နွေရာသီအက်ဆေး

နွေရာသီအက်ဆေး
Published 20 March 2018

ဓာတ်ပုံ-နေမျိုးဝင်း

သစ်ရွက်တွေကြွေတဲ့ ရာသီဥတုကို ရောက်လာပြီ။ ဒီမြို့လေးမှာ နံနက်ခင်းပိုင်းလေးမှာ အအေးဓာတ်လေး ကျန်နေသေးပေမယ့် နေ့လယ်ခင်းမှာတော့ အပူကသိသိသာသာ ပူလာတယ်။ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ ဖြတ်ပြေးသွားတဲ့ လေရူးက လှည့်ကြည့်ပြီး လက်ပြသွားတယ်။ တမာနံ့နဲ့ သရက်ဖူးတွေကို တင်ဆောင်ပြီး ညောင်ရွက်တစ်ရွက်က လေယာဉ်တစ်စင်းလို ငေးမောမှုထဲ ထိုးဆင်းလာတယ်။ ရှိုက်ပြီးမှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေထဲ ပြန်မရနိုင်တဲ့ အထီးကျန်မှုကို တွေ့ရတယ်။ အခုကိုယ့်မှာ လှည်းကျင်းလို့မရနိုင်တဲ့ သစ်ရွက်ခြောက်တွေ ပြန့်ကျဲလို့။ ကိုယ့်မှာ ဝါကျင်ခြောက်သွေ့နေပေမယ့်လည်း ကြွေကျပစ်လိုက်လို့ မရပြန်ဘူး။

ကျွန်တော် တစ်ယောက်တည်း အခန်းကလေးထဲမှာထိုင်ပြီး စာဖတ်ရင်ဖတ်၊ ဒါမှ မဟုတ် စာရေးရင်ရေး၊ အဲဒီနှစ်ခုမှ မလုပ်ဖြစ်ရင် ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေအပြင်ကို ငေးကြည့်ပြီး တွေးမိတွေးရာ တွေးနေမိတာပဲ။ အပြင်မှာ မြင်နေရတဲ့ ရှုခင်းက လှပရှုမျှော်ချင်စရာ မြင်ကွင်းမျိုးတော့ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ မကြာခဏ ကြည့်ကြည့်နေမိလို့ မမြင်ဖူးသေးတဲ့ အရာဆိုတာလည်း မရှိပါဘူး။ မကြည့်ဘဲနဲ့တောင် ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်နေရာမှာတော့ ဘာအပင်ရှိတယ်လို့ မြင်ကွင်းကို အလွတ်တောင်ရနေပါ ပြီ။ အခုဆို မြင်ရတဲ့ မြင်ကွင်းကပိုပြီးတော့ ရှုချင်စဖွယ်မရှိဘူး။ အရင်က မြင်နေကျ ခြံစည်းရိုးဟာ ကြက်ဟင်းခါးပင်တွေ၊ ကင်းပုံပင်တွေ တက်နေတော့ ကြည့်ရတာ စိမ်းစိမ်းစိုစို ရှိသေးတယ်။ အခု အဲဒီနွယ်ပင်တွေက အခုခြောက်သယောင်းသွားပြီ။ ဝါးကပ်နဲ့ ထောင်ကာထားတဲ့ ယိုင်နဲ့နဲ့ ခြံစည်းရိုးဟာ ခြတွေတက်နေပြီး မွဲခြောက်ခြောက် ဖြစ်နေတယ်။ တောင်လေတစ်ချက်ဝေ့လိုက်ရင် ခြံစပ်က တမာပင်က အရွက်တွေ တဖျောဖျော ကြွေလာတယ်။ မြင်ရကြည့်ရတာ ပျင်းရိငြီးငွေ့စရာကောင်းတယ်။ ဒါပေမဲ့လည်း ဘာအလုပ်မှ မလုပ်ဖြစ်ရင် ပြတင်းပေါက်ကနေ အဲဒီမြင်ကွင်းကိုပဲ ငေးကြည့်ပြီး တွေးချင်ရာ တွေးနေမိတာပဲ။

