ပပ်ကြားအက် လူ့အဖွဲ့အစည်း

ပပ်ကြားအက် လူ့အဖွဲ့အစည်း
Published 21 March 2018

စစ်ကိုင်းတံတားအနီး ဧရာဝတီမြစ်အား ၂၀၀၉ ခုနှစ်က တွေ့ရစဉ်(ဓာတ်ပုံ-မင်းသန့်)

ဦးစွာရေးသားပြောပြချင်တာက ဆောင်းပါးခေါင်းစဉ်နဲ့ ပတ်သက်တာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ပပ်ကြားအက်များနဲ့ ဆက်စပ်တွေးခေါ်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အဲဒီဆောင်းပါးမှာ အဓိကရေးသားခဲ့တာက ကျွန်တော်တို့နိုင်ငံသားတွေရဲ့ စီးပွားရေး၊ ကြီးပွားရေးနဲ့ အဆင်မပြေမှုတွေ၊ စားဝတ်နေရေးခက်ခဲ ကြမ်းတမ်းတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာတွေ၊ ဘဝရပ်တည်ရှင်သန်ဖို့ မလွယ်ကူတာတွေဟာ ပပ်ကြားအက်တွေပေါ်နေရ၊ သွားလာလှုပ်ရှား နေရသလိုမျိုးဖြစ်တဲ့ အကြောင်းရေးခဲ့ပါတယ်။

ယခုဆောင်းပါးခေါင်းစဉ်ကို ရုတ်တ ရက် ဖတ်ရှုလိုက်တဲ့အခါ ခံစားချက်နဲ့ အမြင်တစ်မျိုးဖြစ်ပြီး ဝေဖန်ပြစ်တင်ချင်တဲ့ အတွေးအာရုံတွေ ပေါ်လာနိုင်ပါတယ်။ ဖြစ်လာ၊ ပေါ်လာ၊ ပြောတာတွေလည်းရှိမယ်လို့ ထင်ပါတယ်။ စာဖတ်သူ ပြည်သူတွေကို သာမန်ထက်ပိုကဲတဲ့၊ အနည်းငယ်ပြင်းရှတဲ့ မက်ဆေ့ချ်ပေးတဲ့သဘောလို့ ထင်ချင်လည်းထင်ကြမယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲ ယူဆ ယူဆ၊ ဘယ်လိုပဲ ထင်မြင် ထင်မြင်၊ ဘယ်လိုပဲ တုံ့ ပြန် တုံ့ပြန်၊ သဘောထားပါစေ၊ ဖြစ်ပါစေ စာရေးသူအနေနဲ့ ရိုးသားသန့်ရှင်းစွာ ရေးသားတာဖြစ်သလို ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့် လူ့အဖွဲ့အစည်းကို ကောင်းစေချင်၊ သာယာငြိမ်းချမ်းစေချင်၊ ညီညွတ်ခိုင်ခံ့စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စေတနာပဲရှိကြောင်း ပြောချင်ပါတယ်။ တကယ်လို့များ အဲဒီလိုအတွေးအမြင်မျိုး ရှိလာခဲ့မယ်ဆိုရင်တော့ မြတ်စွာဘုရားနဲ့ ဆင်ဦးစီး(ဆင်ထိန်း)တို့ အပြန်အလှန်ပြောကြတဲ့ သာဓကကို ညွှန်ပြချင်ပါတယ်။ မလိမ္မာ မယဉ်ကျေးတဲ့ ဆင်ရိုင်းကို ယဉ်ကျေးအောင် ပြုလုပ်ရပုံကို အဆင့်ဆင့် နဲ့ ရှင်းပြခဲ့ပုံကိုသာ သတိရစေချင်ပါတယ်။

