လွမ်းမောဖွယ်ရာ နွေရာသီ ကျောင်းပိတ်ရက်ကလေးများ

လွမ်းမောဖွယ်ရာ နွေရာသီ ကျောင်းပိတ်ရက်ကလေးများ
Published 18 March 2018

မန္တလေးကျုံးတောင်ဘက်ခြမ်းတွင် ဖွင့်လှစ်ထားသော အခမဲ့ကလေးကစားကွင်းသို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကလေးငယ်များ လာရောက်အပန်းဖြေ ကစားနေကြစဉ် (ဓာတ်ပုံ-မင်းမင်းစိုး)

နေအပူချိန်သည် မနက်မိုးလင်းသည်မှစ၍ တစ်စတစ်စ မြင့်တက်လာခဲ့ပေပြီ။ ပတ်ဝန်းကျင်တွင် အစီအစဉ်မကျစွာဖြင့် တည်ရှိနေသော မြင့်မားလွန်းသည့်သစ်ပင်ကြီးများတွင် တွဲလဲခိုချိတ်ဆွဲနေသော ရော်ရွက်ဝါလေးများသည်လည်း လေရူးများဝေ့၀ဲတိုက် ခတ်လိုက်တိုင်း မြေပြင်အပေါ်သို့ ဆင်းသက်နေကြပါတော့သည်။ တစ်ချိန်က စိမ်းစိုလတ်ဆတ်သော သစ်ရွက်စိမ်းများ (သို့မဟုတ်) ဝါဝင်းခြောက်သွေ့နေသော ရော်ရွက်ဝါလေးများဖြင့် အလှဆင်ထားကြသော သစ်ပင်ကြီး၊ ငယ်၊ လတ်အပေါင်းတို့၏ လက်ရှိ နံရိုးအပြိုင်းပြိုင်းကျနေသည့် မြင်ကွင်းကလည်း သင်္ခါရတရားကို ကောင်းစွာဖော်ကျူး၍နေပါသည်။ ထိုနံရိုးအပြိုင်းပြိုင်းကျနေသော သစ်ပင်များ၏အထက်မှ ‘ဥသြ ဥသြ’ ဟု သီကျူးနေသည့် ဥသြငှက်ကလေးများ၏ အသံတစာစာလေးများကလည်း အလွမ်းဓာတ်ကို ခမ်းနားစွာဖြင့် ဖော်ကျူး၍ နေပြန်ပါသည်။

တစ်ခါတစ်ရံ ကြားရတတ်သည့် မီးသတ်ကား ဥသြဆွဲသံများကလည်း ရင်ကိုထိတ်လန့် ချောက်ချားစေခဲ့ပြန်ပါသည်။ ပတ်ဝန်းကျင်တိုင်းတွင် ပူပြင်းခြောက်သွေ့ခြင်းများကသာ နေရာယူကြီးစိုးနေပါ၏။ ပွင့်လင်းသောဥတုရာသီဟူ၍လည်း ဆို၍ရပေသည်။ တစ်နည်းအားဖြင့် အချိန်ကာလ၏ စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်မှုအတိုင်း ဆောင်းကုန်၍ နွေသို့ ရောက်ရှိလာခဲ့ ပြန်ပါသည်။ ချမ်းအေးသော ဆောင်းရာသီကုန်ဆုံးလွန်မြောက်၍ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ တစ်ဖန်ပြန်လည်၍ ရောက်ရှိလာခဲ့ပြန်ပါပြီ။ နွေသည် နှစ်စဉ်နှစ်တိုင်း နွေပီသစွာ လှပနေစမြဲသာ ဖြစ်ပါ၏။ နွေ၏ ပတ်ဝန်းကျင်အလှကို ကျွန်တော် ခံစားကြည့်နေမိခြင်းသာဖြစ်ပါသည်။ ထိုကဲ့သို့ နွေ၏အလှကိုခံစားနေရင်းမှ ကျွန်တော့်၏ မြင်ကွင်းထဲကို ခံစားရောက်ရှိလာမိသည့်အရာမှာ အဖြူအစိမ်းလေးများ လှုပ်ရှား ယိမ်းနွဲ့နေမှုများသာ ဖြစ်ပါ၏။

