ငါဘာလို့ ဝမ်းနည်းနေတာလဲ

ငါဘာလို့ ဝမ်းနည်းနေတာလဲ
Published 22 March 2018

ကျောက်မဲမြို့နယ် အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များအား မတ် ၁၆ ရက်က တွေ့ရစဉ်

ငါဘာလို့ ဝမ်းနည်းနေတာလဲ။ လမ်းမီးတိုင်လေးတစ်ခုကို မေးလိုက်ခြင်းပါ။ ဘာမှတော့ ပြန်ဖြေသံမကြားရ။ ဘယ်ဖြေနိုင်မလဲ။ သူက စကားလုံးလေးတွေ ထွက်ကျလာနိုင်တဲ့ သက်ရှိမှမဟုတ်တာ။ ဒါပေမဲ့ တစ်စုံတစ်ရာကိုတော့ ပြောနေသလို ထင်ရတယ်။ လေတိုးတဲ့ အရှိန်နဲ့ လေထုကနေတစ်ဆင့် သူ့ထံက စကားသံတွေ ကျွန်တော့်ထံရောက်လာသလိုလို။ ဖြာထွက်လာတဲ့ အလင်းရောင်တွေကနေတစ်ဆင့် ကျွန်တော့်ထံ ရောက်လာသလိုလို ထင်ရတယ်။ အဲဒီလို လမ်းမီးတိုင်လေးဆီကနေ တစ်စုံတစ်ရာ ရောက်လာခဲ့ပေမဲ့ ဘာမှတော့ ကျွန်တော် မဖြေသာခဲ့ပါဘူး။ ညဟာ သူ့ရဲ့ပုံစံအတိုင်း စီးဆင်းနေပေမဲ့ ကျွန်တော် လိုက်ပါစီးဆင်းနိုင်ဖို့ ခက်ခဲနေတော့တယ်။ ဒီလိုပဲ ကျွန်တော်ငြိမ်သက်နေခဲ့တယ်။ တိတ်ဆိတ်နေခဲ့တယ်။ တစ်စုံတစ်ရာကို ငေးကြည့်နေခဲ့တယ်။ တွေးကြည့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဝမ်းနည်းနေတုန်းပါပဲ။ ဘယ်အရာတွေကြောင့် ဝမ်းနည်းနေရတာလဲ။

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ မကြာခဏဆိုသလိုသလို အဓမ္မပြုကျင့်ခံရတာတွေနဲ့ ပတ်သက်လို့ ဝမ်းနည်းနေတာလား။ ဒါတွေဟာ အလွန်စိတ်ပျက် ညစ်ညူးစရာကောင်းလောက်အောင် သတင်းလှိုင်းတွေထဲမှာတောင် အမြဲလှုပ်ခတ်နေခဲ့တယ်လေ။ အမြဲဆူညံနေခဲ့တယ်။ ငါဘာတွေလုပ်ပေးနိုင်မလဲပေါ့။ ဒါကို အပြင်းအထန်ရှုတ်ချဖို့ မကောင်းဘူးလား။ အဲဒီရာဇဝတ်သားတွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့ ငါတို့နိုင်ငံရဲ့ ဥပဒေတွေက ဘာတွေများ ပြင်ဆင်ထားပါသလဲ။ ဘာတွေပြင်ဆင်နေပါသလဲ။ အဲဒီလို ငါ့ကိုယ်ငါ ပြန်မေးကြည့်နေမိတယ်။ ငါ့ကိုယ်ငါ စကားပြန်ပြောနေမိတယ်။ စားပွဲဝိုင်းပေါ်မှာလား။ စကားလုံးတွေထဲမှာလား။ ဒီလိုတွေးမိတော့ ငါတို့ကရော ဘယ်လိုပါဝင်သင့်သလဲ။ အဲဒီသတင်းဆိုးတွေ၊ ဖြစ်ရပ်ဆိုးတွေကြောင့် ငါဝမ်းနည်းနေတာလား။ ဒါမှမဟုတ်ရင်။
အတ္တတွေ ကိုယ်စီကိုင်စွဲရင်း သေနတ်ပြောင်းဝချိန်နေကြတဲ့ သူတွေကြောင့်လား။ အဲဒီလူတွေချိန်နေတာက ဘယ်လူတွေကိုများ ပိုထိမှန်ခဲ့သလဲ။ ဘာမှအပြစ်မရှိတဲ့ ကလေးငယ်တွေလား။ မိန်းမသားတွေလား။ သာမန်ရိုးရှင်းစွာ အသက်ရှင်သန် ရပ်တည်နေကြတဲ့ ပြည်သူတွေအားလုံးလား။ အဲဒီတော့ ငါ ဘာလုပ်ပေးနိုင်မလဲ။ လက်နက်ခဲယမ်းတွေ ထုတ်လုပ်နေတဲ့သူတွေကို တားဆီးခိုင်းရမှာလား။ မလိုတဲ့နေရာက ဘတ်ဂျက်တွေကို လျှော့ချခိုင်းရမှာလား။ ကျည်ဆန်၊ အမြောက်ဆန် စက်ရုံတွေကို ပိတ်သိမ်းခိုင်းရမှာလား။ ‘အဲဖရက်နိုဗယ်’ ကို အပြစ်ထိုင်ပြောနေရမှာလား။ ဒါလည်း မဟုတ်သေးဘူး။ တကယ်တော့ ကိုယ်ကျိုးအတ္တတွေကြောင့် တိုက်နေကြတာမလား။ ဒါဆို ငြိမ်းချမ်းရေးဆိုတာ ဘာလဲ။ နာမည်တစ်ခုလား။ ဝိသေသတစ်ခုလား။ ဗီနိုင်းဆိုင်းဘုတ်ပြားတစ်ခုပေါ်က တံဆိပ်လား။ အာကာသယာဉ် တစ်မျိုးမျိုးရဲ့ အမည်လား။ အမျိုးသမီးတစ်ယောက် ဈေးဝယ်ထွက်တဲ့ ခြင်းတောင်းက အမှတ်တံဆိပ်တစ်ခုလား။ လေကြောင်းလိုင်းတစ်ခုရဲ့ နာမည်လား။ ဒါဆို ဘာဖြစ်နိုင်မလဲ။ အဲဒီ ေ၀ဝါးနေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရာကြောင့် ငါ ဝမ်းနည်းနေတာလား။ နောက်ထပ်ရော ဘာဖြစ်နိုင်မလဲ။

