တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ တကယ်လိုအပ်သူတွေလက်ထဲ ရောက်ရဲ့လား

တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ တကယ်လိုအပ်သူတွေလက်ထဲ ရောက်ရဲ့လား
Published 19 March 2018

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

မန္တလေးမြို့တွင် တည်ဆောက်နေသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတအိမ်ရာများမှာ အမှန်တကယ် နေစရာမရှိသူများလက် ထဲရောက်ပါသလား။ မူရင်းရည်ရွယ်ချက် မည်မျှအထိ အောင်မြင်လဲဆိုသည်ကို တာဝန်ရှိသူတို့  ပြန်လည်သုံးသပ်သင့်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်က ရောင်းချခဲ့သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) တွင် အခန်း ၈၀၀ ပါဝင်ပြီး ယင်းအခန်းများကို ဝယ်ယူခွင့်ရရှိသူတို့သည် ယခုအချိန်အထိ နေထိုင်ခွင့်မရသေးကြောင်း သိရသည်။

ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် အိမ်ရာအကောင်အထည်ဖော်မှု အားနည်းချက်ကို မြင်တွေ့ရမှာဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အကြောင်းမှာ ဝယ်ယူခွင့်ရပြီး တစ်နှစ်ကြာသည်အထိ တိုက်ခန်း လက်ဝယ်ရရှိခြင်း မရှိသလို တချို့အခန်းများမှာ သော့ရရှိသော်လည်း လျှပ်စစ်မီး သွယ်တန်းပြီးစီးခြင်း မရှိသေးသဖြင့် နေထိုင်ရန် အခက်တွေ့နေခြင်း ဖြစ်သည်။

“ဝယ်ထားတာ တစ်နှစ်ကျော်ပြီ။ ၃၀ ရာခိုင်နှုန်း ငွေလည်းသွင်းထားပြီးဖြစ်သလို လစဉ် ငွေလည်းသွင်းနေရပေမယ့် တိုက်ခန်းကတော့ နေလို့မရသေးပါဘူး။ သော့တော့ အပ်ပေမယ့် လျှပ်စစ်မီးမရတော့ ဘယ်လိုနေမလဲ။ တချို့သူတွေကတော့ အပြင်ကနေ တစ်လကို ကျပ် ၂၀၀၀၀ နဲ့ မီးသွယ်ပြီး သုံးနေကြတယ်။ ကျွန်မတို့မှာ လျှပ်စစ်မီတာခဆောင်ဖို့ ရက်လွန်ရင် ဒဏ်ကြေးအတိအကျ ဆောင်ရပါတယ်။ အခုလို ကျွန်မတို့ဆီက ၃၀ ရာခိုင်နှုန်း ငွေယူပြီး တစ်နှစ်ကြာတဲ့အထိ နေထိုင်ဖို့ အဆင်မပြေတဲ့အပေါ်မှာ သက်ဆိုင်ရာဌာနက ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းပေးမလဲ သိချင်ပါတယ်” ဟု မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်ရရှိထားပြီး နေခွင့်မရသေးသည့် ပုဂ္ဂလိကဝန်ထမ်းတစ်ဦးဖြစ်သူ မဖြိုးမေဇင်က ပြောကြားသည်။

မန္တလေးမြို့တွင် အကောင်အထည်ဖော်နေသည့် အိမ်ရာစီမံကိန်းများမှာ ယခင်အစိုးရလက်ထက်ကတည်းကဖြစ်ပြီး ပထမဦးဆုံး ရောင်းချခဲ့သည့် အိမ်ရာတွင် အခန်းပေါင်း ၁၃၄၄ ခန်းပါဝင်ကာ ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ တိုက်ခန်းများ ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာကို အစိုးရဝန်ထမ်းလုပ်သက် ၂၅ နှစ်ပြည့်ပြီး မန္တလေးခရိုင်အတွင်း နေထိုင်သူများ၊ တိုက်ပွဲကျ စစ်မှုထမ်းများ၏ မိသားစုဝင်များနှင့် တိုက်ပွဲတွင် ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသော စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများကိုသာ ရောင်းချပေးသည်ဟုဆိုသော်လည်း အိမ်ရာလျှောက်ထားသူများတွင် နေအိမ်ပိုင်ဆိုင်မှု အများအပြားရှိသူများ၊ စီးပွားရေးလုပ်ငန်း တောင့်တင်းသူများ၊ မိသားစုဝင်တစ်ဦးထက် ပိုမလျှောက်ရဟု ပါရှိသော်လည်း အိမ်ထောင်စုစာရင်း ခွဲထုတ်လျှောက်ထားမှုများ ရှိခဲ့သည်။

ထိုကဲ့သို့ လျှောက်ထားမှုများကို သက်ဆိုင်ရာဌာနအနေဖြင့် စိစစ်နိုင်ခြင်းမရှိဘဲ ရောင်းချပေးသောကြောင့် အမှန်တကယ် အိမ်ရာမရှိသူများအတွက်ဟုဆိုသော မူရင်းရည်ရွယ်ချက်မှာ အောင်မြင်ခြင်းမရှိပေ။

