အိပ်ရာထဲက မထနိုင်လည်း မှိုင်တွေမနေခဲ့သူ

အိပ်ရာထဲက မထနိုင်လည်း မှိုင်တွေမနေခဲ့သူ
Published 22 March 2018

(၁) ၂၀၁၅ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ နိုင်ငံတော်အဆင့် အသင်းလိုက် စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲကြီး ကျင်းပခဲ့စဉ်ကပါ။ အိန္ဒိယစစ်တုရင်လောကအတွက် အင်မတန်အရေးပါတဲ့ စစ်တုရင်ပြိုင်ပွဲကြီး ဖြစ်တာကြောင့် နာမည်ကြီးစစ်တုရင် ဂရင်းမာစတာတွေ၊ အင်တာနေရှင်နယ် မာစတာတွေ စုံစုံညီညီ လာရောက်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့အာရုံဟာ သူတို့တစ်တွေအပေါ်မှာ သိပ်မရှိလှဘဲ ထူးခြားတဲ့ စစ်တုရင်ခုံတစ်ခုံဆီမှာ ရောက်နေကြတယ်။ ရုပ်မြင်သံကြား ထုတ်လွှင့်ဖို့ လာရောက် ရိုက်ကူးသူတွေလည်း တွေ့ရတယ်။

သေးကွေးကြုံလှီပြီး အိပ်ရာထဲမှာ လဲလျောင်းနေရတဲ့ ပြိုင်ပွဲဝင်စစ်တုရင်သမားတစ်ယောက်ရဲ့ ကစားခုံဟာ လူအများစိတ်ဝင်စားစရာဖြစ်ခဲ့တယ်။ သူ့ရဲ့လက်သေးသေးထဲမှာ တုတ်ကလေးတစ်ချောင်းနဲ့။ ဝေးဝေးလံလံက စစ်တုရင် အရုပ်တွေကို တုတ်ကလေးနဲ့ တွန်းရွှေ့ဖို့ မဖြစ်နိုင်ပေမဲ့ လွယ်ကူရှင်းလင်းတဲ့ အဖွင့်ပိုင်း ရွှေ့ကွက်တချို့ကိုတော့ ကိုယ်တိုင်ကြိုးစားရွှေ့တယ်။ စစ်တုရင် နာရီ နှိပ်ဖို့နဲ့ ရွှေ့ကွက်မှတ်တမ်းရေးဖို့ကို အကူတစ်ယောက်က လုပ်ပေးရတယ်။ သူ့နာမည်က ရှိုင်းလက်၊ နာမည်အပြည့်အစုံက ရှိုင်းလက် နာလီကာ (Shailesh Nerlikar)။

(၂) သူ့ကိုမွေးဖွားစဉ်က ပုံမှန်ပါပဲ။ အသက်လေးနှစ်အထိ သာမန်ကလေးငယ်တစ်ယောက်လို ပုံမှန်ကြီးပြင်းခဲ့တယ်။ ဆရာဝန်တစ်ယောက်က ဆေးမှားပေးပြီး ကယ်လဆီယမ်ဆေးတွေ လွန်သွားရာက ရှားရှားပါးပါး ရောဂါဖြစ်ခဲ့တယ်။ အရိုးတွေကြုံလှီ အားနည်းခဲ့ပြီး တစ်သက်လုံး အိပ်ရာပေါ်မှာ လဲလျောင်းနေရတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့တယ်။ မိခင်ဖြစ်သူမှာ ငါ့သားကလေးဘဝကတော့ သွားပါပြီဆိုပြီး ယူကျုံးမရ ဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေက ပိုပြီးဂရုစိုက်ကြတယ်။ အားပေးကြတယ်။ ဒါပေမဲ့ သန်စွမ်းကျန်းမာတဲ့သူတစ်ယောက် မဟုတ်တော့တဲ့ ဘဝမှာ သူငယ်ချင်းတွေ ကစားတာကိုပဲ အားကျပြီး ကြည်နူးရတာပေါ့။

သိပ်မကြာပါဘူး ရှိုင်းလက်အတွက် ကယ်တင်ရှင်ပေါ်လာတယ်။ သူငယ်ချင်းတစ်ယောက်က စစ်တုရင်အရုပ်နဲ့ စစ်တုရင် ကစားခုံယူလာပြီး လက်ဆောင်ပေးတယ်။ ရော့ ဒီကစားနည်းက မင်းနဲ့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်တဲ့။ စစ်တုရင်ကစားနည်းပါ သင်ပေးခဲ့တယ်။ စစ်တုရင် ကစားတတ်သွားချိန်ကစပြီး ရှိုင်းလက်ရဲ့အချိန်တွေဟာ စစ်တုရင်အတွက် ဖြစ်ခဲ့တယ်။