ဆန္ဒပြအလုပ်သမားတွေရဲ့ တစ်နေ့ လုပ်ခအတွက်ကြောင့်လား။ အဲဒီတစ်နေ့ လုပ်ခက ငါနဲ့ဘယ်လိုသက်ဆိုင်နေနိုင်မလဲ။ အဲဒီလိုတွေးရင် ငါတို့ရဲ့ ဝမ်းစာရေးလို ဖြစ်နေခဲ့တာလား။ ငါတို့ရဲ့ ချွေးစက်တွေလို ဖြစ်နေခဲ့တာလား။ ငါတို့ရဲ့ မနက်စာ ထမင်းဘူးလေးလို ဖြစ်နေခဲ့တာလား။ ငါတို့ရဲ့ ဘတ်စ်ကားတိုးစီးသလိုမျိုး ဖြစ်နေခဲ့တာလား။ ငါတို့ရဲ့ ဝတ်ရုံတွေနဲ့ ဆက်စပ်နေလို့လား။ ငါတို့ရဲ့ အမိုးအကာတွေနဲ့ ဆက်စပ်နေလို့လား။ ငါတို့ရဲ့ အဆောက်အအုံတွေနဲ့ ဆက်စပ်နေလို့လား။ ငါတို့ရဲ့ လမ်းခရီးတွေနဲ့ ဆက်စပ်နေလို့လား။ ငါ ဘာလို့ဝမ်းနည်းနေတာလဲ။ ငါ့စိတ်ကို ငါထွန်ယက်။ ငါ့အနာဂတ်ကိုငါ မျိုးစေ့ချနေပေမဲ့ ငါ့အသီးအပွင့်အတွက် ဝမ်းမနည်းဘဲ ဘာအတွက် ဝမ်းနည်းနေတာလဲ။ ဟိုတစ်လောက ကြားရတဲ့သတင်းတစ်ပုဒ်အရ တောင်သူလယ်သမားတွေအတွက် ပုံမှန်စပါးဈေးနှုန်း သတ်မှတ်တာနည်းလို့ ဝမ်းနည်းနေတာလား။ အဲဒီဈေးနှုန်းက တကယ်လည်း ဝမ်းနည်းစရာလား။ စပါးတွေပေါ်ချိန် လယ်သမားတွေ ကြွေးမြီမကျေနိုင်လို့လား။ ရာသီဥတုတွေ ဖျက်ဆီးတာကြောင့်လား။ ပိုးမွှားတွေ ဖျက်ဆီးတာကြောင့်လား။ စိုက်ဘဏ် အကြွေးတွေ မဆပ်နိုင်တာကြောင့်လား။ လယ်ယာမြေတွေ သိမ်းဆည်းခံရတာကြောင့်လား။ ဘာကြောင့်လဲ။ ငါ ဘာလို့ဝမ်းနည်းနေတာလဲ။

