မြို့လေးတွေရဲ့ အက်ဆေး

မြို့လေးတွေရဲ့ အက်ဆေး
Published 24 March 2018

၂၀၁၇ ခုနှစ် နှစ်ကုန်ဆုံးချိန် ၂၀၁၈ ခုနှစ်အကူးတွင် နှစ်သစ်ကို ကြိုဆိုနေသော လူငယ်များအား တွေ့ရစဉ်

(၁)

အစိုးရတစ်ရပ်ရဲ့ တာဝန်ဝတ္တရားဆိုတာ ကောင်းမွန်တဲ့ အလုပ်တွေကို ပြည်သူတွေ လွယ်လွယ်ကူကူလုပ်နိုင်အောင် ဖန်တီးပေးဖို့နဲ့ မကောင်းတဲ့ အလုပ်တွေကိုတော့ လုပ်ဖို့ခက်ခဲအောင် ဖန်တီးထားဖို့တဲ့။ အဲဒီစကားကို ကမ္ဘာပေါ်က ခေါင်းဆောင်တစ်ယောက်က ပြောခဲ့ဖူးတယ်။ သူ့စကားကတော့ တင်းပြည့်ကျပ်ပြည့် အစိုးရမျိုးကို ရည်ညွှန်းခဲ့တာပါ။

၁၆ နှစ်၊ ၁၇ နှစ်ပဲရှိသေးတဲ့ လူငယ်လေးတွေတဲ့။ သူတို့ဟာ ညဉ့်အချိန်တွေမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်ကို တရကြမ်းစီးကြတယ်။ တစ်ခါတလေတော့ ရန်ငြိုးရယ်လို့မရှိဘဲ လမ်းမှာတွေ့တဲ့သူတွေကို ရိုက်နှက်တတ်ကြတယ်။ လမ်းနံဘေး ဓာတ်မီးတိုင်တွေ၊ မီးလုံး၊ မီးချောင်းတွေကိုလည်း ဖျက်ဆီးပစ်တတ်ကြတယ်။ တချို့ပြောကြတယ် သူတို့ဟာ မူးယစ်ဆေးဝါး တစ်မျိုးမျိုး၊ ဒါမှမဟုတ်ရင် စိတ်ကြွဆေးတွေ သုံးထားကြပုံရသတဲ့။

အွန်လိုင်းစာမျက်နှာမှာ အဲဒီလို တင်တဲ့သူက တင်လိုက်တော့ အောက်မှာ ထင်မြင်ချက်တွေ ဝိုင်းပြီးပေးကြပါတယ်။ သတ်ပစ်လိုက်ဖို့၊ ကြိမ်နဲ့ရိုက်ဖို့၊ ဖမ်းပြီး ရဲလက်အပ်ဖို့၊ စုံလို့ပေါ့။ မြို့လေးကနေ အဝေးရောက်နေသူ တချို့ကလည်း ဝင်ပြောကြတယ်။ စိတ်မချမ်းသာစရာ သတင်းတွေချည်း ကြားနေရတယ်။ အဲဒီမြို့သားလို့ ပြောရမှာတောင် ရှက်သတဲ့။

၁၆ နှစ်၊ ၁၇ နှစ်တဲ့။ နုပျိုတက်ကြွမှုတွေနဲ့ အရွယ်ပေါ့။ အလွန်လျင်မြန်ဖျတ်လတ်တဲ့ အရွယ်ပေါ့။ တစ်ချိန်တည်းမှာပဲ စွန့်စားလိုတဲ့ စိတ်နဲ့ အရာရာအတွက် မခံချင်စိတ်တွေ များလွန်းတဲ့အရွယ်။ ဆရာမောင်အောင်ပွင့်ရဲ့ ကဗျာလေးတစ်ပုဒ်ထဲကလိုပဲ ကုတ်တစ်ချောင်းနဲ့ ရပ်စရာနေရာသာပေး၊ ကမ္ဘာကြီးကို မ,ပြမယ်ဆိုတဲ့ အရွယ်ပေါ့။

