ထာဝရစီးဆင်းပါစေ အဉ္ဇနမြစ်နဒီ

ထာဝရစီးဆင်းပါစေ အဉ္ဇနမြစ်နဒီ
Published 12 March 2018

ရခိုင်ပြည်နယ် လေးမြို့မြစ်အတွင်း သွားလာနေသူ ဒေသခံတို့အား တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဆောင်းကာလလည်း မပီပြင်တော့သလို  နွေကာလကိုလည်း မရောက်သေးတဲ့ နံနက်ခင်းတစ်ခုမှာ အဉ္ဇနနဒီလို့ခေါ်ကြတဲ့ လေးမြို့မြစ်ရဲ့ ရှုခင်းက ရင်သပ်ရှုမောဖွယ် ပန်းချီကား တစ်ခုလိုပါပဲ။ မြူနှင်းတို့ ရစ်သိုင်းနေတဲ့ လေးမြို့မြစ်ရေပြင်ပေါ်မှာ ကုတိုးစက်လှေ လေးတစ်စင်း ကန့်လန့်ဖြတ် ကူးသွားနေပါတယ်။ ရောင်နီပျိုးစအချိန်ဟာ အဉ္ဇနမြစ်ရဲ့ ရေပြင်နဲ့ ကောင်းကင်ဟာ တစ်ဆက်တစ်စပ်တည်းအလား ထင်မှားလောက်ပါတယ်။ ရေပြင်ကို ငါးဖမ်းလှေ ကလေးတစ်စင်းနဲ့ ပေါင်းမိုးလှေတစ်စင်းက အနားသတ်ပေးထားသလိုပါပဲ။

(ရာဇဝင်ထဲက အဉ္ဇနနဒီ )

ကြည်လင်ရှင်းသန့် စိမ့်ညို့ရောင် အရောင်အဆင်းရှိတဲ့ ရေတွေစီးဆင်းနေတဲ့ အဉ္ဇနနဒီလေးမြို့မြစ်ဟာ ရခိုင်သမိုင်းထဲက  ထင်းရှားတဲ့ မြစ်တစ်စင်းလို့ဆိုရင်လည်း မမှားပါဘူး။ ရခိုင်သမိုင်းထဲမှာ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး ခေတ်ဆိုပြီး ခေတ်ကြီးလေးခေတ် ရှိခဲ့ပါတယ်။ အဉ္ဇနနဒီ မြစ်ကမ်းနဘေးမှာ ပဉ္စာ၊ ပရိန်၊ နေရဉ္ဇရာ (တောင်ငူ) ၊ လောင်းကြက်ဆိုတဲ့ မြို့လေးမြို့ဟာ လေးမြို့ခေတ်ရဲ့ ထင်ရှားတဲ့ ရှေးဟောင်းမြို့တော်တွေဖြစ်ပြီးတော့ အဲဒီမြို့လေးမြို့ကို အစွဲပြုလို့ လေးမြို့မြစ်လို့ မှတ်ခေါ်လာခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဒါပေမဲ့ နှစ်ကာလကြာရှည်စွာ မြစ်ရေတိုက်စားမှုကြောင့် လေးမြို့ခေတ်ထဲက မြို့တော်နေရာတွေဟာ  ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ လောင်းကြက်တောင်မော် ကျောက်စာလို  သမိုင်းသက်သေအထောက် အထားတွေက အဉ္ဇနနဒီရဲ့ ရာဇဝင်တွေကို လှစ်ကြွေးပြောဆိုနေပါတယ်။ လေးမြို့ခေတ်ဟာ အေဒီ- ၇၉၄ ခုနှစ်ကနေ အေဒီ- ၁၄၀၄ ခုနှစ်အထိ နှစ်ပေါင်း ၆၁၀ ကြာ မင်းဆက်ပေါင်း ၆၆ ဆက် အုပ်ချုပ်စိုးစံခဲ့ပါတယ်။ ရခိုင်သမိုင်း ခေတ်ကြီးလေးခေတ်ထဲမှာ ထင်ရှားတဲ့ ခေတ်တစ်ခေတ်ဟာ ဒီအဉ္ဇနနဒီ လို့ခေါ်တဲ့ လေးမြို့မြစ်ကမ်းနဘေးမှာပင် ထွန်းကားတည်ရှိခဲ့ပါတယ်။

