ဖြူရာက နီသွားတဲ့ တံတားနီ

ဖြူရာက နီသွားတဲ့ တံတားနီ
Published 17 March 2018

၂၀၁၈ ခုနှစ် မတ် ၁၆ ရက်က တံတားနီ နှစ် ၃၀ ပြည့်အခမ်းအနား အင်းလျားကန်ဘောင်တွင် ကျင်းပစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

တံတားနီနေ့သည်ကား နှစ် ၃၀ ပင် ကြာခဲ့လေပြီ။ မနေ့က ဖြစ်ခဲ့သလိုပင် စိတ်မျက်စိထဲတွင် မြင်ယောင်ဆဲပါ။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မဆလအစိုးရ၏ လုံထိန်းတပ်၏ ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ် ကျောင်းသား ‘ကိုဖုန်းမော်’ သေနတ်သုံးချက်မှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးသွားကြောင်း သတင်းသည် ရန်ကုန်တက္ကသိုလ် (ပင်မ) သို့ ပျံ့နှံ့လာသည်။ မတ်လ ၁၄ ရက် တနင်္လာနေ့တွင်ကား ရန်ကုန်တက္ကသိုလ် (ပင်မ) ထဲတွင် ကျောင်းသားများမှာ စာသင်ခန်းထဲတွင် အနည်းအကျဉ်းသာ ရှိသည်။ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနှင့် တီးတိုးစကားများ ဝိုင်းဖွဲ့နေကြသည်။ ကင်တင်းများတွင်လည်း ကျောင်းသားများ၏ တီးတိုးစကားဝိုင်းများ။ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ဝင်းထဲတွင် သွေးမြေကျသည့်ကိစ္စ၊ ရဲဘော် ဖုန်းမော်ကျဆုံးသည့် ကိစ္စများကို ပြောဆိုနေကြခြင်းပင် ဖြစ်သည်။ (ထိုရက်များက ကိုစိုးနိုင်မှာ မကျဆုံးသေးပါ။ ဆေးရုံတွင် ဆေးကုသနေဆဲပါ။ ၁၇-၃-၈၈ ရက်မှ ကျဆုံးသည်ဟု နောက်မှသိရပါသည်။)

ကျောင်းသားနှင့် ပြည်သူများမှာ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၂၅ ရက် ငွေစက္ကူကိစ္စကတည်းက မဆလအစိုးရကို  ကိုယ်စီကိုယ်စီ လုံးဝမကျေနပ်သော အခြေအနေတွင် ကျောင်းသားနှင့် ရပ်ကွက်ထဲရှိ လူငယ်တို့၏ သာမန်ပြဿနာလေးကို ငွေစက္ကူကိစ္စကြောင့် အိုးမလုံ အုံပွင့်ဖြစ်နေသော မဆလအစိုးရက ပြဿနာကြီးမှာကို စိုးရိမ်ကြောက်လန့်ပြီး ကျောင်းသားများကို တစ်ဖက်သတ် ရန်စွယ်အငြိုးဖြင့် ဖိနှိပ်လိုက်သည့် ဇာတ်လမ်းဆိုးကြီးသည် ရန်ကုန်တက္ကသိုလ် (ပင်မ) ရှိ ကျောင်းသားများ၏ ရင်ထဲတွင်ကား ပေါက်ကွဲရန် တာစူနေကြပေပြီ။

