မီးတောက်အပြာကို အဝါပတ်ခြင်း

မီးတောက်အပြာကို အဝါပတ်ခြင်း
Published 13 March 2018

Photo – Brain Facts

တွေးတယ် စဉ်းစားတယ်ဆိုတာတွေကလည်း တစ်ခါတလေ ဘာအကြောင်းရယ်လို့ ဦးတည်နေတာမဟုတ်ဘဲ အားလို့ ငြိမ်ငြိမ်လေးထိုင်နေရာက သူ့အလိုလို ဖြစ်နေတဲ့ ကိစ္စမျိုးပဲ။ ခွေးတစ်ကောင်ကို လုပ်ချင်ရာလုပ်ပါစေဆိုတဲ့ သဘောနဲ့ လွှတ်ပေးထားလိုက်တဲ့ သဘောပဲ။ ကုန်းခေါင်ခေါင် အလယ်က ရေအိုင်ငယ်လေးတစ်ခုလို အချိန်တန်ရင် အငွေ့ပြန်သွားမှာလို့ တထစ်ချ မှတ်ယူထားနိုင်တာမျိုးပဲ။ အချိန်နဲ့ကာလကို ဖြတ်ကျော်သွားပြီး တည်နေနိုင်တဲ့ အတွေးဆိုတာက ရှိလို့လား။

ပက်လက်ကုလားထိုင်မှာ ထိုင်၊ ပြာသော ကောင်းကင်ကို ကြည့်၊ နဖူးဘေးက ဖြတ်တိုက်သွားတဲ့ လေကိုကျေနပ်၊ ဇိမ်ကျ တယ်ရယ်လည်း မဟုတ်ဘူး။ အတွေးရေစီးမှာ နိမ့်ချည် မြင့်ချည် ပါသွားရင်း ဗြုန်းဆိုကြည့်လို့ လှတာကလွဲရင် သိပ်လိုချင်စရာ မကောင်းလှတဲ့ ရေတံခွန်ထဲ ထိုးကျသွားတတ်သေး။ ကိုယ် မစဉ်းစားချင်တဲ့ ကိစ္စတွေဆီ ရောက်သွားတာမျိုးပေါ့။ သေခြင်းတရား၊ ညဉ်းပန်းနှိပ်စက်မှု၊ မတော်မတည့်တဲ့ လိင်ကိစ္စ၊ ကြောက်စရာကောင်းလှအောင် လူတစ်ယောက်အနေနဲ့ မလိုလားအပ်တဲ့ အရာတွေဆီ။ မတွေးချင်တဲ့အတွေးဆိုတာမျိုးက နွံထဲနစ်သွားတဲ့ ခြေထောက်ကို ဆွဲထုတ်ရသလိုမျိုး တစ်ခါတလေ ပြန်နုတ်ဖို့ ခက်ခဲချင် ခက်ခဲနေသေးတာ။ သာမန်လူတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်တယ်ဆိုတဲ့ အလုပ်ဟာ ဒါပါပဲ။ တန်ဖိုးတွေ၊ အကျိုးရလဒ်တွေမပါတဲ့ အလုပ်ပဲဆိုပေမယ့် ပင်ပန်းဆင်းရဲရတဲ့ တကယ့်ဘဝကနေ ခဏတစ်ဖြုတ်ဖြစ်ဖြစ် လွတ်မြောက်သွားဖို့က တွေးတောငေးမောခြင်းဟာ အကောင်းဆုံးအလုပ်ပဲ။ အတွေးအခေါ်ပညာရှင်တွေလိုမျိုး စနစ်တကျ မိုးရွာရင် ရေရမယ် ပုံသေကားကျ ဖြစ်နေတာမဟုတ်ဘူး။ အဖြေလိုချင်တဲ့ စဉ်းစားတွေးခေါ်တာမျိုးလည်း မဟုတ်ဘူး။ တွေးချင်လို့ကို အလကားမတ်တင်း ထိုင်တွေးနေတယ်ဆိုတာမျိုး။

