ကြောက်စရာ စစ်ပွဲထောင်ချောက်

ကြောက်စရာ စစ်ပွဲထောင်ချောက်
Published 14 March 2018

ဇန်နဝါရီ ၂၄ ရက်က ကော့ဘဇားမြို့မှ ၃၂ မိုင်ကွာ ဘာလူခါလီဒုက္ခသည်စခန်းကို တွေ့မြင်ရစဉ် (Photo:AP)

၂၀၁၇ ခုနှစ် စက်တင်ဘာ၂၃ ရက်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကာ ရစ်ရှ်နန်က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မိန့်ခွန်းတစ်ခုပြောခဲ့တယ်။

အဲဒါကတော့ ဘင်္ဂါလီအစွန်းရောက်တွေရဲ့ လှည့်ကွက်ထဲ မဝင်မိဖို့ပါပဲ။ သူက ဒီကိစ္စကို လျှော့မတွက်ကြဖို့ ပြောသွားပါတယ်။

သူက “ဘင်္ဂါလီအစွန်းရောက်တွေရဲ့ အစွန်းရောက်နည်းလမ်းဖြစ်တဲ့ ပုံသေနည်းထောင်ချောက်ကို ဖွင့်ပြသွားတယ်။ အဲဒါက (၁) သူတို့ဟာ အင်မတန်ဆိုးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ပြပါမယ်။ (၂) ဒါကို သူတို့က ဘာသာရေးကြောင့်ဆိုတဲ့ တံဆိပ်ကပ်ကြပါမယ်။ (၃) တတိယကတော့ ဒီကိစ္စကို စောင့်ကြည့်သူ တခြားနိုင်ငံကလူတွေ သူတို့ကို  သနားလာအောင် ဆွဲဆောင်တာတွေ ပြုတော့တာပဲ။ ဒီတော့ အဲဒီလိုအစွန်းရောက်ဝါဒီတွေရဲ့ ထောင်ချောက်ထဲကို မရောက်သွားဖို့ အရေးကြီးလှတယ်။

ပထမအချက်အနေနဲ့ မြန်မာပြည်မှာ ဖြစ်တာကို ကြည့်မယ်။ သူဟာ အင်မတန်ဆိုးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ပြပါမယ်ဆိုတာ တကယ်ပဲလား။ ဒါကို အများသိပါတယ်။ မြန်မာတွေက ဒီလိုအလုပ်ခံရတာကို သဘောပေါက်တယ်။ ရခိုင်ပြည်ရောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ဒီအကြောင်းကို ပြောပြပါတယ်။ သူတို့ဟာ အသက်ကို ဖက်နဲ့ထုပ်ကာ ပြန်ပြေးလာရတဲ့အကြောင်းတွေကို ရှင်းပြမှာဖြစ်တယ်။ သိသာထင်ရှားတာကတော့ ရဲစခန်းတွေကို ဝင်တိုက်တယ်။ တပ်မတော်ကင်းစခန်းတွေကို တိုက်ခိုက်တယ်။ လက်နက်တွေ လုတယ်။ အသေခံဓားတွေနဲ့ ဝင်ခုတ်တယ်။ ဒီလိုမျိုးလုပ်ရင် ဘယ်နိုင်ငံက အစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့မဆို တုံ့ပြန်မှာ အသေအချာပဲပေါ့။ ဒီလိုတုံ့ပြန်တာ သူတို့ရဲ့ ပထမ အောင်မြင်မှုပါပဲ။

