အခက်ခဲဆုံးသော အကျပ်အတည်းများကို ဖြေရှင်းခဲ့သူ တရုတ်၏ ဒုတိယသမ္မတသစ်

အခက်ခဲဆုံးသော အကျပ်အတည်းများကို ဖြေရှင်းခဲ့သူ တရုတ်၏ ဒုတိယသမ္မတသစ်
Published 19 March 2018

ဝမ်ကျီရှန်ကို တရုတ်၏  ‘Mr.Fix – It’ ‘ပြင်ဆရာ’ ဟု သိကြသည်။ ပြိုလဲတော့မည့် ဘဏ်များမှသည် ရာထူးကြီးပုဂ္ဂိုလ်များ၏ ခြစားမှုအထိ အခက်အခဲ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် ဝမ်သည် ယုံကြည်စိတ်ချထိုက်သော တာဝန်ရှိသူတစ်ဦး ဖြစ်သည်။

ဝမ်ကို တွေ့ဖူးသူများကသူသည် ရဲတင်း သူ၊ စူးစမ်းသူ၊ ဒဿနဆိုင်ရာ အငြင်းအခုံများကို နှစ်ခြိုက်သော ပြဿနာဖြေရှင်းသူ၊ ကျီစယ်တတ်သူဟု ဖော်ထုတ်ပြောဆိုကြသည်။

ခြစားမှုနှင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရင်း ကွန်မြူနစ်ပါတီအုပ်စိုးမှုကို ထောက်ကန်ရန် သမ္မတရှီကျင်ပင်း၏ လုပ်ငန်းစဉ်တွင် ဒုသမ္မတဖြစ်လာခဲ့သော အသက် ၆၉ နှစ်အရွယ် ဝမ်သည် အဓိကအစိတ်အပိုင်း ဖြစ်လာဖွယ်ရှိသည်။

အငြိမ်းစားယူရမည့်အသက်ကို ကျော်နေသော ဝမ်အား ဆက်လက်တာဝန် ထမ်းဆောင်နိုင်စေရန်အတွက် ရှီသည် ဝမ်အား ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင်အဖြစ်မှ နုတ်ထွက်စေခဲ့ရသည်။ သို့သော်လည်း ရှီသည် ဝမ်ကို အဓိပ္ပာယ်မရှိသော အခမ်းအနားတက် ရာထူးမျိုးပေးကာ အမြဲတမ်းကော်မတီ၌ ဆက်လက်နေရာချထားခဲ့သည်။ ယင်းသို့ ဆက်လက်ထားရှိမှုက ရှီ၏ပြိုင်ဘက် ဝန်ကြီးချုပ် လီခယ်ကျင်းအပါအဝင် ခုနစ်ဦးပါ အမြဲတမ်းကော်မတီ၌ အခြားသူများ၏ သြဇာကို လျော့ပါးစေရန် ရည်ရွယ်ဖွယ်ရှိသည်။

ဝမ်ကို အရေးကြီးလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် ပေါလစ်ဗျူရိုအမြဲတမ်းကော် မတီဝင်များ၏ ရေးရာများအတွက် ဝမ်အား အာဏာပေးခြင်း ဖြစ်သည်။

“ရှင်းပါတယ်။ ဒါက လီခယ်ကျင်းကို ပိုပြီး ဘေးဖယ်ထားဖို့လုပ်တာပါ” ဟု ဖိုင်ယာမီ တက္ကသိုလ်မှ တရုတ်ရေးရာကျွမ်းကျင်သူ ဂျွန်တေဖူးဒရေယာက ပြောကြားခဲ့သည်။

“အာဏာအများကြီးပိုရှိလာတဲ့ ရှီဟာ သူလုံးဝယုံကြည်ရတဲ့တစ်ယောက်ကို လက်ထောက်အဖြစ် လိုချင်လာပုံရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဝမ်၏အထူးတာဝန်များကို ရှင်းရှင်းလင်းလင်း မဖော်ပြသေးသော်လည်း တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရှီသည် သူ၏တာဝန်များကို မဖြည့်ဆည်းနိုင်လျှင် ဝမ်က နိုင်ငံခေါင်းဆောင်တာဝန်ကို လွှဲပြောင်းရယူရမည် ဖြစ်သည်။ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင်များ၏ အစည်းအဝေးများ အပါအဝင် အဆင့်မြင့်အစည်းအဝေးများကို ဝမ်က စောင့်ကြည့်သူအဖြစ် တက်ရောက်ခွင့်ရမည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုထားသည်။

ဝမ်သည် မတ် ၁၇ ရက်က ပြည်သူ့ခန်းမဆောင်တွင် ကျင်းပခဲ့သော အခမ်းအနားတွင် ရာထူးစဉ်အရ ပေါ်လစ်ဗျူရိုအမြဲတမ်း ကော်မတီခုနစ်ဦး၏နောက် အဋ္ဌမမြောက်နေရာတွင် ထိုင်ခဲ့သည်။