လေးမြို့မြစ်ဟာ ချင်းပြည်နယ်တောင်ပိုင်း ဘာဘူကလန်၊ အာထရောတောင်တန်းကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ကြီးဆီကို စီးဆင်းလာတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။

ဘုံတလာရေတံခွန်ကနေ စလာတဲ့ အဉ္ဇနနဒီဟာ လေးမြို့ချောင်းအဖြစ် ဖြတ်သန်းစီးဆင်းသွားပြီး ရခိုင်ပြည်နယ်ရဲ့ နာမည်ကျော် လေးမြို့မြစ်အဖြစ် မင်းပြားမြို့မြောက်ဦးမြို့ကို ပတ်ခွေစီးဆင်းသွားပါတယ်။ မြစ်အရှည်မှာ ၁၁၄ မိုင်ရှည်ပါတယ်။ မြစ်ဖျားပိုင်းကနေ မင်းပြားမြို့အထိ လေးမြို့ခေတ်၏ ရခိုင်ရှေး ဟောင်းမြို့တော်တွေ ပေါ်ထွန်းခဲ့သော အပိုင်းကို ‘လေးမြို့မြစ်’ လို့ခေါ်ပြီးတော့ မင်းပြားမြို့ကနေ ပေါက်တောမြို့နယ် စွန်ရဲအထိ အပိုင်းကို ‘ရာမောင်မြစ်’ ၊ စွန်ရဲကနေ ဘင်္ဂလားပင်လယ်ထဲကို စီးဝင်သော အပိုင်းကို ‘ပေါက်ဆိန် ကျမြစ်’ ၊ စွန်ရဲကနေ ပေါက်တောမြို့ဘက် ခွဲထွက်ပြီး ကစ္ဆပနဒီမြစ်နဲ့ ပေါင်းဆုံတဲ့  အပိုင်းကို ‘ကျွဲကူးမြစ်’ လို့ခေါ်ပါတယ်။ မြေပုံမြို့ ဘက်ကနေ ဘင်္ဂလားပင်လယ်ထဲကို စီးဝင်တဲ့ အပိုင်းကို မင်းကြောင်းချောင်းလို့လည်း ခေါ်ပါတယ်။ လေးမြို့ မြစ်ဝှမ်းလွင်ပြင်ဟာ မြေဆီမြေသြဇာကောင်းမွန်ပြီး စိုက်သမျှဖြစ်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ လမ်းခင်းရာမှာ သုံးတဲ့ ကျောက်လုံးချောချောတွေနဲ့ အဆောက်အအုံဆောက်ရာမှာသုံးတဲ့ ရေချိုသဲတွေကိုလည်း  ထုတ်လုပ်ရရှိပါတယ်။  မြစ်ရေသည် ကြည်လင်နေပြီး မြစ်ကမ်းဝဲယာက ဥယာဉ်ခြံတွေ၊ သစ်တော၊ ဝါးတော၊ တောရိပ်တောင်ရိပ်တွေနဲ့ စိမ်းစိမ်းလန်းလန်း သဘာဝရှုခင်းတွေကလည်း ခရီးသွားပြည်သူတွေကို ဆွဲဆောင်မှု ရှိပါတယ်။ မြစ်ရေကို အမှီပြု လုပ်ကိုင်စားသောက်လျက်ရှိနေကြတဲ့ ကျေးရွာပေါင်း ၁၀၀ နီးပါးမျှ ရှိနေပါတယ်။ မြစ်ဖျားပိုင်းက  သဘာဝတောတောင် အလှအပတွေနဲ့ ပါးရဲ ထိုးထားတဲ့ ချင်းအမျိုးသမီးတွေရှိရာဆီကို ပြည်ပခရီးသွားတွေသွားရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မိုးကာလ ရေစီးပြင်းထန်လာပြီး ရေကြီးပြီး ကမ်းပါးက ကျေးရွာတွေ ရေဘေးဒဏ်ခံစားရတာတွေ၊ ကမ်းပါးပြိုတာတွေ  မြစ်ကြောင်းပြောင်းလဲတာတွေနဲ့ မြစ်ကြောင်းသောင်ထွန်းတာတွေလည်း နှစ်စဉ်တိုးလို့ဖြစ်လာနေပါတယ်။ မြစ်ညာပိုင်းက ကျောက်ထုတ်တာတွေ၊ သဲထုတ်တာတွေ၊ သစ်ထုတ်တာတွေ စဉ်ဆက်မပြတ်ရှိနေတာကြောင့် သစ်တောဝါးတောတွေ ပါးရှားလာခဲ့သလို သဘာဝပတ်ဝန်းကျင်ပျက်စီးလာတာကြောင့် လေးမြို့မြစ်ရေဟာလည်း အရင်လို မကြည်လင်နိုင်တော့ပါဘူး။