တစ်နည်းအားဖြင့် စာသင်ကျောင်းများ အရှေ့မှအဖြူ အစိမ်းလေးများ၏ လှုပ်ခတ်နေမှုမျ ားသည် နွေနှင့်အတူ၊ ကျွန်တော့်နှလုံးသားသို့ လာရောက်ရိုက်ခတ်ခြင်းသာ ဖြစ်ပါသည်။ စင်စစ် အဖြူအစိမ်းလေးများသည် ပူပြင်းခြောက်သွေ့သော နွေ၏ဒဏ်ကို အန်တုရင်းဖြင့် အတန်းတင်စာမေးပွဲကြီးများ ဖြေဆိုကြရန်အတွက် စာမေးပွဲခန်းများဆီသို့ အရောက်လှမ်းနေကြခြင်းသာ ဖြစ်ပါသည်။ စာသင်ကျောင်းလေးများ၏ ပတ်ဝန်းကျင်တိုင်းတွင် မိဘနှင့် သားသမီး၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူလေးများ၏ လှုပ်ရှားယိမ်းနွဲ့နေသော ပုံရိပ်လေးများက ကျွန်တော့်၏ရင်သို့ လာရောက်ထိခတ်ခြင်းသာ ဖြစ်ပေသည်။ ကျောင်းသား၊ ကျောင်းသူလေးတိုင်းကိုလည်း စာမေးပွဲအား ကောင်းစွာဖြေဆိုနိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပေးနေမိ ပြန်ပါသည်။ နွေ၏ကွန်ရက်အတွင်းမှ အဖြူအစိမ်းလေးများ၏ ပုံရိပ်ရှင်များသည် ကျွန်တော့်၏စိတ်အာရုံတွင် ပျံ့လွင့်၍နေပါတော့သည်။

စင်စစ် ကျွန်တော်သည်လည်း လွန်ခဲ့သော ငယ်ရွယ်သည့် ကာလများဆီက ယခုအဖြူအစိမ်းလေးများကဲ့သို့၊ အဖြူအစိမ်းလေးကို ဝတ်ဆင်ကာ စာမေးပွဲအခန်းဆီသို့ ချီတက်ခဲ့ဖူးသည်သာ ဖြစ်ပါသည်။ ထိုစဉ်အခါက ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲဟူသည်မှာ သေရေးရှင်ရေးကဲ့သို့ အရေးကြီးကြောင်းကို ကျွန်တော့်အနေဖြင့် မဝေခွဲမ သတ်မှတ်မသိရှိသေးပါသော်လည်း၊ ကျောင်းသားဖြစ်နေသည်မို့ စာမေးပွဲဖြေဆိုနိုင်ရန် အတွက်တော့ အထူးတလည် ကြိုးစားမှုပြုဖူးခဲ့သည်သာ ဖြစ်ပါသည်။ မိဘ၊ ဆရာများ၏ သားသမီး၊ တပည့်များ၏အပေါ်တွင် ထားရှိတတ်သည့် စိုးရိမ်စိတ်ကလေးများကိုလည်း ယခုအချိန်တွင် နားလည်တတ်ခဲ့ပြီသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ အတန်းတင်စာမေးပွဲကြီး ဖြေဆိုနိုင်ရန်အတွက် ပင်ပန်းနွမ်းနယ်ခဲ့ရမှုများသည် ထိုစာမေးပွဲကြီး ပြီးဆုံးသွားနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားပြီး နွေရာသီ ကျောင်းပိတ်ရက် ကလေးများဆီသို့ ရောက်ရှိလာတတ်စမြဲသာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ ထိုနွေရာသီကျောင်းပိတ်ရက်ကလေးများကို အထူးနှစ်သက်ခုံမင်မိပါသည်။ အခြားသောသူများလည်း ကျွန်တော့်ကဲ့သို့ပင် နှစ်သက်ခုံမင်တတ်ကြမည်ဟူ၍လည်း ထင်မြင်မိပါသည်။

တစ်နှစ်ပတ်လုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသော အဖြူအစိမ်းကလေးများအဖို့၊ နွေရာသီ ကျောင်းပိတ်ရက်ကလေးများကို နှစ်သက်ခုံမင်တတ်ကြသည်ကိုလည်း မည်သည့်မိဘ၊ ဆရာများကမှလည်း အပြစ်မြင်တတ်ကြလိမ့်မည်မဟုတ်ပါ။ နွေရာသီ ကျောင်းပိတ်ရက်ကလေးများသည် အဖြူအစိမ်းကလေးများ၏ လွတ်လပ်စွာ ပျော်ရွှင်ခွင့်ရသော ကာလလေးသာ ဖြစ်ပါပေတော့သည်။ ထို့ကြောင့် အဖြူအစိမ်းဘဝလေးတုန်းက ကျွန်တော်သည် နွေရာသီကျောင်းပိတ်ရက်ကို လွတ်လပ်စွာ ပျော်ရွှင်ရသော ကာလလေးဖြစ်သည်မို့ အထူးခုံမင်နှစ်သက်ခဲ့ဖူးပါပေသည်။ ဘောလုံးကစားရခြင်းနှင့် စာဖတ်ခြင်းကို ဝါသနာသန်သော ကျွန်တော့်အဖို့ နွေရာသီ ကျောင်းပိတ်ရက်ကလေးများသည် ဘောလုံးကန်ခြင်း၊ စာဖတ်ခြင်းများဖြင့်သာ နှစ်စဉ်နှစ်တိုင်း ကုန်ဆုံးသွားတတ်စမြဲသာဖြစ်ပါ၏။ သူငယ်ချင်းများနှင့် ဘောလုံးအတူတူကန်ခဲ့ကြဖူးပြီး တစ်ယောက်တည်း အိမ်တွင်းပုန်း၍ စာဖတ်ခဲ့ဖူးပါပေသည်။ အခြားသော ကျွန်တော်၏ သူငယ်ချင်းအများစုသည်လည်း ထိုနည်းအတိုင်းသာ နွေရာသီ ကျောင်းပိတ်ရက်ကလေးများကို ဖြတ်သန်းလွန်မြောက်တတ်ကြပါ၏။ နောင်လာမည့်နှစ်တွင် တက်ရောက်ရမည့်အတန်းအတွက် ကြိုတင်၍ ကျူရှင်တက်နေကြရသော သူငယ်ချင်းတချို့လည်း တွေ့ခဲ့ရဖူးပါသည်။