ခင်ဝမ်းဆိုပြီး ကိုရဲလွင်ရေးတဲ့ ‘နဒီမင်္ဂလာ’ သီချင်းထဲက ‘ဝေဟင်ပေါ် ပျံသန်းတဲ့ ငှက်ကလေးတွေ ဘယ်ဆီမှာ ဆင်းသက်တစ် ထောက်ခိုနားမယ်’ ဆိုတဲ့စာသားလို နက်ရှိုင်းမှုမျိုး၊ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းအစ ‘တိမ်တိုက်တွေရဲ့အဆုံး၊ အနောက်ဘက်က အဝေးမိုးကုတ်တစ်နေရာမှာ’ စာသားလို မှန်းဆရမှုမျိုးကို တွေးရတာ သိပ်အရသာရှိတယ်။ သူ့အရှိတရားနဲ့သူ သေချာနေတဲ့ အမှန်တရားတွေဆိုပေမယ့် ကိုယ့်အတွက်တော့ မရေမရာ နိုင်လှတာချည်းပဲ။ မရေမရာနိုင်ခြင်းကိုကလည်း လူ့ဘဝနဲ့ တွေးခြင်းရဲ့ အနှစ်သာရပဲ။

လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲလမ်း ခိုအောင်းကျန်ရစ်နေနိုင်တဲ့ အရာတွေ ဆိုတာဟာ တော်တော့်ကို များလိမ့်မယ်။ လူတွေ၊ စကားလုံးတွေ၊ ကိန်းဂဏန်းနံပါတ်တွေ၊ သစ်ပင်အခေါက်တွေ၊ အဝတ်အစား အဆင်အရောင်အသွေး၊  ဖုန်ထူထူလမ်း ကလေးနဲ့ တခြားပတ်ဝန်းကျင်ပုံရိပ်တွေဟာ လူတစ်ယောက်ယောက် ကျပျောက်ကျန်ရစ်ခဲ့တဲ့ မြက်ခင်းထူထူထဲက မိုက်ခရိုမင်မိုရီကတ် လေးတွေလိုပဲ မပျက်စီးသရွေ့ရှိနေတော့မှာ။သေပြီးတဲ့နောက် ဦးနှောက်တစ်ခုလုံး အရည်ပျော် မသွားခင်အထိ ထောင့်ကလေးတစ်နေရာမှာ တိတ်ဆိတ်ငြိမ်သက်လျက် တည်ရှိနေဦးမှာ။ မသေခင် ဘဝတစ်လျှောက်လုံးရဲ့ ဘီလျံပေါင်းများစွာရှိမယ့် တွေးခြင်းအကြိမ်တိုင်းမှာလည်း Pixel အကွက်လေးတစ်ကွက်အနေနဲ့ ပါဝင်ပုံဖော်နေတော့မှာပဲ။

ငါငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းတစ်ခုမှာ ကိုရင်ဝတ်တော့ ငါအိပ်ရတဲ့ ကျောင်းဆောင် ပြတင်းပေါက်ကကြည့်ရင် လူနေတဲ့ ခုနစ်ထပ်တိုက်တစ်ခုကို အမြဲမြင်ရတယ်။ ကိုရင်ဝတ်တာဆိုတော့ တရားတွေ ဘာတွေလည်း သိပ်မထိုင်ရ၊ စာကျက်စရာလည်း ပြောပလောက်အောင် မရှိတော့ အားနေရင် အဲဒီပြတင်းပေါက်နားမှာ ထိုင်အပြင်ကို ငေးနေရတော့တာပဲ။ အထူးသဖြင့်တော့ ခုနစ်ထပ် တိုက်ကြီးရဲ့ ခြောက်ထပ်မြောက်က ပြတင်းပေါက်တစ်ခုကိုပေါ့။ ကျန်တဲ့အခန်းတွေက အမြဲပြတင်းပေါက်တံခါးတွေ ပိတ်ထားတာဆိုတော့ ထွေထွေထူးထူးလည်း မကြည့်မိမှတ်မိနေတာလည်း ဘာမှမရှိဘူး။ ခြောက်ထပ်မြောက် အခန်းက ပြတင်းပေါက်ကတော့ ညဘက်ဆိုရင် ဖွင့်ထားသလား၊ ပိတ်ထားသလား မမြင်ရလို့ မသိပေမယ့် နေ့ဘက်တွေမှာတော့ အမြဲတမ်း ဖွင့်ထားလေ့ရှိတယ်။ ပြီးတော့ တစ်ခါတလေ လူတစ်ယောက်ဟာ အဲဒီပြတင်းပေါက်ကနေ ထွက်ထွက်လာပြီး အောက်က သွားလာနေတဲ့ ကားတွေ ဒါမှ မဟုတ် ငါမမြင်ရတဲ့ တခြားတစ်နေရာရာကို ငေးနေလေ့ရှိတယ်။

