w စာရေးဆရာနဲ့ သူ့ဇတ်ကောင် - Eleven Media Group <

စာရေးဆရာနဲ့ သူ့ဇတ်ကောင်

Photo: Dreamstime

ကလေးဘ၀က မိုးရာသီဆိုလျှင် ပျော်ရွှင်သည်။ မိုးရာသီ၏ မိုးရွာသွန်းသော နေ့ရက်များ၌ မိုးရေထဲ၌ ပြေးလွှား၍ မိုးရေချိုးရခြင်း၌ ပျော်ရွှင်ဖွယ်အတိ၊ မိုးသီးများပါကျအောင် မိုးရွာလျှင် ထူးထူးဆန်းဆန်း ပျော်ရွှင်ရသည်ပင်။ လူငယ်ဘ၀မှာတော့ နွေရက်များကိုရောက်လျှင် သစ်ရွက်ကြွေ တစ်ရွက်လို လေနှင်ရာလွင့်ပါ၍ လမ်းသလားမိတော့သည်။ ထိုအရသာကို ယခုတိုင် မှတ်မိနေသည်။ အိမ်ထောင်သည်ဘ၀၌ ဆောင်းရာ သီကိုရောက်လျှင် အမှတ်ရစရာကောင်းသော အဖြစ်အပျက်များ ကြုံရလေတော့သည်။ ညဥ့်ယံထဲ ကျွန်တော်အိပ်ပျော်သွားလျှင် ဇနီးဖြစ်သူက စောင်တစ်ထည် လွှမ်းခြုံ၍ ပေးတော့သည်သာ။ ကျွန်တော်က အိမ်တော်ရာ လေဘေးဆိုင်တန်းမှ ဟောင်းနွမ်းသော အနွေးထည်အစုတ်ကြီးကို ၀တ်၍ထိုင်နေလျှင် “မင်း ဒီပုံစံနဲ့ အပြင်မထွက်နဲ့” ဟု ဇနီးက တားမြစ်တတ်သည်။ ကျွန်တော် အပြင်မထွက်ပါ။ အနွေးထည် အစုတ်ကြီး ၀တ်၍ ထင်းရူးသေတ္တာပေါ်၌ အကောင်းစားဝတ္တုတိုများကို ရေးနေခဲ့ပါသည်။ ကြေးရုပ်မြို့တော်ကို ထိုသို့သောရက်များ၌ ကျွန်တော် ရေးသားနိုင်ခဲ့သည်။ ကျွန်တော် ၀တ္တုရေးနေရင်းမှာပင် နွေရက်များသို့ ရောက်လာသည်ကို မြင်တွေ့ရတော့သည်။ သစ်ရွက်ကြွေများ လွင့်နေပါသည်။ သစ်ရွက်များ ကြွေကျသွားသဖြင့် ရိုးတံထီးတည်း သစ်ပင်ကို မြင်ရသည်။ ကျွန်တော်သည် ရိုးတံထီးတည်း သစ်ပင်တစ်ပင် လိုပင် ကျန်ရစ်ခဲ့သည်။ ပူပြင်းသော နွေရက်များပါပေ။ ဇနီးဖြစ်သူက မရှိတော့။ ကျွန်တော် စာရေးစားပွဲမှာ ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက်၌ ကျွန်တော်သည် မိုးထစ်ချုန်းသံ တဒိန်းဒိန်းကြားရလျှင် နားစွင့်မိသည်။ မိုးရေစက်များ တံစက်မြိတ်မှ ယိုစီးကျလာလျှင် ငေးကြည့်နေမိသည်။ လေပွေဖြတ်သွားသော အိမ်ရှေ့လမ်းကို ကြည့်ကာ ထီးတည်း ရပ်နေမိသည်။ ရိုးတံကိုင်း သစ်ပင်ထက်မှ ငှက်တစ်ကောင်၏ အသံကို ကြားလျှင် မော့ကြည့်ကာ ရှာဖွေမိသည်။ ဆောင်းရက်များကိုရောက်လျှင်တော့ ဟောင်းနွမ်းသော အနွေးထည်အစုတ်ကြီးကို ၀တ်၍ စားပွဲမှာ ထိုင်ကာ စာများရေးနေမိတော့သည်။ ကျွန်တော် အပြင်မထွက်ပါ။ ဆောင်းရက်များအတွင်းက စာရေးစားပွဲမှာ ထိုင်ရင်း စာအုပ်တစ်အုပ်ပြီးအောင် ရေးဖြစ်ခဲ့သည်။ နှစ်ကာလများစာပေက ကျွန်တော်၏ ထုတ်ဝေသူသည် ထိုစာအုပ်ငယ်ကလေးကို ပုံနှိပ်၍ ထုတ်ဝေဖြန့်ချိခဲ့သည်။ “မင်းကို ဖတ်ပြချင်တဲ့စာတွေ”ဟူသော ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးသလိုပင် ကျွန်တော် ဖတ်ပြချင်ပါသည်။ ဘယ့်နှယ့်များ ဖတ်၍ ပြရပါ့။ နွေရက် တစ်ညနေခင်း၌ အိမ်ရှေ့လမ်းတောင်ဘက် သစ်ပင်ခပ်အုပ်အုပ်ထဲ၌ ‘ဥသြ ဥသြ’ ဟူသော အသံကို ကြားရသည်။ ထိုအသံသည် ‘ဥသြ ဥသြ’ ဟု အော်မြည်နေခြင်းမဟုတ်။ ‘အမေရော အဖေရော’ ဟု အော်မြည်နေခြင်း ဖြစ်သည်ဟု စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါသည်။ ကျွန်တော် ယုံကြည်ရလိမ့်မည်သာ။ နွေရက်များပါပဲ။ လေတဟူးဟူး နွေရက်များထဲ၌ ကျွန်တော်သည် သစ်ရွက်ကြွေ တစ်ရွက်လို အဝေးကြီးဆီသို့ လွင့်ပါသွားခဲ့ဖူးသည် မဟုတ်လား။ လူငယ်ဘ၀တုန်းကလေ။ လူငယ်ဘ၀တုန်းကတော့ ကျွန်တော့်မှာ ဘာမှ အပူအပင်မရှိခဲ့။ ကဖေးဆိုင်၏ ကျိုက်ကျိုက်ဆူနေသည့် ကရားအိုးကြီးများ ဘေးနားက စားပွဲမှာထိုင်နေသော ကျွန်တော့်ကို တွေ့နိုင် သည်။ ကဗျာဆရာ နေမော်ဟိန်း၊ ကာတွန်းဆရာ ကိုဝင်းအောင်တို့နှင့်အတူဆိုလျှင် ရယ်သံအချို့ကို ကြားရနိုင်ပါသေးသည်။ ရန်ကုန်မြို့ကြီးဆီသို့ ဦးတည်ခုတ်သွားသော မီးရထားတစ်စင်းသည် စာတိုက်တွဲ၌ ကျွန်တော်တို့ ရေးသားသော စာရွက်များကို တင်ဆောင်သွားပြီဆိုသည်ကို ပြောနေကြသည်။ ရထား ခုတ်မောင်းသံကို ကြားနိုင်ပါသည်။ ကျွန်တော်သည် စာရေးသူတစ်ယောက် ဖြစ်လာသည်။ ကျွန်တော့်ဇနီးသည် စာရေးသူတစ်ယောက်၏ အိမ်ထောင်ဖက်ဖြစ်လာသည်။ ကျွန်တော်တို့အိမ်ကလေးထဲ၌ မိုးတစိမ့်စိမ့်ရွာသည်။ လေပွေရူး ဖြတ်သန်းသည်။ နှုင်းမှုန်မှုန်များ ကျသည်။ မိုးသားမည်းမည်းများ တရိပ်ရိပ်တက်လာကာ လျှပ်ရောင်တ၀င်းဝင်းဖြင့် တဒိန်းဒိန်း ထစ်ချုန်းမြည်ဟည်းနေသည်။ လေပွေအရိုင်းက သဲမှုန်နှင့် ဖုန်မှုန့်များကို တဟူးဟူးထအောင် တိုက်ခတ်သည်။ နှင်းမှုန်များက ပြာမှိုင်းနေအောင်၊ စိမ့်နေအောင် ကျဆင်းခဲ့သည်။ ဘ၀၏ ပြဋ္ဌာန်းချက်များက ခါးခါး။