ပပ်ကြားအက်ဆိုတာကိုတော့ အားလုံးသိပြီး မြင်ပြီးသားဖြစ်ပါတယ်။ မျက်စိနဲ့တပ်အပ်သေချာထင်ရှားစွာ မြင်ရတဲ့ ပပ်ကြားအက်တွေလည်း နေရာစုံမှာ ရှိပါတယ်။ စာဖတ်သူတွေ ဦးစွာပြေးမြင်ထင်လာမယ့် ပပ်ကြားအက်တွေကတော့ မြေကွင်းပြင်၊ လယ်ကွင်းပြင်၊ ကန်ကွင်းပြင်တွေဖြစ်မှာပါ။ သီးနှံတွေ ရိတ်သိမ်းပြီး ပူပြင်းတဲ့နွေရာသီမှာ ရေငတ်မှုကြောင့် ဖြစ်လာတဲ့ လယ်ကွင်းထဲက ပပ်ကြားအက်တွေ၊ လူတွေ ခပ်ယူသုံးစွဲလို့ ရေတွေ ကုန်ခန်းပြီး ခြောက်သွေ့ကွဲအက်နေတဲ့ ရေမဲ့ကန်ပြင်၊ ရေချောင်းရေစီးမြောင်းတွေနဲ့ ဝေးကွာပြီး အပူဒဏ်ကို ကာကွယ်ပေးတဲ့ အရိပ်ရသစ်ပင်ကြီးငယ်မရှိ၊ ရေဓာတ်မြေဓာတ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့ ချုံနွယ်သစ်ပင် မြက်ပင်တွေကင်းပြီး အကာအကွယ်မရလို့ ကွဲအက်နေတဲ့ မြေပြင် ထီးတည်းတို့ကိုတော့ အများစု မြင်သာထင်သာရှိမှာပါ။ အခုခေတ် အခုအခါလို တိုက်တာကြီးငယ် ပေါများလာတဲ့ မြို့ပြဝန်းကျင်မှာဆိုရင်လည်း ရှုမလွဲတဲ့ ပပ်ကြားအက်တွေ ရှိလာတယ်။ တိုက်မြင့်မြင့် အထပ်အဆင့်ဆင့်မှာ ပင့်ကူလူသားတွေ တွယ်ကပ်နေသလိုထင်ရတဲ့ ပပ်ကြားအက်ကြောင်းတွေ များစွာရှိပါတယ်။ မြင်ရပါတယ်။ အခုရေးပြချင်တဲ့ ပပ်ကြားအက်ကြောင်းထဲမှာ သူတို့ မပါပါဘူး။ သူတို့တွေက သက်မဲ့ ပပ်ကြားအက်တွေဖြစ်ပါတယ်။ ရေးပြချင်တာက ကျွန်တော်တို့ သက်ရှိလူ့အဖွဲ့အစည်းတွင်းက မမြင်ရတဲ့ ပပ်ကြားအက်တွေ၊ ရေးဆွဲ ဖော်ပြလို့မရတဲ့ ဒြပ်မဲ့ပပ်ကြားအက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

ပပ်ကြားအက်ဆိုတာ တစ်ခုနဲ့တစ်ခု တွဲဆက်မှုမရှိ၊ စေးကပ်မှုမရှိ၊ တစ်သားတည်း တစ်ပြင်တည်းမရှိ (နိုင်ငံရေးစကားနဲ့ပြောရင် ရင်ကြားမစေ့) တော့တဲ့အခါ ပေါ်ပေါက်လာတဲ့ အကွဲကြောင်း၊ အက်ကြောင်းရာတွေပဲ ဖြစ်ပါတယ်။ ပပ်ကြားအက်တစ်ခု ဖြစ်လာပြီဆိုရင် အစားထိုးပြန်ထည့်၊ ပြန်ဆက်၊ ပြန်ညှိပြီး အက်ကြောင်းကို ဖျောက်နိုင်၊ ဖုံးနိုင်ပေမယ့် နဂိုမူလရှိပြီးသား အရည်အသွေးနဲ့ အသွင်အပြင်ကို မီဖို့ခက်ပါတယ်။ ပပ်ကြားအက်တစ်ခုဖြစ်လာပြီဆိုကတည်းက ကြားခံနေရာမှာ လေတို့၊ အမှိုက်တို့၊ ဖုန်တို့ ဝင်ရောက်နေရာယူလာပြီး သပ်လျှိုသလိုမျိုး ဖြစ်စေပါတယ်။ အဲဒီအခါ ကွဲပြားကွာဟနေ တဲ့ အရာနှစ်ခု ပြန်ဆက်ဖို့ ခက်ပါတယ်။ အစားထိုးပြန်ဖြည့်၊ ပြန်ဆက်မယ်ဆိုရင် တောင် အဲဒီကြားခံပစ္စည်း (သပ်လျှို)တွေ ကို ဦးစွာ ရှင်းလင်းဖယ်ရှားဖို့ လိုပါတယ်။

