မကွဲတဲ့ခွက် ကွဲတဲ့ခွက်

မကွဲတဲ့ခွက် ကွဲတဲ့ခွက်
Published 21 March 2018

ကျွန်တော် တက္ကသိုလ်မှာ ၂၅ နှစ်ကျော် ဆရာလုပ်ဖူးပါတယ်။ အခြေအနေအရ အဆောင်မှူးလည်း လုပ်ပါတယ်။ အဆောင်မှူးဆိုတာ နေဖို့ထိုင်ဖို့အခမဲ့ရတယ်။ ပြီးတော့ ကျောင်းသားတွေနဲ့ ရင်းနှီးတယ်။ ကျွန်တော့်အဆောင်က ကျောင်းသား  ၂၀၀ လောက် ရှိတယ်။ အားလုံးကောင်းတာတော့ မဖြစ်နိုင်ဘူးပေါ့။ သူတို့ထဲက ဆိုးတဲ့ကျောင်းသားတွေ ရှိတယ်။ အရက်သောက်သူတွေရှိတယ်။ ဖဲရိုက်သူတွေ ရှိတယ်။ အခြားအကျင့်စာရိတ္တ ချို့ယွင်းသူတွေလည်း ရှိတာပါပဲ။  ဆရာတွေဆိုတာ မိဘတွေ လိုပါပဲ၊ ဖုံးဖုံးဖိဖိနဲ့ ဆုံးမရ တယ်။ တစ်စုံတစ်ယောက်ကို မထိခိုက်စေသမျှတော့ ခွင့်လွှတ်ကာ သူတို့ကိုဖျောင်းဖျရပါတယ်။

ဆိုလိုတာက ကျောင်းတွေမှာ အဆောင်စည်းကမ်း ကျောင်းစည်းကမ်းဆိုတာရှိတယ်။ သူတို့အမှားတွေလုပ်ရင်တော့  ကျောင်းထုတ်ခံထိတယ်။ အဆောင်ထုတ်ခံထိတာတွေရှိတယ်။ ဒါက ကျောင်းအုပ်ဆရာကြီးပါဝင်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်လေ့ရှိတယ်။

ကျွန်တော်ကတော့ ဒီလိုအဆောင်ထုတ် ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကို လေ့လာတယ်။ ပြီးတော့ သူတို့ကိုကျောင်းက ပြန်လက်ခံဖို့ အဆောင်ကလက်ခံဖို့ ကြိုးစားပေးပါတယ်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုညှိနှိုင်းတယ်။

အဆောင်မှူးတစ်ယောက်အနေနဲ့ တာဝန်ယူလုပ်ပေးလေ့ရှိတယ်။ အခြေအနေမဆိုးတဲ့ကျောင်းသားတွေကို ကျောင်းကပြန်လက်ခံပါတယ်။ နောင်တစ်ချိန်မှာတော့ အဲဒီကျောင်းသားတွေ အတိုင်းအတာတစ်ခုအထိ အောင် မြင်နေတာကို တွေ့ရတတ်ပါတယ်။

ဒီအထဲမှာ ကျော်မြင့်ဦးလည်းပါတယ်။ သူအကောက်ခွန်ဌာနမှာ အလုပ်ရတယ်။ သူ့ရာထူးက အတော်ကြီးတာပဲ။

“အေးကွ၊ ဝမ်းသာတယ်။ကျော်မြင့်ဦး၊ မင်းဟာရာထူးကြီးကြီးရလာပြီ”

“ဟုတ်ကဲ့ဆရာ၊ ဆရာတို့ကျေးဇူးကြောင့်ပါပဲ”

“အေး မင်းကန်တော့တော့ ငါက ဆုပေးရမယ်ပေါ့လေ။ ငါက မင်းကို ဆင်ခြင်တတ်အောင် လေ့ကျင့်ထားဖို့ သင်ပေးချင်တယ်။ ဘာမဆိုမမြဲဘူးဆိုတဲ့ သဘောတရားကို အမြဲသတိရပါ”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ဆီက လာဘ်တွေ ရတယ်ဆရာ။ ဒီလာဘ်တွေကြောင့် ပြုတ်တာတွေအများကြီးပဲ”

“သူတို့ပြုတ်တာများလို့ မင်းရာထူး အစောကြီး တိုးသွားတာပေါ့ဟုတ်လား”

“ဟုတ်မယ်ထင်တယ်ဆရာ၊ ကျွန်တော်က ဘောလုံးလည်း ကန်တယ်ဆရာ၊ ကျွန်တော် ဒူးခေါင်းလည်သွားတော့ အနားယူရတယ်။ သူတို့က ဒီရာထူးကို တိုးပေးလိုက်တာပဲ”