 

လေးမြို့မြစ်နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ

မတ်  ၈ ရက်က နေပြည်တော်မှာရှိတဲ့ M Gallary ဟိုတယ်မှာ ‘လေးမြို့ (၁) ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ’ နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုရေအား၊ သဘာဝဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံ ထုတ်လုပ်လျက်ရှိရာ နှစ်စဉ် ၁၅  ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ ပြင်သစ်ကုမ္ပဏီများနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့်  လေးမြို့ (၁) ရေအားလျှပ်စစ် စီမံကိန်းဟာ  ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ကြောင်း အခမ်းအနားမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ပါတယ်။

လေးမြို့မြစ်ကြီးကို ပိတ်ဆို့ပြီး ရေအားလျှပ်စစ်စီမံကိန်းပြုလုပ်မှာကို ဒေသခံတွေ  စိုးရိမ်ကြပါတယ်။ ဘာကြောင့် စိုးရိမ်ရတာလဲ  လို့မေးရင် လေးမြို့မြစ်ရေနဲ့ ချက်ပြုတ်စားသောက်ကြတယ်။ မြစ်ရေနဲ့ပဲ လယ်ယာကိုင်း ကျွန်းတွေကို စိုက်ပျိုးစားသောက်ကြတာလည်း ဖြစ်ပါတယ်။ မြစ်ထဲဆင်းငါးဖမ်းပြီး တစ်ဝမ်းတစ်ခါးအတွက် ဝမ်းစာရှာဖွေ ရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုတွေကို ပြုနေကြတယ်။ လေးမြို့မြစ်ကို ပိတ်ဆို့လိုက်တဲ့အခါ လေးမြို့မြစ်ကိုအမှီပြု အသက်ရှင် ရပ်တည်နေကြတဲ့ ပြည်သူတွေရဲ့ နိစ္စဓူဝအလုပ်တွေ ကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်ကြတာပါ။ ဒီထက်မက အလုပ်လက်မဲ့ဦး ရေတိုးလာနိုင်မယ့်အခြေအနေ၊  ဆင်းရဲဒုက္ခရောက်ကြမယ့် အဖြစ်တွေကို တွေးရင်း ရင်မောနေရတဲ့ ပြည်သူတွေရှိနေပါတယ်။ တကယ်တော့ လေးမြို့မြစ်ရေအား လျှပ်စစ်စီမံကိန်း ဟာ အခုမှစလို့ စီစဉ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကာလ ၂၀၀၈ ခုနှစ်ကတည်းက မြောက်ဦးမြို့နယ် ဖပြိုချေကျေးရွာအနီးမှာ Shwe Taung Hydropower Co.,Ltd နဲ့  China Datang Oversea Investment Co.,Ltd တို့ က စပြီးစမ်းသပ်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေးမြို့မြစ်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေဖြစ်လာရင် လေးမြို့မြစ်ကို ပိတ်ကာလိုက်ရင် စီမံကိန်းအောက်ဘက်က ဒေသခံတွေ ရေအရင်းအမြစ်ရှားပါးတာတွေနဲ့ ကြုံရနိုင်ခြင်း၊ မြစ်အောက်ပိုင်းရှိ ဒေသခံတွေရဲ့ မြေနုကျွန်းတွေ၊ ဥယျာဉ်ခြံမြေနဲ့ လယ်မြေတွေမှာ ဆားငန်ရေတိုးဝင်လာနိုင်သလို ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်ခြင်း စတဲ့အချက်တွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင် လေးမြို့ဒေသရဲ့  သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ဆိုပြီး စီမံကိန်းကို  ရသေ့တောင်ညီလာခံကနေ ကန့်ကွက်ခဲ့ကြပါသေးတယ်။