ဆီးရီးယားစစ်မြေပြင်က ကူကယ်ရာမဲ့နေတဲ့ ကလေးတွေကြောင့်လား။ ထရမ့်နဲ့ ကင်ဂျုံအန်တို့ရဲ့ စကားစစ်ထိုးပွဲတွေကြောင့်လား။ ကမ္ဘာကြီး တစ်စတစ်စ ပူနွေးလာတာကြောင့်လား။ ငလျင်တွေ ခဏခဏလှုပ်တာကြောင့်လား။ မုန်တိုင်းတွေ တိုက်ခတ်တာကြောင့်လား။ အချိန်အခါမဟုတ် မိုးရွာတာတွေကြောင့်လား။ ပူပြင်းခြောက်သွေ့တဲ့ ရာသီရောက်လာလို့ မီးလောင်မှာ စိုးရိမ်တာကြောင့်လား။ အခွန်ရှောင်တဲ့ ခရိုနီတွေကြောင့်လား။ တင်းကျပ်လာတဲ့ ဥပဒေပြုရေးတွေကြောင့်လား။ ပညာရေးစနစ်ကြောင့်လား။ လမ်းဘေးရေဆိုးမြောင်းတွေကြောင့်လား။ ကလေးအလုပ်သမားတွေကြောင့်လား။ ဘာကြောင့်လဲ။ ငါ ဘာလို့ဝမ်းနည်းနေတာလဲ။

အမေရိကန်ကဗျာဆရာမ ဆစ်(လ်)ဗီယာပလာ့(သ်)ရဲ့ ‘အနားသတ်’ ကဗျာဖတ်ပြီး ဝမ်းနည်းနေတာလား။ ဒါမှမဟုတ် ပြင်သစ်ဝတ္ထုရေးဆရာ ‘မော့ပတ်ဆွန်း’ ရဲ့ ‘ကြာညိုနံ့သင်းသော ရေဝတီမလေး’ နဲ့ အကြောင်းဖတ်ပြီး မော့ပတ်ဆွန်ကို သနားမိတဲ့စိတ်နဲ့ ဝမ်းနည်းနေတာလား။ ဒါမှမဟုတ်ရင် ‘သုခမြို့တော်’ ဝတ္ထုရှည်ကြီးထဲက ဇာတ်ဆောင် ‘ဟာ စရီပါး’ အဖြစ်ကို ပြန်တွေးမိပြီးဝမ်းနည်းနေတာလား။ ဒါမှမဟုတ် တူရကီဝတ္ထုရေးဆရာ ‘ကူဒြက်’ ရဲ့ ‘ငတ်မွတ်ခြင်း’ ဝတ္ထုတိုဖတ်ပြီး ဝတ္ထုထဲက ဆင်းရဲလွန်းတဲ့ မိသားစုလေးအကြောင်းတွေးပြီး ဝမ်းနည်းနေတာလား။ ဒါမှမဟုတ် ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုရှည်ကြီးထဲက ‘နာတာရှာ’ လေးကို ကရုဏာသက်မိပြီး ဝမ်းနည်းနေတာလား။ ရုရှားက ကဗျာဆရာ ‘ပုသျှကင်’ အကြောင်းပြန်တွေးမိပြီး ဝမ်းနည်းနေတာလား။ ဒါမှမဟုတ် အမေရိကန် ဝတ္ထုရေးဆရာ ‘ဂျက်လန်ဒန်’ ရဲ့ ‘တောနက်တို့၏ အရှင်သခင်’ ဝတ္ထုထဲက စွတ်ဖားလှည်းဆွဲတဲ့ ‘ဘတ်(ခ်)’ တို့ မြေခွေးအုပ်စု ရုန်းကန်ရှင်သန်ရပုံတွေကို တွေးမိရင်း ဝမ်းနည်းနေတာလား။ အဲဒါတွေမှမဟုတ်ရင် ငါ ဘာကြောင့်ဝမ်းနည်းနေတာလဲ။

