အငြိမ်းဘယ်ခါစားရမယ်

အငြိမ်းဘယ်ခါစားရမယ်
Published 17 March 2018

သင်္ဃန်းကျွန်းမြို့နယ်ရှိ စိတ်အာဟာရစာကြည့်တိုက်တွင် ဉာဏ်စမ်းမေးခွန်းပြိုင်ပွဲ ဆုရကလေးငယ်တစ်ဦးအား ဆုချီးမြှင့်စဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

နံနက်လေးနာရီခွဲပြီဆိုလျှင် ကျွန်တော့်ဇနီးက ဆွမ်းထချက်ပါပြီ။ အရုဏ်တက်ရင် သူဘုရားဆွမ်းတော်ကပ်ပြီးပါပြီ။ ထိုပြုမြဲဝတ်က နှစ်များကြာပါပြီ။ ဘုရားရှိခိုးပြီး အိမ်နားက ဈေးကလေး သို့မဟုတ် တစ်ဖက်ရပ်ကွက်ကဈေးဆီ တစ်ခေါက်လောက် ပြေးသွားပြီး ခပ်စောစော ဖယ်ရီကားအမီ အလုပ်သွားရမည့် သူ့သမီးအငယ်ဆုံး ထမင်းချိုင့်အတွက် သင့်တော် အဆင်ပြေရာ ဟင်းလျာကလေးကို ကသုတ်ကရက် ချက်ပြုတ်သည်။

သူ အလုပ်များ ပြီးစီးတော့မည့်အချိန်၌ ကျွန်တော်က အိပ်ရာထကာ သူ့လက်ကိုဆွဲပြီး ကျွန်တော်တို့နှစ်ယောက် လမ်းတစ်ပတ်လောက် ထွက်လျှောက်ကြသည်။

‘သူ့လက်ကိုဆွဲ’ ဆိုသည်မှာ ကျွန်တော်အပိုပြောသည်မဟုတ်၊ ယင်းကဲ့သို့ ဆွဲမခေါ်လျှင် သူ့အိမ်မှုအလုပ်များ လျှောက်လုပ်ကာ မပြီးနိုင်အောင်ရှိတော့မည်ဖြစ်ပြီး နေမြင့်တော့မည်ဖြစ်၍ အတင်းခေါ်ရခြင်း ဖြစ်ပါသည်။ အပြင်ထွက်လမ်းလျှောက်ရင်း နံနက်ခင်းစာကလေးများလည်း ကြိုက်ရာကြုံရာမှာ စားကြသောက်ကြရန် ဖြစ်ပါသည်။

ကျွန်တော်တို့ အကြင်လင်မယား၊ ဇနီးမောင်နှံသည် အိမ်ထောင်သက် ၄၇ နှစ်ရှိတော့မည်။ ထိုအလုပ်များမှ သူ့ခမျာလည်း အငြိမ်းစားမရသေးပါ။

ကျွန်တော် အစိုးရဌာန၊ အလုပ်၊ ရာထူးမှ လုပ်သက်ပေါင်း ၄၁ နှစ်တွင် သက်ပြည့်ပင်စင်ယူခဲ့သည်။ ဝန်ထမ်းကောင်းဖြစ်ကြောင်း တံဆိပ်များလည်း ရရှိခဲ့သည်။ သို့သော် ပင်စင်ကို မြန်မာလိုပြောတော့ အငြိမ်းစားဆိုသော်လည်း အငြိမ်းထိုင်မစားနိုင်တော့ ပင်စင်ယူရန်  ကြိုတင်ပြင်ဆင်သည့်လမှာပင် အလုပ်တိုက်တစ်ခုသို့ ဝင်လုပ်ခဲ့ရပါသည်။

ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့မှာ မွေးချင်းများတွင် တတိယမြောက်ဖြစ်ကြပြီး နို့ညှာများ ဖြစ်ကြသည်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမလေး ယောက်မှာလည်း ညီအငယ်ဆုံးကလေး ဆယ့်တစ်လသားအရွယ်မှာပင် အဖေက နောက်မိန်းမယူသွားခဲ့သည်။ ကျွန်တော်တို့အမေကလည်း သူ့သားသမီးလေး ယောက်ကျွန်တော်တို့ကို အလုပ်အလုပ်ကာ ရှာဖွေကျွေးမွေးကျောင်းထား ပညာသင်ပေးခဲ့သည်။ မိန်းမသားတို့က သူတို့၏ စိတ်ဓာတ်ကောင်းသတ္တိကောင်းတို့ဖြင့် သားသမီးတို့ကို လူလားမြောက်အောင် လုပ်ကိုင်မွေးမြူ ပြုစုခဲ့ကြခြင်း ဖြစ်သည်။