ဒါဟာ ပြတင်းပေါက်တစ်ခုရဲ့ စွဲဆောင်မှုလို့ပဲပြောရမယ် ထင်ပါတယ်။ အခန်းထဲကနေ ပြတင်းပေါက်က ပိတ်ထားတယ်ဆိုရင် အဲဒီပြတင်းပေါက်ကို မကြည့်ဖြစ်ပေမယ့် ဖွင့်ထားတယ်ဆိုရင်တော့ မကြာခဏဆိုသလို ကြည့်မိတတ်တာပဲ။ ကိုယ်က ပြတင်းပေါက် အပြင်ဘက်ကို ရောက်နေပြီး ပြတင်းပေါက်ကနေ မြင်ရတဲ့ ရှုခင်းထဲ ရောက်နေပြန်ရင်လည်း အဲဒီမြင်ကွင်းကို ကြည့်ကြည့်စိတ်မဖြစ်မိဘူး။ အခန်းထဲကနေ ပြတင်းပေါက်နဲ့ မြင်ကွင်းကိုကန့်ပြီး ကြည့်ရတာကို သဘောကျတာဖြစ်မှာပဲ။ ကိုယ့်အိမ်၊ ကိုယ့်အခန်းမှရယ်လို့ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ အိမ်တို့၊ အခန်းတို့ ရောက်တဲ့အခါမှာလည်း ပြတင်းပေါက် ဖွင့်ထားတာတွေ့ရင် ပြတင်းပေါက်က မြင်ရတဲ့ အပြင်က မြင်ကွင်းကို လှမ်းကြည့်လိုက်မိတတ်တာပဲ။ ကျွန်တော်ကတော့ အိမ်တစ်အိမ်ရဲ့ စွဲဆောင်မှုနဲ့ အသက်ဟာ ပြတင်းပေါက်တွေပဲလို့ ထင်နေမိတယ်။

အခန်းထဲမှာတစ်ယောက်တည်း ပြတင်းပေါက်ကနေ ကြည့်ပြီးတွေးမိတွေးရာ တွေးနေတုန်းမှာပဲ ကိုထွန်းရွှေရဲ့ မီးသတိပြု သီချင်းက ကျယ်ကျယ်လောင်လောင် ပေါ်လာတယ်။ ဒီမြို့ကလေးရဲ့ မီးသတ်ဌာနက ဖြစ်မယ်ထင်တယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီရောက်လာတာနဲ့ မီးသတိပြုသီချင်းကို မကြာခဏဖွင့်ပြီး မီးသတိပြုဖို့ သတိပေးနေတယ်။ သစ်ရွက်ကြွေတွေနဲ့ ခြောက်သွေ့မှုက တောက်ဖို့ လောင်ဖို့ လွယ်ကူနေပြီလေ။ အခုရောက်နေတဲ့လက ပူပြင်းမှု စတင်တဲ့ မတ်လမဟုတ်လား။

March
ငါးစာကငါးထက်ပိုများတဲ့
တံလျှပ်တွေထဲ
ဝမ်းမီးအပြင်
အခြားအာရုံများလည်း တောက်ဖို့ လောင်ဖို့လွယ်နေ။

တချို့ရွာတွေမှာ ရေကန်တွေက ရေတွေခန်းကုန်ပြီလို့ ကြားရတယ်။ ရေအနည်းငယ်လောက်ပဲ ကျန်တော့တဲ့ ကန်ထဲမှာ ငါးတွေကအပူနဲ့ ဖျပ်ဖျပ်လူး ကျန်ခဲ့တယ်။ သူတို့မှာ ဒီတစ်နွေသောက်ရေအတွက် ပူရပင်ရပြန်ပြီ။ မအောင်မြင်တဲ့ စိုက်ပျိုးမှုတွေနဲ့ ဝမ်းမီးဟာ တောက်လောင်ရပြန်ဦးမယ်။

သစ်ရွက်ကြွေသော ရာသီဥတုနှင့်
ကံကော်ပွင့်၏ ပူပြင်းသောအနံ့အသက်များ
လက်ခံသူမရှိတဲ့
တယ်လီဖုန်းမြည်သံတစ်ခုလို
ဥသြငှက်ရဲ့ အော်မြည်သံဟာ
လေမှာတန်းလန်း။

(ကျော်ဇောခိုင်)

ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ စဉ်းစားကြည့်တော့ လွမ်းစရာချည်းပဲ။ ဘယ်ကို၊ ဘာကိုလွမ်းတယ်ရယ်လို့လည်း အတိအကျရှိတာတော့ မဟုတ်ဘူး။ ရာသီကိုကလွမ်းစရာ ဖြစ်နေတာ။ ကံ့ကော်တွေ ပွင့်နေတာတော့ မမြင်ရသေးဘူး။ မမြင်ရဘူးဆိုတာက ကံ့ကော်ပင်ကိုမရှိလို့ မမြင်ရဘူးပြောတာ၊ ရှိတဲ့နေရာမှာ ပွင့်လောက်ရော့ပေါ့။ သရက်တွေကတော့ အပင်တိုင်းမှာ အဖူးတွေ၊ အပွင့်တွေနဲ့ချည်းပဲ။ တချို့စောတဲ့အပင်က သရက်ကင်းတွေ ဖြစ်နေပြီ။ ဖြတ်မောင်းသွားတဲ့ မီးသတ်ကားရဲ့ ဥသြဆွဲသံတော့ ကြားရတယ်။ ဥသြငှက်ရဲ့ တွန်သံတော့ မကြားရသေးဘူး။ ဥသြငှက်က နယ်မှာထက်စာရင် ရန်ကုန်မှာ ပိုပေါပုံရတယ်။ ရန်ကုန်မှာတုန်းက ဥသြတွန်သံ မကြာခဏ ကြားရတတ်တယ်။ နယ်ဘက် တောဘက်ရောက်မှကို ဥသြတွန်သံ မကြားရတော့တာပဲ။ ငှက်တွေရဲ့ အော်သံတွေထဲမှာ အဲဒီဥသြငှက်ရဲ့ အော်သံလောက် လွမ်းဆွေးစရာကောင်းတဲ့ အသံရှိမယ်မထင်ဘူး။ ပူကလည်းပူ၊ သစ်ရွက်တွေကလည်းကြွေ၊ လူကလည်း တစ်ယောက်တည်း ဖြစ်နေ၊ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိတဲ့ ဥသြငှက်ရဲ့ တွန်သံက အတော်လေးကို လွမ်းဆွေးစရာကောင်းပါတယ်။

