<

သံလမ်းထက်မှ စာတစ်ကြောင်း

ဓာတ်ပုံ-ရှိုင်းလင်းအောင်

ဒီနေ့ဟာ ပူပြင်းခြောက်သွေ့တဲ့ မတ်လရဲ့ နေ့တစ်နေ့ပေါ့။ ကျွန်တော် ရန်ကုန်- မန္တလေး ရထားပေါ်ပထမဆုံး စစီးဖူးတဲ့နေ့လို့ လည်းပြောလို့ရတယ်။ ဘူတာရုံကြီးအတွက်တော့ နောက်တိုး ဖောက်သည်အသစ်ပေါ့ ။ကျွန်တော့်ရဲ့ ဒါပထမဆုံးပဲဆိုတဲ့ အမူအယာက လူသားကမ္ဘာကိုပေါ်ရောက် ဂြိုဟ်သားတစ်ယောက်လောက် နီးနီးဖြစ်သွားတယ်ဆို ပိုတယ်ခေါ်လေမလားပဲ။ ထိုင်စရာခုံတွေများသလောက် ထိုင်စရာနေရာတော့ အတော်ရှာ ရကျပ်သား။

လူတွေ လူတွေ မနည်းဘူးလေ။ သုံးယောက်စာ ခုံတန်းမှာ တစ်ဦးတည်း ကျောဆန့်နေသူတွေကလည်း မနည်း ။ ခိုးဝှက် အလစ်သုတ်ဖို့ စောင့်နေသူတွေကလည်း မနည်း။ မီးရထား အသံလွှင့်စက်ကထွက်လာတဲ့ သတိထားပါ ၊ သတိထားပါ အချက်ပေး ဆော်သြသံက ဘူတာရုံကြီးအကြောင်းကို ပိုပြီး ပြည့်စုံစေတယ်။ နိုင်ငံခြားသားတွေကို ကူညီပေးပါ ဆိုင်းဘုတ်အောက်မှာတော့ နိုင်ငံခြားသူနှစ်ယောက် ထိုင်စရာမရှိလို့ မတ်တတ်ရပ်နေတာတွေ့တာပဲ။

လူတွေမှာ ခရီးထွက်ရခြင်း အကြောင်းကြောင်းတွေ ရှိတယ်။ တချို့က အိမ်ပြေးတစ်ယောက်အနေနဲ့ စီးတာဖြစ်မယ်။ တချို့က မိသားစုနဲ့ အလည်အပတ် ခရီးထွက်တာမျိုး ဖြစ်ချင်ဖြစ်မယ်။ တချို့ကလည်း အပေါင်းအသင်းတွေနဲ့ ၊ တချို့ကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ကြတာပေါ့။ အကြောင်းတိုက်ဆိုင်လို့ ရထားတစ်စီးတည်းမှာ ခေတ္တခဏ လာဆုံ မိကြတာကလွဲလို့ လာရာလမ်းတွေ မတူသလို လားရာအရပ်တွေလည်းကွဲပြားကြတယ်။  စီးလိုက်ရတဲ့ အနေအထားချင်းလည်း ကွာခြားကြတာပဲ။ တချို့က ရိုးရိုးတန်း ၊ တချို့က အထက်တန်း ၊ တချို့က အထူးတန်းနဲ့ အသီး သီး ကိုယ့်ကုသိုလ်နဲ့ကိုယ်ပေါ့လေ။ လူ့ဘ၀ ဆိုတာလည်း ရထားကြီးနဲ့ဘာကွာလို့။ 

