အိမ်နီးနားချင်း

အိမ်နီးနားချင်း
Published 16 March 2018

ရန်ကုန်မြို့ရှိ တိုက်ခန်းအချို့ကို တွေ့ရစဉ်

အခုတစ်ခေါက် အိမ်ပြန်ရောက်ကတည်းက စိတ်ညစ်နေရတဲ့ကိစ္စတစ်ခုရှိတယ်။ အဲဒါကတော့ အသံတွေကြောင့်ပါပဲ။ လူတွေထဲနေတာပဲ အသံတော့ကြားရမှာပေါ့။ အသံမကြားချင် တောထဲသွားနေလို့ ဘုတောကြမလားတော့မသိဘူး။

တော်ရုံသင့်ရုံဆို ကျွန်တော်သည်းခံနိုင်ပါတယ်။ အခုက စာရေးလို့မရ၊ စာဖတ်လို့မရနိုင်လောက်အောင်ကို ဆူညံသံတွေက ညှဉ်းပန်းနှိပ်စက်နေကြလို့ စိတ်ညစ်နေရတာပါ။ စိတ်ညစ်ရတာရဲ့ အဓိကပင်မကတော့ ကျွန်တော့်အိမ်တောင်ဘက်ကအိမ်မှာ လာငှားနေကြတဲ့ မိသားစုတစ်စုကြောင့်ပဲ။ အမြဲတမ်း ဆူညံပွက်လောရိုက်နေကြတယ်။

စကားများ ရန်ဖြစ်ရင်ဖြစ်၊ ရန်မဖြစ်ရင် အသံအကျယ်ကြီးတွေနဲ့ ရယ်ရင်ရယ်၊ အဲဒါတွေမလုပ်ဖူးဆို တီဗွီကို အကျယ်ကြီးဖွင့် တစ်ခုမဟုတ်တစ်ခုနဲ့ နိစ္စဓူဝနှိပ်စက်နေတတ်တယ်။ အိမ်ချင်းက လမ်းကလေးပဲခြားနေတော့အသံတွေကို အတိုင်းသားကြားနေရတယ်။ စာကလေးရေးဖို့ အတွေးရလို့ ချရေးမယ်ကြံလိုက်ရင် ဒုန်းခနဲ ဒိုင်းခနဲ ပေါက်ခွဲသံတွေကြောင့် ဆက်ရေးမရတော့ဘဲ ရပ်ထားလိုက်ရတဲ့အကြိမ်ရေလည်း များလှပြီ။

စာရေးမရရင် စာဖတ်မယ်တွေးပြီး စာအုပ်ကောက်ကိုင်ပြီး လှန်လိုက်တယ်ဆိုရင်ပဲ ဝေါခနဲပွင့်ထွက်လာတဲ့ ရယ်သံတွေကြောင့် အလန့်တကြားဖြစ်ပြီး ဆက်ဖတ်လို့မရတော့လို့ ချထားလိုက်ရတဲ့အကြိမ်ရေကလည်း မနည်းတော့ဘူး။ တဆိတ်တော့ တရားလွန်လွန်းနေပါပြီ။ အိမ်နီးချင်းရဲ့အသံတွေ ဆူညံလွန်းလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုတဲ့ သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ တရားခံကို ကိုယ်ချင်းစာသွားမိတယ် ပြောရမလားတောင် မသိတော့ဘူး။ ကျွန်တော့်လက်ထဲ သေနတ်ရှိရင် ကျွန်တော်လည်း အဲဒီသတင်းထဲကလူလို တုံ့ပြန်မိမလားလို့တောင် တွေးနေမိသေးတယ်။

ကျွန်တော်တို့ရပ်ကွက်က ဆင်ခြေဖုံးရပ်ကွက်ပါ။ လက်လုပ်လက်စားတွေများတော့ စည်းကမ်းတကျမနေထိုင်တတ်တာ မှန်ပေမယ့် အမြဲတမ်းတော့ ဆူညံမနေကြပါဘူး။