ညနေစောင်းလာပြီ။ အပူရှိန်လည်း နည်းနည်းကျလာပြီ။ ကျွန်တော် ပြတင်းပေါက်ကို ပိတ်လိုက်တယ်။ သိပ်မကြာခင် ခြင်တွေဝင်လာကြတော့မယ်။ ကျွန်တော်က ကဗျာစာအုပ် တစ်အုပ်ဆွဲပြီး လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့လိုက်တယ်။ လက်ဖက်ဆိုင်က ကျွန်တော် ညနေတိုင်း ထွက်ထိုင်နေကျပါ။ လက်ဖက်ရည်ဆိုင်ကိုရောက်တော့ ကျွန်တော့် အရင်ကုက္ကိုရွက်ခြောက်တွေ ကစားပွဲပေါ် ရောက်နှင့်နေကြပြီ။ ဒီနေ့မှ လေရူးက အတော်ဆော့နေတယ်။ ဆိုင်ဘေးက ကုက္ကိုပင်ကြီးဆီကနေ ကုက္ကိုရွက်တွေဟာ မိုးရွာသလို တဖွဲဖွဲကျနေတယ်။ ကျွန်တော့်မှာ လက်ဖက်ရည်ခွက်ကို လက်ဝါးနဲ့ အုပ်ထားရတယ်။ ဖုန်မှုန့်တွေကလည်း ထနေတယ်။

လမ်းရဲ့ ဟိုဘက်ခြမ်းမှာ ကုက္ကိုပင်ကြီးတွေက အတန်းလိုက်ရှိနေတယ်။ လမ်းမပေါ်မှာလည်း ကုက္ကိုရွက်ခြောက်တွေ အပြည့်ပဲ။ ကားတစ်စီးတစ်စီး ဖြတ်မောင်းသွားရင် ဖုန်မှုန့်တွေနဲ့ ကုက္ကိုရွက်ခြောက်တွေဟာ လေထဲကိုမြောက်ပြီး ဝေ့၀ဲကာ ကားနောက်ကိုရသလောက် လိုက်ပါသွားကြတယ်။ လမ်းဟိုဘက်က ကုက္ကိုပင်ကြီးအောက်မှာ ဆေးခန်းတစ်ခန်းနဲ့ ထမင်းဆိုင်လေးတစ်ဆိုင်ရှိတယ်။ အမိုးတွေပေါ်မှာ ကုက္ကိုရွက်ခြောက်တွေ အပြည့်၊ သွပ်ကိုတောင် မမြင်ရတော့ဘူး။ နေရာအနှံ့ ဖုန်မှုန့်တွေက ဖွေးလို့နေတယ်။

တစ်ဆက်တည်း လမ်းဟိုဘက်မှာ အထက်တန်းကျောင်း တစ်ကျောင်းရှိသေးတယ်။ ကျောင်းဝင်းက အတော်ကျယ်တယ်။ ကျောင်းကပိတ်ထားတော့ တစ်ဝင်းလုံး သစ်ရွက်တွေနဲ့ ခြောက်သွေ့လို့၊ သစ်ပင်ကြီးတွေလည်း ခပ်ကျဲကျဲ ရှိနေတယ်။ အရွက်တွေကတော့ မရှိကြတော့ဘူး။ ရိုးတံထီးတည်းတွေနဲ့ချည်းပဲ။ မကြာခင်မှာ ပုရစ်ဖူးတွေ ခေါင်းပြူထွက်လာပြီး ရွက်သစ်ထိုးကြတော့မယ်။ သူတို့ဟာ ကြွေလိုက်ဝေလိုက်၊ ဟောင်းလိုက်သစ်လိုက်နဲ့ သံသရာလည်နေကြတာပဲ။