ကျွန်တော်စဉ်းစားတာ ရထားပေါ်မှာ စာတစ်ပုဒ်ရေးဖို့ပါ။ ဘယ်ကစရေးရမလဲ တွေးတော့ အစဖော်မရခဲ့ဘူး။ မျက်စိရှေ့ မြင်နေရတဲ့ ဈေးသည်တွေကိုရေးရမလား ။ ရထားကြီး စတင်ထွက်ခွာလာတာကို ရေးရမလား။ သံလမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတွေကိုရေးရမလား။ ဘူတာရုံမှာ စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေကို ရေးရမလား။ ဘ၀ဆိုတာလည်းဘာထူးလို့ ။တစ်ခါတစ်ခါ ဘာကိုစောင့် မှန်း မသိ စောင့်နေကြရင်း ဖြတ်ခဲ့မိကြရတာပဲမဟုတ်လား။ တစ်ခုခုကစ ရေးရမယ်မှန်းသိတာပေါ့။ ဘယ်ကစရမလဲ။ ရထားကတော့ အမှိုက်ပုံကြီးတစ်ခုကို ဖြတ်လာခဲ့ပြီ။  နောက်တော့ လူနေအိမ်တွေ ၊ လယ်ကွင်းပြင်တွေ ၊ အားကစားကွင်းတွေ ၊ စာသင်ကျောင်းတွေ ၊ သုသာန်တွေပေါ့။ တရိပ်ရိပ် တရိပ်ရိပ်နဲ့ ဖြတ်လာခဲ့တာ။ ရထားကြီးက နောက်ထပ် အမှိုက်ပုံကြီးတစ်ခုကိုတောင် ဖြတ်ပြီးခဲ့ပြီ။ ကျွန်တော် စာတစ်ကြောင်း မစရ သေးဘူး။

ဘူတာတစ်ခုရောက်တိုင်း ဈေးသည် အသစ်တွေတက်တယ်။ အကြောင်းအရာကတော့ အဟောင်းပါပဲ။ ၀မ်းရေးပေါ့။ ရေသန့်ဘူးတွေရမယ် ၊ဘီယာတွေရမယ်၊ အအေးစုံရမယ် ဒါကတစ်သည်။ ဒီအကြောင်းကပဲ စရေးရ ကောင်းမလား။ နောက် မိန်းမကြီးတစ်ယောက်ရဲ့ ငုံးဥပြုတ်တွေရမယ် ၊ ကြက်ဥပြုတ်တွေရမယ်၊ အချဉ်ထုတ်တွေရမယ် လာပြန်တယ်။ ဘာလုပ်ရမလဲ။ ဒီကစရေးရ မလား။ ပြီးတော့ ပြောင်းဖူးပြုတ်တွေ၊ မြေပဲ ပြုတ်တွေ ၊ ဖရဲသီးတွေ အသီးသီးတက်လာကြတယ်။ ကျွန်တော့် စာတစ်ကြောင်း မစရသေးခင်လေးပေါ့။ အဲဒီအချိန်မှာ လက်မှတ်0စစ်တွေ ရောက်လာပြီး လက်မှတ်ပြခိုင်းတယ်။ နောက်တော့ လက်မှတ်ကို ဘော့ပင်မင်ပြာနဲ့ ကြုံသလိုခြစ်ပြီး ပြန်ထွက်သွားလိုက်ကြတာ မရေးရသေးတဲ့စာလေး ပျောက်ပါလေရော။

ရေးတော့ရေးရမှာပေါ့။ စာရေးသူ တစ်ယောက်အနေနဲ့ စာလေးတစ်ကြောင်းမှ မရေးတတ်ရင် ဘာသုံးစားမလဲ။ လက်မှတ်လာစစ်တဲ့လူကြီးကို ရေးရမလား။ ဘေးခုံက ချစ်စဖွယ်ကလေးလေးရဲ့ အပြုံးကိုရေးရမလား။ ၀စ်စကုတ် ကိုယ်စီနဲ့ ဘာမှာမလဲ တမေးတည်းမေးနေတဲ့ ရထားမောင်များကိုပဲ ရေးရမလား။ ပျဉ်းမနားလောက်မှာ ဖုန်းနဲ့ ပိုက်ဆံအိတ် အနှိုက်ခံလိုက်ရတဲ့ နောက်ခုံက ဦးလေးကြီးလင်မယားအကြောင်းရော ရေးရင်ကောင်းမလား။ အဲဒီလိုရေးရင် သူခိုးက သူ မခိုးပါဘူး ဆိုပြီး ၆၆ (ဃ) နဲ့ တရားလာစွဲမှာလား။ ရေးစရာတွေတော့များသား။ ရွေးစရာတွေများလို့ပဲ ဟုန်သွားလေပြီလား မသိပါဘူး။