သူတို့အတွက် နွေရာသီကျောင်းပိတ်ရက်ဆိုသည်မှာ လွတ်လပ်ခြင်းများ ပျောက်ဆုံးနေခဲ့ကြောင်းကိုလည်း ထိုစဉ်အခါကတည်းက ကျွန်တော် တွေးတော စာနာခဲ့ဖူးပြန်ပါသည်။ နွေရာသီ ကျောင်းပိတ်ရက်ကလေးများသည် အဖြူအစိမ်းကလေးများအတွက် လွတ်လပ်စွာ ပျော်ရွှင်ခွင့်ရသော အချိန်ကာလလေးဖြစ်ပါလျက် တချို့သောသူများ၏ မလွတ်လပ်၊ မပျော်ရွှင်ရခြင်းများကို တွေးမိ၍ ကျွန်တော့်အနေဖြင့် သူတို့ကိုယ်စားနွေရာသီကို မွန်းကျပ်ညည်းငွေ့ခဲ့ရဖူးပါပေသည်။

မည်သို့ပင်ဆိုစေ ကျွန်တော်ကတော့ နွေရာသီ ကျောင်းပိတ်ရက်ကလေးများတွင် သူငယ်ချင်းများစုံသည်နှင့် အချိန်မရွေး ဘောလုံးကန်တတ်ပြီး တစ်ယောက်တည်းရှိနေသည့် အချိန်များတွင်တော့ စာအုပ်များဖြင့်သာ ပျော်မွေ့နေတတ်ခဲ့ပါသည်။ နွေရာသီ ကျောင်းပိတ်ရက်ကလေးများတွင် တွတ်ပီနှင့် တောလည်သွားရခြင်းကို ကျွန်တော် အလွန်သဘောခွေ့ခဲ့ဖူးပါ၏။ ငှက်ပျောသီး ခိုးစားသော မျောက်ညိုအား နှစ်လုံးပြူးသေနတ်ကြီးဖြင့် လိုက်လံပစ်ခတ်တတ်သော ဦးစိတ်တို၏ဖြစ်ပုံအားတွေးရင်း ကျွန်တော် ရယ်ရွှင်ခဲ့ရဖူးပါသည်။ ဦးစံရှား၏ ကမောက်ကမအမှု ဖြစ်စဉ်များအကြား ကျွန်တော် ရွှင်လန်းခဲ့ရပါသည်။ ဖိုးဆိတ်ဖြူနှင့်လည်း ကျွန်တော် စီးမျောခဲ့ဖူး၏။ အီးတီ တီထွင်ဖန်တီးထားသော ဆန်းပြားသောပစ္စည်းလေးများ၏ အစွမ်းဖြင့် ဘိုဘိုနှင့်အတူ ကျွန်တော် ကမ္ဘာငယ်လေးများဆီသို့ လိုက်လံ၍သွားလာခဲ့ဖူးပါ၏။ ထူးဆန်းသောသတ္တဝါကြီးများအကြား ဘိုဘိုတို့နှင့်အတူ ကျွန်တော် ရင်မောခဲ့ရဖူးပါသည်။ ဂျောက်ဂျက်တို့၊ ဝါနုတို့ သူငယ်ချင်းတစ်သိုက်နှင့်လည်း ကျွန်တော် သူငယ်ချင်းဖြစ်ခဲ့ဖူးပါ၏။