ဒုတိယကတော့ ဘာသာရေးအကြောင်းပြဆိုတဲ့ တံဆိပ်ကပ်တာကို ပြုလုပ်တာပါပဲ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကို  ဖန်တီးပြီးတဲ့နောက် ဒါဟာ လူမျိုးဘာသာရေး ဆိုတဲ့ စွဲချက်တွေကို Issue တွေ ထုတ်တော့တာပဲ။ စင်ကာပူဟာ အာဆီယံနဲ့ပူးပေါင်းကာ ဒီအရေးကို ဖြေရှင်းမယ်။ ဒီအရေးကိစ္စမှာ ထိခိုက်သူတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဝိုင်းဝန်းကူညီသွားမယ်လို့ တင်ပြပါတယ်။ မြန်မာနိုင်ငံကတော့ ဒီလိုကိစ္စကို ပေါ့ပေါ့တန်တန်ပဲ သဘောထားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဗုဒ္ဓဘာသာတွေဟာ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာတယ်။ ခွင့်လွှတ်တယ်။ အလှူပေးတယ်။ ဒုက္ခရောက်တဲ့သူတွေကို ကူညီတယ်ဆိုတာ ရိုးရာဓလေ့ဖြစ်နေပါတယ်။ ကမ္ဘာမှာ သက်သေ အထင်အရှား ရှိပါတယ်။ မြန်မာနိုင်ငံဟာ စစ်ပြီးစ စားသောက်စရာတွေ ပြတ်နေပြီး ငတ်နေတဲ့ ဂျပန်တွေကို ဆန်လှူတဲ့တစ်ခု တည်းသော နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံဟာ သီရိလင်္ကာ၊ မော်လဒိုက် တောင်အာဖရိကနိုင်ငံတွေကို ဆန် နှစ်စဉ်လှူခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အလှူအတန်း အရက်ရောဆုံးနိုင်ငံလို့  ကုလသမဂ္ဂကတောင် အသိအမှတ်ပြုထားတဲ့ နိုင်ငံဖြစ်တယ်။ သို့သော် ဒီလိုအေးအေးနေတာဟာ ဘင်္ဂါလီတွေ ရဲ့ ထောင်ချောက်ထဲကို တည့်တည့်မတ်မတ်ကြီး ဝင်သွားတော့တာပဲ။

တတိယနည်းဗျူဟာအနေနဲ့ ဒီကိစ္စကို စောင့်ကြည့်သူ တခြားနိုင်ငံကလူတွေ သူတို့ကို သနားလာအောင် ဆွဲဆောင်တော့တာပဲ။ မြန်မာနိုင်ငံအပေါ် နားလည်မှုရှိတဲ့ မိတ်ဆွေ နိုင်ငံတွေ ရှိသလို အမြင်မှား အထင်မှား ဖြစ်နေတဲ့ နိုင်ငံတွေ ရှိနေတယ်။ တစ်ဖက်ကလည်း တရုတ်ရဲ့ OBOR (One Belt One Road) ဆိုတဲ့ စီမံကိန်းမှာ မြန်မာနိုင်ငံဟာ ထိပ်တန်းက ပါဝင်နေတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ အနောက်တိုင်းအတွက် အထိနာစေတဲ့ စီးပွားရေးဗျူဟာတစ်ခုကို ဖြစ်ပေါ်စေတယ်။ မြန်မာပြည်ကနေ တရုတ်ပြည် ယူနန်ကို လမ်းပေါက်သွားရင်  ဒေသတွင်းသာမက ကမ္ဘာ့ကုန်သွယ်ရေးမှာပါ ပြောင်းလဲမှုများစွာ ဖြစ်သွားပါမယ်။ တရုတ်တို့ဟာ မလက္ကာ ရေလက်ကြားကို တစ်ကွေ့တစ်ပတ်ကြီး ဖြတ်စရာမလိုဘဲ အရှေ့အလယ်ပိုင်းက  ရေနံကို တရုတ်ပြည်အရောက် တိုက်ရိုက်တင်ပို့နိုင်မယ်။ တရုတ်ပြည်ကလည်း ကုန်ပစ္စည်းတွေကို အမြန်ရထား (High Speed Trains) တွေသုံးပြီး အနောက်ဖက်နိုင်ငံတွေကို တင်ပို့နိုင်မယ်။ သာမန်တွေးဆကြည့်ရင်တောင် ကုန်သွယ်မှုပုံစံတွေရဲ့ ပါရာဒိုင်းအသစ်ဖြစ်တဲ့ တရုတ်ရဲ့ OBOR (One Belt One Road) စီမံကိန်းကို မြင်နေရပါမယ်။ ဒီလိုနည်းနဲ့ မြန်မာကမ်းရိုးတန်းကို တရုတ်တို့ အသုံးပြုခွင့်ရသွားမှာဖြစ်တယ်။ ဒီကမ်းရိုးတန်းကို အင်္ဂလိပ်တို့ကလည်း လိုချင်ခဲ့တယ်။ ဒေါက်တာသန်းထွန်းက သူ့ရဲ့သမိုင်းစာအုပ်ထဲမှာ  အင်္ဂလိပ်တွေ မြန်မာပြည်ကို ကျွန်ပြုတာ ကျွန်းသစ်တွေ လိုချင်လို့လည်း မဟုတ်ဘူး။ ရေနံတွေ လိုချင်လို့ မဟုတ်ဘူး။ ကမ်းရိုးတန်း အရှည်ကြီးကို လိုချင်လို့ပဲလို့ သုံးသပ်ထားတာရှိပါတယ်။ ဒီလိုဘင်္ဂါလီတွေနဲ့  မြန်မာတို့ ပဋိပက္ခဖြစ်တဲ့အခါ အနောက်တိုင်းရဲ့ အကွက်ဖြစ်လာတော့တယ်။