သူတို့ကို အပြစ်ဒဏ်ပေးရုံအပြင် တခြားနည်းလမ်း မရှိနိုင်ဘူးလား။ ကျွန်တော်တို့ အနေနဲ့ကရော သူတို့အတွက် ကုတ်တစ်ချောင်းနဲ့ ရပ်စရာနေရာပေးဖူးကြပါရဲ့လား။ စိတ်ပညာဘာသာရပ်ကို အခြေခံသဘောတရားလောက် လေ့လာဖူးသူဖြစ်မယ်ဆိုရင်တောင် သူတို့သဘောကို သိနိုင်ကြမယ်ထင်ပါတယ်။ ကျွန်တော် သေသေချာချာသိနေတာ တစ်ခုတော့ ရှိပါရဲ့။ သူတို့တွေကို ဒေါသတရားနဲ့ ဆူပူမာန်မဲလို့တော့ မရနိုင်ပါဘူး။ သူတို့လေးတွေကို မပြောမဆို မရိုက်ခင်လေးမှာ ကျွန်တော်တို့ကိုယ်တိုင် ဖြတ်သန်းလာကြရတဲ့ ဘဝအခြေ၊ ရေမြေအနေအထားကို ပြန်ကြည့်ကြရအောင်။ ဇာစ်မြစ်ကို သွားကြစို့။

(၂)

လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်လေးကို အရင်ဆုံးပြောပါရစေ။ ကျွန်တော်တို့ လူငယ်ဘဝမှာ စိတ်ကြွဆေးဆိုတာ ခေတ်မစားသေးပါဘူး။ အဲဒီတုန်းက နံပါတ်ဖိုးလို့ခေါ်တဲ့ ဘိန်းဖြူခေတ်။ ဖင်န်စီဒိုင်း၊ ကော်မက် သာဇင်ခေတ်။ တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်းဟာ ဘိန်းဖြူ စမ်းသုံးဖြစ်တယ်။ စီးကရက်ထဲထည့်ပြီး ရောင်းတာကို အရံသင့် ဝယ်သုံးတာပါ။ အဲဒီအကြောင်းကို ပြောမယ်ဆိုရင် နည်းနည်းတော့ နောက်ပြန်သွားရပြန်ဦးမယ်။ သူတို့နေတဲ့ အိမ်ကြီးက စုပေါင်းအိမ်ရာလို့တောင် ခေါ်လို့ရမယ့် အိမ်ကြီး။ အပေါ်ထပ်အောက်ထပ် အမျိုးတွေစုပြီးနေကြတာ။ သူတို့က အပေါ်ထပ်။ အောက်ထပ်မှာ သူငယ်ချင်းရဲ့ ဦးလေးတစ်ယောက်ရှိတယ်။ အပေါ်ထပ်မှာလည်းရှိတယ်။ ဦးလေးနှစ်ယောက်က ဂီတာတီး၊ သီချင်းဆိုကောင်းကြတယ်။ အဲဒီအချိန်ကခေတ်စားတဲ့ သုံးလိပ်ကို တစ်ကျပ်နဲ့ ဒူးယားစီးကရက်ကလည်း သူတို့နဲ့ မခွဲဘူး။ အဲဒီလမ်းကလေးဟာ ဈေးလမ်းကလေးပေမဲ့ မျက်နှာချင်းဆိုင်အိမ်မရှိတော့ ညဆို တိတ်ဆိတ်တဲ့ လမ်းသွယ်လေးပါ။ သူ့ဦးလေးတွေရဲ့ ဂီတာဝိုင်းက ညတိုင်းရှိတတ်တယ်။ ကျွန်တော့်သူငယ်ချင်းက သူ့ဦးလေးတွေ ဂီတာဝိုင်းနား သွားထိုင်ခွင့်မရခဲ့ပါဘူး။ သူငယ်ချင်းရဲ့အဖေက သိပ်စည်းကမ်းကြီးတယ်။ ကျွန်တော့်သူငယ်ချင်းဟာ သူ့ဦးလေးတွေရဲ့ ဂီတာဝိုင်းကို အဝေးက ငေးမောအားကျပေါ့။ ဒါပေမဲ့ သူစီးကရက်တော့ ခိုးသောက်တတ်လာခဲ့ပြီ။ သူ့ဦးလေးတွေက အပေါင်းအသင်းများတော့ တစ်ခါတလေမှာ ဖင်န်စီဒိုင်း သောက်တဲ့သူတွေလည်း လာကြတယ်။ နောက်တော့ လွတ်လပ်စွာ ဝယ်ယူခွင့်ရသေးတဲ့ ချောင်းဆိုးပျောက်ဆေး ကော်မက်သာဇင်ကို သောက်ကြတယ်။ ဂီတာတီးကြတယ်။ သီချင်းတွေ ဆိုကြတယ်။