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို  ဒေသခံတွေ အလိုမရှိ

ရေအားလျှပ်စစ်စီမံကိန်းအတွက် မြစ်ကြောင်း စမ်းသပ်မှုကို ၂၀၀၈ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး  ယခုအခါ နေရာနှစ်ခုကို အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။ မကိုမြစ်နဲ့ သံချောင်းမြစ်ဆုံရာ မြစ်ဆုံ (ကိုဖေချေရွာ) အနီးမှာ လေးမြို့ ၁ စီမံကိန်းကို တည်ဆောက်မှာ ဖြစ်သလို လေးမြို့ ၂ ကို စိုင်ဒင်ရွာအနီး တည်ဆောက်မယ်လို့လည်း သိရပါတယ်။ လေးမြို့ မြစ်ရေအားလျှပ်စစ်စီမံကိန်းကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားကို ဘင်္ဂလားဒေ့ရှ်က  ဝယ်ယူမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ကနဦးမှာေတော့ လေးမြို့ဖြစ်ကနေ ရေအားလျှပ်စစ်ထုတ်ယူနိုင်ဖို့အတွက် တရုတ်နိုင်ငံ အစိုးရပိုင် (dating (Yunnan) hydropower developing Co,Ltd , DUHD) နဲ့  အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်ရှိ ရေအားလျှပ်စစ် စီမံကိန်းဦးစီးဌာနတို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်မယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပါသေးတယ်။ လေးမြို့ ၁ စီမံကိန်း မဂ္ဂါဝပ် ၆၀၀  နဲ့ လေးမြို့ ၂ စီမံကိန်း မဂ္ဂါဝပ် ၉၀ တည်ဆောက်မှာဖြစ်ပြီး  လျှပ်စစ်ဓာတ်အား ပမာဏ စုစုပေါင်း ၄၁၁၅ ကီလိုဝပ် နာရီသန်းပေါင်းအထိ ထုတ်နိုင်မယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ လေးမြို့ရေအားလျှပ် စစ်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာဖို့ ပြင်သစ်နိုင်ငံက ဒေါ်လာတစ်သန်း ကူညီပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်လျက်ရှိတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှုမှာရာခိုင်နှုန်း ၃၀ နီးပါးသာရှိတဲ့ ချင်းပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံရေးအတွက် ချင်းပြည်နယ်အတွင်းရှိ အကြီးစားရေအားလျှပ် စစ်ထုတ်လုပ်ရေး ဆောင်ရွက်နိုင်မယ့်နေရာတွေကို ချင်းပြည်နယ်အစိုးရက ရှာဖွေလာတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက လေးမြို့မြစ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါပ် ၆၀၀ (စက်တပ်အင်အား) ထုတ်လုပ်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ဖို့ အကြိုစမ်းသပ်လေ့လာမှု ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက စတင်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ ၂၆ ရုံ၊ သဘာဝဓာတ်အားပေးစက်ရုံ ၂၇ရုံနှင့် အကြီးစားကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံရှိပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅,၂၀၀ ကျော် (စက်တပ်ဆင်ဓာတ်အား) ထုတ်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။

 

ပြည်သူတွေဆီမှာ မေးခွန်းတွေရှိတယ်

အစိုးရနဲ့ ပြည်ပကုမ္ပဏီတွေ ပူးပေါင်းအကောင်အထည်ဖော်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း ဒေသခံတွေ က စီမံကိန်းအကျိုးသက်ရောက်မှုနဲ့ ဆိုးကျိုးတွေအပေါ် မေးခွန်းထုတ်မှုတွေရှိပါတယ်။

လေးမြို့ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေဆီမှာ မေးခွန်းတွေကလည်း ရှိပါတယ်။