ဘင်္ဂါလီတွေဟာ သူတို့ရဲ့ဒုက္ခတွေကို သတင်းမီဒီယာတွေထံမှာ ငိုပြတယ်။ သတင်းမီဒီယာများကလည်း ကျင့်ဝတ် (Ethic) ကို ချိုးဖောက်ပြီး တစ်ဖက်သတ် ရေးသားကြတော့တာပဲ။ တကယ်လည်း သူတို့ဟာ ဒုက္ခသည်စခန်းကို ရောက်တယ်။ ဒုက္ခသည်စခန်းဆိုတာ ဒုက္ခတွေအများကြီးရှိတာ အမှန်ပဲ။ ယနေ့ဆိုရင် အာဖရိက (လစ်ဗျား) နဲ့ ဆီးရီးယားတို့ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် မြောက်မြားစွာဟာ မြေထဲပင်လယ်ကို ဖြတ်ကူးလို့ဖြစ်ဖြစ်၊ အခုလို ပြင်းထန်တဲ့ဆောင်းမှာ အမိုးအကာမရှိလို့ဖြစ်ဖြစ် သေဆုံးသွားတာကို သိနေရပါတယ်။ ကျွန်တော် ဆိုလိုတာက ဒုက္ခသည်စခန်းမှာ ဒုက္ခတွေ အနည်းအများတော့ရှိမှာပဲ။ ကိုယ်ဝန်ဆောင်တွေရဲ့ ဒုက္ခ၊ သက်ကြီးရွယ်အိုတွေရဲ့ ဒုက္ခ၊ ကလေးသူငယ်တွေရဲ့ဒုက္ခ၊ မီးဖွားတဲ့မိခင်ဒုက္ခ။ ဒါတွေအားလုံးကို မီဒီယာတွေက  သနားစဖွယ်  Human Touch တွေအနေနဲ့ ရေးပြလို့ရတယ်။ အခုခေတ်မှာတော့ ရုပ်သံလွှင့်ခြင်းနဲ့ အွန်လိုင်းတွေမှာ You Tube တွေနဲ့ပြခြင်း၊ Facebook တင်ခြင်းတို့နဲ့ သတင်းတွေကို နေရာအနှံ့ရောက်အောင် ဖြန့်ချိလို့ရပါတယ်။ ဒီလို တစ်ဖက်လူတွေ သနားလာအောင် လုပ်တာဟာ သူတို့ရဲ့ဗျူဟာပါပဲ။