“ပိုက်ဆံမပါရင် အိမ်မပြန်ဘူးကွာ

ဒီလိုနဲ့ ညနေစောင်းအထိ လမ်းပေါ်မှာ” ဟု ကျွန်တော် ဖွင့်ဟ ရေးမိပေတော့သည်။

မည်သို့ပင်ဖြစ်ပါစေ၊ အိမ်တော်ရာ လေဘေးဆိုင်တန်းမှ ဟောင်းနွမ်းသောအနွေးထည်အစုတ်ကြီးကို ၀တ်၍ ကျွန်တော်ထိုင် နေပါသည်။ ဆောင်းရက်များ ကုန်ဆုံးသွားပါပြီ။ နွေရက်များသို့ တစ်ဖန်ပြန်လည်၍ ရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော် ကဗျာတစ်ပုဒ်ကို  သတိရလာပါသည်။ (ရှုပါ)

နွေဦးပေါက်ရင်

(ကဗျာဆရာ့ စိတ်ကူး)

နွေဦးပေါက်ရင်

ကြက်တူရွေးတစ်ကောင် မွေးမယ်

သူ့ကို စကားတစ်ခွန်းတည်း သင်ပေးမယ်

“ဆာတယ် … ဆာတယ် …” လို့

နွေဦးပေါက်ရင်

အော်စတင်ကားလေးကို မောင်းမယ်

ဟစ်တလာမိန့်ခွန်းပြောသံကို

ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်

တောင်ဘက် ပင်လယ်တွေဆီ

ခရီးထွက်မယ်

နွေဦးပေါက်ရင်

သစ်ရွက်ကြွေတွေ လိုက်ကောက်မယ်

သစ်ရွက်ကြွေတွေပေါ်မှာ

အင်္ဂလိပ်ဘာသာနဲ့

မင်းနာမည်ကို ငါရေးမယ်

နွေဦးပေါက်ရင်

ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်

ပုံပြင်တွေ အော်ဖတ်မယ်

စိတ်ကောင်းလည်း ၀င်မယ်

နွေဦးပေါက်ရင်

ပြဇာတ်တစ်ပုဒ်ရေးမယ်

စုဘူးကို ခွဲမယ်

ပြားစေ့ကလေးတွေ ရေတွက်မယ်

တကယ်လို့ တော်တော်နဲ့

နွေဦးမပေါက်သေးရင်လည်း

ကိစ္စမရှိပါဘူး။

ဒီကဗျာကို

လမ်းထိပ်က အပေါင်ဆိုင်မှာ

သွားပေါင်မယ်။ ပြီးတော့

ခပ်ဟောင်းဟောင်း စောင်တစ်ထည်

ဝယ်ခြုံနေမယ်ကွယ်။

ကဗျာရေးခဲ့တဲ့ ရက်စွဲကိုပြန်ကြည့်တော့ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၃ ရက်ဟု တွေ့ရသည်။ သစ်ရွက်ကြွေကျခါနီးရာသီလေ။ ဘာကြောင့် ဒီကဗျာတွေနဲ့ ငါ့ကို ထားရစ်ခဲ့တာလဲ။ ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၃ ရက်၌ ဇနီးဖြစ်သူ ကွယ်လွန်ခဲ့သည်။ ဆောင်းနှောင်းနွေဦး။ ကျွန်တော်သည် ကလေးများကို