စကားလုံးများ

စကားလုံးများ
Published 16 March 2018

လမ်းပျော်ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

“ပြောချင်တာပြောကြပေ့စေ။ အသားပဲ့ ပါသွားတာမှ မဟုတ်တာ” လို့ သူ့သူငယ်ချင်း မိုးမမက ပြောဖူးပါတယ်။ သူတို့ကို “သူခိုးတွေ၊ ကလေကချေတွေ” လို့ပြောပြီး မောင်းထုတ်ခံရတဲ့အချိန်က သူမျက်ရည်ကျတော့ သူ့ကို အားပေးရင်း ပြောခဲ့ဖူးတဲ့စကား။ သူ့ကိုအားပေးတဲ့ မိုးမမမျက်နှာကို လှမ်းကြည့်မိတော့ မျက်လုံးမှာ မျက်ရည်တွေဝဲနေတယ်။ စကားလုံးတွေက သူတို့အသားတွေကို နာကျင်စေနိုင်စွမ်းမရှိပေမဲ့ ရင်ဘတ်တွေထဲကိုတော့ စူးနင့်နေအောင် နာကျင်စေပါတယ်။ လမ်းဘေးမှာနေ လမ်းဘေးမှာစားနေကြပေမဲ့ သူတို့သူငယ်ချင်းတွေက သူခိုးတွေ မဟုတ်ကြပါ။ သူတို့မခိုးပါ။ ဒါပေမဲ့ မဟုတ်တာကို မဟုတ်ဘူးလို့ ပြန်ငြင်းပိုင်ခွင့်မရှိ။ သူတို့ပြောတာကိုလည်း ဘယ်သူကမှ အလေးထားမှာမဟုတ်။ သူတို့ကို ပြောလာသမျှ ငုံ့ခံဖို့ပါပဲ။ ပြန်ပြောခွင့်မသာပေမဲ့ ပြန်ပြောချင်တဲ့ စကားလုံးတွေ သူ့ဦးနှောက်ထဲမှာ အပြည့်။

သူတို့နေထိုင်ရာပတ်ဝန်းကျင် ရပ်ကွက်ထဲက သူတို့နဲ့ ရွယ်တူကလေးတွေနဲ့ သူတို့ကစားချင်ကြပါတယ်။ ကလေးဆိုတာ အဖော်မင် ကစားမက်ကြတာချင်း အတူတူ။ ကလေးအချင်းချင်းက ဘာမှခွဲခြားမှုမရှိ။ အတူတူ ပျော်ပျော်ရွှင်ရွှင် ကစားနေကြပြီး ကွဲပြားခြားနားမှုတွေကို မေ့နေကြတဲ့အချိန်မှာ သူတို့အိမ်က လူကြီးမိဘတွေ ရောက်လာပြီး သူတို့ကို မောင်းထုတ်ခဲ့တာ။ ရပ်ကွက်ထဲက ကလေးတွေကိုလည်း သူတို့နဲ့မကစားဖို့ ပြောဆိုတားမြစ်ခဲ့တာ။ သူတို့နဲ့ပေါင်းရင် ပျက်စီးကုန်ကြမယ်တဲ့။
ထုံးစံအတိုင်းပါပဲ။ သူတို့ ဘာမှဆက် မပြောဖြစ်ကြတော့ဘဲ အမှိုက်ကောက်တဲ့ ပီနံအိတ်ကိုခြုံပြီး အိပ်ခဲ့ကြတာပါပဲ။ မနက်မိုးလင်းရင် အဲဒါတွေကို မေ့သွားမယ်လို့ သဘောထားနေကျ။ သူတို့မှာ တခြားရွေးစရာ ဘာမှရှိမနေ၊ သိမနေတဲ့ အချိန်ကာလတွေ။ မနက်အိပ်ရာက အစောကြီးထပြီး သူများတွေ မနိုးခင်မှာ ဘူးခွံတွေ၊ သံတိုသံစတွေ၊ ကြေးပစ္စည်းတွေ၊ ပြန်ရောင်းလို့ရသမျှတွေ သူတို့ကောက်ကြမယ်။ ပြီးရင် ရတာတွေအားလုံးကို စုပြီးအကောက်ဆိုင်မှာ ပြန်သွင်းမယ်။ ရတဲ့ပိုက်ဆံကလေးကို ခွဲဝေပြီးသူတို့ နေကြ၊ စားကြမယ်။ တစ်ခါတစ်ရံမှာ မြစ်ဆိပ်နားမှာ ရေသွားချိုးကြမယ်။ ဆာလာရင် အထုတ်ဖြုတ်စားကြမယ်ပေါ့။ အပင်တွေ၊ တန်းတွေမှာ သူများတွေချိတ်ပေးထားတဲ့ ထမင်းကျန် ဟင်းကျန်တွေကို သူတို့သွားယူတာကို အထုတ်ဖြုတ်တယ်လို့ ခေါ်ကြပါတယ်။ တစ်ခါတစ်ရံ ရတာတွေက ရှိတဲ့လူတွေနဲ့ စားလို့မလောက်တဲ့အခါ သူတို့ လုစားကြတယ်။ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီသူငယ်ချင်းတွေပဲရှိတာမို့ သံယောဇဉ်က အလွန်ကို တွယ်တာပါတယ်။