ပပ်ကြားအက်တွေနဲ့ ပြည့်နေတဲ့ လယ်ကွင်း၊ ရေကန်၊ တိုက်တာတွေကို ကြည့်ရတာဟာ အလွန်ပဲ အကျည်းတန် အရုပ်ဆိုးလှပါတယ်။ ဒါပေမဲ့ တချို့တွေ၊ အမြင်စောင်း၊ အယူတိမ်းသူတွေက ကဗျာဆန်သလို၊ အနုပညာမြောက်သလို တွေးယူ၊ ဆွဲယူပြီး ရသပုံဖော်ကြ၊ ခံစားကြတာလည်း ရှိတယ်။ သူတို့အတွက်ကတော့ ပပ်ကြားအက်တွေဟာ အနုပညာရသတစ်ခုလိုမျိုး ခံစားအသုံးချတာလည်း ဖြစ်ချင် ဖြစ်မယ်။ ညီညွတ်ခြင်း၊ တွဲဆက်ခြင်း၊ ညီညာခြင်း၊ ခိုင်ခံ့ခြင်းကို မနှစ်မြို့၊ မခံစား၊ မရှုဆိတ်နိုင်တဲ့ စိတ်အခြေခံရှိသူတွေ၊ အကြံရှိသူတွေလည်း ဖြစ်နိုင်ပါတယ်။ သာမန်လူအများ၊ စိတ်ကောင်းစေတနာရှိ သူများကတော့ ပပ်ကြားအက်တွေ ထုံလွှမ်းနေတဲ့ မြင်ကွင်းမျိုး၊ ရှုခင်းရှုကွက်မျိုးကို အနုပညာရသ၊ နိုင်ငံရေးရသ အဖြစ် ခံယူ၊ ခံစား၊ ပုံဖော်ချင်တဲ့စိတ်၊ ရှုမြင် လိုစိတ်မရှိမှာ သေချာပါတယ်။

ယနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို လေ့လာကြည့်တဲ့အခါ ပပ်ကြားအက်တွေ များစွာဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ကျွန် တော်တို့ လူ့အဖွဲ့အစည်းဟာ တစ်ချိန်တစ်ခါက အလွန် စည်းလုံးညီညွတ်မှု ရှိခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ချင်းမှာ ဖြစ်ဖြစ်၊ လူအများနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်ဖြစ်၊ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွင်းမှာ ဖြစ်ဖြစ်၊ ဆရာနဲ့ ဒကာ၊ သာသနာနဲ့ မင်း၊ သံဃာနဲ့ ပြည်သူ၊ မင်းနဲ့ ပြည်သူတို့ ညီညွတ်မျှတ သည်းခံအားကောင်းခဲ့ပါတယ်။ သာသနာနဲ့မင်း၊ ဆရာနဲ့ ဒကာတို့ကြားမှာ အယူအဆနဲ့ သဘောထားကွဲလွဲ၊ ဆက်ဆံရေးပျက်ယွင်းတာတွေ မရှိသလောက် နည်းပါတယ်။ သိုသိုသိပ်သိပ်နဲ့ ပပ်ကြားအက်ကို ပြန်ဖြည့်တာ၊ ရင်ကြားစေ့တာက ကောင်းမွန်တဲ့ လုပ်ငန်းစဉ်လို့ မြင်ပါတယ်။