ကျွန်တော်ရေးချင်တာက ရထားစီးရတဲ့ အရသာလေးပါ။ ပထမဆုံးစစီးရတဲ့ ခံစားချက် ၊ အတွေ့အကြုံလေးတွေ မျှဝေချင်တာပါ။ မမှိတ်ရဲ မှိတ်ရဲနဲ့ မျက်လုံးမှိတ်ပြီး မအိပ်ရဲ  အိပ်ရဲ အိပ်ရတာမျိုးလေး။ ဖုန်းကိုဘယ် နားထားပြီး ပိုက်ဆံအိတ်ကို ဘယ်နားထားရမယ်ဆိုတဲ့ ခရီးသည်တစ်ဦးရဲ့ အကြံအစည်မျိုး လေးတွေပေါ့။ လောကဓာတ်ကြီးက ညနက်လေ စိမ့်စိမ့်အေးလေ။ ပြတင်းပေါက်က ၀င်လာတဲ့ အေးစက်စက်လေကြမ်းတွေကြောင့် တံခါးပေါက်ကိုပိတ်ပြီး ခန္ဓာကိုယ်ကို သုံးခေါက်ချိုး စည်းလိုက်ရတယ်။ အဲဒါမှ ကိစ္စ ပြတ်ရော ။ ရောက်ချင်တဲ့ဆီသာရောက်ပေရော့ပေါ့။ ပတ်ဝန်းကျင်ကို သံယောဇဉ်ဖြတ် လိုက်တော့တယ်။ ဆိုးတာက အခု စာကို ဘယ်ကဘယ်လို စရေးရမယ်မှန်း မသိတော့တာပဲ။ ရထားကတော့ ရန်ကုန်ကစပြီး မန္တလေးမှာ ဆုံးခဲ့ပြီ။

တကယ်တော့ ရထားစီးရတဲ့ခံစားချက်ကို ရထားစီးရင်းသာ ရေးလိုက်ချင်တာ။ မကျေနပ်လို့ မန္တလေး-ရန်ကုန် အပြန် နေ့စီးရထားကို လက်မှတ်ထပ်ဝယ်ခဲ့တယ် ဆိုတဲ့အကြောင်း ရေးရမလား။ လူကတော့ အပြန် ရထားထိုင်ခုံပေါ်မှာ စာတစ်ကြောင်းစရှာနေပါပြီ။ ထိုးမုန့်ရောင်းချင်စိတ်နဲ့ ထိုင်ခုံ အတင်းလိုက်ပြတဲ့ ထိုးမုန့်သည်ကိုရေးရ မလား။ ထိုင်ခုံ နောက်မှီမှာကပ်ပြီးချထားတဲ့ ပီနံအိတ်ထုတ်တွေကို ရေးရမလား။ ဒီအထုတ်တွေကြောင့် နောက်မှီကိုလှန်ချမရလို့ ကိုယ် သက်သောင့်သက်သာမဖြစ်ရတာ ရေးရမလား။ အိမ်သာနားမှာ ဖျာခင်းလိုက်လာတဲ့  မှတ်ပုံတင်လက်မဲ့ မိသားစုကိုရေးရမလား။