“မောင်မနေတတ်ဘူး..ယောင်ချာချာ အရူးတစ်ပိုင်း ဖြစ်နေပြီ” ဆိုတဲ့ သီချင်းစာသားကို အဓိပ္ပာယ်ရေရေရာရာမသိဘဲ သူအလွတ်ရလာခဲ့တယ်။ ကျွန်တော်တို့ကို ကျောင်းမှာ ပြန်ဆိုပြတယ်။ သူအဝေးက ငေးခဲ့ရတဲ့ ဂီတာဝိုင်းအကြောင်း ပြန်ပြောပြတတ်တယ်။

တစ်နေ့တော့ မနက်ပိုင်းကျောင်းဆင်းချိန်မှာ သူနဲ့ကျွန်တော် အတူတူပြန်ခဲ့ကြတယ်။ ကျွန်တော်တို့တုန်းက ကိုးတန်းကျောင်းသား ဆိုပေမယ့် ၁၇ နှစ်၊ ၁၈ နှစ်တွေ ဖြစ်နေကြပါပြီ။ အဲဒီတုန်းက အစိုးရကလည်း ထစ်ခနဲရှိ ကျောင်းပိတ်၊ ထစ်ခနဲရှိ ကျောင်းပိတ်ဆိုတော့ ပညာသာကြီးမလာခဲ့ကြရတာ အသက်တော့ ကြီးလာခဲ့ကြရပါတယ်။ ကျွန်တော့်အိမ်လေးက ရပ်ကွက် (၃) မှာဆိုတော့ သူ့အိမ်ရှေ့က ဖြတ်ပြန်ရင် လမ်းသင့်တာကိုး။ သူတို့အိမ်ရှေ့ လမ်းမပေါ်မှာ ခက်ထန်တဲ့မျက်နှာနဲ့ စောင့်နေတဲ့ သူ့အဖေကို မြင်လိုက်ရတော့ ကျွန်တော်လည်း ရောယောင်ပြီး လန့်သွားမိတယ်။ ကျွန်တော့်သူငယ်ချင်းလည်း ခြေလှမ်းတွေ တွန့်ဆုတ်နေတာ သတိထားမိတယ်။ လမ်းသွယ်လေးပေါ်မှာလည်း ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ အပြည့်ပေါ့။ သူ့အဖေက သူ့ကို နားရင်းပါးရင်းတွေ ပိတ်ရိုက်၊ လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန် လုပ်နေတော့ ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ သိချင်စိတ်နဲ့ ကျောင်းသားကျောင်းသူတွေက ဝိုင်းကြည့်နေကြတယ်။ ကျွန်တော်ကတော့ မကြည့်ရက်လို့ ခပ်သုတ်သုတ်ပဲ ဆက်လျှောက်ခဲ့ရပါတယ်။ သူ ဘိန်းဖြူစမ်းသုံးတဲ့ကိစ္စကို သူ့အဖေသိသွားပြီဆိုတာ အဲဒီနေ့က ကျွန်တော်သိလိုက်ပါတယ်။