သူအိမ်ကထွက်ခဲ့တာလည်း စကားလုံးတွေကြောင့်ပါပဲ။ ကလေးပီပီ အဆော့မက်တဲ့ သူ့ကို သူ့မိဘလို့ ထင်ခဲ့သူတွေ ဆုံးမတာက ကြမ်းတမ်းလှပါတယ်။ ကြက်သွန်လှီးတဲ့ဓားပြားနဲ့လည်း သူ့ပါးကို ရိုက်တတ်ပါတယ်။ အလွန်အကျွံ အရိုက်ခံရတဲ့ သူ့ကို သူ့အိမ်နီးနားချင်းတွေက “မင်းရဲ့မိဘအရင်းတွေ မဟုတ်လို့ အဲဒီလောက်ရိုက်တာ” လို့ ပြောကြပါတယ်။ ပြောပါများတော့ ဟုတ်သလားလို့ သူထင်လာမိတယ်။ မေးတော့ မမေးဖြစ်ခဲ့။ သူ့မှာ အားကိုးတွယ်တာစရာ၊ ချစ်စရာ ဒီမိဘတွေပဲရှိတာ မဟုတ်လား။

တစ်ရက်မှာ သူ့အမေလို့ သူထင်ခဲ့သူက သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ရိုက်ရင်း သူ့ကို မွေးစားထားတာဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ မွေးစားစာချုပ်ကိုလည်း ထုတ်ပြခဲ့တယ်။ “သနားလို့ မွေးစားထားတာ၊ လူလိုမနေဘူး” ဆိုတဲ့ စကားက သူ့ရင်ဘတ်ထဲက တစ်စုံတစ်ရာကို ဖျစ်ညှစ်ခြေမွပစ်လိုက်သလိုပါပဲ။ လေဟာနယ်ထဲကို လွင့်ထွက်သွားသလို သူဆောက်တည်ရာမဲ့ခဲ့ပါတယ်။ ဘယ်ကိုသွားပြီး ဘာကိုလုပ်ရမယ်ဆိုတာ သူမသိ။ အဲဒီမှာ ဆက်မနေချင်တော့ဘူးဆိုတာပဲ သူသိပါတယ်။ အရင်က ချစ်လို့ရိုက်တာလို့ ထင်ထားခဲ့သမျှတွေက ဘေးကလူတွေ ပြောကြတဲ့အတိုင်း မိဘအရင်းမဟုတ်လို့ ရိုက်တာလို့ ပြောင်းပြီးမြင်ဖြစ်လာတဲ့အခါ နာကျင်မှုတွေက မခံသာတော့။ အရိုက်ခံထားရလို့ ပြင်ပကအသားတွေ နာတာထက် ပိုမိုပြင်းထန် ဆိုးရွားတဲ့ ရင်ဘတ်ထဲက နာကျင်မှုတွေကို သူနားမလည်ပါ။ သူ့ကို မလိုချင်ဘဲ သနားလို့ ခေါ်ထားရတဲ့နေရာတစ်ခုမှာ သူဆက်မနေချင်။ သူနောက်ကို လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့မိတာ။

ခြေဦးတည့်ရာ လျှောက်သွားနေတဲ့သူ့ကို “မင်းငါတို့နဲ့နေမလား” ဆိုပြီးခေါ်တဲ့ လမ်းဘေးနေကလေးတွေနဲ့ တစ်နေရာမှာ တွေ့ခဲ့တာ။ နောက်ပိုင်းမှာ သူသွားနေခွင့်ရခဲ့တဲ့ ရွှေဘိုမြို့၊ ဘုန်းကြီးကျောင်းက ဘုန်းဘုန်းအခေါ်တော့ “လမ်းပျော်” ကလေးတွေပေါ့။ လမ်းပျော်ဆိုတဲ့စကားလုံးကို သူ အလွန်ကြိုက်ပါတယ်။ ဆိုးရွားနှိမ့်ချတဲ့ အခေါ်အဝေါ်တွေ ကြားထဲမှာ လမ်းပျော်ဆိုတဲ့စကားလုံးက သူတို့အတွက် နှစ်သက်ကြည်နူးစရာ။ အဲဒီလမ်းပျော်သူငယ်ချင်းတွေက သူ့ကို လမ်းပေါ်မှာ အသက်ရှင်နိုင်မယ့်ပညာတွေ သင်ပေးခဲ့တယ်။ နွေးထွေးမှုတွေ ခင်မင်မှုတွေ ပေးခဲ့တယ်။ သူ့ရဲ့အနီးဆုံး မိသားစုဝင်တွေ ဖြစ်ခဲ့ပါတယ်။

