<

စာဖတ်ခြင်း အရသာ

Photo – Freepik

မိုးသည်းတဲ့ ဘန်ကောက်ညနေခင်း။ လူအစည်ကားဆုံးနေရာများထဲမှာ တစ်ခုပါတဲ့ မြို့လယ်က အနုစာဝရီ ကျောက်တိုင်အနီးက စတားဘက်ကော်ဖီဆိုင်မှာ ဆရာစောနောင်တစ်ယောက် တပည့်တွေနဲ့ အားပါးတရ စကားတွေ ပြောနေလေရဲ့။ ဒီနေ့က တနင်္ဂနွေဆိုတော့ အလုပ်နားကြတယ်လေ။ ၀င်းသောင်း၊ ကိုချစ်၊ နန်းနုနုဝင်း၊ ၀ါဝါအောင်၊ ခွန်စိုင်းတို့ တစ်တွေဟာ အလုပ်အားရက်မှာ ‘ချစ်သော မြန်မာပြည်ကျောင်း’ မှာ ပညာလာသင်ရင်းသူတို့ ၀ါသနာပါတဲ့ စာအကြောင်း ကဗျာအကြောင်းကို ဆရာစောနောင်နဲ့ အခုလို မကြာခဏဆုံပြီး ပြောတတ်ကြတယ်။ ၀င်းသောင်းက “မနေ့က ၂၀၁၇ ခုနှစ်အတွက် တစ်သက်တာ စာပေဆုရသွားတဲ့ ဆရာကြီး မောင်သာနိုး ဆုလာယူရင်း ပြောသွားတဲ့စကား သိပ်ကောင်းတယ်ဗျာ။ ဒါကြောင့် သူငယ်ချင်းတို့ကို ရှယ်ပေးချင်လို့ ကိုယ်ယူလာတယ်။ နားထောင်ကြမလား ပြောပြမယ်” လို့ပြောတော့ ၀ါဝါအောင်က “ဘာတွေ ပြောသွားလို့လဲ ၀င်းသောင်း၊ ငါတို့ သိချင်တယ်”

“သူပြောသွားတာက စာဖတ်ကြပါ။ စာဖတ်တဲ့ လူမျိုးဟာ ကြီးပွားတာပဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာ စာအလွန်ဖတ်တာ တွေ့ရတယ်။ စာဖတ်ခြင်းကို ငါးပါးသီလ စောင့်ထိန်းသလို ကျင့်ကြံကြရမယ်။ စာမဖတ်တဲ့လူကို  သီလမရှိတဲ့ လူလို့ မြင်ရမယ်။ မြန်မာစာရေး ဆရာတွေကိုလည်း ပြောချင်တယ်။ စာအများကြီး ဖတ်ကြရမယ်။ စာရေးဆရာတွေဟာ ကလေးကလားတွေ လျှောက်ရေးမနေဘဲ လေးလေးနက်နက်ရှိတဲ့ စာကောင်းပေမွန်တွေရေးဖို့  တာဝန်ရှိတယ်။ တချို့စာရေးဆရာဖြစ်လို့ စာဖတ်ဖို့ မလိုတော့ဘူးလို့ပြောတာ ကိုယ်တိုင် တွေ့ဖူးတယ်။ အံ့သြဖွယ်လို့ ပြောသွားတယ်” လို့ဆိုတော့

“ဆရာကြီးပြောတာ မမှားဘူးလို့ ငါထင်တယ် ၀င်းသောင်း” လို့ ကိုချစ်က ထောက်ခံတယ်။

ကိုချစ်ဆိုတဲ့လူက အ၀တ်အစားကို ခြိုးခြံချွေတာပြီး စာအုပ်ကို ၀ယ်ဖတ်တဲ့လူ။ သူက ဒီကျောင်းမှာ သူတတ်တဲ့ ကွန်ပျူတာပညာကိုလာပြီး သင်ပေးနေတာ။ အခုတော့ ထိုင်းတက္ကသိုလ်တစ်ခုမှာ ဘောဂဗေဒဘာသာ အထူးပြုနဲ့ စနေ၊ တနင်္ဂနွေတွေ တက်နေတယ်။