ငါတို့မြန်မာဘောလုံးအသင်း ကမ္ဘာအထိ မထိုးဖောက်နိုင်တာကြောင့်လား။ ငါတို့ရဲ့ အရပ်အမောင်းတွေကြောင့်လား။ ငါတို့ရဲ့ အစားအစာတွေကြောင့်လား။ ငါတို့ရဲ့ စိတ်အခံတွေကြောင့်လား။ ငါတို့ရဲ့ သက်လုံတွေကြောင့်လား။ ဘာတွေကြောင့်လဲ။ ငွေဆိုတဲ့ အရာတွေကြောင့်လား။ အတွေ့အကြုံဆိုတဲ့ အရာတွေကြောင့်လား။ အားအင်တွေကြောင့်လား။ ကစားကွက်တွေကြောင့်လား။ ဒိုင်လူကြီးတွေကြောင့်လား။ အဲဒါတွေအတွက်ကြောင့် ငါဝမ်းနည်းနေတာလား။

ငါ ဝမ်းနည်းနေရတာက ဆုံးရှုံးခဲ့ရတဲ့ အရာတွေကြောင့်လား။ ဘာတွေဆုံးရှုံးခဲ့ရလဲ။ ချစ်သူမိန်းကလေးကို ဆုံးရှုံးလိုက်ရလို့လား။ မိတ်ဆွေတွေကို ဆုံးရှုံးလိုက်ရလို့လား။ မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးလိုက်ရလို့လား။ သောက်နေကျ လက်ဖက်ရည်ဆိုင်လေး နေရာပြောင်းရွှေ့သွားလို့လား။ ငေးနေကျ ကြယ်လေးတွေ မတွေ့ရတော့လို့လား။ ကူးနေကျ တံတားလေး ကျိုးကျသွားလို့လား။ မက်နေကျ အိပ်မက်လေး ပျောက်ဆုံးသွားလို့လား။ ဆိုနေကျ သီချင်းစာသားလေးတွေ မေ့ပျောက်သွားလို့လား။ မှတ်ထားခဲ့တဲ့ စကားလုံးလေးတွေ ပျောက်ရှသွားလို့လား။ ဘာကြောင့်လဲ။ အဲဒီလိုမှ မဟုတ်ရင် ငါ ဝမ်းနည်းနေရတာက မရရှိသေးတဲ့အရာတွေကြောင့် ဖြစ်နေမလားမသိ။ ဘယ်အရာတွေ မရရှိသေးတာလဲ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေလား။ လွတ်လပ်စွာ ဆန္ဒပြနိုင်ခွင့်တွေလား။ ဘယ်အရာတွေ ဖြစ်နိုင်မလဲ။ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို လောလောဆယ်မဝယ်နိုင်လို့ လိုချင်တောင့်တမိနေတဲ့ စိတ်ကြောင့်ဖြစ်နေမလား။ ဒါမှမဟုတ် ရုပ်သံကြော်ငြာတွေထဲက ခေတ်မီအသုံးအဆောင်ပစ္စည်းတွေကို လိုချင်နေမိတဲ့ စိတ်ကြောင့်လား။ ဘယ်အရာတွေကြောင့်လဲပေါ့။ တိမ်ကော ခန်းခြောက်သွားတဲ့ မြစ်ချောင်းလေးတွေကို အရင်လို ပြန်မြင်တွေ့ချင်မိတဲ့ စိတ်ကြောင့်လား။ ပြုန်းတီးသွားတဲ့ တောတောင်သစ်ပင်တွေကို ပြန်လိုချင်မိတဲ့စိတ်ကြောင့်လား။ ဘာတွေကြောင့်လဲ။ ငါဘာလို့ ဝမ်းနည်းနေတာလဲ။

အဲဒီလိုနဲ့ ငါဘာလို့ဝမ်းနည်းနေတာလဲ အကြောင်းတွေးရင်း အလိုလို ဝမ်းနည်းလာပြန်တယ်။ အဲဒီ ဝမ်းနည်းတဲ့စိတ်ကို ပြေပျောက်အောင်ဆိုပြီး အချစ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်နေလိုက်မိတယ်။ ဝတ္ထုလေးလည်း အဆုံးသတ်သွားရော ဝတ္ထုထဲက ဇာတ်ကောင် ကောင်မလေးဟာ ဝမ်းနည်းစရာကောင်းလောက်တဲ့ အဆုံးသတ်နဲ့ သေဆုံးသွားခဲ့ရတာကို တွေ့လိုက်ရတော့တယ်။ အဲဒီဝတ္ထုထဲက ဇာတ်ကောင် ကောင်မလေးရဲ့ နိုင်ငံသား မှတ်ပုံတင်ကတ်ပြားမှာ ကျွန်တော်နဲ့တူညီတဲ့ အချက်အချို့ကို အံ့သြစွာတွေ့ရှိလိုက်ရတယ်။ ငါ ဝမ်းနည်းနေတာဟာ...။

Most Read

Most Recent