စာကသာ တစ်ကြောင်းမစရသေးတာ  ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေပိုပိုကျပ်ခဲပြီး ယားယံနေပြီ။ လေအဝှေ့မှာ ဖုန်တွေ  အမှုန်တွေခိုနားလာတာကို။ လက်နှစ်ဖက်နဲ့ စုံကုတ်ရတာကို ဒရာမာဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်အောင် ရေးရကောင်းမလား။ တိုက်ခတ်လာတဲ့ လေတဟူးဟူးမှာ မျက်နှာကြီး ပေါင်ချိန် ဖြစ်သွားတာရေးရမလား။ နေပူပူမှာ အုံလိုက်ကျင်းလိုက် စိမ်းစိုနေတဲ့ စပါးခင်းတွေကိုရေးရမလား။ ခရီးတစ်ကွေ့သောင်တွေ ထွန်းနေတဲ့ မြစ်ပြင်ကျယ်အချို့ကို ရေးရမလား။ ရထားမြင်ရင်လှမ်းပြီး လက်ပြတတ် တဲ့ ကောင်လေးတွေအကြောင်းရေးရမလား။ ဘာဖြစ်ဖြစ် ရထားကတော့ ကားလမ်းမကြီးနဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်နေတဲ့ နေရာ တစ်ခုမှာ ခုတ်မောင်းလျက် သွားနေပါပြီ။ 

စာတစ်ကြောင်းတောင် မတင်ကျန်သေးခင်မှာ ထမင်းစားချိန်ဟာ မနေ့ကလိုရောက်လာခဲ့ပြန်တယ်။ ဗိုက်ဟောင်းလောင်းကို ပုတ်ပြီးရေးနိုင်တဲ့ သူတစ်ယောက် မဟုတ်လို့ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် မဖြစ်ခဲ့ပါဘူး။ စာတစ်ကြောင်းကို အရင်မရေးဘဲ ထမင်းတစ်လုတ်ကို အရင်သွင်းလိုက်တယ်။ အဲဒီမှာ ထမင်းဟင်းရောင်းဖို့ တက်လာတဲ့ အဒေါ်ကြီးလင်မယားအကြောင်းရေးရမလား။ ထမင်းနဲ့ဟင်းပုံထည့်ထားတဲ့ ၅၀၀ တန် ဖော့ဘူးလေး အကြောင်းရေးရမလား။ မြိန်ရေရှက်ရေစားကောင်းနေတဲ့ ကိုယ့်အ ကြောင်းကိုယ်ရေးရမလား။ ၂၀၀ တန် ပြန်အမ်းဖို့ မေ့ချင်ယောင်ဆောင်တဲ့ သင်္ဘောသီးသုပ်သည်အကြောင်း ရေးရမလား။ စားသလောက်နှဲ့သွင်းပေးနေတဲ့ ရထားကြီး အကြောင်း ရေးရမလား။ ခက်တာက ဘယ်ကစ ရမယ် တွေးမရသေးတာပါ။ ရထားကတော့ တစ်ဘူတာပြီး တစ်ဘူတာ ခရီးရောက်နေခဲ့တာပေါ့။

နေရောင်ခြည်ဟာ ခေါင်းပေါ်တည့်တည့်ကနေ ကိုယ့်ဘက်ခြမ်းကို တရွေ့ရွေ့တိုးလာခဲ့တာကြာပေါ့။ ကိုယ့်မှာက တစ်ကြောင်း မစရသေး။ရုတ်တရက် ၊ တောင်တန်းကြီးတွေ အကြောင်း ရေးချင်သလိုဖြစ်မိတယ်။ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိချင်ယောင် ဆောင်သလိုဖြစ်သွားသလား။ လယ်ကွင်းပြင် တွေထဲက ကျေးလက်ရနံ့ကို ကြည့်ရတာရိုးအီ နေသလိုခံစားမိတာတော့ ၀န်ခံရမှာပဲ။ အဝေးပြေးကားလမ်းမကြီးနံဘေးက တောင်တန်းတချို့ကို လွမ်းမိသွားတာပေါ့။ ဒီအချိန် ဒီ နေရာလောက်ဟာ Express ကားကြီးတွေနဲ့ သာဆို တောင်တန်းတချို့ကြား ပြေးဆွဲပြီးနေလောက်ပြီဆိုတာသိထားတော့ နည်းနည်း လေး လွမ်းမောမိတာပါ။ ကားနဲ့ ရှစ်နာရီ လောက်စီးရင် ရောက်မယ့်လမ်းခရီးကို ရထားနဲ့ ၁၅ နာရီကြာထိုင်စီးဖို့ ထွင်လာတဲ့ ကိုယ့်စတန့်အကြောင်းပဲ ရေးရင်ကောင်းမလား။  မထူးတဲ့အဆုံး ကျွန်တော်လည်းအတွေးတွေနဲ့ လှုပ်တုပ် လှုပ်တုပ် လွင့်နေခဲ့လိုက်တယ်။