အထူးသဖြင့် ညဘက်အိပ်ချိန်ဆို တိတ်ဆိတ်နေတတ်ကြပါတယ်။ အဲဒီအိမ်ကိုတော့ ခြွင်းချက်ထည့်ပြောရမှာပါပဲ။ တစ်ရပ်ကွက်လုံးမှာ အဆူညံဆုံးအိမ်လို့တောင် ဆုပေးရမယ့်သဘောရှိပါတယ်။ လုပ်တဲ့အလုပ်က အကြားအမြင်ဆရာမတဲ့။ အမြဲတမ်းရန်ဖြစ်၊ အမြဲတမ်းပြဿနာတက်နေတတ်တယ်။ ကျွန်တော်တို့မြို့ကလည်း မဟုတ်ဘူး။ အောက်ပိုင်းကနေ ပြောင်းလာပြီး အိမ်ငှားနေကြတာ။ မိသားစုက ခုနစ်ယောက် ရှစ်ယောက်လောက်ရှိတယ်။

လူရှစ်ယောက်စာရဲ့အသံက လူရှစ်ဆယ်ရဲ့အသံလောက်ရှိတယ်လို့ ကျွန်တော်ပြောရင် လွန်လွန်းတယ်လို့ထင်ကြမယ်။ ကျွန်တော့်အတွက် အဲဒီစကားက လိုတောင်လိုနေပါသေးတယ်။

အရပ်ကိုမှ အားမနာဆိုတာ အဲဒီအိမ်အတွက် ပေါ်လာတဲ့စကားဖြစ်မယ်ထင်တာပဲ။ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းသိရင် အဲဒီအိမ် ချက်ချင်းလက်ငင်းတောင် ထီပေါက်သွားနိုင်တယ်။ အသံတွေကြောင့် ခဏခဏဒေါသထွက်ရ၊ စိတ်ညစ်နေရလို့ သူတို့ကိုသွားပြောဖို့ ကျွန်တော်ကြိုးစားတော့ အမေက မပြောဖို့တားပါတယ်။ အိမ်နီးချင်းတွေဆိုတော့ ရန်ဖြစ်ရ၊ စကားများရရင် ဘယ်ကောင်းမလဲတဲ့။ သူတို့ တခြားကနေ ပြောင်းလာတဲ့လူတွေပဲတဲ့။ ကိုယ့်တစ်အိမ်တည်း ကြားနေရတာမှ မဟုတ်တာတဲ့။ အမေက တရားဟောတော့ ကျွန်တော်လည်း သွားမပြောသာတော့ဘူး။

အရပ်ကနားလည်မှုရှိရင် သူတို့လည်း နားလည်မှုရှိဖို့ကောင်းတတ်ပေမယ့် သူတို့ရဲ့နိစ္စဓူ၀ နားအဓမ္မကျင့်တဲ့ကိစ္စကတော့ မရပ်တန့်တဲ့အပြင် ပိုပြီးတောင်ဆိုးရွားလာတယ်လို့တောင် ထင်ရပါတယ်။ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတဲ့လူဆိုတာ ပြဋ္ဌာန်းမထားတဲ့ လူမှုရေးအခြေခံကျင့်ဝတ်ကိုတော့ လိုက်နာသင့်တာပေါ့။ ကိုယ့်အိမ်က ဆူညံသံတွေက သူတစ်ပါးရဲ့စိတ်ကို ညစ်ညူးစေမယ်ဆိုတာ အနည်းနဲ့အများတော့ တွေးမိဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။

အားနာမှုတွေ၊ ဆင်ခြင်မှုတွေဆိုတာ သူတို့နဲ့မသက်ဆိုင်တဲ့အရာလိုပဲ သူတို့အိမ်ကတော့ နိစ္စဓူ၀ အော်ကြီးဟစ်ကျယ် ရန်ဖြစ်မြဲ။ ဆူညံစွာစကားပြောဆိုဆဲ ဆူညံစွာရယ်မြဲ။ ဆူညံမှုကို အရသာခံနေကြတယ်လို့တောင် ထင်ရတယ်။

လူဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိတယ်ဆိုပေမယ့် အရပ်ကိုမှ အားမနာဆိုတဲ့အဆင့်အထိတော့ လျှောကျသွားဖို့ မကောင်းဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ လမ်းပေါ်ဆေးရိုးတက်လှန်းတာနဲ့ သူတို့အိမ်ရဲ့ဆူညံသံတွေက အဓိပ္ပာယ်အတူတူ ထွက်နေပါလိမ့်မယ်။

အရင်က ကျွန်တော်စာရေး၊ စာဖတ်ပြီဆို ပတ်ဝန်းကျင်က ဘယ်လောက်ပဲဆူညံဆူညံ ရေးလို့ရ၊ ဖတ်လို့ရပါတယ်။ အခုအချိန်ကာလတွေကျ အဲဒီလိုမဟုတ်တော့ပြန်ဘူး။ နည်းနည်းလောက်ဆူညံနေရင်ကို ရေးလို့၊ ဖတ်လို့မရတော့ဘူး။ အကြည်ဓာတ် နည်းပါးသွားလို့လား။ အရာရာကို သည်းခံနိုင်မှုစွမ်းအားတွေ ကျဆင်းသွားတဲ့သဘောလား မသိတော့ပါ။ ဘာတစ်ခုမှ အဆင်မပြေတဲ့ လူတစ်ယောက်ရဲ့စိတ်ဟာ အမြဲတမ်းရန်လိုနေတဲ့ သတ္တဝါတစ်ကောင်နဲ့ အတူတူပဲဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒီလောက်အထိလည်း ကျွန်တော့်စိတ်အနေအထားက နိမ့်ပါးမသွားသေးဘူးဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။

တစ်ရပ်ကွက်လုံးမှာ သူတို့အိမ်ရဲ့အသံတွေက အနှောင့်အယှက်အပေးဆုံးပါပဲ။ အလုပ်ရှာမရသေးတော့ ဝင်ငွေကမရှိ။ အလုပ်မရှိလို့ အားလပ်နေတဲ့ နေ့လယ်ခင်းတွေကို ကျော်ဖြတ်ဖို့ဆိုတာ စာရေး၊ စာဖတ်နေတာက အလုပ်သင့်ဆုံးကိစ္စတစ်ခုပဲ မဟုတ်လား။ အလိုက်ကန်းဆိုးမသိတဲ့ အိမ်နီးချင်းကြောင့် ကျွန်တော့်စိတ်ကူးတွေ ခဏခဏခြွေချခံရတယ်။ စိတ်ထဲကနေ ကျိန်ဆဲမိတာလည်း ကျွန်တော်လွန်တယ်လို့ မထင်ပါဘူး။ စိတ်ပျက်လက်ပျက် လက်ဖက်ရည်ဆိုင်သွားထိုင်ပြီး ညနေစောင်းမှ အိမ်ပြန်လာလည်း အဲဒီအိမ်ရဲ့အသံဆိုးတွေက ငြိမ်သက်မသွားသေးဘူး။ နိစ္စဓူ၀ ဆူပွက်နေတဲ့အသံတွေက ညဘက်ရောက်တဲ့အထိ တောက်လောင်နေကြတုန်းပဲ။

တစ်ခါတစ်ခါ နံနက် ၂ နာရီ၊ ၃ နာရီအထိ အသံတွေထွက်နေကြတုန်း။ စိတ်ထဲမကျေနပ်ပေမယ့် ဘာမှလုပ်လို့ရတဲ့ကိစ္စလည်းမဟုတ်။ မဆူပါနဲ့လို့သွားပြောရင်လည်း ကိုယ်ပဲအလွန်ဖြစ်မယ်။ သူတို့နဲ့ အိမ်ချင်းကပ်နေတဲ့လူတွေကတောင် မပြောတဲ့ဟာကို တစ်လမ်းကျော်အိမ်က ကျွန်တော်ကသွားပြောရင် ကျွန်တော်ပဲ ငပွကြီးဖြစ်နေမယ်မဟုတ်လား။ ဆိတ်ငြိမ်မှုရဲ့တန်ဖိုးကို ဆူညံနေတဲ့အချိန်ကျမှ ပိုပြီးခံစားနားလည်လာရတယ်။