အခြားကျောင်းသားများ ရုံးစုရုံးစု ဖြစ်နေသလို ကျွန်တော်တို့ အုပ်စုငါးယောက်(အမည်များ မဖော်ပြတော့ပါ)သည်လည်း ခေါင်းချင်း ဆိုင်နေကြပါသည်။ ကျောင်းသားများ၏ သွေးနှင့် ပြည်သူဘက်က ရပ်ရမည်၊ မတရားမှုကို မတရားကြောင်း ပြည်သူသိအောင် ကမ္ဘာသိအောင်ပြရမည် စသည်စသည်စကားများ ပြောဖြစ်ကြပါသည်။ ထိုစဉ်မှာပင် ဒေါက်တာဇော်မင်း (ဒေါက်တာဇော်ထွန်း၏အစ်ကို) ဆီမှ အကြံပေးချက်ရလာခဲ့ပါသည်။ RIT ကိစ္စမှာ မဆလအစိုးရ၏ အကြမ်းဖက် ယုတ်မာမှုဖြစ်ကြောင်း၊ မတရားမှုကို မဆလအစိုးရသိရန်၊ ကျောင်းသားနှင့် ပြည်သူများသိရန် လိုအပ်ကြောင်း၊ ကိုဖုန်းမော် ကျဆုံးမှုဖြစ်စဉ်အမှန်ကို ဖော်ထုတ်ရေးသားကာ ကျောင်းထဲတွင် စာရွက်များဖြန့်ရန် လိုအပ်ကြောင်း၊ ကျောင်းသားများ ပေါက်ကွဲဆန္ဒပြကြလျှင် ကျောင်းသားထု၏ သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူသင့်ကြောင်းများ ဖြစ်ပါသည်။ ထိုစဉ်က RIT ကျောင်းသား ကိုစိုးသိန်း (ယခု စာရေးဆရာ မောင်ရှင်စော) မှာ RIT ကျောင်းထဲသို့ သွားလိုက်၊ ပြန်လိုက်နှင့် RIT ကျောင်းသားများ၏ အခြေအနေအားလုံးနီးပါးကို သိရှိနေပါသည်။

ဤသို့နှင့် ကျွန်တော်တို့ အုပ်စုမှာ စာများရေးကြကူးကြသည်။ (ထိုစဉ်က ဖယောင်းစက္ကူပေါ်တွင် မီးချောင်းဖြင့် လှိမ့်သည့် အတတ်ကို မတတ်သေးသလို အချိန်လည်းမရခဲ့ပါ) သားရေပင်ဖြင့် လိပ်ထားသော စာရွက်လိပ်များကို လျှို့ဝှက်၍ ကျောင်းစာသင်ခန်းများထဲတွင် ဖြန့်ကြသည်။ အချို့က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ လျှို့ဝှက်ဖြန့်ကြသည်။

ပြီးလျှင် ကျွန်တော်တို့ အုပ်စုထဲမှ တစ်ဦး၏ ချစ်သူမိန်းကလေးကို အကူအညီတောင်း၍ ပိတ်စအနီ ဝယ်သည်။ (ယောကျ်ားလေးဝယ်လျှင် သံသယဝင်မည်စိုး၍ ပိတ်စအနီကို မိန်းကလေးဝယ်စေခြင်းဖြစ်) သင်္ဘောဆေးဝယ်သည်။ စုတ်တံဝယ်သည်။ မြေဖြူ ဝယ်သည်။ ဘန်နီကြိုးဝယ်သည်။ အဆင်သင့် ရေးဆွဲရန် ပြင်ဆင်ထားကြသည်။

ကျွန်တော်၏ တာဝန်မှာ ခွပ်ဒေါင်းအလံ ဆွဲရန်ဖြစ်ခဲ့သည်။ ကျွန်တော်သည် စစ်ကိုင်းဆောင်ရှိ ပန်းချီဆရာ ကိုမောင်မောင်ထွေး (မဟာဝိဇ္ဇာ မြန်မာစာတက်နေသူ) ဆီကို ဆရာမောင်သာရ၏ ‘ကျည်တုံ့ခံဝံ့ မခံဝံ့’ စာအုပ်ကို ယူကာသွားသည်။ ကိုမောင်မောင်ထွေးကို စာအုပ်မျက်နှာဖုံးမှ ခွပ်ဒေါင်းပုံကိုပြကာ အရေးအကြောင်းရှိလျှင် ဆွဲပေးရန် အကူအညီတောင်းသည်။ ကိုမောင်မောင်ထွေးက အလုပ်မအား၍ ဆွဲပေးရန် ခက်ခဲကြောင်းပြောရာ ကျွန်တော်က ဆက်ပြီး “နမူနာပုံလေးတော့ ကျွန်တော့်ကို ဆွဲပြပါဗျာ” ဟု ပြောသည့်အခါ ကိုမောင်မောင်ထွေးက လက်မလက်သည်းခန့် ပုံလေးဆွဲပေးပါသည်။ ကျွန်တော်ကလည်း သူဆွဲပုံဆွဲနည်းကို သေချာကြည့်ထားခဲ့ပါသည်။ (ကိုမောင်မောင်ထွေးမှာ ဘယ်ရောက်နေမှန်းမသိပါ။ ဖုန်းပိတ်ထားပါသည်)