ယနေ့ ပစ္စက္ခ ကျွန်တော်တို့ဝန်းကျင်မှာ ပပ်ကြားအက်တွေ များလာတာဟာ သိပ်မကြာသေးပါဘူး။ ခေတ်ပြောင်း စနစ်ပြောင်း၊ အယူပြောင်း၊ လူပြောင်း မူပြောင်းတဲ့ကာလမှာ စတင်ဖြစ်ပေါ်လာတာ တွေ့ရ ပါတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မကောင်းလို့ နိုင်ငံတွင်းမှာ မငြိမ်းချမ်းဘူး။ တိုင်းရင်းသားလူမျိုးစုတွေ၊ အဖွဲ့တွေကြားမှာ အမြင်မကြည်လင်ဘူး။ ယုံကြည်မှုတွေ ပျောက်ဆုံးလာတာ ကြာပါပြီ။ ပပ်ကြားအက် သေးသေးလေးမှာ အချိန်မီ အရေးထား၊ မကြိုးစား၊ မလုပ်ခဲ့တဲ့အတွက် ပပ်ကြားအက်တွေ ပိုမိုကြီးမား၊ တိုးပွားလာတာတွေ့ရပါတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ပပ်ကြားအက်တွေကြားမှာ အမှိုက်၊ ဖုန်၊ သပ်တွေ ဝင်ရောက်နေရာယူလာတဲ့အတွက် မူလအတိုင်း ပြန်စေ့ဖို့၊ ပြန်ဆက်ဖို့ ခက်ခဲလာတာပါပဲ။

ယခင်က ကျွန်တော်တို့လူမျိုးနဲ့ အဖွဲ့အစည်းဝင် မိသားစုတွေဟာ ချစ်ခင်စည်းလုံး ညီညွတ်ကြတာ များပါတယ်။ မိသားစုအတွင်း၊ အဖွဲ့အစည်းအတွင်း၊ လူမျိုးစုအတွင်း၊ နိုင်ငံသားတွေအတွင်း ချစ်ခင်ခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ ယုံကြည်ခြင်းဆိုတာဟာ အပြန်အလှန် တုံ့ပြန်နားလည်မှုအပေါ်မူ တည်ပါတယ်။ နားလည်မှုရှိရင် တုံ့ပြန်မှုက တစ်မျိုးဖြစ်မယ်။ နားလည်မှုမရှိရင် တုံ့ပြန်မှုက တစ်မျိုးဖြစ်လာပါမယ်။ သက်ရှိတွေရဲ့ တုံ့ပြန် (Reaction) ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ ဦးစွာဖြစ်တည်လေ့ရှိပါတယ်။ နှစ်မြို့ခြင်း၊ မနှစ်မြို့ခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ လောဘဖြစ်ခြင်း၊ ဒေါသ ဖြစ်ခြင်း၊ ရာဂဖြစ်ခြင်း၊ ပညာဖြစ်ခြင်း၊ မောဟဖြစ်ခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ သတ်မှတ်ခံစားမှုဖြစ်တည်ရာ၊ အခြေခံရာကနေ ပြင်ပအပြုအမူ၊ အပြောအဆို (ဗဟိဒ္ဓ) တွေနဲ့ တုံ့ပြန်ကြတဲ့အခါ လူ့အဖွဲ့အစည်းတွင်းမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မညီညွတ်ခြင်း၊ မငြိမ်းချမ်းခြင်းတို့ ပေါ်ပေါက်လာပါတယ်။ ဒီအကြောင်းတရားတွေဟာ လူ့အဖွဲ့အစည်းအတွင်းက ပပ်ကြားအက်တွေရဲ့ မြစ်ဖျားခံရာ၊ အစပြုရာတွေပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူများအကြောင်းကို လေ့လာတဲ့ ပညာရပ်ကို လူမှုရေးဗေဒ (Sociology) လို့ ခေါ်ပါတယ်။ လူမှုရေးဗေဒပညာရပ်ဟာ တော်လှန်ရေးဆန်ဆန်၊ ပြုပြင်ပြောင်းလဲရေးသဏ္ဌာန်၊ ယှဉ်ပြိုင်ပွဲအသွင်မျိုးကနေ ပေါ်ထွက်လာတယ်လို့ ဆိုတယ်။ (၁၉)ရာစု လူ့အဖွဲ့အစည်းထဲမှာ ကြီးမားတဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အဲဒီကနေ သန္ဓေတည်လာတယ်လို့ မှတ်သား ရပါတယ်။ ထိုရာစုအတွင်း လူတန်းစားတစ်ခုနဲ့ တစ်ခု ဆက်သွယ်ချက်တွေ၊ နိုင်ငံရေး၊ စစ်တပ်နဲ့ ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်အတွင်း ပြောင်းလဲမှုတွေဖြစ်လာပြီး (၁၈)ရာစု လူ့ အဖွဲ့အစည်းနဲ့ လုံး၀ ကွဲပြားခြားနားသွားခဲ့တယ်လို့ ဆိုပါတယ်။