ကျွန်တော်လည်း ငယ်ငယ်ကတည်းက အလုပ်နှင့်ထိတွေ့ခဲ့သည်။ မူလတန်းကျောင်းသားဘဝ၊ နွေရာသီ ကျောင်းရက်ရှည်ပိတ်ရက်များတွင် သူငယ်ချင်း၏ဖခင် ပရိဘောဂ အလုပ်ရုံမှာ ကော်ပတ်စား၊ ခံဆေးသုတ်သည့်အလုပ် လုပ်ခဲ့သည်။ ယခုတိုင် ပရိဘောဂတန်း ဖြစ်နေသေးသည့် တာမွေ ရွှေဗဟိုရ် ရုပ်ရှင်ရုံတောင်ဘက် မျက်စောင်းထိုး၌ ရှိခဲ့ဖူးသည့် ‘မောင်ဟန်ပရိဘောဂ’ရုံမှာ ဖြစ်သည်။ ဦးလေးဦးမောင်ဟန်က ကျွန်တော်နှင့် ကျောင်းနေဖက် သူငယ်ချင်း မောင်စိုး၏ အဖေဖြစ်သည်။ ကျောင်းပိတ်ရက်မှာ သူလည်း အလုပ်လုပ်ရတော့ ကျွန်တော်က လိုက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အနေတော်ဖြတ်ထားသည့် ကော်ပတ်ကို ကိုယ့်လက်ဖဝါးလောက်မရှိတရှိ ကျွန်းတုံးကလေးမှာ ပတ်၊ လက်က ဆုပ်ကိုင်ကာပစ္စည်းပေါ်တွင် လက်တစ်ဆုံးရှေ့ထိုးနောက်ငင်အားထည့်ပြီး ပွတ်တိုက်ရသည်။ ကော်ပတ်အကြမ်းဖြင့်ပြီးလျှင် အလတ်၊ အလတ်ဖြင့်ပြီးလျှင် အချော။ သစ်သားအမှုန်စများကလည်း အကြမ်းဖြင့်တိုက်လျှင် အမှုန်ကြမ်းများ များများထွက်သည်။ တဖြည်းဖြည်း အမှုန်အနုက လေးများဖြစ်လာပါသည်။ ကော်ပတ်တိုက်ထားသည်ကို အလုပ်ဆရာက ပစ္စည်းကို လာကိုင်ကြည့်ပြီး ဆရာ ကျေနပ်သည်အထိ တိုက်ရပါသည်။ သစ်တုံးကလေးနှင့်ကော်ပတ်ကို ဆုပ်ကိုင်ထားသော ကိုယ့်လက်ဖဝါး၊ လက်ချောင်းကလေးတို့မှာ နီရဲသွားပြီး အမှုန်များ သန့်စင်ပစ်သည့်အခါ ကျိန်းနေအောင် စပ်ဖျဉ်းဖျဉ်းခံစားရသည်။ လက်သည်းများက ကော်ပတ်နှင့်ထိ၍ စားသွားပြီး သုံးမြှောင့်ပုံ ဖြစ်ကုန်သည်။ ကိုယ့်လက်ချောင်းကလေးများကို ကြည့်ကာ အမေ ပြောပြခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိပါသည်။

ကျွန်တော့်ကို အမေက မော်လမြိုင် အမေရိကန်ဆေးရုံမှာမွေးတော့ ကျွန်တော်သည် မွေးခန်းထဲသို့ မရောက်သေးမီ တွန်းလှည်းပေါ်မှာပင် လူ့လောကထဲ ရောက်လာသဖြင့် ဝမ်းဆွဲသူနာပြုဆရာမတို့မှာ ရယ်မောပျော်ရွှင်ကြသည်။ “အမေကို ဒုက္ခမပေးတဲ့ကလေးပဲဟေ့” ဟု ပြောကြသည်။ ကလေးကို သုတ်သင်ပြီး အနှီးဝတ်တို့ဖြင့် ပတ်သည့်အခါ သူနာပြုဆရာမကြီးက ကလေး၏ လက်ချောင်းကလေးများကို ကိုင်ကာကြည့်ကာ “ဒီလက်က လေးတွေက အဖေ့လိုပဲ စန္ဒရားတီးဦးမှာပဲ” ဟုလည်း ပြောပါသည်။