မတ်လ ၁၅ ရက်နေ့ ညတွင် ကျွန်တော် ည ၁၂ နာရီလောက်ထိ ခွပ်ဒေါင်းပုံကို ရေးဆွဲလေ့ကျင့်နေခဲ့ပါသည်။ မတ်လ ၁၆ ရက်နေ့ကား ရောက်ခဲ့ပါပြီ။ ကျွန်တော်တို့အုပ်စုမှာ လူခွဲ၍ ကျောင်းထဲသို့ လျှောက်သွားကာ ကျောင်းသားများကို လေ့လာနေကြပါသည်။ ကျောင်းသားများမှာ အုပ်စု ... အုပ်စု ... ရုံးစု...ရုံးစုနှင့် လေးငါးယောက် အချင်းချင်းသာ တီးတိုးစကားများ ပြောနေကြပါသည်။ နောင်မှ ကျွန်တော် ပြန်စဉ်းစားမိသည်မှာ ကျောင်းသားများမှာ ဘယ်သူစပြီး ဖောက်ခွဲမလဲ စောင့်နေကြခြင်း ဖြစ်ပါသည်။ ကျွန်တော်အ ကဲမခတ်တတ်ခဲ့ပါ။ နေ့ခင်း ၁၂ နာရီကျော် ၁ နာရီလောက်ရောက်သောအခါ ကျွန်တော်သည် စိတ်ဓာတ်ကျပြီး “ကျွန်တော် အဆောင်ပြန်လိုက်ဦးမယ်ဗျာ။ ဒီအတိုင်းဆို ဘာမှဖြစ်တော့မှာ မဟုတ်ဘူးထင်တယ်ဗျာ” ဟု ကျွန်တော့်အုပ်စုကို ပြောပြီး ကန်လမ်း ပုဂ္ဂလအဆောင်သို့ ပြန်ခဲ့ပါသည်။

ကျွန်တော် အဆောင်သို့ ရောက်သည်မှာ လေးဆယ့်ငါးမိနစ်လောက်ပင်ရှိသေး ချိန်မှာပင် ကိုစိုးသိန်း (မောင်ရှင်စော) မှာ အမောတကော ရောက်လာပါသည်။ ရောက်ရောက်ချင်းပင် ဟောဟဲဆိုက်ရင်း ကိုစိုးသိန်းက “ဟေ့ လူဖြစ်နေပြီ.. ဖြစ်နေပြီ ... မြန်မြန် လုပ်” ဟု။ အသင့်ပြင်ဆင်ထားသော ပစ္စည်းများဖြစ်သည့် ပိတ်စအနီကို ကျွန်တော်၏ သံသေတ္တာပေါ်တွင် ကိုစိုးသိန်းက ပိတ်စတင်းနေအောင် ကိုင်ထားပေးသည်။ ကျွန်တော်က ဘန်နီကြိုးနှင့် မြေဖြူကိုသုံးကာ စက်ဝိုင်း ဝိုင်းလိုက်သည်။ မြေဖြူဖြင့် ခွပ်ဒေါင်းပုံကို ဆွဲလိုက်သည်။ ပြီးမှ စုတ်တံကိုင်ကာ သင်္ဘောဆေးနှင့် လိုက်၍ ဆွဲလိုက်သည်။ ပြီးသွားသောအခါ ကိုစိုးသိန်းက သင်္ဘောဆေး မြန်မြန်ခြောက်ရန် ပိတ်စနှစ်ဖက်ကို ကိုင်၍ ယက်ခတ်သလို ရှေ့နောက်ခတ်နေခိုက် ကျွန်တော်က အဝတ်အစား အမြန်လဲလိုက်သည်။