ကိုရင်ဝတ်ကလေးနဲ့ ငါဟာလည်း အားအားရှိ ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်လျက်၊ ထောက်ထားတဲ့လက်ပေါ် ခေါင်းကိုတင်လျက် ထိုင် အဲဒီအခန်းက လူဘယ်အချိန် ထွက်ငေးမလဲ စောင့်မျှော်နေမိတာပဲ။ ဝေးလွန်းတော့ အဲဒီအခန်းက ထွက်ထွက်လာတဲ့ လူရဲ့ မျက်နှာကို မှတ်မိနေဖို့ဝေး အဲဒီလူဟာ မိန်းမလား ယောကျ်ားလားတောင် ငါဘာမှ မသဲကွဲဘူး။ ဒါပေမဲ့ ဒီလိုပဲ သူ့ကို ငေးကြည့်ရင်း ငါလည်း တွေးချင်ရာ တွေးတော့တာပဲ။ အဲဒီလူဟာ ဘာအလုပ်လုပ်သလဲ။ နေ့စဉ်နေ့စဉ် ပြတင်းပေါက်ကထွက်လာဘာတွေများ ငေးနေတွေးနေသလဲ။ ငါ့လိုပဲ တခြားလုပ် စရာမရှိလို့ တစ်ခုခုကို ငေးနေရတာကမှ ဖြေသာသေးတယ်လို့ ဆုံးဖြတ်ထားသူလား။ တစ်ချိန်ချိန်မှာ သူနဲ့ ငါဟာ တစ်နေရာရာမှာများ ဆုံကြလေဦးမလား။ ဆုံကြတော့လည်း ဘယ်သူက ဘယ်သူမှန်းမသိကြတာမို့ ဘယ်သူဘယ်ဝါ သတိထားမိလိုက်မှာလည်း မဟုတ်ဘူးပေါ့။  ဒီလူရဲ့ဘဝမှာ ဘယ်တော့မှ မသိနိုင်တာတွေထဲ သူပြတင်းပေါက်က ထွက်ထွက်ငေးနေတုန်း သူ့ကို ပြတင်းပေါက်တစ်ခုကနေ စောင့်ကြည့်နေတဲ့ ကိုရင်လေးတစ်ပါး ရှိခဲ့ဖူးတယ်ဆို တာကိုပါ ထည့်ပေါင်းရတော့မှာပဲ စသဖြင့် ဘာလိုချင်တပ်မက်မှု၊ ဘာရည်ရွယ်ချက်မှ မရှိတဲ့ အတွေးမျိုး တွေးခဲ့ဖူးတယ်။

အဲဒီကိုရင်ကလေးဘဝက နောက်ပိုင်းမှာ အဲဒီစဉ်းစားပုံ ငေးမျှော်ပုံမျိုးတွေနဲ့ ခပ်ဆင်ဆင်အဖြစ်တွေကလည်း အများကြီး ရှိခဲ့ဖြစ်ခဲ့သေးတာပဲ။ ခရီးဝေးတွေ သွားရတဲ့အခါ ပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ရတိုင်း အမြဲငေးပြီးလိုက်ရင်း ဆုံးစမထင် ရေရေရာရာလည်း ဘာမှ မရှိလှတဲ့ နိုးတစ်ဝက် အိပ်မက်တွေကလည်း အများသား။ ရွေ့နေတဲ့ကား ပေါ်မှာထိုင်ရင်း ဆန့်ကျင်ဘက်လမ်းကို ဝူးခနဲ ထွက်သွားတဲ့ တခြားကားတစ်စီးပေါ်က ပြတင်းပေါက်နံဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို လှစ်ခနဲ ဝေေ၀ဝါးဝါး မြင်လိုက်ရတာနဲ့ ကိုရင်လေးဘဝက အတွေးမျိုးတွေက ဝင်လာတယ်။ တစ်ခါတလေ အဲဒီကားပေါ်က လူနဲ့ မျက်လုံးချင်းပါ ဆုံလိုက်ရရင်တော့ ခရီးလမ်းဆုံးတဲ့အထိ ဘယ်တော့မှ ဖြေနိုင်မှာ မဟုတ်တဲ့ မေးခွန်းတွေက ခေါင်းထဲတသွင် သွင်စီးလာတော့တာပဲ။ ဒါပေမဲ့ ငါ့အတွေးမျိုးက လူတိုင်း တွေးနေနိုင်တာမျိုးပါ။