 စာကတစ်ကြောင်း မရသေးဘူး ပေါင်မုန့်ခြောက်တွေ ၊ ပဲချောင်းတွေ၊ မုန့်သြဇာတွေ ရောင်းတဲ့ မိန်းမကြီးတစ်ယောက် ဘူတာခဏအရပ်မှာတက်လာတယ်။ ကျွန်တော့် အနားမှာ သူ့မုန့်တောင်းကြီးကို လာချထားပြီး တချို့တစ်ဝက်ခွဲခွဲ သယ်ပြီး အရောင်းထွက်တယ်။ သူပြောတာ မုန့်သြဇာ ၀ယ်သွားပါလား အဲဒါရဖို့ မလွယ်ဘူးရှားတယ်တဲ့။ ဘာလို့  ရှားလဲ မမေးတော့ဘူး။ တစ်ထုတ်တော့ ၀ယ်လိုက်မိတယ်။ မစားဖူးလို့လား ၊ ရှားတယ်ဆိုတာကြောင့်လား။ ရထားကတော့ ဘူတာကို ခွာဖို့ သူ့ဇက်ကျိုးကိုဆွဲလိုက်ပါပြီ။ ကျွန်တော်တို့အားလုံး ရထားကြီးနဲ့အတူယိမ်းယိုင်လိုက်ကြရတယ်။ နောက်တော့ ထုံးစံအတိုင်း လယ်ကွင်းပြင်ကျယ်တွေဖြတ်၊ သုသာန်တစ်စပြင်တွေဖြတ်၊ မြို့တွေကိုဖြတ်ခဲ့ပြန်တယ်။

စာတစ်ကြောင်းမစရသေးပေမဲ့ ရေတစ်ကျိုက်သောက်ဖို့ ခန္ဓာကိုယ်က တောင်းဆိုလာတဲ့အခါ လိုက်လျောရမှာပေါ့။ လက်ကျန်ရေကို တစ်ချီတည်းမော့ချရင်း ရေတစ်ဘူး ထပ်ဝယ်ဖို့ စိတ်ကလောရပြန်တယ်။ ၀မ်းရေးအတွက် ခေါက်တုံ့ခေါက်ပြန် ခြေတို အောင် လျှောက်နေရရှာတဲ့ အအေးစုံသည်အကြောင်း ရေးရမလား။ အအေးစုံနဲ့တွဲဖက်ပြီး ဘီယာပါ ထည့်ရောင်းခွင့်ပေးထားတဲ့ ရထားကြီးအကြောင်း ရေးရမလား။ နေပူပူနဲ့အရက်သောက်ရင်းလိုက်လာတဲ့ ရထားစီး ခရီးသည်တစ်ဦးဦးအကြောင်း ရေးရမလား။  လောလောဆယ်တော့ ဘာမှမရေးဖြစ်သေး ဘဲ ၀င်လုလု နေလုံးနီနီကိုကြည့်ရင်း ညနေစာ ထမင်းတစ်ထပ် စားဖို့ အချက်ပေးခြင်းအဖြစ် မှတ်ယူပစ်လိုက်တယ်။