နားလည်အောင် ဖြည်းဖြည်းချင်း ပြောပြခဲ့ရသည်။ မအောင်မြင်သော အနုပညာရှင်တစ်ယောက်၏ဘ၀မှာ ဇနီးဖြစ်သူဟာ တိုးဖျော့ငြိမ်သက် သွားခဲ့ရတော့သည်သာ။ သူမရှိတော့ ကျွန်တော်သည် အိမ်တော်ရာ လေဘေးဆိုင်တန်းမှ ဟောင်းနွမ်းသော အနွေးထည်အစုတ်ကြီးကို ချွတ်၍ တိုင်မှာချိတ်ထားလိုက်သည်။ စာရေး စားပွဲပေါ်၌ စာရွက်များ တဖျပ်ဖျပ်မြည်နေသည်။ ‘အဲဒီစာရွက်တွေကို ဘယ်လိုအသုံးချ ရမလဲဆိုတာ’ ကျွန်တော်သိပါသည်။ ကျွန်တော် လူငယ်ဘ၀က ရေးခဲ့ဖူးသော စာသားအနည်းငယ်ကို သတိရလာသည်။ မင်အိုးထဲမှာ ၀တ္ထုတစ်ပုဒ်သာ အရည်ပျော်နေဆဲပဲ ဆိုကြပါစို့။ စားပွဲပေါ်မှာ စာရွက်တွေ တဖျပ်ဖျပ် မြည်နေပြန်ပြီ။ အပြင်ဘက် နွေဦးနေ့ရက်များ ရဲ့ သစ်ရွက်တွေကြွေနေပေါ့။ ကိုင်းတံထီးတည်း သစ်ပင်ကို အရိုးစုကမ္မဋ္ဌာန်းကောင်လို့ ကျွန်တော်ရေးဖွဲ့ခဲ့သည်။ မီးရထားသည် စာတိုက်တွဲကိုသယ်ဆောင်ကာ ရန်ကုန်မြို့ကြီးဆီ ဦးတည်ခုတ်မောင်းနေသည်။ ဖရန့်ကပ်ဖ်ကာက သူ ရေးသားခဲ့သောစာများကို မီးရှို့ပစ်ရန် မက်ဘရော့ကို မှာကြားခဲ့သည်။ မီးခြစ်ဆံကို ရှဲခနဲခြစ်လိုက်သည်။ နှင်းများက ပြာမှိုင်းကာ စိမ့်နေအောင် ကျဆင်းခဲ့သည်။ “ငါဟာ စာပေပဲ”ဟု ဘာကြောင့် ကပ်ဖ်ကာ ပြောနိုင်တာလဲဆိုတာ ကျွန်တော် မကြာမကြာ စဉ်း စားကြည့်ဖူးသည်။ နှင်းများက ညထဲ၌ ထူ ပိန်းနေအောင် ကျဆင်းလျက်ရှိသည်။ ကျွန်တော့်ကို စောင်ခြုံပေးပါ။ မီးခြစ်ဆံကို ရှဲခနဲ ခြစ်လိုက်ပြန်သည်။ နွေဦးနေ့ရက်များ၏ လေပွေရူးက ဝေ့ခနဲတိုက်ခတ်သွားသည်။ လွင်ပြင်၊ ဖုန်မှုန့်၊ တံလျှပ်နှင့် သစ်ရွက်ကြွေများ။ သူတောင်းစားတစ်ယောက်က သူ့ဦးထုပ်ကို ချွတ်ကာ စွန့်ကြဲခဲ့ရန် တောင်းနေသည်။ ကျွန်တော်ပိုင်ဆိုင်သော ငွေစက္ကူတစ်ရွက်ကို ထည့်ပေးလိုက်သည်။ ကျွန်တော့်မှာ တစ်ပြားတစ်ချပ်မျှ မရှိတော့။ ဤအဖြစ်အပျက်များမှာ ရိုးနေလေပြီ။ နွေဦးလေရူးက တသုန်သုန်တိုက်ခတ်ဆဲ၊ သစ်ရွက်ကြွေများ လွင့်ပါနေဆဲ။ က ဖေးဆိုင်တစ်ဆိုင်ထဲသို့ ကျွန်တော် ၀င်ထိုင်လိုက်သည်။ လက်ဖက်ရည်တစ်ခွက်ကိုမှာပြီး အိတ်ကပ်ထဲတွင် တစ်ပြားတစ်ချပ်မျှ မကျန်တော့ကြောင်း သတိရလာသည်။ ထိုခဏ၌ မိုးသားများ တရိပ်ရိပ်တက်လာတော့ သည်။ လျှပ်ရောင်များ တ၀င်းဝင်းနှင့် မိုး ကောင်းကင်သည် ထစ်ချုန်းကာ တဒိန်းဒိန်း မြည်လာသည်။ ကဖေးဆိုင်ထဲမှာ လက်ဖက် ရည်ဖျော်သူသည် ပန်းကန်ကို ဇွန်းဖြင့် တဂွပ်ဂွပ်မွှေနေသည်။ ခင်ဗျား ယုံကြည်အောင် ကျွန်တော် ၀တ္ထုတစ်ပုဒ်ရေးပါမည်။ ခွေးတစ်ကောင်က တအီအီမြည်ကာ ကျွန်တော့်ထိုင်ခုံအောက် လာရပ်ရင်း အမြီးကို လှုပ်ရမ်းနေသည်။ ကျွန်တော် ဘာမျှ မတတ်နိုင်ပါ။ ကိစ္စမရှိဘူး။ ခင်ဗျား နားလည်မှာပါ။ ကျွန်တော့်ကို လက်ဖက်ရည် ဖျော်ပေးဖို့ မလိုတော့ဘူး။ ရေတစ်ခွက်လောက်ပဲ သောက်ခွင့်ပြုပါ။ ကပ်ဖ်ကာ ၀တ္ထုထဲကဇာတ်ကောင် စကားပြောသလို သည်လို ပြောရလိမ့်မည် ထင်သည်။  လျှပ်ရောင်တစ်ချက် ၀င်းခနဲ လက်ချေပေါ့။ တကယ်တော့ ငွေကြေးစနစ်ဆိုတာ ဒီလိုဗျာ ကျွန်တော် ဘယ်လိုပြောရမလဲ ခင်ဗျားဟာ လူကြီးလူကောင်းပါ။ လူတစ်ယောက်ဟာ ငွေကြေးပိုင်ဆိုင်မှုမရှိရင် လက်ဖက်ရည်တစ်ခွက် သောက်ခွင့်မရှိဘူးလို့ ခင်ဗျားမထင်ဘူး မဟုတ်လား။ ကျွန်တော် ကဗျာတစ်ပုဒ်လောက် ရွတ်ပြရင် အဆင်ပြေမလား။ လက်ဖက်ရည်တစ်ခွက်အတွက် ဒါမှမဟုတ် ရေတစ်ခွက်အတွက်ပေါ့။ စာရေးဆရာတစ်ယောက် သူ့ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်သွားပြီဆိုလျှင် သူသည် ရွာကျလာသော မိုးရေစက်များကို လက်ခုပ်ဖြင့် ခံယူကာ သောက်ကောင်းသောက်လိမ့်မည်။ သူသည် ကတ္တရာလမ်းမအတိုင်း တဖွဲဖွဲ ကျဆင်းလာသည့် နှင်းများထဲ၌ ညဥ့်နက်နက် လမ်းသလားနေနိုင်သည်။ သူသည် နွေရက်ညနေခင်းတစ်ခု၌ အပေါစားအရက်တစ်လုံးသောက်၍ ဒေါင်ချာစိုင်းနေနိုင်သည်။ သစ်ရွက်ကား ကြွေကျသွားခဲ့သည်။ ဖေဖော်ဝါရီမှာ။ သူသည် ညဥ့်ယံထဲမှာ စာရွက်များကို စိုက်ကြည့်ကာ အချည်းနှီး မိုးစင်စင်လင်းသွားနိုင်သည်။ ရထားဆိုက်ပြီ။ ကျွန်တော် စာရေးနေသော စားပွဲမှ လှမ်းကြည့်လိုက်ပါက ပြတင်းပေါက်တစ်ဖက် ဟိုး … ဆီမှာ မီးစောင်းတန်းတလက်လက်နှင့် တောင်တော်ကို မြင်ရသည်။ တောင်တော်သည် ငြိမ်သက်လျက် မီးရောင်က တလက်လက်။ ၀တ္ထုထဲမှ ဇာတ်ကောင်သည် စာရေးဆရာ၏ဘ၀ထဲသို့ ရောက်ရှိလာပြီဆိုလျှင် သူသည် ပုံနှိပ်စက်၏ တဂျုန်းဂျုန်းမြည်သံကို နားစွင့်ကာ ဘ၀၏စည်းချက်များအဖြစ် ခံစားနေနိုင်သည်။ သူသည် ပြဇာတ်တစ်ပုဒ်၏ဇာတ်ဝင်ခန်းတစ်ခု၌ ရိုးတံငေါငေါ သစ်ပင်တစ်ပင်အဖြစ် သရုပ်ဆောင်ကောင်း ဆောင်နိုင်သည်။ အဆုံး၌ သူသည် ဟောင်းနွမ်းသော အနွေးထည်အစုတ်ကြီးကို ၀တ်၍ တိတ်ဆိတ်စွာ ထိုင်နေနိုင်သည်။ သူရိန်နေမင်းသည် မြို့၏ခေါင်မိုးထက်မှ တရိပ်ရိပ်ဖြတ်သန်းသွားသည်။ အနွေးထည်အစုတ်ကြီးသည် ဟောင်းမြင်းဆွေးမြည့်ကာ တိတ်ဆိတ်စွာ ထိုင်နေသူမှာလည်း အိုမင်းခဲ့ပြီ။ အိမ်ရှေ့မှ ဗာဒံပင်သည် မြင့်မားခက်ဝေ သစ်ရွက်လေတိုးသံကို တဖျပ်ဖျပ် ကြားရသည်။ ကျွန်တော်သည် နွေဦးပေါက်နေ့တစ်နေ့၌ လွမ်းဆွတ်မှုဖြင့် ဤစာကို ရေးပါသည်။ ကျွန်တော်တို့၏ နေ့စဉ်ဘ၀ထဲ၌ လွမ်းဆွတ်မှုရှိပါသည်။ လွမ်းဆွတ်မှုသည် ငြင်သာစွာ သတိရခြင်းဖြစ်ပါသည်။ လွမ်းဆွတ်မှုသည် ကြည်နူးဖွယ်ကောင်းသည့် အနှေးပြကွက်များဖြစ်ပါသည်။ လွမ်းဆွတ်မှုသည် ကျွန်တော့်ထံ မှ အခြားတစ်ယောက်ထံသို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်နိုင်ပါသည်။ လွမ်းဆွတ်မှုသည် လူသားတစ်ယောက်ကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါသည်။ လွမ်းဆွတ်မှုသည် သူမ ဖြစ်ပါသည်။ သူမ ရယ်နေဟန်ကို ကျွန်တော် မြင်နေရသည်။ ကြာတော့ ကြာမြင့်ခဲ့ပေပြီ။ ၁၉၉၀ ၀န်းကျင် နှစ်တွေတုန်းကလေ။

March 14, 2018














Copy Protected by Chetan's WP-Copyprotect.