ထိုစကားကို ကျွန်တော်သတိရမိသည်။ စန္ဒရားတီးရမည်၊ မတီးရမည်တော့ မသိ၊ မူလတန်းကျောင်းသားဘဝမှာပင် ကျွန်တော့်လက်ချောင်းများက ပရိဘောဂများကို ကော်ပတ်တိုက်ရတော့ အရေပြားများ ပွန်းစားကာ နာကျင်ကျိန်းစပ်ခဲ့ရလေသည်။

ကျွန်တော့်ဇနီးကလည်း သူငယ်ငယ်က မြေပဲခင်းထဲ မြေပဲပင်တွေနုတ်။ ပြီးတော့ အပင်ကို ရိုက်ခါ။ ပြီးတော့ မြေပဲတောင့်များကို ခြွေ၊ နောက်တော့ မြေပဲတောင့်များကို လက်နှင့်ဆောင့်ဆောင့်ထိုးပြီး အခွံခွာရတော့ သူ့လက်များက ကြမ်းထော်နေပြီး ဘယ်တော့မှ လှသည်မရှိခဲ့ဟုပြောတတ်ပါသည်။ တကယ့်ကိုလည်း သူ့လက်ဖဝါးကလေးများမှာ အသားက ပျော့ပျောင်းသော်လည်း အရေပြားတို့က ကြမ်းရှရှဖြစ်နေလေသည်။

ငယ်ငယ်က နေခဲ့သည့်လမ်းထဲမှ မိန်းမဝတ်အင်္ကျီတွင် တပ်ရသော ကော်ကြယ်သီးများလုပ်သည့် မိသားစုအိမ်တွင်လည်း ကျွန်တော်လုပ်ခဲ့ဖူးသည်။ ကော်ကြယ်သီးအပေါ်ခွံနှင့် အတွင်းသားများမှ အစွန်းထွက်နေသော ကော်စကလေးများကို ဓားကလေးဖြင့် ခြစ်ပစ်ရခြင်း ဖြစ်သည်။ ယင်းသည်လည်း လက်မနှင့် လက်ညှိုးထိပ်ကလေးများမှာ ကြာတော့ နာလာပါသည်။ ကော်ကြယ်သီးအလုံး ၁၀၀ ပြီးမှ ပိုက်ဆံငါးမူးရပါသည်။ ကြယ်သီးအလုံး ငါးရာလောက်ပြီးမှ ငွေနှစ်ကျပ်ခွဲ။ မုန့်ဖိုးရ နည်းလားဆိုသော်လည်း ကျွန်တော် အကုန်မသုံးပါ။

နွေကျောင်းပိတ်ရက် ဦးလေးဦးမောင်ဟန် ပရိဘောဂရုံမှာ ကော်ပတ်စားတာကတော့ တစ်ရက်ကို ဦးလေးက နှစ်ကျပ်ပေးပါသည်။ ထိုပိုက်ဆံထဲမှာ တစ်မတ်လောက်စီကိုစုကြကာ ညနေပိုင်းလောက်တွင် အလုပ်ဆရာနှင့် တပည့်များ လက်ဖက်ရည်သောက်၊ မုန့်စားလုပ်ကြပါသည်။ ပိုသည့်ပိုက်ဆံကို အိမ်ကို အပ်ပါသည်။ ကျောင်းပြန်အဖွင့် အတန်းသစ်ကို တက်ရသည့်အခါ ကျွန်တော့်အတွက် ကျောင်းစရိတ် ဖြစ်ခဲ့ပါသည်။

အထက်တန်းကျောင်းသားဖြစ်သောအခါ သတင်းစာ ကိုယ်စားလှယ်တစ်ဦးဖြစ်သော အဖေ့ညီ၊ ကျွန်တော့်ဦးလေး ဦးအောင်ကျော်စိန် (ကျားကွက်သစ်လမ်း၊ အောင်ဗလထမင်းဆိုင်) ၏ သတင်းစာလိုင်းတစ်လိုင်းတွင် ကျွန်တော်သည် သတင်းစာပို့သည့် ကောင်လေးတစ်ယောက် ဖြစ်ခဲ့သေးသည်။

နံနက်မိုးမလင်းမီ စက်ဘီးနှင့် အိမ်မှ ထွက်ကာ ၅၁ လမ်း၊ ကြေးမုံသတင်းစာတိုက်သို့ သွားရသည်။ ဦးလေး၏လိုင်းမှ လိုင်းသမားများသည် ဟံသာဝတီ၊ ဗိုလ်တထောင်၊ ဂါးဒီးယန်းစသည့် သတင်းစာတို့ကို ထိုတိုက်များမှဝင်ပြီး ယူလာခဲ့ကာ ကြေးမုံတိုက်တွင် ဆုံကြသည်။ ပို့ရမည့် အိမ်များအတွက် သတင်းစာများ ခွဲဝေရပြီးသောအခါ ဦးလေးက ကျွေးမွေးသည့် လက်ဖက်ရည်၊ မုန့်တို့ကို ကသောကမျော စားသောက်ပြီးလျှင် သတင်းစာပို့ရမည့် လမ်းကြောင်းအတိုင်း စက်ဘီးနင်းကာ တစ်အိမ်ပြီးတစ်အိမ် ပို့ရပါသည်။