အမှန်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်း (ထိုင်းနိုင်ငံ)မှာ နှစ်ပေါင်းများစွာကတည်းက ဒီလို စစ်ရှောင်ဒုက္ခသည်စခန်း  (Refugee Camps) တွေ ရှိပါတယ်။ ကချင် အရှေ့မြောက် တရုတ်နယ်စပ်မှာလည်း ဒုက္ခသည်စခန်း (Refugee Camps) တွေရှိပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခတွေရှိပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမီဒီယာတွေဟာ အဲဒီဒုက္ခသည်စခန်း (Refugee Camps) တွေကို ဘာလို့ ရိုက်မပြတာလဲ။ ဘာလို့ သတင်းလုပ်ပြီး မတင်ပြတာလဲ။ တစိုက်မတ်မတ် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းကိုသာ ပြတယ်။ ဒီစခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့လည်း တင်ပြထားတယ်။ တကယ်တော့ ကမ္ဘာမှာ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာ သန်း ၉၀ ကျော်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်းမှာ လူငါးသိန်း ရှိပါတယ်။ သူတို့ကို စုပေါင်းထားရှိတယ်။ ပြီးတော့ မြန်မာပြည်က ခေါ်တာကိုလည်း လက်မခံဘူး။ ပြန်မဝင်လာဘူး။ ဒီနေရာမှာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်မဝင်တာ ဘာကြောင့်လဲ။ အဓိက,ကတော့ တတိယနိုင်ငံကို သွားလိုတာပါပဲ။ ဒီအခြေအနေကို အနောက်တိုင်းကရော အရှေ့တိုင်းနိုင်ငံတွေကပါ သဘောပေါက်ပါတယ်။ (မြန်မာနိုင်ငံအရှေ့ဘက် ဒုက္ခသည်စခန်းတွေကလည်း ဒီလို တတိယနိုင်ငံသွားကြတာ  သိန်းချီရှိပါတယ်။ ဒါတွေဟာ နိုင်ငံရေးတွေနဲ့ အလှည့်တွေ၊ အကွက်ဆင်တာတွေ အားလုံးနဲ့ဆိုင်တယ်။ အင်မတန်ရှုပ်ထွေးတဲ့ ကစားကွက်ပါပဲ)

ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘင်္ဂါလီတွေရဲ့ ထောင်ချောက်ထဲကိုတော့ ထင်ထင်ရှားရှားကို ရောက်သွားရပြီဖြစ်တယ်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာပြည်ကို အရေးယူဖို့ ဆွေးနွေးကြတယ်။ ဘယ်လိုအရေးယူမလဲ။ R2P (Responsible to Protect) လို့ခေါ်တဲ့ လူသားတွေကို ကုလသမဂ္ဂ ‘ကာကွယ်ဖို့ တာဝန်ရှိတယ်’ ဆိုတဲ့ အကြောင်းအရာနဲ့ဝင်ဖို့ပါပဲ။ R2P ဆိုတဲ့ ကုလတပ်တွေ ဘယ်အခြေအနေမျိုးမှာ သုံးနိုင်သလဲ။ R2P ဆိုတာက ၂၀၀၅ ခုနှစ်က ကုလသမဂ္ဂက အတည်ပြု ဆုံးဖြတ်ထားတဲ့ စည်းမျဉ်းဥပဒေပါပဲ။ ဒီစည်းမျဉ်းအရ (၁) မျိုးဆက်သုတ်သင်မှု (Genocide) ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်လာရင် ၊ (၂) စစ်ရာဇဝတ်ကျူးလွန်မှု (War Crimes) ပြုလုပ်ရင်၊  (၃) မျိုးနွယ်စုတစ်ခုလုံး သုတ်သင်မှု (Ethnic Cleansing) ပြုလုပ်ရင်၊ (၄) လူ့အခွင့်အရေးကို လျစ်လျူရှုပြီး လူမဆန်စွာ ရက်စက်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှုကျူးလွန်မှု (Crime against Humanity) ပြုလုပ်ရင်  အရေးယူနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ အချက်လေးချက်ထဲက တစ်ခုခုကို ကျူးလွန်တယ်လို့ ယူဆရင် ကုလသမဂ္ဂကလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်လို့ရတယ်။ ဒီလိုကျူးလွန်တဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်ပြီး ကုလသမဂ္ဂတပ်တွေ အဲဒီနိုင်ငံတွင်းကို ဝင်ရောက်ပြီး ထိန်းသိမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စမျိုးမှာ မြန်မာနိုင်ငံကို အရေးယူဖို့ ကုလသမဂ္ဂကလုံခြုံရေးကောင်စီမှာ တင်ဖူးပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားတို့က ပယ်ချလိုက်တယ်။ မြန်မာနိုင်ငံအတွင်း အများစုကတော့ ကုလသမဂ္ဂက လုံခြုံရေးကောင်စီမှာ တင်သမျှ  တရုတ်နဲ့ ရုရှားတို့က ပယ်ချပြီး R2P မဝင်နိုင်တော့ဘူးလို့ ယူဆကြပါတယ်။ ဒီလိုဖြစ်မယ်လို့ ကျွန်တော်တို့လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားဖို့ အီရတ်ကို အမေရိကန် ဘယ်လိုဝင်လဲ၊ လစ်ဗျားကို အမေရိကန် ဘယ်လိုဝင်ခဲ့လဲ။ ကုလသမဂ္ဂက လုံခြုံရေးကောင်စီကို အကြောင်းကြားပြီး အတည်ပြုချက် မရယူခဲ့ဘူး။ ဒီလိုတင်ပြီး ဝင်တဲ့အတွက် အီရတ်ဟာ ယနေ့တိုင် ပြည်တွင်းစစ်တွေနဲ့ ရင်ဆိုင်နေရဆဲပဲ။ လစ်ဗျားဟာ သတ်ဖြတ်မှုတွေအများကြီးနဲ့ ရင်ဆိုင်နေရဆဲပဲ။ အဲဒီက လူမြောက်မြားစွာဟာ စစ်ပြေးဒုက္ခသည်တွေဖြစ်နေတာပဲ။