ဝမ်သည် ရှီ၏ရှုထောင့်များကို မျှဝေလက်ခံသူ ဖြစ်သည်။ တရုတ်၏ စီးပွားရေးတိုး တက်မှုကို ပဲ့ကိုင်ရန် ပါတီက တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှုနှင့် စည်းကမ်းတင်းကျပ်မှုတို့ လိုအပ်မည်ဟု ရှီနှင့် ဝမ် နှစ်ဦးစလုံးက သဘောတူလက်ခံခဲ့ကြသည်။

၁၉၆၆-၁၉၇၆ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းက ဆင်းရဲချွတ်ခြုံကျနေသော ရှန်စီးပြည်နယ်သို့ အပို့ခံရသည့် လူငယ်များအဖြစ် တာဝန်ထမ်းဆောင်ရင်း ဝမ်နှင့် ရှီတို့သည် ပထမဆုံး တွေ့ဆုံခဲ့သည်ဟု ယုံကြည်ရသည်။ ဝမ်က အသက် ၆၄ နှစ်အရွယ် ရှီထက် ငါးနှစ်ပိုကြီးပြီး တက္ကသိုလ်လည်း စောပြီးသူဖြစ်သည်။ ဝမ်သည် နောက်ပိုင်းတွင် နိုင်ငံတော်အကယ်ဒမီ၌ ၁၉ ရာစုနှစ် ၂၀ ရာစုသမိုင်းကို သုတေသနပြုခဲ့သည်။

အလားအလာရှိသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူကို ဝမ်က လက်ထပ်ခဲ့ခြင်းဖြင့် ကွန်မြူနစ်အထက်လွှာတို့ရရှိသော ‘မင်းသားလေး’ ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

မတ် ၁၇ ရက်က ပြည်သူ့ခန်းမဆောင်တွင်ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရသော လီကျီရှန် (ဝဲ) နှင့် သမ္မတ ရှီကျင်ပင်း (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (Photo – AFP)

၁၉၈၉ ခုနှစ်က ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများကို စစ်ဘက်က ပြင်းပြင်းထန်ထန်ဖိနှိပ်မှုကို ထောက်ခံသော တရုတ်၏ ပထမဆုံး ဒုဝန်ကြီးချုပ် ယောင်ယွီမင်သည် ဝမ်၏ယောက္ခမဖြစ်သောကြောင့် ဝမ်၏ အနာဂတ်လည်း မြင့်တက်လာခဲ့သည်။

ထို့နောက် မကြာမီ ဝမ်က အကျပ်အတည်း ဖိစီးနေသော တရုတ်ဘဏ္ဍာရေးယန္တရားများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထူးကဲသည့် အရည်အချင်းကို ပြသခဲ့သည်။

၁၉၉၇ အာရှဘဏ္ဍာရေး အကျပ်အတည်း၏ နောက်ဆက်တွဲရိုက်ခတ်မှုများမှ တရုတ်ကိုကာကွယ်ရန် ဆောင်ရွက်ခဲ့မှုများက ဝမ်အတွက် ပြောစမတ်ပြုရသည့် အောင်မြင်မှု ဖြစ်ခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးသော ကျွန်းပြည်နယ် ဟိုင်နန်၏ ပါတီအတွင်းရေးမှူး ဖြစ်လာခဲ့ပြီးနောက် ဝမ်က အစွမ်းပြခဲ့ခြင်း ဖြစ်သည်။

အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်လာရချိန်တွင် ဝမ်၏ အကျပ်အတည်းဖြေရှင်း ကျွမ်းကျင်မှုများကို လိုအပ်လာပြန်သည်။

၂၀၀၃ ခုနှစ်က SARS ဖြစ်ပွားချိန်တွင် ဝမ်သည် ပေကျင်းမြို့တော်ဝန်ဖြစ်ခဲ့ပြီး သီးခြားခွဲထားစေမှုများ၊ နေ့စဉ်လူထုသို့ နောက်ဆုံးသတင်းပြန်ကြားပေးမှုများကြောင့် အထိတ်တလန့်ဖြစ်မှုကို သက်သာရာရစေရန် ဝမ်က ကူညီပေးနိုင်ခဲ့သည်။

ထို့နောက် ဝမ်သည် ၂၀၀၈ ပေကျင်း နွေရာသီအိုလံပစ်ပွဲတော်အတွက် တာဝန်ယူ ပြင်ဆင်ပေးခဲ့ပြန်သည်။ ထို့နောက် ဝမ်သည် ဒုဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲကို တာဝန်ယူခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ပေါ်လစ်ဗျူရို၏ အမြဲတမ်းကော်မတီဝင်ဖြစ်လာခဲ့ပြီးနောက် ဝမ်သည် ရှီ၏ ပြဋ္ဌာန်းမှုကို အာဏာအဖြစ်ဆောင်ရွက်ခဲ့မှုက အထင်ရှားဆုံးဖြစ်သည်။