ခွန်စိုင်းက “အေး ၀င်းသောင်း၊ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ ဒီမေးခွန်းကို ဆရာ့ကို မေးမယ်။ ကျွန်တော် တကယ်မသိလို့ မေးတာပါ။ ဆရာ မောင်သာနိုးက ဘယ်လိုလူမျိုးလဲ ဆရာ”

“ငါ သိသလောက် ပြောပြရရင် ဆရာ မောင်သာနိုးဟာ တစ်ဖက်က အင်္ဂလိပ်စာပြ ဆရာကြီးပေါ့ကွာ။ ဒါပေမဲ့သူ အင်္ဂလိပ်စာ မေဂျာနဲ့ ကျောင်းပြီးခဲ့တာ မဟုတ်ပါဘူး။ မြန်မာစာနဲ့ ကျောင်းပြီးတာ။ သူ့ရဲ့စာပေ လက်ရာကောင်းတွေကတော့ အများကြီးရှိမှာပါပဲ။ ငါတို့ခေတ်က သိပ်ပြီး အရှိန်အ၀ါ သြဇာကြီးခဲ့တာက ထင်းရှူးပင်ရိပ်ဆိုတဲ့ ဘာသာပြန် ကဗျာစာအုပ်။ နောက် ‘ဘောင်းဘီဝတ် မိုးတိမ်’ လည်း ဆရာကြီးပဲ ပြန်တယ်ထင်တယ်  တပည့်တို့ရေ။ သိပ်တော့ တိတိကျကျ မမှတ်မိတော့ဘူး” လို့ ပြောတော့ နန်းနုနုဝေက တစ်ခါမေးပြန်တယ်။

“သမီးတို့က ဆရာနဲ့ တွေ့လို့သာကိုယ့် မြန်မာစာကို လေ့လာရကောင်းမှန်း သိလာတာ။ မြန်မာပြည်မှာလည်း ကျောင်းကသုံးတန်းလောက်ပဲ သင်ဖူးတာဆိုတော့ စာရေးဆရာကြီးတွေအကြောင်းလည်း သိပ်မသိတာ ဆရာစိတ်မဆိုးနဲ့နော်။ ပြီးတော့ စာမဖတ်ကြဘူးဆိုတာကလည်း စာဖတ်တဲ့ အလေ့အကျင့် အားနည်းတာရယ်။ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတာရယ်ကြောင့်လည်း မဖတ်ကြတာ မဟုတ်လား ဆရာ”

အဲဒီလို စာမဖတ်ဖြစ်ကြခြင်းရဲ့ များပြားလှတဲ့ အကြောင်းပြချက်တွေထဲက တစ်ချက်ကို ထုတ်ဖော်ပြောဆိုလာချိန် မိုးက ပိုသည်းလာတယ်။ ဆိုင်ထဲမှာ လူတွေလည်း ပိုများလာတာကို တွေ့ရတယ်။ မြန်မာဆိုလို့ ကိုယ်တွေရဲ့ စားပွဲတစ်ဝိုင်းကလေးပဲ ရှိတာ။ ကျန်တာတွေက အသားအရောင်စုံ။ ဘာသာစကားစုံနဲ့ ညံနေတယ်။ အဲဒီလို ဆူညံနေတယ် ဆိုပေမယ့် သူတို့ရှေ့မှာ တက်ဘလက် ဒါမှ မဟုတ် လက်တော့ တစ်ခုခုကတော့ မီးလင်းနေကြတယ်။ တချို့တွေဆီမှာဆို စာအုပ်တွေ  ဖွင့်ဖတ်နေတာတောင် တွေ့ရသေးတယ်။

“လူတိုင်းနီးပါးကတော့ မင်းပြောသလိုပဲ ဆင်ခြေပေးကြတာပါပဲလေ။ တချို့ကျတော့လည်း ဗြောင်ပြောတာပဲ။ စာဖတ်ပျင်းတယ်တဲ့။ စာဖတ်ပျင်းလို့ စာမဖတ်တော့ ဗဟုသုတဘက်မှာ အားနည်းတာပေါ့။ ဗဟုသုတ အားနည်းတော့ ဆင်ခြင်တတ်တဲ့ ဥာဏ်ပညာမဲ့ တာပေါ့ကွာ မဟုတ်ဘူးလား”