လူမှုရေးဗေဒပညာက လူသားရဲ့ လူမှုရေးဆိုင်ရာ ဘဝကို လေ့လာပါတယ်။ လူမှုဆက်ဆံရေးအပြုအမူတွေ၊ အပြန်အလှန် ဆက်နွှယ်ပုံတွေ၊ လူမှုရေးဆိုင်ရာ ဆက်သွယ်မှု၊ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာ ခြင်းနဲ့ လျော့နည်းပျောက်ဆုံးခြင်းတို့ကို သိပ္ပံနည်းကျ လေ့လာပါတယ်။ စိတ်ဝင်စားစရာလည်းဖြစ်ပြီး ကိုယ့်နိုင်ငံ အနေအထား၊ မြေပြင်လက္ခဏာ အဖြစ်အပျက်တွေနဲ့လည်း ထင်ဟပ်သလိုရှိတဲ့ ဆန်းစစ်ချက်တစ်ရပ်ကတော့ လူမှုရေးဗေဒဆိုတာ လူမှုရေးဆိုင်ရာ အပြောင်းအလဲတွေကြောင့် ဖြစ်လာတာပါ တဲ့။ လူမှုရေးဗေဒက လူ့အဖွဲ့အစည်းတစ်ရပ် ဘာကြောင့် ပြောင်းလဲသွားရသလဲ၊ ဘယ်လို ပြောင်းလဲလာသလဲဆိုတာကို သိရှိအောင် ဖော်ပြပါတယ်။ လူမှုရေးဗေဒကို လေ့လာမယ်ဆိုရင် တုန်လှုပ်ဖွယ်ရာ အကြောင်း အဖြစ်အပျက်တွေကို ရှောင်လွှဲဖို့၊ မျက်ကွယ်ပြုဖို့၊ မမြင်ဟန်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုတယ်။