(၃) အိပ်ရာထဲမှာလဲနေပြီး စစ်တုရင်ခုံကို တစောင်းကြည့်ရတာ မလွယ်လှပါဘူး။ ဘာတတ်နိုင်မှာလဲ။ စစ်တုရင်ကို စွဲလမ်းခဲ့ပြီး စစ်တုရင်နဲ့ အဖော်လုပ်နေရတဲ့ဘဝမှာ စစ်တုရင်ကြောင့် ကြုံလာရတဲ့ အခက်အခဲအသစ်တွေဟာ ရှိုင်းလက်အတွက် ချိုမြိန်ဒုက္ခတွေပါပဲ။ စိန်ခေါ်မှုအသစ်တွေပါပဲ။ ဒါတွေကို ရင်ဆိုင်ကျော်လွှားရာမှာ မိခင်ဖြစ်သူရဲ့ ကြီးမားတဲ့ မေတ္တာက အရေးပါလှပါတယ်။ သားဒုက္ခိတအတွက် ပုံမှန်လုပ်ကိုင်ပြုစုပေးနေရတဲ့ နေ့စဉ်စောင့်ရှောက်မှုအလုပ်တွေအပြင် စစ်တုရင်တာဝန်တစ်ရပ်ပါ တိုးလာတယ်။

စစ်တုရင်အရုပ်တွေကို ကူရွှေ့ပေးရတာ၊ စစ်တုရင်စာအုပ်တွေ ဖတ်ပေးရတာတွေဟာ စစ်တုရင်တာဝန်တွေပေါ့။ သားပျော်နေတာ၊ စိတ်ဝင်တစားရှိနေတာကို မြင်တွေ့ရ တဲ့ မိခင်ဖြစ်သူ ဆာရာလာ (Sarala) မှာ ပင်ပန်းတာတွေ နေတွေ့နှင်း ဖြစ်ခဲ့ရတယ်။ စစ်တုရင်ကစားဖို့၊ ပြိုင်ပွဲတွေသွားဖို့ ပွေ့ချီသယ်ဆောင်ပေးရတာ အပန်းမကြီးလှပါဘူး။

(၄) သူ့ရဲ့မိခင်က စစ်တုရင်အတွက်ရော နေ့စဉ်ဘဝအတွက်ပါ တာဝန်ယူ စောင့်ရှောက်ပေးသလို သူ့ရဲ့နည်းပြဖြစ်သူ ကာပီလ်လိုဟာနာ (Kapil Lohana) ကလည်း စစ်တုရင်သာမက ညီတစ်ယောက်လိုပါ တာဝန်ယူပေးခဲ့ပါတယ်။

ရှိုင်းလက်ရဲ့အကြောင်းကို လူတွေ ပိုသိလာကြချိန်မှာ ပံ့ပိုးသူတွေလည်း ရှိလာပါတယ်။ သူ့ဇာတိ မဟာရပ်ထရ (Maharashtra) က ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း စိတ်ဝင်တစား ရှိလာပါတယ်။

အိန္ဒိယနိုင်ငံအစိုးရကပါ အသိအမှတ် ပြုခဲ့တယ်။ သူ့အကြောင်းကို သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာပါ ဖော်ပြလာကြတယ်။

(၅) ၂၀၁၅ ခုနှစ် ဂျာမနီနိုင်ငံ ဒရက်စဒင် (Dresden) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မသန်စွမ်း စစ်တုရင်ပြိုင်ပွဲကို အိန္ဒိယနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ သူ့ကို စိတ်ဝင်တစားနဲ့ ရုပ်မြင်သံကြား လာရောက်ရိုက်ကူးကြတာတွေ၊ အင်တာဗျူးတာတွေ ရှိခဲ့တယ်။ သူသာမက မိခင်ဖြစ်သူကိုရော နည်းပြကိုပါ အင်တာဗျူးခဲ့တယ်။

အိပ်ရင်းကနေ စစ်တုရင်ခုံကို ဘေးစောင်းကပ်ကြည့်ပြီး ကစားဖို့ဆိုတာ သာမန်လူကောင်းတစ်ယောက်အတွက်တောင်မှ ခက်ခဲလှပါတယ်။ တော်တော့်ကို မလွယ်ပါဘူး။ ဒါကို ကျော်လွှားပြီး စစ်တုရင်ပြိုင်ပွဲတွေ ဝင်ခဲ့တဲ့ ရှိုင်းလက်ရဲ့ဝါသနာ၊ စိတ်ပါဝင်စားမှုနဲ့ ဇွဲတို့ကို အားလုံးက ချီးကျူးကြရတယ်။

လက်ရည်အဆင့် အများကြီးမမြင့်ပေမဲ့ သူ့ရဲ့တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ဇွဲကြောင့် စစ်တုရင်လောကသာမက တခြားနယ်ပယ်ကပါ လေးစားရသူ ဖြစ်ခဲ့တယ်။ အိန္ဒိယနိုင်ငံတွင်း ပြိုင်ပွဲတွေမှာ ဆုများစွာရရှိခဲ့တယ်။