“ဒါပေမဲ့ ဆရာ။ သမီး တွေ့ဖူးတဲ့အထဲမှာ စာအများကြီး ဖတ်ထားပြီး သူများတွေလောက် အဆင်မပြေတဲ့ လူတွေလည်း အများကြီးရှိတာပဲ။ ဥပမာ ဆရာပေါ့” လို့ နန်းနုနုဝင်းက သူ့ဆရာကို တည့်တည့်ကြီး ထောက်ပြဝေဖန်လေတော့တယ်။

တပည့်တွေကို ဟန်တစ်လုံးနဲ့ စာစကားတွေ မိုးတစ်လုံး လေတစ်လုံးနဲ့ ပြောလေ့ပြောထရှိတဲ့ ဆရာစောနောင်တစ်ယောက် ရုတ်တရက် အမြန်ပြေးနေရာက ခလုတ်တိုက်ပြီး ဟပ်ထိုးလဲကျသူလို ဘာပြောရမှန်းမသိ ဖြစ်သွားလေရဲ့။ တခြားတပည့်တွေကလည်း အားတုံ့အားနာနဲ့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တဲ့နောက်  စကားဝိုင်းလေး ခဏငြိမ်သက် သွားရတယ်။ ပြီးမှ ဆရာလုပ်သူက “ဒါကတော့ သမီးရယ်။ ငါတို့ ဖြတ်သန်းရင်ဆိုင်ရတဲ့ ဘ၀ရဲ့ ပေးထားချက်ကြောင့်ပါ။ ဆိုပါစို့ကွာ။ အခုထိုင်းမှာ အဆင်ပြေကြပါတယ်ဆိုတဲ့ မြန်မာအများစုကို လိုက်ကြည့်ရင် ဘာတွေလုပ်ကြသလဲ မင်းသိမှာပါ။ ကဲငါ မင်းကို မေးမယ်။ သူတို့လို ငါလည်း ပိုက်ဆံရဖို့ တစ်ခုတည်းအတွက် လုပ်ရင်မင်းတို့ ဘယ်လိုမြင်မလဲ။ အခုလို ချစ်ခင်လေးစားမှု ရှိကြပါဦးမလား”

“အဲဒါတော့ ဟုတ်တယ်။ နုနု နင်က ဆရာ့ကို အဲဒီလိုကြီးတည့်တော့ မပြောသင့်ဘူးဟယ်။ ငါ အားနာလိုက်တာ”

“ငါ ဆရာကို စော်ကားလို့ ပြောတာမဟုတ်ဘူး ခွန်စိုင်း။ ငါက လက်တွေ့ကျကျ ပြောတာပါ။ ကန်တော့နော် ဆရာ။ စိတ်မဆိုးပါနဲ့”

“အေးပါကွာ ရပါတယ်။ စောစောက ပြောနေတဲ့ စကားလမ်းကြောင်းကို ပြန်ကောက်ကြရအောင်။ ၀ါဝါအောင်ပြောတဲ့ စာမဖတ်ကြရတဲ့ အကြောင်းက စာမဖတ်ကြသူတွေဟာ စာဖတ်လို့ရတဲ့ စာအရသာကို မသိလို့ ပြောကြတာပါ။ ဘယ်သူမဆို အရသာရှိတဲ့ကောင်းတဲ့ အရာဆို စားချင်ကြတာပဲ၊ လိုချင်ကြတာပဲ မဟုတ်လား။ စာကို စွဲစွဲလန်းလန်းဖတ်တဲ့ လူတွေဟာလည်း စာက ရတဲ့ကောင်းတာတွေ  စာကပေးတဲ့ ရသတွေကို ခံစားဖူးကြလို့ သိနေကြလို့ပါကွာ”

“ကျွန်တော်တို့ကို ပိုသဘောပေါက်အောင် အလင်းပြပေးပါဦး ဆရာ”