ကျွန်တော်နှင့် ကိုစိုးသိန်းမှာ ကန်လမ်းမှ ပြည်လမ်းအတိုင်း အမြန်လျှောက်လာခဲ့သည်။ ကျွန်တော်တို့ ကျောင်းထဲသို့ ရောက်သောအခါ ကျောင်းသားထုကြီးမှ ကွန်ဗိုကေးရှင်းရှေ့မှစ၍ ထွက်နေလေပြီ။ စီးပွားရေး တက္ကသိုလ်ရှေ့ ရောက်သောအခါ ကျောင်းသားအုပ်စုကြားရောက်နေသော ကျွန်တော်က ဝမ်းဗိုက်ထဲတွင် ဝှက်ယူလာသည့် ခွပ်ဒေါင်းအလံကို ထုတ်ပြီး အပေါ်သို့ မြှင့်ပစ်လွှတ်လိုက်ရာ ကျောင်းသားများက “ပိတ်စအနီကြီး ... ဘာလဲကွ ... ဘာလဲကွ” ဆိုကာ ဝါးလုံးရှာကြသည်။ စီးပွားရေးတက္ကသိုလ်ရှေ့ ကျောင်းတံတိုင်းစည်းရိုးဘေးတွင် ကံကောင်းစွာပင် ခြောက်ပေကျော်ခန့်ရှိသော ဝါးလုံးဟောင်းကို တွေ့ကြသည်။ အလံကို ချည်ကြသည်။ အလံကို ကျောင်းသားထုတပ်ဦးမှ လွှင့်ထူရင်း ချီတက်ကြသည်။ ထိုစဉ်က အလံကိုင်သူ၏ပုံစံကို ကျွန်တော်မှတ်မိနေသေး သည်။ ကျောင်းသားအရန်တပ်ရင်း (UTC) မှ ကျောင်းသားတစ်ဦး ဖြစ်သည်။ စစ်ဘောင်းဘီကို ဒူးခေါင်းလောက်ထိ လိပ်တင်ထားသည်။ စစ်စွပ်ကျယ်ချိုင်းပြတ်ကို ဝတ်ထားသည်။ (ထိုကျောင်းသားမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က ကျွန်တော် သိရသည်။ ကျွန်တော့် သူငယ်ချင်း အာကာအောင်၊ ကျော်ကျော်ငြိမ်းတို့၏ သူငယ်ချင်းဖြစ်နေသည်။ အမည်မေ့နေ၍ပါ)။ ထပ်၍ ကျွန်တော် အပိုရေးပြချင်သည်မှာ ထိုစဉ်က ကျွန်တော်ရေးဆွဲခဲ့သည်မှာ သင်္ဘောဆေး အဖြူရောင်ဖြစ်ပါသည်။ ကျွန်တော်တို့ မှားခဲ့ပါသည်။ ဆေးမှာ အဝါရောင် ဖြစ်သင့်ပါသည်။ ကျောင်းသားထု၏ ခွပ်ဒေါင်းအလံနိမိတ်ပုံသင်္ကေတ စက်ဝိုင်းသည် ကျောင်းသားထုကို ချုပ်ချယ်၍မရ ဖိနှိပ်၍မရ။ ထို့ကြောင့် မတရားမှုဆိုလျှင် တိုက်ခိုက်မည့်ကျောင်းသားထု၏ ခွပ်ဒေါင်းက စက်ဝိုင်းကို ဖောက်ထွက်နေခြင်းဖြစ်သောကြောင့် ကျွန်တော်တို့ ရေးဆွဲခဲ့သည့် သင်္ဘောဆေးအဖြူရောင်မှာ မှားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံရခြင်း ဖြစ်ပါသည်။ (ထိုခွပ်ဒေါင်းအလံအကြောင်းကို ကျွန်တော်တို့ ထောက်လှမ်းရေးထံ အဖမ်းခံရစဉ်က ကျွန်တော့်အထက်မှ ပုဂ္ဂိုလ်တစ်ဦးကြောင့် ထောက်လှမ်းရေးက သိခဲ့ရာ “မင်း အဲဒီကိစ္စဘာလို့ မပြောရတာလဲ” ဆိုကာ ကျွန်တော် နရင်းတစ်ချက် အတီးခံရဖူးပါသည်။ ကျွန်တော်ကလည်း “အရေးမကြီးဘူး ထင်လို့ပါ” ဟု ပြန်ပြောရာ “ဘာအရေးမကြီးရမှာလဲကွ’ဆိုကာ ထပ်ပြီး အတီးခံရပါသည်)