ငါတို့ဘဝတွေလည်း ဒီလိုပဲနေမှာပဲ။ ကျွန်တော့်မှာ တွေးလိုက်ငေးလိုက်နဲ့ ဆေးလိပ်တစ်လိပ် ကုန်သွားပြီ။ ယူလာခဲ့တဲ့ ကဗျာစာအုပ်ကို ဖွင့်ဖတ်လိုက်တယ်။ ချစ်စွာသော နွေဦးတဲ့။ ဆရာသုခမိန်လှိုင်ရဲ့ ကဗျာ။ ကျွန်တော် ရောက်ရှိနေတာနဲ့ တစ်ထပ်တည်းပါပဲ။

တစ်လောကလုံး ကြွေလိုက်တာ
မြင်မကောင်းဘူး။
ဘယ်သူထင်မှာလဲ
ဒီလို ပြန်လည်ရှင်သန်လာမယ်လို့။
(ငါတို့သည် အတုံးအရုံး)
နွေဦးသည် အောင်မြင်စွာ
ပြန်လည်ရောက်ရှိလာပြန်တယ်။

လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တယ်။ လက်ဖက်ရည်က အေးစက်စပြုနေပြီ။ လမ်းပေါ်မှာသွားနေတဲ့ ထီလှည်းဆီက သြင်္ကန်သီချင်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။ သြင်္ကန်က ရောက်ပြန်ဦးတော့မယ်။ ဒီလ ထီမထိုးရသေးတာ သတိရလိုက်မိတယ်။ ထီကလည်း လစဉ်ထိုးနေရပေမယ့် မပေါက်မှန်းသိသိနဲ့ကို ထိုးနေရသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ထီများပေါက်ရင်ဆိုတဲ့ စိတ်ကူးနဲ့ ရူးရတဲ့ အရသာလေးကိုတော့ လစဉ်ခံစားနေမိတာပဲ။

ဘဝတစ်ခု အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ကလည်းဒီထီပေါက်မှပဲ ဖြစ်နိုင်မှာပဲ။ ထီမပေါက်နိုင်မှန်း သိနေပေမယ့်လည်း ထီပေါက်ရင် ငါဘာလုပ်လိုက်မယ်၊ ညာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေကတော့ တစ်လကိုတစ်မျိုး နီးပါးလောက် တွေးနေမိတာပါပဲ။ ပထမဆုံး စိတ်ကူးကတော့ ရွာကိုပြန်ပြီးအလှူတစ်ခု ကြီးကြီးကျယ်ကျယ် ပေးချင်တယ်။ ရွာဦးကျောင်းဆရာတော်ကို လိုအပ်တာလှူမယ်။ အမေ့ကိုကန်တော့မယ်။ အမေဘာလိုချင်လဲ ဝယ်ပေးမယ်။ ရွာဦးကျောင်းဆရာတော်ကို လိုအပ်တာလှူမယ်။ ပြီးတာနဲ့ မြို့မှာနေစရာ ဝပ်ကျင်းလေးတစ်ခု ဖန်တီးမယ်။ ကိုယ့်မိသားစုလေးနဲ့ကိုယ် သီးသီးသန့်သန့် နေမယ်။ ပြီးရင် ထုတ်ချင်တဲ့ စာအုပ်လေး သုံးလေးအုပ် လောက်ထုတ်မယ်။ နောက်တစ်ခုမိသားစုနဲ့ ရက်ရှည်ရှည် ခရီးတစ်ခုထွက်မယ်။ သိပ်များများစားစားတော့ မဟုတ်ပါဘူး။ ဒီလောက်ပါပဲ။

အဲဒီလိုနဲ့ တစ်လတစ်လကုန်ကုန်သွားတာပဲ။ ထီဖွင့်တာနဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ပြယ်သွားလိုက်၊ နောက်တစ်လအတွက် ထပ်ထိုးလိုက်နဲ့ ဘဝမှာ ပျော်စရာကိုရတဲ့နည်းနဲ့ ရွှေလိုကျင်ယူနေရတာပဲ။ လမ်းမီးတွေ လင်းလာပြီ။ တဖြည်းဖြည်း မှောင်လာတော့မယ်။ ဒီလိုနဲ့ နေ့တစ်နေ့က ကုန်ဆုံးပြန်တော့မယ်။ နေ့ပေါင်းများစွာနဲ့ လတစ်လဖြစ် ပြီးတာနဲ့ နှစ်တစ်နှစ် အသက်က တစ်နှစ်ကြီးရင့်သွားမယ်။ မနက်ဖြန်တော့ ထီထိုးရမယ်။ ဒါမှ စိတ်ကူးစောစောယဉ်လို့ရမယ်လေ။

Most Read

Most Recent