လမ်းပေါ်မှာ အသက်ရှင် ကျင်လည်ရတာ လွယ်ကူလှတဲ့အလုပ်မဟုတ်။ တိုင်တဲ့သူတွေရှိလို့ အဖမ်းအဆီးတွေရှိတဲ့အခါ သူတို့ လွတ်ရာနေရာတွေမှာ သွားပြီးပုန်းကြရတယ်။ အဲဒီလိုညတွေဆို သူတို့မအိပ်ကြရပါ။ ပါသွားတဲ့ သူငယ်ချင်းတွေလည်း ပါသွားကြတယ်။ သူတို့ ဘာမှမလုပ်ဘဲ ဘာလို့ဖမ်းရတာလဲ သူနားမလည်။ အခြားလမ်းပျော်အဖွဲ့တွေထဲမှာ ခိုးသူတွေ၊ သူတစ်ပါးကို ရန်ပြုသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်က ခိုးတာကို လုံးဝလက်မခံသူ။ သူတို့လမ်းပျော်တွေက ခေါင်းဆောင်ရဲ့ စကားကို နားထောင်ကြပါတယ်။

လမ်းပျော်တွေရဲ့ ခေါင်းဆောင်ဆိုတာ ကျောက်ခေတ်က ခေါင်းဆောင်တွေလိုပါပဲ။ ခွန်အားကြီးတဲ့သူ၊ အခြားသူတွေကို သြဇာသက်ရောက်နိုင်တဲ့သူ။ သူ့ထက် ခွန်အားပိုကြီးပြီး သူ့ကိုထိန်းချုပ်နိုင်သူ ရောက်လာရင် အဲဒီနေရာကနေ အလိုလို ဖယ်ပေးရတာပါပဲ။ သူ့မှာ ခေါင်းဆောင်တစ်ယောက်မက ရှိခဲ့ဖူးပါတယ်။

သူ့ခေါင်းဆောင်တွေထဲမှာ အမှတ်တရ ရှိခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်က မင်းမင်းလို့ ခေါ်တဲ့သူ။ သူက လမ်းပေါ်ကိုရောက်တာ မကြာသေးပေမဲ့ ခွန်အားရှိတယ်။ တခြားသူတွေကို ထိန်းချုပ်နိုင်တယ်။ အဲဒီလိုနဲ့ သူတို့အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့တာ။ တစ်ရက်မှာ သူတို့ လမ်းပေါ်မှာ လျှောက်သွားနေကြရင်းနဲ့ လမ်းဘေးမှာရပ်ထားတဲ့ ကားလှလှလေးတစ်စီးကို တွေ့ခဲ့ကြတယ်။ မင်းမင်းက ကားကိုကိုင်ကြည့်တယ်။ အဲဒီအချိန်မှာ ပိုင်ရှင်ရောက်လာပြီး သူတို့ကို အော်ငေါက်မောင်းထုတ်ပါတယ်။ သူပြောတဲ့ စကားလုံးတွေထဲမှာ “မင်းတို့နဲ့ တူသလား၊ တန်သလား” ဆိုတာလည်း ပါတယ်။ “ကလေကချေ အောက်တန်းစားတွေ” ဆိုတာလည်း ပါတယ်။ ပြန်ပြောပြဖို့မသင့်တဲ့ စကားလုံးတွေလည်း ပါတယ်။

သူနားထောင်ရင်း စိတ်ထဲက တွေးနေမိတယ်။ သူတို့ လူချင်းအတူတူပဲ။ ဘာကြောင့် သူတို့ကို အဲဒီလိုတွေ ပြောဆိုနေတာလဲ။ အဆင့်အတန်း မြင့်မားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆနေကြတဲ့သူတွေရဲ့ နှုတ်ထွက်စကားတွေက ဘာကြောင့် ဒီလောက်အထိ အောက်တန်းကျ ညစ်ညမ်းရတာလဲ။ မင်းမင်း မျက်စိမျက်နှာပျက်ပြီး လှည့်ထွက်သွားတဲ့နောက်ကို သူတို့လိုက်လာခဲ့ကြတယ်။ သူတို့ သွားရင်းသွားရင်းနဲ့ ရထားလမ်းတွေဘက်ကို ရောက်လာခဲ့တယ်။