“အေး၊ ကောင်းတယ်။ ဆရာငယ်ငယ်က အင်မတန်လှတဲ့ ကြွေခွက်လေးတစ်ခွက်ရတာကို သတိရနေတယ်။ အဘွားက ဝယ်လာပေးတာ။ တကယ်တော့စစ်ကြီးဖြစ်တော့မှာ၊ အင်္ဂလိပ်တွေ ထွက်ပြေးသွားတော့ သူတို့ကျန်ခဲ့တဲ့  အိုးခွက်ပန်းကန်တွေ ဈေးထဲရောက်လာတာပေါ့”

“သူတို့စစ်ပြေးတာကိုးဆရာ၊ အိုးခွက်တွေ ဘယ်ယူသွားမလဲ ဆရာ”

“ဟုတ်တယ်၊ ကြွေခွက်မှာ နွားကြီးရယ် ဦးထုပ်နီနီနဲ့ သူငယ်လေးရဲ့ပုံလည်းပါတယ်။  အဘွားက ဆရာ့ကို အဲဒီကြွေခွက်လေးကို ဝယ်ပေးခဲ့တယ်။ ဆရာက မနက် မနက် နို့သောက်ရင် အဲဒီခွက်လေးနဲ့ သောက်တယ်။ ကံအားလျော်စွာပဲ ဆရာကြီးလာတဲ့အထိ မကွဲဘူး”

“ကောင်းလိုက်တာ”

“ဒီခွက်ကို ဆရာကြီးလာတဲ့အထိ အိမ်မှာ သိမ်းထားတယ်။ တစ်ရက်မှာ ဆရာဗီရို Showcase ကိုရှင်းရင်း အဲဒီကြွေခွက်လေးကို တွေ့တော့ စားပွဲပေါ်တင်လိုက်တယ်။  ဆက်ပြီး ဆရာ ဗီရိုရှင်းနေတဲ့အချိန်မှာ အိမ်က ကြောင်ကလေးဟာ အဲဒီခွက်နဲ့ ကစားတယ်။ ဆရာက သူ့ကိုကြည့်ရင်း ရယ်ချင်တယ်။ မတားလိုက်မိဘူး။ ဒီအခါမှာပဲ ကြွေခွက်လေး ကျကွဲသွားတော့တာပဲ”

“နှမြောစရာကြီးပဲ”

“ဟုတ်တယ်။ နှမြောစရာပါပဲ။ ဒါပေမဲ့ ကွဲတတ်တာ ကွဲတာပဲလေ။ ကျေနပ်စရာတော့ ရှိပါတယ်”

“ဆရာ မကျေနပ်ခဲ့ဘူးလားဆရာ”

“မကျေနပ်ဘူးလေ၊ ဆရာက ကြောင်လေးကို မောင်းထုတ်လိုက်လို့ရတယ်။ ဒါဆိုရင် ကြွေခွက်လေးကွဲမှာမဟုတ်ဘူး။ ပြီးတော့ ဆရာက ဘာလို့ ဒီကြွေခွက်ကို စားပွဲတင်လိုက်တာလဲ”

“ဖြစ်ချင်လို့ပေါ့ ဆရာ”

“ဆရာ မင်း ရာထူးအကြီးကြီးရသွားတယ်ဆိုတော့ ဆရာ ကြွေခွက်ကိုသတိရတယ်။ ဘာလို့လဲသိလား”

“ပြောပါဆရာ”

“ပထမ သိထားရမှာက ကြွေခွက်ဆိုတာ ကွဲတတ်တာမျိုး မဟုတ်လား”

“ဟုတ်ကဲ့ ဆရာ”

“မင်းရာထူးဟာလည်း ဒီလိုပဲ”

“ခင်ဗျာ”

“မင်းရှေ့ကလူတွေ ပြုတ်သလို မင်းလည်း ပြုတ်နိုင်တာပဲ”

ကျော်မြင့်ဦးဟာ ကျေနပ်သလို မကျေနပ်သလိုဖြစ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။

မကြာသေးမီက ကျွန်တော် ဒေါက်တာတင်အောင်ရဲ့ အဖေကြီးနှင့်ခရီးသွားခြင်းစာအုပ်ကို ဖတ်ရပါတယ်။

လူငယ်တွေအတွက်တော့ ခုခေတ် အမေရှိသလို အရင်ကလည်း အဖေဆိုတာရှိတယ် ဆိုတာကို သတိရစေချင်ပါတယ်။