ပညာမတတ်တဲ့လူတွေမို့ နားလည်မှုမရှိကြတာလားလို့ အချဉ်ပေါက်ပြီးတွေးမိတယ်။ သိပ်တော့မဆိုင်ပါဘူး။ ရပ်ကွက်ထဲ သူတို့တစ်အိမ်ပဲ ဆူညံနေတာလေ။ ကျန်တဲ့အိမ်တွေက အေးအေးဆေးဆေးပဲ။ ရန်ဖြစ်တဲ့အခါ ထွက်လာတဲ့ ညစ်ညမ်းတဲ့ဆဲရေးသံတွေ၊ ဝေါခနဲပြုတ်ကျလာတဲ့ ရယ်သံတွေ၊ အကျယ်ကြီးဖွင့်ထားတဲ့ မြန်မာဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေထဲက လူသေခန်း ငိုကြွေးသံတွေက မသိရင် သူတို့အိမ်ကလူပဲ သေသွားသလိုပဲ။ တကယ့်ငရဲပါပဲ။ တကယ့် အကုသိုလ်အတုံးအခဲကြီးတွေပါပဲ။

အမြဲတမ်းရန်ဖြစ်၊ အမြဲတမ်းပြဿနာတက်နေတဲ့ အကြားအမြင်ဆရာမအိမ်မို့ အထင်တော့မသေးလိုက်နဲ့ဦး။ လာလိုက်ကြတဲ့ဧည့်သည်တွေ နေ့တိုင်းပြတ်တယ်ကိုမရှိဘူး။ သူ့အိမ်သူတောင် အေးချမ်းအောင်မလုပ်နိုင်တဲ့ အကြားအမြင်ဆရာမကို ဘာတွေစွမ်းလို့ ယုံကြည်နေကြတာလဲလို့ ကျွန်တော်ဖြင့် ဘယ်လိုမှကိုစဉ်းစားလို့မရဘူး။ လာတဲ့လူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ဘူး။ အမည်းရောင်ဝတ်စုံနဲ့ ရှေ့နေမတွေရော၊ အဖြူအစိမ်းနဲ့ ကျောင်းဆရာမတွေရော၊ ရွှေတွေညွတ်နေအောင်ဝတ်ထားတဲ့ သူဌေးမတွေရော စုံနေတာပဲ တစ်ခါတစ်ခါ လူမျိုးခြားတွေလည်း ပါသေးတယ်။

ဗေဒင်ယတြာကိုယုံကြတာ အမျိုးသမီးတွေပဲ အများစုလို့ထင်ထားပေမယ့် အမျိုးသားတွေပါ လာမေးကြတာကိုတွေ့ရလို့ ကျွန်တော်အံ့သြနေမိသေးတယ်။ ပညာတတ်ဆိုတဲ့လူတွေ၊ သူဌေးဆိုတဲ့လူတွေဟာ လိမ်လို့ကောင်းတဲ့လူတန်းစားထဲ ပါနေကြပါလားလို့တောင် ကားနဲ့တစ်မျိုး၊ ဆိုင်ကယ်နဲ့တစ်ဖုံ ဝင်ထွက်သွားလာနေကြတဲ့ သူတို့အိမ်ကိုကြည့်ရင်း ကျွန်တော်တွေးမိတယ်။

“အကြားအမြင်ဆရာမအိမ်က ဧည့်သည်တွေလာလှချည်လား” လို့ အမေ့ကိုပြောမိတော့ “ယတြာတို့ ဓာတ်ရိုက်ဓာတ်ဆင်တို့ စွမ်းတယ်လို့ပြောတာကြားတာပဲ။ လင်ကွဲ၊ မယားကွဲ ပိုပြီးစွမ်းတယ်တဲ့” အမေပြောတဲ့စကားကို ကြားရတော့ ကျွန်တော် ပိုပြီးစိတ်ပျက်သွားမိတယ်။ သူ့မိသားစုနဲ့ သူ့ယောကျ်ားကိုတောင် ရန်မဖြစ်အောင် မထိန်းနိုင်တဲ့ သူရဲ့ယတြာကို စွမ်းတယ်လို့ ယုံကြည်နေကြတယ်ဆိုတော့ သြော်ဒုက္ခဒုက္ခလို့ ညည်းရုံပဲတတ်နိုင်ပါတော့တယ်။