ယနေ့ကမ္ဘာ့အခြေအနေကိုကြည့်ပါ။  ဆီးရီးယားစစ် လေးနှစ်ကျော်ပြီ။ ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲရေး လုပ်တယ်။ မရဘူး။ အဆိပ်ဓာတ်ငွေ့တွေ သုံးခဲ့တယ်။အမေရိကန်က ဗုံးချတယ်။ ရုရှားက ဗုံးချတယ်။ တူရကီက ဝင်တိုက်တယ်။ အစိုးရက တိုက်တယ်။ ရေပြင်မှာရော ဝေဟင်မှာရောပေါ့။  ပြည်သူတွေ  အသက်အိုးအိမ်တွေ ဘယ်လောက်ပျက်စီးလဲ၊  လူသိန်းချီသေတယ်။ ထွက်ပြေးရတယ်။ ဆေးဝါး၊ စားစရာမရှိဘူး။ စစ်ဆိုတာ ကြောက်စရာပါ။ စစ်ဖြစ်ပြီးရင် နောက်ဆုတ်လို့ရမယ်ထင်လို့လား။ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ပြင်နေတာ ကြားကြမှာပါ။

စစ်ဆိုတာ ကြောက်စရာပါ။ R2P ဆိုတာကို ပေါ့ပေါ့မတွေးပါနဲ့။ ဆွေနွေးအဖြေရှာဖို့ လိုတယ်။ ကျွန်တော်တို့အားလုံးဟာ လူသားတွေပါ။ လူမျိုး၊ ဘာသာ၊ အသားအရောင် ဘာပဲကွာကွာ လူဟာ လူပါ။ စစ်ဖြစ်ရင် ဘယ်လူမျိုး၊ ဘာဘာသာကိုးကွယ်သူ၊ ဖြူဖြူ မည်းမည်း ဗုံးကြဲရင် သေမှာကို ကြောက်ကြပါ။ ခေါင်းဆောင်များကလည်း ပေါ့ပေါ့လေးတွေးပြီး မြန်မာ့နောင်ရေးကို မဆုံးဖြတ်ပါနဲ့လို့  မှာချင်ပါတယ်။

Most Read

Most Recent