အာဏာရှင်အဖေကြီးဟာ သူ့အာဏာကို ကျားကန်ဖို့အတွက် တက္ကသိုလ်က ပါမောက္ခတွေကို အတူခေါ်ပြီး ခရီးသွားတတ်တယ်။

တက္ကသိုလ်ဆရာတွေဟာ အဖေကြီးနဲ့ ခရီးသွားရတာ တစ်ခါတစ်ခါတော့လည်း အတော်ပျော်သလို အမြဲတမ်းတော့ ကြောက်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဖေကြီးဟာ သူ မကြည်ရင် မကြည်သလို အလုပ်ဖြုတ်တတ်တာ သူတို့သိထားလို့ပါပဲ။

တက္ကသိုလ်ဆရာတွေမဟုတ်တဲ့ ပြင်ပဌာနကအကြီးအကဲတွေဆိုရင် အဖေကြီးခေါ်တယ်ဆိုရင် ဘုရားတ နေကြတယ်။

တကယ်လည်း သူ တော်လှန်ရေးကောင်စီအဖြစ် အာဏာသိမ်းတက်လာတုန်းက အဖွဲ့ထဲမှာ ၁၇ ယောက်ပါတယ်။ နောက်ဆုံး သူထွက်တော့ အဖွဲ့ထဲမှာ သူနဲ့ ဦးစန်းယုနှစ်ယောက်သာ ကျန်တော့တာကို တွေ့နိုင်ပါတယ်။ သူ့ကို အားလုံးကြောက်တာကို ကျေနပ်နေဟန်တူတယ်။

ပြင်ပဌာနတစ်ခုရဲ့အကြီးအကဲရဲ့ ကတော်တစ်ယောက်ဆိုရင် “ကျွန်မယောက်ျား ကို အဖေကြီးခေါ်တာနဲ့ ကျွန်မလည်း ဘုရား စင်ရှေ့သွားပြီး တစ်နေ့လုံး ဘုရားရှိခိုးနေ တော့တာပဲ”လို့ပြောပါတယ်။

“ဒါဆို ထမင်းရောမစားဘူးလား”လို့မေးတဲ့အခါ “ဟင့်အင်း၊ ဒီလောက်ကြောက်နေတာ ဘယ်လိုစားနိုင်မလဲ”လို့ ပြောရှာတယ်။

ဒေါက်တာတင်အောင်ရဲ့စာအုပ်ထဲမှာလည်း ဒီလိုရေးထားတာပဲ။

တစ်ရက်မှာ အဖေကြီးကခေါ်ပြီး “ကျုပ်ခင်ဗျားတို့ကို ရှယ်ဒံပေါက်ကျွေးမယ်။ ကျုပ် ကိုယ်တိုင် ကြီးကြပ်ပြီးချက်ထားတာ”လို့ ပြော တယ်။

စားသောက်ကြတော့ အဖေကြီးဟာ သူ့ နဘေးမှာ လာထိုင်စားသတဲ့။

“ဆရာရယ် ရှယ်ဒံပေါက်ဆိုတာ အတော်ကောင်းမှာပေါ့”

“ကျန်တဲ့လူတွေကပြောပါတယ်။တကယ်ကောင်းတယ်တဲ့”

“ဆရာက ဒံပေါက်မကြိုက်လို့လား”

“ကြိုက်ပါတယ်။ အဖေကြီးဘေးမှာ ထိုင်နေတော့ ဘယ်လိုဝင်သွားမှန်း မသိလိုက်ဘူး” လို့ပြောပါတယ်။

အဖေကြီးဟာ သူတို့ဆရာတွေကို အသက် ၆၀ ပင်စင်ယူတဲ့အထိ ဘယ်တော့မှမဖြုတ်ဘူးလို့ပြောပါတယ်။

ဒါပေမဲ့ သူဟာ အသက် ၆၀ မတိုင်မီ ပင်စင်ပေးခံရသလို နောက် ပါမောက္ခတစ်ယောက်လည်း ဒီလိုပဲ အငြိမ်းစားအပေးခံရတယ်။

ဆရာကတော့ “ဘကြီးအောင်ညာတယ်” ဆိုတာမျိုးကို ပြောချင်ခဲ့သတဲ့။

အမှန်တော့ ဒီလိုဖြစ်တာတွေအများကြီးပါ။ ကံကောင်းထောက်မလို့သာ ထောင်ထဲမရောက်တာဘဲ မဟုတ်လား။

ကျွန်တော်တို့ဟာ ကွဲတတ်တဲ့သဘာဝကို သိထားရင်တော့ ခံစားရတာသက်သာပါတယ်။ အရေးကြီးတာက မိမိမှာ ပြည့်စုံအောင် ကြိုးစားဖို့ပဲ။

ဥစ္စာတွေပြည့်စုံရင်လည်း ကောင်းပါတယ်။ ဒါပေမဲ့ တရားသဖြင့် ရရှိဖို့လိုတယ်။

ပညာပြည့်စုံရင် ပိုကောင်းတယ်။

လူငယ်တွေအနေနဲ့ အတတ်ပညာ အသိပညာနဲ့ နည်းပညာတွေရှိထားရင် အကောင်းဆုံးပေါ့။ တစ်နေ့မှာ သမီးဈေးကနေဝယ်လာတဲ့ ခွက်လေးကိုပြတယ်။

“လှလိုက်တာ”

ကျွန်တော်ငယ်ငယ်က နို့သောက်တဲ့ ခွက်လေးလိုပါပဲ။

သမီးက “မြေးလေးကိုတိုက်ဖို့ နို့ခွက်” လို့ ပြောပါတယ်။

“ကွဲမယ်နော် သတိထား”

“ဟင့်အင်း၊ မကွဲတဲ့ဖိုင်ဘာသားနဲ့ လုပ်ထားတယ်”

“မယ်လမင်းလား”

နည်းပညာတွေနဲ့ စီမံထားတော့ မကွဲတော့ဘူးပေါ့။

နိဂုံးစကားလေးတော့ တင်ပြချင်ပါတယ်။ မြန်မာပြည်က ကျွန်တော့်သူငယ်ချင်းတစ်ယောက် အမေရိကန်ပြည်ထောင်စုကို ရောက်သွားတယ်။ သူကပညာရှင်ပေါ့။ သူ တက္ကသိုလ်တစ်ခုမှာ ပါမောက္ခလုပ်တယ်။ သူနဲ့တွေ့တော့ပြောပြတယ်။ သူ အသက် ၇၀ မှာ ပင်စင်ယူလိုက်တယ်တဲ့။

“ကျွန်တော်ပင်စင်ယူလိုက်ပြီ”

“အသက် ၇၀ တောင်ရှိနေပြီပဲ။ ပင်စင် ယူသင့်တာပေါ့”

“ကျွန်တော်က တစ်သက်လုံး ဆက်လုပ်လို့လည်း ရတယ်”

“ဟုတ်လား၊ ဒါဆိုဘာလို့ဆက်မလုပ်လဲ”

“မလိုဘူးလေ။ ပင်စင်ယူလည်း ဒီလခ၊  မယူလည်း ဒီလခပဲ”

(“အိပ်လည်း ဒီလခ၊ မအိပ်လည်း ဒီလခပဲလေ” ဆိုတဲ့ဟာသကို သတိရတယ်။)

ဒါပေမဲ့ ဒီပါမောက္ခကတော့ အိပ်မနေပါဘူး။ အင်မတန်အလုပ်လုပ်တယ်။တစ်ခါတစ်ခါ သူ မြန်မာပြည်လာတယ်။

မြန်မာပြည်ရောက်လည်း သုတေသနတွေလုပ်တယ်။ ကျောင်းသားတွေကိုရော ဆရာဆရာမတွေကိုပါ သူ သင်ပေးတယ်။

တကယ်တော့ သူက မကွဲတဲ့ နို့ခွက်ဖြစ်နေတယ်လေ။

သူ့မှာ အသိပညာအတတ်ပညာနဲ့ နည်းပညာတွေရှိနေတယ်။

သူက ပညာပြည့်စုံနေတာကိုး။

သူရဲ့နို့ခွက်လေးဟာ ဖိုင်ဘာခွက်ဖြစ်လေတော့ မကွဲတော့ဘူးပေါ့။ ဒါပေမဲ့ မညစ်ပေအောင် အမြဲဆေးကြောဖို့တော့လိုတယ်။

သတိရတုန်း ပြောရဦးမယ်။

ကျွန်တော့်တပည့်လေး ကျော်မြင့်ဦးလည်း ကျွန်တော် မှန်းသလို အလုပ်ပြုတ်ပါတယ်။ သူ တင်မကဘူး။ တစ်ရုံးလုံး ပြုတ်တယ်။ အချို့လည်း ထောင်ကျတယ်။ သူလည်း ထောင်ကျပါတယ်။

သူက ပင်စင်လည်း မရ၊ ပညာလည်း ထူးထူးခြားခြား မရှိပါဘူး။

ဒါပေမဲ့ သူ့မှာ ဒီတစ်သက် စားမကုန်အောင် ဥစ္စာတွေရှိနေတာပဲ။ ဒါဆိုလည်း ဘာလိုသေးလဲ။

Most Read

Most Recent