မင်းမင်းက သူ့ကို စကားတစ်ခွန်းလှမ်း ပြောတယ်။ “ငါ့မှာ အဲဒီလိုကားမျိုး ရှိခဲ့ဖူးတယ်” တဲ့။ သူ့အဖေက အတော်လေးချမ်းသာတဲ့သူလို့ အရင်က တစ်ခါပြောခဲ့ဖူးတယ်။ ဘယ်လိုကနေဘယ်လို သူလမ်းပေါ်ကိုရောက်လာသလဲ ဘယ်သူမှမသိပါ။ သူတို့ အတိတ်တွေကို တကူးတက မေးမနေ ပြောမနေကြပါ။ တစ်ခါတစ်ရံမှာ သူတို့ဘာသာ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေကိုလည်း မျှဝေတတ်ကြတာမို့ ဘယ်ဟာက အမှန်၊ ဘယ်ဟာက စိတ်ကူးယဉ်ဆိုတာ သူတို့ဘာသာလည်း သိမနေကြတော့ပါ။

သူတို့ ရထားလမ်းဘေးက သစ်ပင်ရိပ်အောက်မှာ ထိုင်ချလိုက်ကြပါတယ်။ လမ်းလျှောက်ခဲ့ကြတာကြာပြီမို့ အားလုံးပင်ပန်းနေကြပြီ။ မင်းမင်းက ရထားလမ်းပေါ်မှာ သွားထိုင်နေပါတယ်။ နေကလည်း ပူလှတာမို့ ရေတွေကလည်း ငတ်နေကြပြီ။ ခဏနားပြီးရင် သောက်စရာရေရှာမယ်။ မတွေ့ရင် သူတို့ အိပ်နေကျ နေရာနားက စာသင်ကျောင်းက ရေအိုးမှာ ရေသွားသောက်မယ်လို့ သူစဉ်းစားနေမိတယ်။ သူငယ်ချင်းတချို့က မြေပြင်ပေါ်မှာ လှဲအိပ်နေကြပါတယ်။

အိပ်နေတဲ့သူငယ်ချင်းတစ်ယောက် ဆတ်ခနဲထထိုင်တယ်။ “ရထားလာနေတယ်” တဲ့။ မြေပြင်ရဲ့တုန်ခါမှုကို အိပ်နေသူက ပထမဆုံးသိတာပါပဲ။ ခပ်ဝေးဝေးက အရှိန်နဲ့ လာနေတဲ့ရထားတစ်စင်းကို လှမ်းမြင်လိုက်ရတယ်။ ရထားလမ်းပေါ်မှာ ထိုင်နေတဲ့ မင်းမင်းကို လှမ်းအော်ပြီး သတိပေးကြတယ်။ သူမလှုပ်ဘူး။ ရထားလမ်းနဲ့ ရင်းနှီးနေကျမို့ သူတို့စိတ်မပူပါ။ နီးရင် သူ့ဘာသာသူ အချိန်မီဖယ်မှာပဲလို့ ယူဆပြီး ကိုယ့်ဘာသာကိုယ် ဆက်နေနေကြပါတယ်။

ရထားက အလွန်ကို နီးကပ်လာပြီ။ မင်းမင်းက မထသေး။ သူတို့ရုတ်တရက် ထိတ်လန့်သွားကြပေမဲ့ နောက်ကျသွားခဲ့ပြီ။ သူတို့မျက်စိရှေ့မှာ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့ မြင်ကွင်း။ သူတို့သူငယ်ချင်းရဲ့ လက်တစ်ဖက် သူတို့နားလွင့်ကျလာတယ်။ ခေါင်းကရထားလမ်းရဲ့ အခြားတစ်ဖက်မှာ။

အားလုံးထိတ်လန့်ပြီး ကြက်သေသေသွားခဲ့တယ်။ အခုကလေးတင် သူတို့အနားမှာရှိနေတဲ့ သူတို့ရဲ့သူငယ်ချင်း။ သူ့ကို စကားလုံးတွေက သတ်ပစ်တာ။ သူနားလည်လိုက်တာ။ သူ့သူငယ်ချင်းကို ရထားကသတ်ခဲ့တာ မဟုတ်ဘူး။ စကားလုံးတွေက သတ်ပစ်ခဲ့တာ။ စကားလုံးတွေက သတ်ပစ်ခဲ့တာ။

Most Read

Most Recent