ကွန်မြူနစ်ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဝမ်ကခြစားမှုကို တိုက်ဖျက်ခဲ့ကာ ပါတီအဖွဲ့ဝင် ၁ ဒသမ ၅ သန်းခန့်သည် အရေးယူအပြစ်ပေးခံခဲ့ရသည်။ အရေးယူခံရသူများတွင် ပေါ်လစ်ဗျူရိုအမြဲတမ်း ကော်မတီဝင်တစ်ဦးနှင့် ထိပ်တန်းဗိုလ်ချုပ်တစ်ဦး ပါဝင်ခဲ့သည်။

ယင်းဆောင်ရွက်ချက်များ၏ အကျိုးဆက် တစ်စိတ်တစ်ပိုင်းအဖြစ် ဝမ်သည် မကြာသေးမီနှစ်များအတွင်း အများမြင်ကွင်းတွင် ခပ်လျှိုလျှိုသာ နေထိုင်ခဲ့သည်။ ဝမ်သည် စိန်ခေါ်မှုများကို ရင်ဆိုင်တတ်ပြီး ယခင်က မဆောင်ရွက်ဖူးသည်များကို လုပ်ဆောင်အောင်မြင်ခဲ့သောကြောင့် တိုင်းမ်မဂ္ဂဇင်း၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်းတွင် ဝမ်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ပေါ်ဆင်က ချီးကျူးရေးသားခဲ့သည်။

ခြစားမှုကိုဖြေရှင်းခဲ့မှုအပြင် ဝမ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လက်ထက် မရေမရာကာလတွင် ဝါရှင်တန်နှင့် ဆက်ဆံရမည့်မူဝါဒအတွက် ဝမ်ကသူ၏ အတွေ့အကြုံကို အသုံးချရဖွယ်ရှိသည်။ ဝမ်အတွက် ကနဦးစမ်းသပ်မှုသည် အမေရိကန်နှင့် ထိပ်တိုက်တွေ့ရမည့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ကြောင်း ပေကျင်းမှ လေ့လာသုံးသပ်သူ ကျန်းလီမန်းက ပြောကြားခဲ့သည်။

“သူက ဘဏ္ဍာရေးနဲ့ စီးပွားရေးမှာ တော်တယ်လို့ ကျွန်တော်တို့သိကြပါတယ်။ ပြဿနာဖြေရှင်းမှုလည်း ကောင်းတယ်လို့ လေးစားခံရတယ်။ ဒါက မေးခွန်းထုတ်စရာ မလိုပါဘူး” ဟု ကျန်းက ပြောကြားခဲ့သည်။

သမ္မတသက်တမ်းကန့်သတ်ချက် ဖယ်ရှားမှုကြောင့် ရှီသည် ဆန္ဒရှိသလောက် အုပ်ချုပ်ခွင့်ရမည်ဖြစ်ပြီး ဝမ်သည်လည်း ရှီ၏ ဒုတိယသမ္မတအဖြစ် အကန့်အသတ်မရှိ ထမ်းဆောင်ခွင့်ရမည် ဖြစ်သည်။

သားသမီးမရှိ ကိုယ်ပိုင်နိုင်ငံရေးမျိုး ဆက်လည်းမရှိသောကြောင့် ဝမ်သည် တရုတ်နိုင်ငံရေးတွင် အပြည့်အဝမြှုပ်နှံထားသူ ဖြစ်သည်။

သို့သော်လည်း ယခုကစားပွဲသည် ရှီ အတွက်ရော ဝမ်အတွက်ပါ ကစားထိုက်သည့် အလောင်းအစား ဟုတ်မဟုတ် ကျန်းက မေးခွန်းထုတ်ခဲ့သည်။ ဝမ်ကို နာယကအရာထားခြင်းက လက်ခံထားသောစံများကို ဆန့်ကျင်ခဲ့ပြီး နိုင်ငံရေးအရ စုဆောင်းမှုကြီးမားကြောင်း နှင့် ရှီသည် ပါတီကို ပြန်ဆန့်ကျင်ခဲ့ရခြင်းဖြစ်ကြောင်း ကျန်က ပြောကြားခဲ့သည်။

“ရှီက ဒါကို အမှန်တကယ် မျက်ကွယ်ပြုခဲ့တယ်ဆိုရင် သူက လီမင်ဝါဒီအာဏာရှင်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားပြီးပြီဆိုတာကို ပြနေပါတယ်။ အခုကစပြီး သူ့ရဲ့ခေါင်းဆောင်မှုကို သူက အဲဒီရှုထောင့်ကနေ ဆောင်ရွက်မယ်ဆိုတာ ပြနေပါတယ်” ဟု ကျန်းက ပြောကြားခဲ့သည်။

Most Read

Most Recent