ဒီလိုဆိုတော့ ခြင်းတောင်းကြီးနဲ့ ထမင်းရောင်းနေတဲ့ ဦးလေးကြီးအကြောင်းရေးရင် ကောင်းမလား။ ဖော့ဘူးမသုံးဘဲ ငှက်ပျောဖက်တစ်ထပ်၊ သတင်းစာစက္ကူ တစ်ထပ် ပေါင်းထုတ်လာတဲ့ သူ့စိတ်ကူးကိုပဲ စာဖွဲ့ရ ကောင်းမလား။ ကော်ပန်းကန်တစ်ချပ် ဆွဲယူပြီး သတင်းစာစက္ကူထုတ်ကို ဖက်ကနဲပစ်ထည့် ဖွင့်ဖောက်ပြီး စားချင်စရာထမင်းတစ်ပွဲ ဖြစ်အောင် ပြင်ပြသွားတဲ့ ဦးလေးကြီးရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု ကို ရေးရမလား။ တစ်ပွဲ  ၇၀၀ ပဲ ပေးရပြီး စားလို့ကောင်းခဲ့တယ် ဆိုတာရောပေါ့။ ဒီတိုင်းသာစားရင် အနိမ့်ဆုံးလုပ်ခ တစ် နေ့ ၄၅၀၀ နှုန်းမှာ တစ်နေ့ ၁၀၀၀ လောက်စု မိမှာလို့ တွေးမိတဲ့အကြောင်းလေး ရေးရင် ကောင်းမလား။ အဲဒီလိုရေးရင်ရော အခွန်တွေ ဘာတွေဆောင်ရဦးမှာလား။ တော်ပါပြီ  စာတစ်ကြောင်းမှမရမယ့်အတူတူ တစ်စတစ်စ ပိုပိုမှောင်မဲ လာတဲ့လောကကိုကြည့်ပြီး အမှောင်ထဲကအလင်းစက်တွေကိုပဲ ရေတွက် နေလိုက်တော့မယ်။

မြည်သံရှည်ကြီးနဲ့ တီးလိုက်တဲ့ဟွန်း ကြောင့် ရွစိ ရွစိ ဖြစ်လာတဲ့ ခရီးတွေအကြောင်းလည်း ခေါင်းထဲကထုတ်ခဲ့မယ်။  မြွေ တစ်ကောင်လိုမျိုး တရွေ့ရွေ့ဝင်သွားတဲ့ ရထားကြီးနဲ့ ကျားတစ်ကောင်လို ခုန်တက်လာကြတဲ့ Taxi သမားတွေကိုလည်း မေ့ခဲ့မယ်။ စာတစ်ပုဒ်ရေးချင်စိတ် အပါအ၀င်ပေါ့။  နေရစ်ခဲ့တော့ ရထားကြီးရေ။ ချိုချဉ်ထုတ်သည်တွေနဲ့ နေခဲ့တော့၊ ဘီယာသည်တွေနဲ့ နေခဲ့တော့၊ ခိုးဆိုးလုနှိုက်တွေနဲ့နေခဲ့ တော့ ၊ လက်မှတ်စစ်ဦးကြီး တွေနဲ့နေခဲ့တော့၊ ခြေတိုအောင်လျှောက်ပြီး ရောင်းချကြရတဲ့ ဈေးသည်တချို့နဲ့နေခဲ့တော့၊ မျှော်လင့်ချက်ကိုယ်စီ ရင်ဝယ်ပိုက်ထားတဲ့ မျက်ဝန်းတွေ နေခဲ့ပါတော့။ ကျွန်တော်ကတော့ မီးရောင်စုံလင်းနေတဲ့ ရန်ကုန်မြို့ကြီးထဲကို ပြေးဝင်ဖို့ အပြင်မရှိပါဘူး။ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို အလုံ အခြုံသိမ်းရင်း စာတစ်ကြောင်းတော့ စရေး ဖြစ်ခဲ့တယ်။ ဒါက ရန်ကုန်မြို့ကြီးလား၊ နောက်ထပ် ရထားကြီး တစ်စင်းပေါ်များလား ဆိုတာကိုပေါ့။

March 22, 2018














Copy Protected by Chetan's WP-Copyprotect.