေသည် ဟူသော သဘောတရားတစ်ခုကို တိမ်စိုင်များလေတိုက်တိုင်း လွင့်မျောနေသည်ကို ငေး ကြည့်ရင်း ထင်မိသည်။ တိမ်စိုင်များနောက်ကိုလိုက်ရင်း မိုးကုပ်စက်ဝိုင်း အနားသတ်ဆီကို ရောက်မည်ဟု ထင်မိသည်။ တစ်ချိန်က တိမ်ထူထူနေသာ သောနေ့၏ နွေလယ်နေ့ခင်းတွင် အထုပ်ကိုဆွဲကာ အိမ်ပေါ်မှ ဆင်းသွားသော မိခင်ကို ငေးကြည့်နေသော ကလေးတစ်ယောက်၏မြင်ကွင်းကို တွေးကြည့်မိသည်။ ပြန်မြင်ယောင်မိသည်။ တိမ်မျှင်တိမ်စအနား သတ်လေးတွင် လွင့်ကြွေသွားသော အိမ်ထောင်ရေးတစ်ခု၏ အဆုံးသတ်။ နေသာ၍ တိမ်ထူသော ညနေခင်းတိုင်းတွင် အဘွားသည် တိမ်စိုင်တိမ်ခဲပုံများကို လက်ညှိုးထိုးကာ ထမင်းကျွေးတတ်သည်။ တစ်ခါတစ်ရံ လကောက်ကောက်လေးသည် နေ့ခင်းဘက်တွင် တိမ်စိုင်များနား မှေးတင်နေတတ်သည်။ တိမ်အနိမ့်အမြင့်ကိုကြည့်၍ ရာသီဥတု ခန့်မှန်းပုံကို ပြောပြတတ်သည်။ ပင်လယ်ကမ်းခြေနားတွင် ကြီးပြင်းခဲ့သော အဘွားသည် တိမ်စိုင်တိမ်မျှင်စများ၏ အရောင်ကိုကြည့်၍ ရာသီဥတုကို ခန့်မှန်းတတ်သည်။ အဘွား ခန့်မှန်းသော ရာသီဥတုမှန်းဆချက်သည် အဘိုးတို့အတွက် စိုက်ပျိုးရေးတွင် ရေဒီယိုမှလွှင့်သော မိုးလေဝသအစီအစဉ်ထက် အားကိုးရာ ဖြစ်သည်။ အားနက်ဟဲမင်းဝေး၏ နိုဘယ်ဆုနှင့် ပူလစ်ဇာဆုရ တံငါအိုနှင့် ပင်လယ်ပြာ (The  Old Man and the Sea) ဝတ္ထုတွင်လည်း အဘိုးအို ဆန်တီယာဂိုနှင့် မာလင်ငါးတို့ အားပြိုင်မှုတွင် အဘိုးသည် တိမ်စိုင်များကိုကြည့်ရင်း ရာသီဥတုကို ခန့်မှန်းခဲ့သည်။ တိမ်သားတို့သည် အေးဆေးသော ပင်လယ်ပြင်နှင့် ပနံတင့်နေသော အရာဟုလည်း စာရေးသူက ရေးဖွဲ့ခဲ့ဖူးသည်။ ထို့ပြင် ရာသီဥတုတစ်ခု၏ အရောင်သဘော တရားကို တိမ်စိုင်များနှင့် ကောင်းကင်ပြင်ကြီး အရောင်ကိုကြည့်ကာ သရုပ်ဖော်ကြသည်ဟု သူတွေးထင်မိသည်။

နွေလယ်နေ့ခင်းတစ်ခု၏ လေပြေအဝှေ့တွင် ပန်းကံ့ကော်ရနံ့များ ပါလာသည်။ ဖုန်နံ့လေးများ ပါလာသည်။ တိမ်စိုင်များ ရွေ့လျားနေသည်။ ထိုတိမ်စိုင်များကို စိတ်ကူးပေါက်ရာတွေးရင်း ငေးကြည့်နေသူတစ်ဦး ရှိသည်။ ထိုသူ့အတွေးတွင် ပျော်ဝင်နေသော ချစ်ခြင်းမေတ္တာပါသည်။ ထိုသူ့စိတ်ကူးထဲတွင် ဝေးကွာသွားသော မိသားစုငယ်လေးပါသည်။ ထိုသူ့အာရုံတွင် အရောင်ပြောင်းတတ်သော လူ့သဘာဝစရိုက်အကြောင်းပါသည်။ ထိုသူကို ခင်ဗျားတို့ အနီးအနားတွင် တွေ့နိုင်သည်။ လိုချင်တပ်မက်မှုမရှိသော အလှတရားတစ်ခုကို ငေးမောခံစားနေသောသူတစ်ဦးကို တွေ့ရမည်။ ထိုသူသည် တိမ်စိုင်များနောက်ကို  ငေးကြည့်နေသော တိမ်ငေးသူတစ်ဦး ဖြစ်သည်။ ထိုသူကို လက်ဆွဲနှုတ်ဆက်၍ တိမ်အကြောင်း ပြောကြည့်ပါ။ ထိုအခါ  သင်သည်လည်း လေပြေနှင့်အတူ မျောလွင့်သွားလိမ့်မည်။

Most Read

Most Recent