(၆) စစ်တုရင်ကို အထူးအားပေးပြီး ကမ္ဘာ့စစ်တုရင်ချန်ပီယံတောင် မွေးထုတ်နိုင်ခဲ့တဲ့၊ စစ်တုရင်စူပါဂရင်း မာစတာပေါင်းများစွာရဲ့ အမိမြေဖြစ်တဲ့ အိန္ဒိယမှာ ရှိုင်းလက်ဟာ စံနမူနာတစ်ယောက်ပေါ့။ နုတ်ဘုတ်ကွန်ပျူတာနဲ့ စစ်တုရင်လေ့လာတယ်။ တချို့ပြိုင်ပွဲတွေမှာ သူ့ကို ကွန်ပျူတာနဲ့ မောက်စ်သုံးပြီး ကစားခွင့်ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှိုင်းလက်ကတော့ စစ်တုရင်ပြိုင်ပွဲတွေ ဝင်ပြိုင်နေခဲ့တယ်။ မိခင်ဖြစ်သူကလည်း မမောနိုင် မပန်းနိုင် သားဖြစ်သူကို ချီပိုးပြီး ပြိုင်ပွဲတွေမှာ ပါရမီဖြည့်ပေးတယ်။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် မှတ်ပုံတင် နံပါတ် ၅၀၃၆၉၅၀ ဖြစ်တဲ့ ရှိုင်းလက်ဟာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ ပုံမှန်၊ အမြန်၊ လျှပ်တစ်ပြက် စစ်တုရင်သုံးမျိုးစလုံးအတွက် စံနှုန်းရထားသူပါ။ ၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ရှိုင်းလက်ရဲ့ တစ်သက်တာ အမြင့်မားဆုံး စံနှုန်း ၁၇၄၃ ကို ၂၀၀၆ ခုနှစ် ဇူလိုင်လမှာ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တုရင်အရုပ်တွေကို ကပ်ပြီးကြည့်နေရတာရယ်၊ ပုံမှန်မဟုတ်တဲ့ထောင့်ကနေ ကြည့်ရတာရယ်တွေက အမြင်အာရုံကို ထိခိုက်စေပြီး မျက်မှန်တပ်ခဲ့ရတယ်။ စံနှုန်းလည်းကျခဲ့တယ်။ ၂၀၁၈ ခုနှစ် မတ် ၁ ရက် စာရင်းမှာ ၁၄၆၅ ဖြစ်ခဲ့တယ်။

(၇) ရှိုင်းလက်ရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ “လူတွေတော်တော်များများဟာ ဒုက္ခိတဘဝရောက်သွားရင် စိတ်ဓာတ်ကျသွားကြတာများတယ်။ ခန္ဓာကိုယ် မသန်စွမ်းတော့တာတောင်မှ ဦးနှောက်က ကောင်းနေသေးရင် လူဖြစ်မရှုံးသေးဘူး။ ရှိုင်းလက်ကိုကြည့်လေ၊ သူ့ဝါသနာအလျောက် ကြိုးစားပြီး စစ်တုရင်ကစားတယ်။ စစ်တုရင် ကစားရင်း စိတ်ဓာတ်ခွန်အားတွေ ပိုပြည့်လာတယ်။ တော်ရုံတန်ရုံလူတစ်ယောက်သာ သူ့နေရာမှာဆို အစောကြီး သေသွားလောက်ပြီ။ သူကတော့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားရင်း ရှင်သန်နေတယ်။ သူ့ရဲ့ရှင်သန်မှုဟာ တခြားသူတွေအတွက်ပါ ခွန်အားဖြစ်စေတယ်။ စံနမူနာဖြစ်စေတယ်”

(၈) ပညာတွေ ဘယ်လောက်တတ်တတ်၊ ဥစ္စာတွေ ဘယ်လောက်ချမ်းသာချမ်းသာ၊ အာဏာတွေ ဘယ်လောက်ရှိရှိ လူတစ်ယောက်ရဲ့ အတ္တနဲ့မာနဟာ အများသူငါ ဒုက္ခရောက်ကြောင်း၊ ပျက်စီးကြောင်းဖြစ်မယ်ဆိုရင် သူ့ရဲ့အသက်ရှင်ခြင်းဟာ အပြစ်မကင်းတော့ပါဘူး။ မြတ်သောနေခြင်း မဟုတ်တော့ပါဘူး။

ရိုးရှင်းတဲ့ဘဝတွေမှာ သူလိုငါလို ပုံမှန်ရှင်သန်နေထိုင်သွားကြသူတွေအတွက်က ပြောစရာ သိပ်မရှိလှပါဘူး။