ကမ္ဘာပေါ်က ငါမသိတဲ့ တခြားလူ့ဘ၀ တွေရဲ့ ဖြစ်တည်မှုတွေ၊ အဲဒီ ငါလုံးဝမသိတဲ့ လူရဲ့ ဘဝဒုက္ခတွေ၊ ငါမသိတဲ့ မြို့တစ်မြို့က ငါမသိတဲ့ လမ်းတစ်လမ်းပေါ်မှာ ငါနဲ့တစ်နေရာရာမှာ ဖျတ်ခနဲ ဆုံလိုက်ရဖူးတဲ့ လူတစ်ယောက်ဟာ ခါးထောက်ပြီး ရပ်နေမယ်။ ဒါမှမဟုတ် ငါနဲ့ တစ်နေရာရာမှာ ရုတ်တရက် အကြည့်ချင်းပဲဖြစ်ဖြစ် ဆုံလိုက်ဖို့၊ ဒါမှမဟုတ် လူတောထဲ ဖြတ်သန်းရင်း ပခုံးချင်းပဲဖြစ်ဖြစ် တိုက်မိလိုက်ဖို့ ရာခိုင်နှုန်းအများကြီး ရှိနေပါလျက်နဲ့ ဘယ်တုန်းကမှ မဆုံလိုက်ရတဲ့ လူတစ်ယောက်ဟာ အရိပ်ရတဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်ချိုင့်ဝှမ်းအောက်က လွင်ပြင်ကိုငေးပြီး ဘဝဇာတ်လမ်းတစ်ခုကို စဉ်းစားနေလိမ့်မယ်။ ဘဝဇာတ်လမ်းဆိုတာတိုင်းကတော့ နာကျင်စရာနဲ့ အဆုံးသတ်ရမှာချည်းပဲ။ ဒါတော့ သိပ်သေချာတယ်။ တစ်ခါတလေငါဟာ ကိုယ့်ကိုယ်ကိုယ် မာန်ကျသွားစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ငါဘာကောင်မှမဟုတ်ပါ ဘူးကွာလို့ ဆင်ခြင်တတ်ဖို့ စကြဝဠာကြီးရဲ့  အဆင်ခြင်မဲ့ ကျယ်ပြောကြီးမားလှပုံကို တွေးနေဖို့တောင် မလိုပါဘူး။ တစ်နေရာရာမှာ ငြိမ်ငြိမ်ကလေး ထိုင် ငါမသိတဲ့ ဘဝဇာတ်လမ်း တစ်ခုခုကို ဘာတော့ဖြစ်ကောင်း၏ဘာတော့ မဖြစ်တန်ကောင်း၏ တွေးခေါ်နေလိုက်ရုံပဲ။

လူတွေမှာ ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ အသိမိတ်ဆွေတွေဆိုတာလည်း ရှိတတ်တာပဲ။ ဆန်ဆုံစား ကံကုန်သွားတွေဟာ  သေချာပေါက်ကို ရှိမှာ။ (ဆန်ဆုံစား ကံကုန်သွားဆိုတဲ့ စကားလုံးကို သုံးမိတော့ ဆရာသော်တာဆွေရဲ့ ကသာမြို့က ကချင်မလေး မသူဆိုတဲ့ စိတ်ကူးပုံရိပ်ကိုတောင် တမ်းတလွမ်းဆွေးမိသေးပါရဲ့) ငါဆိုရင် ဝန်ထမ်းမိသားစုက မွေးဖွားသူဖြစ်လေတော့ နယ်တစ်နယ်မှာ လေးငါးနှစ်နေ ပြောင်းရွှေ့၊ နောက်ထပ်မြို့ တစ်မြို့ နှစ်နှစ် သုံးနှစ်နေပြောင်းရွှေ့နဲ့ အဆင့်ဆင့် ပြောင်းရွှေ့ရင်း ငယ်ဘဝက ခင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ငယ်ဘဝက ငါ့ကိုချစ်ခင်ကြတဲ့ ဘေးပတ်ဝန်းကျင်က လူကြီးသူမတွေ၊ အစ်ကို အရွယ်တွေစသဖြင့်တွေဟာ ငါ့တစ်သက်ဘယ်တော့မှ ပြန်မဆုံနိုင်တော့တာတွေ အများကြီးပဲ။ အဲဒီလူတွေဟာ အခုဆိုရင် ဘယ်တွေရောက်နေကြမှာပါလိမ့်။ ဘာတွေ လုပ်နေကြမှာပါလိမ့်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ငါနဲ့ ခပ်ဆင်ဆင် ချာတိတ်ကလေး တစ်ယောက်ကို တွေ့လို့မို့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ချာတိတ်ကလေးတစ်ယောက်ကိုများ ပြန်သတိရနေမလား။