“စာအုပ်တွေထဲမှာ ပညာဗဟုသုတတွေ  ရှိနေတယ်။ ဒါကြောင့် အလိမ္မာ စာမှာရှိလို့ ဆိုတယ်လေ။ ပြီးတော့ ဒီနေ့ မင်းတို့ သိပ်သဘောကျတဲ့ ရုပ်ရှင်၊ ဗီဒီယိုဆိုတာတွေဟာလည်း မူလက စာတွေ မဟုတ်လား။ သိပ်ကောင်းတဲ့ ၀တ္ထုတွေကို ရုပ်ရှင်အဖြစ် အသက်ပြန်သွင်းလိုက်ကြတာလေ။ ဒီတော့ ဇာတ်လမ်းအရ လွမ်းရင် မင်းတို့လည်း ၀င်လွမ်း။ ကြောက်စရာရှိ ကြောက်။ ပျော်စရာရှိပျော်။ စိတ်ချမ်းသာစရာကောင်းရင် ကြည်နူးလို့ပေါ့။ ဒါဟာ ရသပေါ့ကွာ။ အရသာပေါ့။ ဒါကိုပဲ ကောင်းလိုက်တာလို့ ပြောကြတာလေ။ ဒီလိုပဲ ၀တ္ထုကောင်းတစ်ပုဒ်ကို ဖတ်နေတဲ့ လူဟာလည်း ဇာတ်လမ်းအလျောက်  လိုက်ပါစီးမျော ခံစားနေတတ်ကြတာပဲကွ။ စာအုပ်ဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာနဲ့ ကွာတာရှိနိုင်တယ်။ ငါ့ အထင်ပြောပြမယ်။ စာအုပ်ဖတ်သူက ရသအပြင် စာကပေးတဲ့ ဗဟုသုတတွေကို သေသေချာချာရတယ်။ အဲဒီကတစ်ဆင့် မိမိဘ၀ထဲမှာ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ချိန်ထိုးပြီး သင်ခန်းစာယူတတ်ကြတယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးပေါ့”

ဆရာက အဲဒီလို စကားကို ခပ်ရှည်ပြောပြီးတဲ့နောက် ခါးသက်ရှတတဲ့ ကာပူချီနိုကို  ငုံသောက်ပြီး ကော်ဖီရဲ့အရသာကို ခံစားနေတယ်။ တပည့်တွေကတော့ သူ့ဆရာ ပြောပြတဲ့စကားကို ဆက်စပ် စဉ်းစားနေကြတယ်ထင်ရဲ့။ ဆူညံနေတဲ့ ကော်ဖီဆိုင်ထဲမှာ သူတို့ တစ်ဝိုင်းကတော့ တိတ်ဆိတ်နေတယ်။

ဒါကြောင့်မို့ ဆရာလုပ်သူကပဲ “အေး စာအုပ်ကတော့ လူတွေကို ငါ့ကို လာဖတ်ကြနော်လို့ ဘယ်တော့မှ လှမ်းခေါ်မှာ မဟုတ်ဘူး။ သူ့ကို မဖတ်လို့လည်း စိတ်လည်းမဆိုးဘူး။ ၀မ်းလည်း နည်းနေမယ် မထင်နဲ့။ သူကတော့ အေးဆေးပဲ။ မင်းတို့ ခေတ်လို အိုင်တီခေတ်၊ အွန်လိုင်းခေတ်မှာ လူတွေက သူ့ကိုလျစ်လျူရှုထားလည်း ခပ်တည်တည်ပဲ။ အေးလူတွေက သူ့ကို ဖတ်ရင်တော့ သူက လူတွေကို သူ့ရင်ဘတ်ကြီးနဲ့ သိမ်းထားတဲ့ ဗဟုသုတ ဘဏ္ဍာသိုက်ကြီးကို ရက်ရက်ရောရော ထုတ်ပေးဖို့ ၀န်မလေးဘူး။ တကယ်လို့ ရသစာပေ ဖတ်မယ်ဆိုရင်လည်း လူတွေရဲ့ စိတ်နှလုံးကို နူးညံ့လာအောင် သာယာလာအောင် ရသကိုးပါးနဲ့ ဆွဲခေါ်သွားဖို့ အဆင်သင့် စောင့်နေလေရဲ့”

“သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ပြောပြချက်ပါ ဆရာ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာကိုယ်တိုင် ဖတ်ဖူးတဲ့ ၀တ္ထုတစ်ပုဒ်က ဘယ်လိုဆွဲခေါ်သွားတယ်ဆိုတာ ပြောပြလို့ရမလား။ သမီးသိချင်လို့”

“အေး နုနု ငါပြောပြမယ်။ ငါ ဒီလထဲမှာ စာအုပ်နှစ်အုပ် ပြန်ဖတ်ဖြစ်တယ်။ တစ်အုပ်က စာမျက်နှာ ၉၀၀ နီးပါး ရှိတဲ့ ‘အကြီးအကဲ’ ဆိုတဲ့စာအုပ်။ ဆရာမောင်ပေါ်ထွန်း ဘာသာပြန်တာ။ နောက်တစ်အုပ်က ‘အိပ်ဇိုးဒပ်စ်’ တဲ့။ သူလည်း စာမျက်နှာ ၅၀၀ နီးပါးပဲ။ ဒီစာအုပ်ကိုတော့ ဆရာမောင်မိုးသူက ပြန်တယ်။ ငယ်ငယ်ကတော့ ဖတ်ပြီးသားပေါ့။ မူရင်း စာရေးဆရာက လီယွန်ဦးရစ်တဲ့”

“အယ် အထူကြီးတော့။ သမီးတို့ဆိုရင်  ဒီလောက်ထူတဲ့ စာအုပ်ကို တစ်နှစ်လောက် ဖတ်ရမလား မသိဘူး”

“အင်း  စိတ်ဝင်တစား ဖတ်ရင် မကြာပါဘူး သမီး။ ဒီစာအုပ်နှစ်အုပ်ဟာ ကမ္ဘာ့စာပေလောကမှာ သိပ်နာမည်ကြီးတဲ့ စာအုပ်တွေပဲ။ အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသကို အဓိက နောက်ခံထားပြီး ရေးတယ်။ အိပ်ဇိုးဒပ်စ်မှာ နှစ်ပေါင်း ၂၀၀၀ ကျော် နိုင်ငံပျောက်သွားပြီး မိမိတို့ ဂျူးလူမျိုးတွေအတွက် နိုင်ငံတစ်ခုရရှိဖို့ အသက်တွေ ဘ၀တွေများစွာ ပေးဆပ်ရင်းနှီးခဲ့ကြတာတွေရယ်၊ ဂျူးတွေအပေါ် နာဇီတွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို ကိုယ်တိုင်ခံစားရသလို ခံစားရတယ်။ အစ္စရေးဆိုတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာကို မလိုလားတဲ့ အနားပတ်ပတ်လည်က အာရပ်နိုင်ငံတွေရယ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က နိုင်ငံရေးကျားကစားကွက်တွေကို လင်းခနဲ ရှင်းခနဲ ခံစားနားလည်လာရတယ်။ ဒီလိုပဲ ‘အကြီးအကဲ’ စာအုပ်ကိုဖတ်ရင်း လူမျိုးတစ်ခု၊ တိုင်းပြည်တစ်ခု ပျက်စီးရခြင်း အကြောင်းတရားတွေကို ကောင်းကောင်းသိလာတယ်။ ဆရာကတော့ နိုင်ငံရေးတွေ အားသန်သူမို့လို့  ဒီစာအုပ်နှစ်အုပ်ကို ဥပမာ တင်ပြောပြတာပါ”

“သမိုင်းနောက်ခံ ၀တ္ထုပေါ့နော်”