ကျွန်တော်ပို့ရသော လိုင်းတွင် ခရီးအဝေး ဆုံးဖြစ်၍ နောက်ဆုံးလောက်မှ ပို့ရသောအိမ်မှာ ပုံမှန်ရောက်နေကျအချိန်ထက် မစောနိုင်ပါ။ ထိုအိမ်ကို အရင်ဦးစွာ ပို့ရန်ကလည်း လမ်းကြောင်းက အလွန်းမသင့်။ ထိုအိမ်မှ အဘွားကြီးက အပေါက်ဆိုးဆိုးဖြင့် “မင်းတို့အိမ်ကို သတင်းစာမပို့နဲ့တော့” ဟု တစ်နေ့တွင် ပြောတော့သည်။ “ဟုတ်ကဲ့” ကျွန်တော်ကလည်း မပို့တော့။ ထိုအိမ်အတွက် သတင်းစာကို လိုင်းခေါင်းဆောင်ထံ ပေးလိုက်သည်။

တစ်ရက် နှစ်ရက် သုံးလေးရက်ရှိတော့ အဘွားကြီး၏ လင်အဘိုးကြီးက ဦးလေးကို တိုင်တော့သည်။ ကျွန်တော် ပြန်ပို့ရတော့သည်။ ထိုအခါ အဘိုးကြီးက အဘွားကြီးကိုလည်း စိတ်ဆိုးဟန်တူသည်။ “မင်းဘယ်သူ ဘာပဲပြောပြော လိုက်မလုပ်နဲ့။ သတင်းစာကို နေ့တိုင်းသာ ပို့ကြားလား ကောင်လေး” ဟု ခပ်ကျယ်ကျယ် အော်ပြောခဲ့ပါသည်။

ကျွန်တော်သည် ငယ်ငယ်ကလေးကတည်းက အလုပ်ကလေးများ လုပ်ခဲ့ရသည်။ အလုပ်လုပ်ရသည်ကို ကျွန်တော် မကြောက်ပါ။ သမ္မာအာဇီ၀ အလုပ်ကောင်းမှန်သမျှ ဂုဏ်ရှိစွပါ။ ကိုယ့်လုပ်အားတန်ဖိုး ကိုယ်ချစ် မြတ်နိုးရပါမည်။ ကျွန်တော်သည် လုပ်အားပေး ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်တော့်ချစ်သူ ရည်းစားသည်လည်း လုပ်အားပေးကျောင်းသူတစ်ဦး ဖြစ်ခဲ့သည်။

ကျွန်တော်က ရပ်ဝေးအခြေစိုက်စခန်း တစ်ခု၌ တစ်လကြာအောင် အလုပ်ကြမ်းများ လုပ်ရသည့်လုပ်အားပေးပွဲ နွှဲပျော်ခဲ့သည်။ ဤသို့ဖြင့် ၁၀ တန်းကို အောင်သည့်အခါ နေ့ကျောင်းတက္ကသိုလ်ကို မတက်ဖြစ်ဘဲ အစိုးရဌာန၊ အလုပ်ခွင်ထဲသို့ တန်းရောက်သွားခဲ့သည်။ ထိုလုပ်ငန်းခွင်မှာ ကျွန်တော်ပျော်ပိုက်စရာ ဖြစ်ခဲ့သည်။ အလုပ်ထဲမှာ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ရှိရသည်။ နုပျိုသစ်လွင်သော လူငယ်များနှင့် ကြုံဆုံထိတွေ့ခဲ့ရသည်။ လုပ်စရာ အလုပ်တို့က များပြားပြီး မနားရသလောက်ရှိသည့်တိုင် ပင်ပန်းသည် မထင်ဘဲ ပျော်ခဲ့ပါသည်။