စီမံကိန်းစနေပြီလား၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိ  မရှိ လေ့လာချက် (Environmental Impact Assessment – EIA) နဲ့ စီမံကိန်းကြောင့်  ဒေသခံတွေရဲ့ လူမှုဘဝအပေါ် သက်ရောက်မှုလေ့လာချက် (Social Impact Assessment – SIA) တို့ကိုလုပ်ပြီးပြီလား၊ EIA ၊ SIA မလုပ်ဘဲ စီမံကိန်းလုပ်နေပြီလား ၊ စီမံကိန်းတစ်ခု လုပ်ဆောင်တဲ့အခါမှာ ဒေသခံဌာနေ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက် ၊ နေထိုင်ရာ၊ ကျင်လည်ကျက်စားရာတွေ အနည်းနဲ့အများ ပြောင်းလဲသွားတတ်ပါတယ်။ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ကော ထည့်စဉ်းစားတာရှိသလားဆိုတာတွေနဲ့ ပြောင်းရွှေ့ရမယ့် ကျေးရွာတွေကို ဘယ်လိုတာဝန်ယူလုပ်ဆောင်မလဲ၊ လူထုကိုအသိပေးတာမျိုး အခုထိ ဘာကြောင့်မလုပ်သေးတာလဲဆိုတဲ့ မေးခွန်းတွေ ကို အစိုးရဖြေဖို့ လိုပါလိမ့်မယ်။

လေးမြို့ ရေအားလျှပ်စစ်စီမံကိန်းကြောင့် လေးမြို့မြစ်ကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ကျေးရွာပေါင်း ၁၅၀ ကျော်ထဲက ကျေးရွာပေါင်း  ၇၀ ကျော်ထိ ပြောင်းရွှေ့ရဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ ဒါကြောင့်လည်းပဲ စီမံကိန်းကို လူထုကမလိုလားတာပါ။

အကျိုးအပြစ်တွေ ဒွန်တွဲနေတတ်တဲ့ စီမံကိန်းတွေကြောင့် မြစ်ကြီးသေဆုံးသွားတာမျိုးကို မလိုလားပါဘူး။ လေးမြို့မြစ်ဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းအမွေအနှစ် ဖြစ်သလို ရခိုင်လူမျိုးတွေရဲ့ အသွေးအသားလည်း ဖြစ်ပါတယ်။ စီမံကိန်းကြောင့် ဘယ်သူတွေ အကျိုးဖြစ်ပြီး ဘယ်သူတွေက ဘဝတွေ၊ သမိုင်းတွေ စတည်းခံကြရမလဲဆိုတာကို ကြိုတွေး လုပ်ဆောင်ဖို့လိုပါတယ်။ နေမြင့်လာတာနဲ့ မြူကွဲလာတာကြောင့် လေးမြို့မြစ်ရဲ့ တစ်ဖက်ကမ်းက ပိုးဖြူကျွန်းကို အထင်းသား မြင်လာရသလို နှစ်စဉ် နှစ်တိုင်းကမ်းပြိုတာကို ခံနေရတဲ့ ပန်းမြောင်းရွာ ဆိပ်ကမ်း တောင်ကုန်းပေါ်က စေတီတော်ဟာလည်း နေရောင်အောက်မှာ ရွှေရောင်တဝင်းဝင်းနဲ့ ဖူးမြော်ခွင့်ရပါတယ်။

ခေတ်တွေ ၊ ရာစုနှစ်တွေကို ဖြတ်သန်းပြီး နှစ်ပေါင်းများစွာ ဖြစ်တည်စီးဆင်းနေတဲ့  လေးမြို့မြစ်ကြီးဟာ ဒီကနေ့အထိ သူ့တာဝန်ဝတ္တရားအတိုင်း အစဉ်အလာမပျက် စီးဆင်းနေပေမယ့်  နောင်တစ်ချိန်မှာ ဆက်လက်စီးဆင်းနိုင်ပါ့မလား ဆိုတာကတော့။

ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝင်ထဲက အဉ္ဇနနဒီခေါ် လေးမြို့မြစ်ကြီး ထာဝရစီးဆင်းဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

Most Read

Most Recent