ငါငယ်ငယ် ကျောင်းသားဘဝက သွားသွားငေးငေး ကြည့်နေခဲ့ဖူးတဲ့ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း နှုတ်ခမ်းထောင့်မှာ မှဲ့နက်ခပ် ကြီးကြီးတစ်လုံးရှိတဲ့ ကောင်မလေးတစ်ယောက်ဟာ လင်နဲ့ သားနဲ့ (ငါ့သူငယ်ချင်းတစ်ယောက် ရွတ်ရွတ်နေလို့ ရနေတဲ့ကဗျာတစ်ပုဒ်ထဲကလို)  ဗိုက်ခေါက်အထူကြီးတွေဖြစ်လို့ ပါးစပ်ကလည်း ဗျစ်တောက်ဗျစ်တောက်ရွတ်နေတတ်တဲ့ မိန်းမကြီးတစ်ယောက် ဖြစ်နေပြီလား။ ဖြစ်နိုင်နေတာတွေပဲလေ။ မဖြစ်မနေ အဖြေသိချင်လို့ အဖြေသိရဖို့ မေးနေတဲ့ မေးခွန်းတွေမှ မဟုတ်ပဲ။ ဘာပဲဖြစ်ဖြစ် ရပါတယ်။ တချို့ကိုဆိုရင်တော့ ဦးနှောက်မှတ်ဉာဏ်ထဲမှာတောင် မရှိတော့လို့ တစ်ချိန် လမ်းတစ်လမ်းထဲမှာ၊ အမိုးရိပ်အောက် တစ်ခုမှာ မျက်နှာချင်းဆိုင် တွေ့မိလို့တောင် သူစိမ်းတွေဖြစ်နေကြတော့မှာ။ ပန်းချီကားတစ်ချပ်ထဲက ပုံပန်းသဏ္ဌာန်အရသာ လူလို့သိနေရတဲ့ ခပ်ဝါးဝါး ဆေးစက်တွေလိုပဲ။ သဘာဝအလှရှုခင်း ဓာတ်ပုံတွေ၊ ပြက္ခဒိန်တွေ၊ ပိုစတာတွေထဲမှာ မြင်ရတတ်တဲ့ ခပ်ဝေးဝေးက ကျောပေးထားတဲ့ လူတစ်ယောက်လိုပဲ။

အတွေးစိတ်ကူးနဲ့ပတ်သက်လို့ ငါ့စိတ်ကူးအတွေးကတော့ အများကြီးပါ။ ဖမ်းဆုပ်ရခက်လွန်းလို့ တချို့ကို ဘာသာစကား ဖော်ပြနိုင်စွမ်း ငါ့မှာ မရှိဘူး။ ထိထိခိုက်ခိုက်ဖြစ်လှတဲ့ ဝတ္ထုတစ်ပုဒ်၊ ရုပ်ရှင်တစ်ခုကို အခြားတစ်ယောက်အာရုံမှာထင်ပြီး သူ့ကိုလည်း ထိထိခိုက်ခိုက်ဖြစ်စေဖို့ ငါပြောမပြတတ်၊ ရေးမပြတတ်ဘူး။ အပြုအမူတစ်ခုဖြစ်လာဖို့  နောက်က မပြတ်စေ့ဆော်နေတဲ့ စိတ်သဘောနဲ့ ပတ်သက်လို့ ငါ့မှာ မရှင်း မရှင်းဘဲ။ ကောင်းကောင်းနားမလည်လို့ ကောင်းကောင်းပြန် မရှင်းပြတတ်တာမျိုးနေမယ်။ ပြဿနာမရှိဘူး။ ပက်လက်ကုလားထိုင်မှာ ထိုင်၊ ပြာသော ကောင်းကင်ကိုကြည့်၊ နဖူးဘေးက ဖြတ်သွားတဲ့ လေကို ကျေနပ်၊ ငြိမ်သက်တွေးနေဖို့က ဘာသာစကား မလိုအပ်ဘူးပဲ။

Most Read

Most Recent