ကျွန်တော့်သူငယ်ချင်းကလည်း သူ့အဖေက ကျောင်းဆင်းချိန်ကြီးမှာ ကျောင်းသူ ကျောင်းသားတွေ အများကြီးအရှေ့တင် ရိုက်မောင်း ပုတ်မောင်းလုပ်လိုက်တော့ ရှက်သွားပါတယ်။ ရှက်သွားလို့  သူ့အမှားကို ပြင်ဆင်တယ်ထင်ပါသလား။ ပိုပြီး ဆိုးလာပါတယ်။ နောက်တော့ ကျောင်းသားမဟုတ်တဲ့ အပြင်လူတွေနဲ့ပါတွဲမိပြီး သူ့အဖေက အဖြူဆို သူကအမည်းလုပ်ပြီး ဆန့်ကျင်တော့တာပါပဲ။ ကိုးတန်းစာမေးပွဲကိုတော့ အောင်ရှာပါတယ်။ ၁၀ တန်းနှစ်ရောက်တဲ့အချိန်မှာ အရင်နှစ် ကာလများလိုပဲ ကျောင်းက ဖွင့်လိုက်၊ ပိတ်လိုက်ပေါ့။ ကျွန်တော်မှတ်မိသလောက်တော့ သူတင်မကတော့ပါဘူး။ နောက်ထပ် သူငယ်ချင်းသုံးလေးယောက်လောက် နံပါတ်ဖိုးစွဲ သွားတယ်။ အဲဒီထဲက တစ်ယောက်ကတော့ မထင်မှတ်ရလောက်အောင် ပြန်ကောင်းသွား တယ်။ ဆေးလိပ်ပါ မသောက်တော့တဲ့ အထိပေါ့။ သူ့အမေက ကျောင်းဆရာမကြီး တစ်ယောက်ပါ။ သူ့အမေရဲ့ နူးညံ့တဲ့ မေတ္တာတရားအောက်မှာ သူ့အမှားသူပြန်ပြီး အဖတ်ဆယ်နိုင်သွားခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း ဇာတ်လိုက်ကြီးကတော့ သူ့အဖေနဲ့ ဂျင်းဂျောင်းဂျင်းဂျောင်းဖြစ်လိုက် ပိုဆိုးသွားလိုက်ပါပဲ။ နောက်တော့ သူ့အဖေကိုယ်တိုင် ရဲလက်ထဲ အပ်လိုက်တယ်။ ဆီးစစ်ခိုင်းတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အသက်တွေ ၂၀ ကျော်ပဲ ရှိကြသေးတယ်။ ဘာတွေဆက်ဖြစ်သွားတယ်ဆိုတာ ကျွန်တော် ဆက်မရေးလည်း ခန့်မှန်းမိကြမယ်ထင်ပါတယ်လေ။

(၃)

၁၀ တန်းအောင်ပြီး တက္ကသိုလ်တွေ တက်ကြရတဲ့အချိန်မှာ ကျွန်တော်တို့ခေတ်က  ကျောင်းသားအခွင့်အရေးဆိုတာ ရခဲ့ပါတယ်။  ရထားလက်မှတ်မဝယ်ဘဲစီးပြီး “ကျောင်းသားဗျ” လို့ ပြောလို့ရတယ်။ တချို့ လမ်းမတွေပေါ်မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်း လည်း လွယ်အိတ်လွယ်ထားရင် ယာဉ်ထိန်းရဲက မတားပါဘူး။ အဲဒီလိုမျိုး ဆင်ဆင်တူတဲ့  စည်းကမ်းဖောက်ဖျက်တဲ့ လုပ်ရပ်အတော်  များများကို လွှတ်ပေးထားပါတယ်။ စာမေးပွဲ  ဖြေတဲ့အချိန်မှာ စာသင်ခုံကို ကော်ပတ်စားပြီး  စာတွေရေးထားတာလောက်တော့ စကားထဲ တောင် ထည့်ပြောစရာ မလိုတော့တဲ့ အသေး အဖွဲကိစ္စပေါ့။ တချို့တွေဆို ရွေပေါ်စက်နဲ့တောင် ပါးပါးလေးထိုးပြီး စာရေးခဲ့ကြတာသေးတာပဲ။ ဒါပေမဲ့ သူတို့အာဏာကို လှုပ်ယမ်းတဲ့စကား ပါးပါးလေးတော့ သွားမဆိုလိုက်နဲ့ မဆိုင်းမတွပဲ တွင်းနက်ကြီးထဲ ကန်ချ ပစ်လိုက်ကြတာပါ။