ထိုအချိန်တွင် ကျွန်တော့်ချစ်သူက ကျွန်တော့်အိမ်ထောင်ဖက် ဖြစ်ခဲ့သည်။ မတိုင်မီ ကာလတစ်လျှောက် သူ့အမေအိမ်တွင် အိမ်မှုအလုပ် အစ်မဖြစ်သူတစ်ယောက်အိမ်တွင် တစ်ဖက်က စက်ချုပ်လုပ်ခဲ့ရသည်။ တူ တူမ လေးများ၏ ချေးသေးကအစ အနှီး၊ အဝတ်အထည်များ လျှော်ဖွပ်။ နောက်တော့ သူကိုယ်တိုင်လည်း သူ့သားသမီးများကို လုပ်ကျွေးပြုစု လာရပါသည်။

တဖြည်းဖြည်းနှင့် ကာလပြောင်းတော့ ခေတ်များပြောင်းလာသည်။ ကျွန်တော့် အလုပ်ခွင်လည်း အပြောင်းအလဲများ ဖြစ်သည်။ ဌာနအလုပ်ခွင်၌ ပြလိုပြစားအလုပ်များ ပြလိုပြစား သမားများကဲ့သို့ချည်း အကွက်ဖန် ဉာဏ်ဆင်ကြတာချည်းဆိုသည့်အခါ အလုပ်လုပ်ရသည်ကို မပျော်တော့ပါ။

နမူနာတစ်ခု ပြရလျှင် ထိပ်ဆုံးမှ ဌာနအကြီးအကဲက သူ့အောက် သူ့အတွက် အလုပ်လုပ်ပေးကြသော ညွှန်ချုပ်ကြီးများကို သူ့အတွက် အသက်ပြည့်ကုန်သော်လည်း တစ်နှစ်ပြီးတစ်နှစ် ထပ်ထပ်ပြီးတော့ကာ ခန့်ထားခဲ့သောအခါ ရထိုက် တက်ထိုက်သူတို့လည်း တက်ခွင့်မရ။ တက်ခွင့်မရအောင် ထပ်ခန့်ထပ်ခန့်လုပ်သည်မှာလည်း အောက်အဆင့်လူမှာ အရည်အချင်းမရှိသလိုမျိုး အဖြစ်ခံရတော့ ထိုအောက်လူများ ဘာများလုပ်ကုန်ကြပါသလဲ။

အဆင်ပြေသလိုနေ နေသာသလို လုပ်သာသလိုသာ တာဝန်ကျေလုပ်ပြပြီး ခွင်ဖန်စား ရိုက်စားညစ်စား ပြောင်းတောင်းစားများ  လုပ်ကြပါတော့သည်။ သူတို့ သူတို့ချင်း သင့်မြတ်ရာသာ တောင်းစားကြတော့သည်။ မှန်ကန်သော အလုပ်တော့ မဟုတ်တော့ပါ။

ကျွန်တော် အလုပ်ခွင်ဝင်တော့ ဌာနခွဲတွင် အောက်ဆုံးအဆင့်မှ ဝင်ခဲ့သည်။ ပျော်ခဲ့ပါသည်။ ကျွန်တော် ပင်စင်ယူသောအခါ  ကျွန်တော်အလုပ်ဝင်ခဲ့စဉ် ဌာနခွဲ၌ကြီးမှူး ထမ်းဆောင်သူ၏ ရာထူးအဆင့်ရောက်ရှိကာ ပင်စင်ပြည့်ခဲ့ခြင်း ဖြစ်သည်။ သို့တွင် ကျွန်တော် မပျော်ပိုက်တော့ပါ။ ဖိစီးမှုများလည်း ခံစားခဲ့ရပါသည်။

အယ်လ်ပီအာရ်ခေါ် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို နောက်တစ်နေ့ စတင်တော့မည့် ဌာနအလုပ်ခွင် နောက်ဆုံးနေ့။  ညနေ နေချိုအေးအေးကလေး၌ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ကလေးအတိုင်း  နေအိမ်ရောက်သည်အထိ ကျွန်တော့်ကိုယ်ပိုင်စာအုပ်များနှင့် စာရွက်စာတမ်းအထုပ်တို့ကိုဆွဲကာ တစ်လှမ်းချင်း လမ်းလျှောက် အိမ်ပြန်ရင်းက ယခုကဲ့သို့ အတိတ်မှသည် ပစ္စုပ္ပန်ပုံရိပ်များ အရိပ်ထိုးလာခဲ့ခြင်း ဖြစ်ပါလေ သည်။

ကျွန်တော့်၏ချစ်ဇနီး ပါရမီဖြည့်ဖက်သည်လည်း ငယ်တုန်းကလည်း ငယ်တုန်းက အလျောက်၊ ယခုလို အိုလာပြန်တော့လည်း  အိုလာသည့်အလျောက် အလုပ်များကို တကုပ်ကုပ် လုပ်နေရဆဲ ဖြစ်လေသည်။

Most Read

Most Recent