ဤသို့နှင့် ကျောင်းသားထုကြီးမှာ ရန်ကုန်တက္ကသိုလ် (လှိုင်)မှ ကျောင်းသားများနှင့် ပူးပေါင်းရန် ပြည်လမ်းမှ ချီတက်လာနေဆဲ အင်းလျားကန်အဆုံး (ယခု IBC) နားတွင် စစ်တပ်က သံဆူးကြိုးများ ရှေ့ထားကာရံပြီး စောင့်ကြိုနေပါသည်။ ကျောင်းသားများသည် ထိုစဉ်က “ပြည်သူ့တပ်မတော်တို့ တပ်မတော်” “ပြည်သူ့စစ်တပ်တို့စစ်တပ်” ဟု သံပြိုင်အော်ကာ တပ်မတော်၏ စစ်ချီသီချင်းများကို သံပြိုင်အော်ဆိုပြီး စစ်တပ်ကို မျက်နှာချိုသွေးခဲ့သော်လည်း စစ်တပ်က ဖယ်မပေးခဲ့ပါ။ ရှေ့ဆက်ချီမတက်ရန်သာ ပြောခဲ့ပါသည်။ ကျောင်းသားများထဲမှ နှစ်ဦးသုံးဦးက (အာဗြဲဇော်မင်းတို့ ထင်ပါသည်) စစ်တပ်မှ ဗိုလ်မှူးကြီးနှင့် သွားရောက်ပြောဆို ညှိနှိုင်းကြပါသည်။ ရှေ့ဆက်ချီတက်ရန်အတွက် ဖြစ်ပါသည်။ ထိုသို့ ညှိနှိုင်းနေဆဲ၌ ကျောင်းသားထု၏ နောက်ကျော အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်မှနေ၍ လုံထိန်းတပ်ကြီး ရောက်လာကာဘာမှ အော်ဟစ်ပြောဆိုကြေ ညာခြင်း မရှိဘဲကျောင်းသူ၊ ကျောင်းသား မရွေးတွေ့ရာ ကျောင်းသားထုကို ရိုက်နှက် ဖမ်းဆီးပါလေတော့သည်။ ကျောင်းသားများမှာ ဖရိုဖရဲ၊ အလဲလဲအကွဲကွဲနှင့် ဟိုပြေးဒီပြေးနှင့် သွေးသံတရဲရဲဖြစ်ကာ လူစုကွဲကုန်ကြပါသည်။ တံတားဖြူကား တံတားနီဖြစ်သွားခဲ့ပေပြီ။  ကျွန်တော်သည် ရပ်ကွက်ဘက်သို့ ပြေးရင်း သံယောဇဉ်မပြတ်ဘဲ ခွပ်ဒေါင်းအလံကိုပြေးရင်း  လှမ်းကြည့်လိုက်ရာ ခွပ်ဒေါင်းအလံကိုင်ထားသည့် ကျောင်းသားရဲဘော်မှာ အလံကို ထောင်လျက်ကိုင်ရင်း အင်းလျားပေါင်တွင်  ဟိုပြေးဒီပြေး ဖြစ်နေသည်ကို မြင်ခဲ့ရပါသည်။  ကျွန်တော်နှင့်အတူ ချီတက်ခဲ့သည့် ကိုစိုးသိန်း၊ ကိုမြင့်သိန်းနိုင်တို့နှင့်လည်း ကွဲသွားကာ ငါးပေကျော်နီးပါးရှိသည့် တံတိုင်းများကို မည်သို့ ကျော်ခဲ့သည် မမှတ်မိ။ သစ်ခွပန်းများ စိုက်ထားသည့် ခြံဝင်းထဲသို့ ရောက်သွားပါသည်။  ခြံစောင့်ဦးလေးကြီးက ကျွန်တော့်ကဲ့သို့ ပြေးလာသည့် ကျောင်းသားများကို ရေတိုက်ကာ မဆလအစိုးရ၏ မတရားမှုများကို  အားပါးတရ ပြောဆိုနေပါတော့သည်။ ကျွန်တော်တို့မှာ သူ၏စကားများကို မြိန်ရေရှက်ရေ နားထောင်ပြီး အမောများပင် ပြေသွားပါပေတော့သည်။ ညနေ နေဝင်ရီ တရောအချိန်တွင် ကျွန်တော်သည် ခြံစည်းရိုးများကိုကျော်ကာ ကန်လမ်းအဆောင်သို့ ရောက်ရှိခဲ့ပြီး ကျွန်တော်၏အုပ်စု သူငယ်ချင်းများနှင့် ဖြစ်ပြီးသမျှကို ပြောဆိုအပြီး ကျွန်တော်၏ သံသေတ္တာကို လှမ်းကြည့်လိုက်ရာ ကျွန်တော်ရင်ခုန်ပြီး တုန်လှုပ်သွားပါသည်။ အကြောင်းမှာ ကျွန်တော်၏ သံသေတ္တာပေါ်တွင် ဖုံးကာထားသော ပလတ်စတစ် အကြည်သားပေါ်တွင်  သင်္ဘောဆေးအဖြူဖြင့် ရေးဆွဲခဲ့သော ခွပ် ဒေါင်းအလံမှာ ပိတ်စကိုဖောက်ပြီး  ထင်ထင်ကြီး ပေါ်လွင်နေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်မှာ ကြောက်ကြောက်လန့်လန့်ဖြင့်  ထိုပလတ်စတစ်ကို အမြန်ခွာကာ အမြန်ဖျောက်ဖျက်ပစ်ပါလေတော့သတည်း။  စာကြွင်း - နောင်မှ သိရသည်မှာ သစ်ခွပန်းခြံကို စောင့်နေသည်မှာ ၇၄ အလုပ်သမားထောင်ထွက်  အလုပ်သမားခေါင်းဆောင် ဦးရွှေလင်းဖြစ်ပြီး ထိုနေ့က ကွန်ဗိုကေးရှင်းရှေ့တွင် စတင်၍ ဖောက်ခွဲကြသည့် ကျောင်းသားများမှာ  အာဗြဲ ခေါ်ဇော်မင်း၊ လှမျိုးနောင်၊ ကိုကိုလတ်  (ခရစ္စတိုဖာ) တို့နှင့် ကျောင်းသားအချို့ ဖြစ်ကြောင်းပါ။ ဆက်၍ ၁၉၈၈ ခု မတ်လ ၁၇  ရက်အကြောင်း၊ မတ်လ ၁၈  ရက် ရဲအချုပ်ကားထဲ အစုလိုက်သေခဲ့သည့်  အကြောင်းများကို ဖော်ပြသွားပါမည်။ ဂုဏ်ဖော်လို၍ မဟုတ်ပါ။ သမိုင်းဖြစ်စဉ်အမှန်ကို  ဖော်ပြခြင်းဖြစ်သာ ဖြစ်ပါသည်။

Most Read

Most Recent