အကြောင်းမှာ အဆိုပါ တန်ဖိုးနည်းဟုဆိုသော တိုက်ခန်းများကို ဝယ်ယူခွင့်ရသူတို့မှာ ငွေပေးချေနိုင်ခြင်းမရှိသဖြင့် အမြတ်ငွေယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများကြောင့် အစိုးရရောင်းချသည့် မူရင်းဈေးထက် အဆမတန် မြင့်မားသွားခြင်းသာရှိခဲ့သည်။

ထို့ပြင် ငွေကြေးတတ်နိုင်သူများ၏လက်ထဲ တိုက်ခန်းများ အလုံးအရင်းရောက်ရှိသွားပြီး အငှားပြန်လည်ထားခြင်းကြောင့် အခြေခံ၊ အလတ်တန်းလူတန်းစားများမှာ ပြန်လည်ငှားရမ်းနေထိုင်ရကာ အမှန်တကယ် နေစရာမရှိသူများအတွက် ထူးပြီးအဆင်ပြေလာခြင်း မရှိပေ။ ထို့ကြောင့် အိမ်ရာစီမံကိန်းတစ်ခု အကောင်အထည်ဖော်ခြင်းသည်  ငွေကြေး ပြေလည်သူများအတွက် လုပ်စားကိုင်စားနိုင်ရန် ဖန်တီးပေးသကဲ့သို့ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

လတ်တလောအခြေအနေအရ တန်ဖိုးအနည်းဆုံးဟုခေါ်ဆိုနိုင်သည့် ကျပ်သိန်း ၆၀ အထိ အနည်းဆုံးရောင်းချနိုင်သော တန်ဖိုးနည်းအိမ်ရာမှာ ယခင်အစိုးရလက်ထက်က စတင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ရာလိုအပ်ချက်မှာ စစ်တမ်းများအရ တစ်နှစ်လျှင် အိမ်ခန်းပေါင်း ၅၀၀၀ ခန့် လိုအပ်မည် ဖြစ်သည်။

ထို့ကြောင့် အိမ်ရာလိုအပ်ချက်မှာ တစ်နှစ်လျှင် ၅၀၀၀ ခန့်သာ တိုးလာသော်လည်း အစိုးရ၏ အိမ်ရာအကောင်အထည်ဖော်နိုင်မှုမှာ လိုအပ်ချက်၏ သုံးပုံတစ်ပုံကိုပင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။။

မန္တလေးမြို့ရှိ စည်ပင်သာယာပိုင်မြေများတွင် တန်ဖိုးမျှတအိမ်ရာများ ဆက်လက်တည်ဆောက်ခဲ့ရာ အိုးအိမ်ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အခန်းပေါင်း ၈၀၀ ကို မဲနှိုက် ရောင်းချခဲ့သည်။

အဆိုပါ တန်ဖိုးမျှတအိမ်ရာဈေးနှုန်းများ မှာ ကျပ်သိန်း ၁၆၀ ကျော်မှ ကျပ်သိန်း ၂၂၀ ကျော်အထိဈေးရှိရာ လက်ငင်းငွေချေစနစ် ဖြစ်စေ၊ ၁၀ နှစ်၊ ရှစ်နှစ် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ယင်းအိမ်ရာရောင်းချပြီး တစ်နှစ်ကြာသည်အထိ ဝယ်ယူထားသူတို့မှာ နေထိုင်ခွင့် မရသလို နောက်ထပ်ဆောက်မည့် အိမ်ရာများမှာလည်း လုပ်ငန်းရပ်တန့်မှုများရှိနေသည်ဟု သိရသည်။ အစိုးရသစ်လက်ထက် အိမ်ရာဖော်ဆောင်မှုများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရကြောင်းကို မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူထားသူ ဦးဇာနည်အောင်က “အရင်အစိုးရလက်ထက် ဆောက်လက်စ စီမံကိန်းတွေကို တာဝန်ယူရတဲ့အခါ ဘာကြုံတွေ့ရလဲဆိုရင် နမူနာအနေနဲ့ အခုတန်ဖိုးမျှတ အိမ်ရာကို နေထိုင်ခွင့်မရကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်မီးအတွက် တွက်ချက်မှု မရှိခဲ့ကြဘူး။ ဒါကြောင့် အိမ်ရာဆောက်လုပ်ပြီးစီးပေမယ့် လျှပ်စစ်မီးသွယ်တန်းမှု အခက်အခဲကြောင့် အခုလောက်အထိ ကြာသွားရတာပါ။ နောက်ပြီး တို့အစိုးရလက်ထက်မှာ အိမ်ရာဖော်ဆောင်ဖို့ ကြုံတွေ့ရတာကမြေပါ။ အစိုးရပိုင်မြေဆိုတာ မရှိသလောက် ဖြစ်နေပါပြီ” ဟု ပြောကြားသည်။