(၂၀) ရာစုအရောက်မှာတော့ နိုင်ငံတော်တော်များများမှာ စက်မှုထွန်းကားပြီး မြို့ပြဖွံ့ဖြိုးမှုလည်း ကြီးထွားလာတယ်။ အဲဒီအကျိုးဆက်ကတော့ လူဦးရေတိုးပွားလာတာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုရေးရာနယ်ပယ်မှာ ရိုက်ခတ်တာတွေပဲဖြစ်တယ်။  တော်လှန် ပြောင်းလဲလိုတဲ့ အတွေးအမြင်နဲ့ လှုံ့ဆော်မှုတွေ၊ အပြုအမူတွေ ပေါ်ထွက်လာတယ်။ အီဗော်လူးရှင်း (Evolution) ခေါ်တဲ့ ဆင့်ကဲ  ဖြစ်စဉ်တွေ ပေါ်လာတယ်။ (၂၀)ရာစုနှောင်းပိုင်းနဲ့ (၂၁)ရာစုအဝင်မှာတော့ လူမှုရေးနယ် ပယ်ဟာ ဉာဏ်အလင်းပွင့်ခေတ် (Open Society) ကို ဦးတည်လာတယ်။ ထိုဉာဏ် အလင်းပွင့် အတွေးအခေါ်တွေကနေတစ် ဆင့် လစ်ဘရယ်အမြင်နဲ့ လှုပ်ရှားမှုတွေပေါ်လာတယ်။ အဲဒီမှာ တစ်ဆက်တည်း လိုက်လာတာက လွတ်လပ်စွာတွေးခေါ်ခွင့်၊ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ဆိုတာတွေ ဖြစ်ပါတယ်။  ဆင့်ကဲဖြစ်စဉ်တစ်ခုမှာ ကောင်းတာလည်း  ရှိသလို မကောင်းတာလည်း ကပ်ပါလာ၊  လိုက်လာတတ်ပါတယ်။

ဉာဏ်အလင်းပွင့်ခေတ်မှာ လူတချို့၊  ပညာရှင်တချို့ဟာ ဘာသာရေးနဲ့ အစဉ်အ လာတွေ၊ အသိတွေကို ဆန့်ကျင်တတ်လာ တာမျိုးတွေ့ရတယ်။ အဲဒီအကြောင်းတရား က လူမှုရေး၊ လူ့အဖွဲ့အစည်းမှာ ပဋိပက္ခနဲ့