နံပါတ်ဖိုးရောင်းချတဲ့ တချို့နေရာတွေမှာဆို မြို့မဈေးကြီးရှေ့က ဘိန်းစတန်းလိုပဲ  စက်ဘီးတွေတန်းစီရပ်ထားကြတယ်။ ကျေးဇူး တင်စရာကောင်းတာလေးလည်း ထည့်ပြောရမယ်ဆို တချို့ဘိန်းဖြူခန်းတွေမှာ တစ်ခါသုံးဆေးထိုးအပ်ကို ဂျပ်ပုံးနဲ့ ချပေးထားပါတယ်။ အဲဒါတွေဟာ အာဏာကို လှုပ်ယမ်းတဲ့ ကိစ္စမဟုတ်တော့ ပွင့်လင်းလွတ်လပ်စွာပဲပေါ့။ ကျွန်တော်တို့ခေတ်မှာ နတ်ရေကန်ထဲခုန်ချပြီး  ပြန်တက်လာသလိုပဲ ဘွဲ့တွေအများစုကိုလည်း လွယ်လွယ်ကူကူရခဲ့ကြပါတယ်။ ပညာကို ကျောပိုးထားရပြီထင်ပြီး တကယ်တန်းတော့ အဝိဇ္ဇာကို ကျောပိုးခဲ့ကြရတဲ့ မောင်တို့မယ်တို့ပေါ့။ နိုင်ငံရေးကို စိတ်မဝင်စားခဲ့ရင် ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်တဲ့ ကျွန်တော်တို့ ဘဝတွေပေါ့။ ကူးခတ်ကြရင်း  ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားကြသူ  တွေရှိသလို နစ်မြုပ်ပျောက်ကွယ်သွားကြသူတွေလည်း မနည်းလှပါဘူး။ အဲဒီ ကျွန်တော်တို့ဟာ အခု ၄၀ ကျော် ၅၀ တန်း အသက်အရွယ် ရနေကြသူတွေပေါ့။ လမ်းနံဘေးက မီးလုံး၊ မီးချောင်းတွေ  ရိုက်ခွဲ၊ ဆိုင်ကယ်ကို တရကြမ်းစီးရင်းတွေ့တဲ့ သူကိုရိုက် ခပ်မိုက်မိုက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေးတွေဟာ ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားကြတာလဲ။

(၄)

မြို့လေးရဲ့ အားကစားကွင်းကြီးအရှေ့မှာ တြိဂံပုံစံပန်းခြံငယ်လေးတစ်ခု ရှိပါတယ်။ အဲဒီပန်းခြံနေရာလေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း  ၄၀ လောက်က ညောင်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်။ ညဉ့်အခါဆို ညောင်ပင်ကြီးအောက်မှာ  ဘိန်းဖြူသမားတွေ ရမ်းကားကြတယ်။ နည်းမျိုးစုံနဲ့ပေါ့။ အဲဒီခေတ်က မြို့လူကြီးတွေလို့  ဆိုလို့ရမယ့်ပါတီ၊ ကောင်စီနဲ့ မြို့နယ်သမက လူကြီးတွေဟာ ညတိုင်ကျ ကင်းလှည့်ကြတယ်။  ငါးခဲထိုးဓာတ်မီးတွေ၊ တုတ်ဓားတွေ၊ လေးခွတွေနဲ့ပေါ့။ ကျွန်တော်က ရှိလှမှ လေးနှစ် ငါးနှစ်အရွယ်ပါ။ အဲဒီတုန်းက ကလေးဘဝအရွယ် ဉာဏ်မီသလောက် တွေးခဲ့ဖူးတယ်။ “ဒီလူကြီးတွေဟာ ညဉ့်ကြီးအချိန်မတော် အပင်ပန်းခံပြီး ကင်းလှည့်နေကြမယ့်အစား ရောင်းနေတဲ့  အိမ်ကို သွားဖမ်းကြတာ မဟုတ်ဘူး” လို့ပါ။  ဒါပေမဲ့ အဲဒီလူကြီးတွေက တိုင်ကြားတဲ့အခါ  မုဆိုးမအိမ်က ဖဲဝိုင်းလိုမျိုး၊ တစ်ဖက်ရပ်တဲလေးက အရက်ပုန်းဆိုင်မျိုးဟာ အချိန်နဲ့တစ်ပြေးညီ အဖမ်းဆီးခံခဲ့ရဖူးပါတယ်။ ကလေးဘဝအတွေးထဲမှာ အဖြေရှာမရနိုင်ခဲ့ဘူးပေါ့။

(၅)

ဖိလစ်ပိုင်ဇာတ်လမ်းတွဲတွေကို ကျွန်တော်ကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကို  ကြည့်နေရင်းနဲ့ သူတို့ရဲ့ လက်ရှိသမ္မတကို  သတိရတတ်ပါတယ်။ သူတို့နိုင်ငံအကြောင်းကိုလည်း တွေးနေမိတတ်တယ်။

တစ်နေ့ညက အိပ်မက်တယ်။ အိပ်မက်ထဲမှာ ဟိုဆေးရီဇော်က ဒူတာတေးကို စကားတစ်ခွန်း ပြောလိုက်တယ်။ “ဟေ့ကောင်၊ သတ်တာ ဖြတ်တာတွေထက် လွတ်မြောက်အောင် လုပ်ဖို့က ပိုခက်တယ်” တဲ့။

Most Read

Most Recent