ယခင်အစိုးရလက်ထက်က ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း မြေဧက ၇၀ ခန့်ကို ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များထံ အပ်နှံခဲ့သည်ဟုသိရပြီး အဆိုပါလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ရပ်တန့်နေသည်ဟုသိရသည်။ ထို့ကြောင့် အစိုးရငွေနှင့်ဆောက်သည့် တန်ဖိုးမျှတအိမ်ရာဟူသည် ထင်သလောက် မပြီးနိုင်ဘဲ ကြန့်ကြာနေကြောင်းနှင့် ယခင်အစိုးရက မည်သည့်ပုံစံနှင့်ချထားကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကို အသေးစိတ်မသိရှိသေးသည့်အတွက် ထပ်မံ၍ မည်သို့မျှ မပြောကြားလိုကြောင်း ဝန်ကြီးက ဆိုသည်။

တစ်နိုင်ငံလုံးအနှံ့ အိမ်ရာလိုအပ်ချက် မြင့်မားနေဆဲဖြစ်ပြီး အစိုးရအနေဖြင့်လည်း အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်နေဆဲ ဖြစ်သည်။ သို့သော် အမှန်တကယ် နေစရာ လိုအပ်ချက်ရှိသူများ၏လက်ထဲ မည်မျှရောက်ရှိသည်ကိုမူ ဆန်းစစ်ဖို့ လိုနေပြီဖြစ်သည်။

မန္တလေးမြို့တွင် ဝန်ထမ်းပေါင်း ၅၆၃၀၀ ကျော်ရှိသည်ဟုသိရပြီး လက်ရှိတွင် ဝန်ထမ်းဦးရေ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းကိုသာ နေရာချထားပေးနိုင်သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါအိမ်ရာများ တည်ဆောက်ပြီးပါက ၆ ဒသမ ၄ ရာခိုင်နှုန်း အထိပေးနိုင်မည်ဟု ဝန်ကြီးက ဆိုသည်။

“အိမ်ရာတွေကတော့ အရင်အစိုးရရော၊ အခုအစိုးရရော တည်ဆောက်နေတာပါပဲ။ အရင်အစိုးရတုန်းက အစိုးရဝန်ထမ်းဦးစားပေးသလို အခုလည်း ဒီလိုပါပဲ။ အစိုးရသစ် လက်ထက်မှာ အခြေခံလူတန်းစားတွေအတွက် အများကြီးဆောင်ရွက်ပေးနိုင်မှာပဲလို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ အခုက တည်ဆောက်ပြီး တိုက်ခန်းကိုတောင် ရောင်းပြီး တစ်နှစ်ကြာတဲ့အထိ နေလို့မရဘူး။ နောက်ထပ်ဆောက်မယ့် ဟာတွေဆိုတာလည်း ဘယ်လောက်အထိ စောင့်ရမယ်မသိတော့ အိမ်ပိုင် ဆိုင်ဖို့မျှော်လင့်ချက်က ပိုဝေးဝေးလာတယ်” ဟု ပုဂ္ဂလိကဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုသူရက အိမ်ပိုင်ဆိုင်ချင်သော ၎င်း၏ ဆန္ဒနှင့် ပတ်သက်ပြီး ပြောကြားသည်။

မည်သို့ဆိုစေ အိမ်ရာအကောင်အထည် ဖော်မှုများ ဆောင်ရွက်တိုင်း ပထမဦးစားပေးမှာ အစိုးရဝန်ထမ်းများသာ ဖြစ်နေကြောင်းနှင့် အစိုးရဝန်ထမ်းမဟုတ်သည့် သာမန် ပုဂ္ဂလိက ဝန်ထမ်းများနှင့် အခြေခံ၊ အလတ်တန်းစားသူများအတွက် အိမ်ရာမျှော်လင့်ချက်က ယခုချိန်အထိ ဖြစ်မလာသေးဟု ဆိုနိုင်သည်။

ထို့အတွက် တန်ဖိုးနည်း၊ မျှတဆိုသည့် ခေါင်းစဉ်အောက်မှာ အိမ်ရာများ ဖော်ဆောင်တိုင်း အစိုးရဝန်ထမ်း မဟုတ်သူများအတွက် ဝယ်ယူခွင့်ရရှိမည့် ခွဲတမ်းအရေအတွက်သည် လွန်စွာနည်းပါးရုံသာမက မရှိသလောက်ဟုပင် ဆိုနိုင်ပေသည်။

ထို့ပြင် အိမ်ရာ တည်ဆောက်ပြီးစီး၍ ရောင်းချရာတွင်လည်း လွတ်လပ်ပွင့်လင်း မျှတသည့် စနစ်များဖြစ်ရန်နှင့် မူရင်းရည်ရွယ်ချက်ဖြစ်သည့် အမှန်တကယ် အိမ်ရာမရှိသူများ လက်ထဲ မည်မျှအထိ ရောက်ရှိမလဲဆိုသည်ကို တာဝန်ရှိသူများ ပြန်လည်စဉ်းစား သုံးသပ်စေလိုပါသည်။

Most Read

Most Recent