ရှိုင်းလက်ကတော့ ကံကြမ္မာဆိုးခဲ့လို့ ရောက်ခဲ့ရတဲ့ ဒုက္ခိတဘဝမှာ အားမလျှော့ စိတ်မပျက်ဘဲ ကြိုးစားနေထိုင်ခဲ့တယ်။ သူ့ကို မြင်ရသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရတယ်။ စစ်တုရင်ခုံပေါ်မှာ ရှုံးခဲ့တာတွေကို လက်ခံပေမဲ့ ဘဝမှာတော့ အရှုံးမပေးခဲ့ပါဘူး။ ဘဝမှာ အရှုံးဆိုတာ ကိုယ်အရှုံးမပေးသမျှ ဘယ်တော့မှ မရှုံးဘူးဆိုတာ ရှိုင်းလက် မကြာခဏ ပြောလေ့ရှိတဲ့စကားပေါ့။ ဘဝမှာမျှော်လင့်ဖို့ တစ်စုံတစ်ရာဆိုတာ နေရာတိုင်းမှာ လူတိုင်းအတွက် ရှိနေပါတယ်တဲ့။

(၉) အိပ်ရာပေါ်မှာ လူက လဲနေပေမဲ့ စိတ်ဓာတ်တွေက အမြဲသန်စွမ်းနေတဲ့ စစ်တုရင်သမား ရှိုင်းလက်ဟာ ကြည့်လိုက်ရင်တော့ မိခင်ချီပိုးသယ်ဆောင်ရာ လိုက်ပါနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။ စစ်တုရင်ခုံ နံဘေးက ခုတင်လေးမှာ လဲလျောင်းရင်း စဉ်းစားခန်းဖွင့်ချိန်မှာ သူဟာ မဟာလူသားတစ်ယောက်။ ပွဲအစပိုင်းရွှေ့ကွက်တွေကို ကိုယ်တိုင်ရွှေ့ရမှ ကျေနပ်တယ်။

သူ့ကို စစ်တုရင်နဲ့ပတ်သက်ပြီး ထားရှိတဲ့ ရည်မှန်းချက်ကို မေးလိုက်တိုင်း ဂရင်းမာစတာက ဘယ်တော့မှမလျှော့ဘူး။ “I will never settle for anything less than a GM title!” တဲ့။

(၁၀) ၂၀၁၈ ခုနှစ် မတ် ၁၁ ရက်မှာ သူ့ကို ချစ်ခင်လေးစားကြတဲ့ စစ်တုရင်သမားတွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဝမ်းနည်းစကားသံတွေ ပလူပျံခဲ့တယ်။ ရှိုင်းလက် ဆုံးပါးခဲ့ပြီကွယ်။

စစ်တုရင်ခုံပေါ်မှာ ဂရင်းမာစတာမဖြစ်ခဲ့ပေမဲ့ ဘဝနေနည်းအနုပညာမှာ သူဟာ ပါရဂူဘွဲ့ရှင်။ ဘဝစစ်တုရင်မှာ စူပါဂရင်းမာစတာ။

သူငယ်ချင်းတစ်ယောက်က နှုတ်ဆက် စကားဆိုတယ်။ “ရှိုင်းလက်ရေ။ မင်းဟာ မဟာဂရင်းမာစတာပါ။ ဘဝနေနည်း အနုပညာရဲ့ မဟာဂရင်းမာစတာပေါ့။ ဘဝမှာ ကိုယ့်ရဲ့အစွမ်းတွေကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာ လူတွေကို မင်းပညာပေးခဲ့တယ်။ မင်းရဲ့ဘဝမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတာတောင်မှ မင်းစွမ်းဆောင်ခဲ့တာတွေဟာ လူသားတစ်ယောက်အတွက် အမြင့်မားဆုံးဆိုတာတွေထက် မနိမ့်ခဲ့ပါဘူး။ မင်းရဲ့ထွက်ခွာခြင်းဟာ လူသန်းပေါင်းများစွာအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ပါပဲ။ တစ်ခုခုဆို မင်းကို နမူနာပြပြီး ပြောရ ဆိုရ၊ ပြောကြ ဆိုကြ၊ လုပ်ကြ ကိုင်ကြ၊ ကြိုးစားကြရတာကိုး။ မင်းကို ငါတို့အားလုံး လွမ်းနေကြမှာပါ။ သွားတော့ သူငယ်ချင်းရေ”

(၁၁) စစ်တုရင်ဂရင်းမာစတာဖြစ်ချင်တဲ့ ရှိုင်းလက်တစ်ယောက် သူ ဆုတောင်းတဲ့အတိုင်း နောင်ဘဝမှာ သူချစ်တဲ့ အိန္ဒိယမြေမှာ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်နဲ့ စစ်တုရင်ဂရင်း မာစတာ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

Most Read

Most Recent