မတည်ငြိမ်မှုကို မွေးဖွားလာစေတယ်လို့ မြင်ကြပါတယ်။ အဲဒီကနေတစ်ဆင့် လူတန်းစား ဆိုတာမျိုး အသွင်ပေါ်လာတယ်။ မူလရင်း  မြစ်အရ၊ အစဉ်အလာအရေ၊ သမိုင်းကြောင်းအရ လွှမ်းမိုးကြီး စိုးနိုင်စွမ်းရှိတဲ့၊ လူအများနဲ့  ယဉ်ပါးပြီးသားဖြစ်တဲ့ အပြုအမူအကြောင်း  တရားရှိတဲ့ လူတန်းစားတစ်ရပ် (Thesis) ကို  ဆန့်ကျင်လိုတဲ့၊ ဆန့်ကျင်ဖို့ကြိုးစားတဲ့၊ ဆန့် ကျင်မယ့် လူတန်းစားတစ်ရပ် (antithesis)  တွေ မွေးဖွားပေါ်ပေါက်လာကြတယ်။ ထိုလူတန်းစားနှစ်ရပ်ဟာ ဆန့်ကျင်ဘက်ပဋိပက္ခ  အသွင်ဆောင်လာတယ်။ ထိုမှတစ်ဆင့်  တတိယအမျိုးအစား၊ တတိယအဖွဲ့အစည်းဆိုတဲ့ လူတန်းစား ဆက်သွယ်မှုအသစ်တစ်ရပ် (Synthesis) တွေ ပေါ်ပေါက်လာမယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးဒဿနပညာမှာ ယူတိုးပီးယား (Utopia) ဆိုတာနဲ့ သူ့ရဲ့ဆန့်ကျင်ဘက် ဒိုင်စတိုးပီးယား (Dystopia) တို့ရှိတယ်။ ယူတိုးပီးယားဆိုတဲ့ စကားလုံးဟာ  ဂရိဘာသာစကား Not (ou) နဲ့ Place (topos) ကို ပေါင်းစပ်ထားတယ်။ ဘယ်နေ ရာမှ မရှိခြင်း၊ မရှိတဲ့နေရာလို့ အဓိပ္ပာယ်ရတယ်။ ကောင်းမွန်တဲ့ စိတ်ကူးယဉ်နေရာ၊  နိုင်ငံ၊ လူ့အဖွဲ့အစည်းကိုညွှန်းတယ်။ ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးကို စိတ်ကူးပုံဖော်တာ ဖြစ်တယ်။ ဒိုင်စတိုးပီးယားကတော့ ရှိနေ ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို ပြု  ပြင်ပြောင်းလဲမှုတွေ မလုပ်ခဲ့ရင် ပိုမိုဆိုးရွားတဲ့အရာတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ညွှန်တယ်။ လက်ရှိ ကျွန်တော်တို့တွေထဲမှာလည်း ယူတိုးပီးယား လမ်းစဉ်နောက်လိုက်သူ၊ ဒိုင်စတိုးပီးယား လမ်းစဉ်နောက်ကို လိုက်  သူရယ်လို့ နှစ်မျိုးမြင်နိုင်ပါတယ်။ တကယ်တော့ သူတို့သဘောထားနှစ်ခုဟာ ကွဲမလို နဲ့ တူတယ်လို့ ထင်ပါတယ်။ ပြောင်းလဲရင်  ဘယ်လိုတွေကောင်းလာမယ် ဆိုတာနဲ့ မပြောင်းလဲရင် မပြုပြင်ရင် မကောင်းတာတွေ  ဘယ်လိုဖြစ်လာမယ်လို့ သတိပေးညွှန်းပြတာဟာ ကောင်းတဲ့လူ့အဖွဲ့အစည်းကို မြင်ချင် တွေ့ချင်တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်တွေ  အနေနဲ့ ဆင်ခြင်မှု၊ ကြောင်းကျိုးဆက်စပ်မှု၊  အသိအမြင် ကျယ်ပြန့်မှု၊ သည်းခံမှုတွေနဲ့  အပြန်အလှန် တုံ့ပြန်တတ်တဲ့ အမူအကျင့်၊  အလေ့အထတွေကို လိုအပ်နေပါတယ်။ လူ့ အဖွဲ့အစည်းအတွင်းမှာ ကျယ်ပြန့်နက်ရှိုင်းလာတဲ့ ပပ်ကြားအက်တွေ လျော့နည်းသက် သာ ပျောက်ကင်းစေဖို့ နောက်ထပ်လိုအပ်ချက်တစ်ခုကတော့ ကိုယ်ကျင့်သီလတရား၊  တရားမျှတ မှန်ကန်မှုတွေ ဖြစ်ပါတယ်။ အသက်အရွယ် အဆင့်အလိုက် ကိုယ်ကျင့်သီလတရားတွေ သိရှိနားလည် ကျင့်သုံးကြဖို့  လို့ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့ တရားမျှတမှန်ကန်မှုကို နှစ်သက်သဘောကျလေးစားတဲ့  စိတ်ထားတွေ လိုပါတယ်။ ထိုအကြောင်းတ  ရားတွေ ပြည့်စုံနေကာမျှနဲ့လည်း ပြီးပြည့်စုံတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အရေးအကြီးဆုံး အရာတစ်ခုကျန်ပါသေးတယ်။  အဲဒါကတော့ ရိုးသားမှုဖြစ်ပါတယ်။ မရိုးသားတဲ့ အတွေးအကြံ၊ ဆက်ဆံမှု၊ တုံ့ပြန်ပြု  မူတာတွေဟာ ပပ်ကြားအက်တွေကို ဖြစ်စေမှာ အနှေးအမြန်ပဲ ဖြစ်ပါတယ်။

Most Read

Most Recent