ကျွန်တော့်အတွက်လည်း အကြားအမြင်ဆရာမအိမ်က စွမ်းပါတယ်။ စာရေးလို့မရအောင်၊ စာဖတ်လို့မရအောင် စိတ်အနှောင့်အယှက်ပေးတဲ့နေရာမှာ အတော့်ကိုစွမ်းပါပေတယ်။ ဒီဝဋ်ကြွေး မကုန်ခန်းသရွေ့ လေလည်စင်းခံဆပ်မယ်မေလို့ပဲ သီချင်းတစ်ပိုဒ်ကို စိတ်ပျက်လက်ပျက် ဆိုညည်းနေမိတော့တယ်။

အသံတွေရှောင်တိမ်းရင်း စာဖတ်ဖို့၊ စာရေးဖို့ကြိုးစားရတာနဲ့ အိပ်ရေးပျက်ခဲ့ညတွေလည်း များခဲ့ပြီလေ။ ကျွန်တော်လည်း အကြားအမြင်ဆရာမဆီ ယတြာတစ်ခု သွားတောင်းရမယ်ထင်တာပဲ။ အသံတွေကို ငြိမ်သက်သွားစေမယ့်ယတြာပေါ့။
တစ်ရက်တော့ အမေကပြောလာတယ်။ အကြားအမြင်ဆရာမ အိမ်ပြောင်းတော့မယ်တဲ့။ “အိမ်ငှားခဈေးတက်သွားလို့၊ သူတို့ဝယ်ထားတဲ့မြေကွက်မှာ အိမ်အမြန်ဆောက်ပြီး ပြောင်းတော့မယ်လို့ ပြောတယ်” တဲ့။ သိန်းတစ်သောင်းထီပေါက်သလို ကျွန်တော်ပျော်သွားမိတယ်။ ဝဋ်ကျွတ်ပြီလေ။ ငရဲတမျှအသံတွေကနေ ကျွတ်လွတ်ပြီလေ။ ဆဲသံဆိုသံတွေ၊ ဝရုန်းသုန်းကားရယ်သံတွေ၊ မျောက်မင်းအူသံ မြန်မာကားသံတွေ ဝဋ်ကနေလွတ်ပြီ။

သူတစ်ပါးအဆင်မပြေလို့ အိမ်ပြောင်းရတာကို ပျော်နေမိတာ အပြစ်ကင်းမကင်းလည်း မစဉ်းစားနိုင်ဘဲ ကျွန်တော်ပျော်နေခဲ့တယ်။

နောက်တစ်ရက် အပြင်ကပြန်လာပြီး ရေသောက်ဖို့ ရေအိုးစင်နားကိုသွားတော့ ရေအိုးစင်အပေါ်ကတိုင်မှာ ချိတ်ထားတဲ့ ငှက်ပျောသီးတစ်ဖီးကို တွေ့တယ်။ ဗိုက်ဆာဆာနဲ့ ငှက်ပျောသီးနှစ်လုံးလောက် ဖြုတ်စားပြီး ရေတစ်ခွက်ခပ်သောက်ရင်း “ဒီငှက်ပျောသီးက မနက်ကဝယ်ခဲ့တာလား” လို့ အမေ့ကိုမေးမိတော့ “အကြားအမြင်ဆရာမ လာပေးသွားတာ။ သူတို့ ဒီနေ့အိမ်ပြောင်းတာမို့ လာနှုတ်ဆက်ရင်းပေးသွားတာ” တဲ့ အမေ့စကားသံမှာ ကျွန်တော်ရေသောက်ရင်း သီးမိသွားသလားတောင် မသိတော့ဘူး။

Most Read

Most Recent