ပြာလောင်မှသည် ပြာဂလောင်၊ ပြာလချောင်အထိ သူတို့နှင့်အတူ ကျွန်တော် ပျာယာခတ်ခဲ့ဖူးပါ၏။ လူပျိုသိုးကြီး မောင်မောင်ဇာနှင့်လေးမွန်၊ ထွေးမွန်တို့နှင့်လည်း ကျွန်တော် ရင်းနှီးခဲ့ဖူး၏။ သမိန်ပေါသွပ်နှင့်လည်း တဝှီးဝှီး တဝှစ်ဝှစ်လုပ်ကာ ကျွန်တော် သိုင်းချခဲ့ဖူးပါ၏။ အချစ်ဝတ္ထုများဟု ခေါင်းစဉ်တပ်ရန် မသင့်သော ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ၏ ဘဝနေနည်းထိုင်နည်း အရေးအဖွဲ့လေးများနှင့် ကျွန်တော် ယဉ်ပါးခဲ့ဖူးပါ၏။ ဆရာ မောင်ညိုမှိုင်း(သန်လျင်)၏ တစ္ဆေသရဲဝတ္ထုများကို ဖတ်ရှုရင်း ပရလောကအကြောင်းကို ကျွန်တော် စိတ်ဝင်စားခဲ့ဖူးပါသည်။ ဆရာမင်းလူ၏ အတွေးအခေါ်များ အတွင်းတွင် ကျွန်တော်စီးမျော တွေးခေါ်ခဲ့ဖူးပါ၏။ ဆရာတာရာမင်းဝေ၏ ဝါကျတည်ဆောက်မှုများအကြား ကျွန်တော်ဗျာများခဲ့ရဖူးပါသည်။ ဆရာနီကိုရဲ၏ ဟာသများအကြား ကျွန်တော် တခွီးခွီးဖြင့် ရယ်ရွှင်ခဲ့ရဖူးပြန်သည် အစရှိသဖြင့်... အဖြူအစိမ်းဘ၀ ကျွန်တော်၏ နွေကျောင်းပိတ်ရက်ကလေးများသည် စာအုပ်အငှားဆိုင် ကလေးသို့ နေ့စဉ်ရောက်၍ နေ့စဉ်စာအုပ် ကလေးများဖြင့်သာ အိပ်ရာဝင်ဖြစ်ခဲ့သည်သာ များပါသည်။

အထက်ပါ အကြောင်းအရာလေးများသည် ကျွန်တော်၏ အဖြူအစိမ်းဘဝ၊ နွေရာသီ ကျောင်းပိတ်ရက်ကလေးများအကြောင်းကိုသာ ပြန်လည်တွေးတောနေမိခြင်းဖြစ်ပါ၏။ ထို့အတူ ယနေ့ခေတ်အဖြူအစိမ်းကလေးများ၏ ဘဝသည်လည်း ကျွန်တော်တို့နည်းတူ ရှိနေပါသေးသည်လားဟူ၍လည်း တွေးတောမိပြန်ပါသည်။ ယနေ့ခေတ်သည် ဖုန်းများ ဗုံးပေါလအော ပေါများလွန်းသည့် အင်တာနက်ခေတ်သာ ဖြစ်ပါသည်။ စာဖတ်သူထက် ဖုန်းပွတ်သူသာ များလာခဲ့ပေပြီ။ စာအုပ်အငှားဆိုင်လေးများလည်း တစ်စတစ်စ ရှားပါးလာခဲ့ရပေပြီ။ ထို့ကြောင့် ယနေ့ခေတ်အဖြူအစိမ်းကလေးများ၏ နွေရာသီ ကျောင်းပိတ်ရက်ကလေးများသည်လည်း စာအုပ်စာပေများနှင့် ဝေးကွာနေပေလိမ့်ဦးတော့မည်။ သေချာပါသည်။ ယနေ့ခေတ် အဖြူအစိမ်းကလေးများ၏ နွေရာသီ ကျောင်းပိတ်ရက်ကလေးများသည် ကျွန်တော်တို့ကဲ့သို့ ပျော်ရွှင်မှုများ မခမ်းနားနိုင်ကြရှာတော့ပေ။ မည်သို့ပင်ဆိုစေ ယနေ့ခေတ် အဖြူအစိမ်းကလေးများကိုလည်း ကျွန်တော်တို့ကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်ကလေးများအား ဖြတ်သန်း လွန်မြောက်နိုင်ကြစေလိုပါသည်။ ထိုအရာသည် ကျွန်တော်၏ ဆန္ဒသာဖြစ်ပါသည်။ ကျွန်တော်၏ အတွေးများကလည်း တစ်ချိန်က နွေရာသီ ကျောင်းပိတ်ရက်ကလေးများကိုသာ ယနေ့အချိန်ထိ လွမ်းမောစွာဖြင့် တမ်းတနေမိဆဲသာ ဖြစ်ပါပေတော့သည်။

Most Read

Most Recent