“ဟုတ်တယ် ၀င်းသောင်း။ သမိုင်းဆိုမှ တကယ့်လူသားတွေ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သေသေချာချာ လေ့လာသုတေသနပြုပြီး ရေးထားတာ။ ဒီစာအုပ်တွေကိုဖတ်ပြီးရင် မင်းရလာမှာက တိုင်းပြည်နဲ့ နိုင်ငံအတွက် တကယ်ချစ်တဲ့ ခေါင်းဆောင်ဆိုတာ ဘယ်လူလိုမျိုးကိုခေါ်တယ်။  စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်ထားဆိုတာ ဘယ်လိုလူမျိုးရဲ့ စိတ်ထားလဲ ဆိုတာကို သိလာမယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တွေဟာ တိုင်းပြည်အတွက် တကယ်ပေးဆပ် စွန့်လွှတ်ခဲ့ကြတဲ့ ပုံရိပ်တွေ  နိမိတ်တွေကို ဖော်ကျူးထားတယ်။ အလားတူ အပြောသန်ပြီး သင်္ကြန်အမြောက်ဆန်လို အသံသာကျယ်ပြီး အနှစ်သာရမဲ့တဲ့ နာမည်ကြီး ပေါ်ပြူလာ ဖြစ်ရုံလောက် ဖြစ်ချင်သူတွေရဲ့ သရုပ်သကန်ကို ဘွင်းဘွင်းကြီး သိလာတယ်။ တိုင်းပြည်တည်ထောင်သူ ခေါင်းဆောင်ကောင်းတွေရဲ့ မြင့်မြတ်တဲ့နှလုံးသားရနံ့ကို ရှူရှိုက်မိသလို မိမိအတ္တအကျိုးအတွက် အများကို ချနင်းတတ်တဲ့ ခေါင်းဆောင်ဆိုသူတွေရဲ့ စက်ဆုပ် ရွံရှာဖွယ် စရိုက်လက္ခဏာတွေကိုလည်း ပီပီပြင်ပြင် သိလာရတယ်” လို့ တပည့်တွေကို သိစေလိုတဲ့ စေတနာအပြည့်နဲ့ ပြောပြနေတယ်။

ဒီအချိန်မှာ စောစောက ၀ုန်းဒိုင်းကြဲနေတဲ့ ဘန်ကောက်မိုးက စဲသွားပြီ။ ဒါကြောင့်မို့ စောစောက မိုးခိုနေကြတဲ့ လူတွေလည်း တဖြည်းဖြည်း လိုရာခရီးကိုဆက်ဖို့ ကော်ဖီဆိုင်ထဲက ထွက်သွားနေကြပြီ။ ကိုစောနောင်နဲ့ တပည့်တစ်သိုက်လည်း ကိုယ့်နေရာကိုယ့် ဒေသကိုပြန်ဖို့  မိုးပျံရထားဘူတာကို သွားတဲ့သူကသွား။ လိုင်းကားစီးမယ့်သူတွေကလည်း ကားမှတ်တိုင်ရှိရာကို ခပ်သုတ်သုတ် အပြေးအလွှား ထွက်သွားကြတယ်။

ကိုစောနောင်လည်း သူနေထိုင်ရာ ဘန်ခေးထနုန်ဘက်က ဆင်လမ်းကို ပြန်ရမှာမို့ ကောင်းကင်ရထားဘူတာကို ခပ်သုတ်သုတ် လာခဲ့တယ်။ မိုးပျံရထားပေါ်ရောက်တဲ့အခါ စောစောက စကားဝိုင်းမှာ ပြောစရာ ကျန်နေခဲ့တာတွေကို တစ်ယောက်တည်း စိတ်ထဲမှာ ဆက်ပြောနေမိတယ်။ တကယ်တော့ စာအုပ်ကတစ်ဆင့် ငါတို့ဟာ ကိုယ်မရောက်ဖူးတဲ့ အရပ်ကို ရောက်ဖူးနိုင်တယ်။ တစ်ခါမှ မမြင်ဖူး မသိဖူးသူတွေနဲ့ ရင်းနှီးလာနိုင်တယ်။ သူတို့ရဲ့ဘ၀ထဲကို ကိုယ်တိုင်ရောက်သွားသလို ၀င်ရောက်ခံစားလာနိုင်တယ်။ ဒါတွေဟာ  စာမဖတ်ဘဲ ဘယ်ရပါ့မလဲ။ စာကိုဖတ်မှ ဒါတွေကို ရမှာပေါ့။ ဖတ်ရင်းနဲ့ ခံစားရတဲ့ အရသာတွေဟာ စာဖတ်ခြင်းရဲ့ အရသာတွေပေါ့လို့ စိတ်ထဲကနေ ပြောနေမိပါတော့တယ်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.