ခရိုနီ၊ တိုင်ကွန်းတွေအတွက် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုက ခွေးသေပုပ်ကို ဖက်တွယ်မိသလို ဖြစ်စေမလား

ခရိုနီ၊ တိုင်ကွန်းတွေအတွက် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုက ခွေးသေပုပ်ကို ဖက်တွယ်မိသလို ဖြစ်စေမလား
Published 12 March 2018

ရန်ကုန်မြို့ နေရာအစိတ်အပိုင်းတစ်နေရာရှိ နေအိမ်တိုက်ခန်းများကို တွေ့ရစဉ် (ဆန်းထူးအောင်)

ခွေးသေပုပ်နဲ့ ဥပမာအပြုခံရတဲ့ အစိုးရရဲ့ Tax Amnesty အစီအစဉ်

ငွေမည်းခဝါချပုဒ်မလို့ ဝေဖန်မှုမြင့်တက်နေတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမူရင်း ပုဒ်မ (၂၅) ကို ပြင်ဆင်ပြီး လက်ရှိမှာ ပုဒ်မ ၃၃ နဲ့ ပုဒ်မ ၃၄ တွေအဖြစ် အသစ်ပြင်ဆင်လိုက်တဲ့ အချက်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်တင်သွင်းထားပြီး ဖြစ်ပါတယ်။

ဥပဒေကြမ်းက မူရင်းပုဒ်မ (၂၅) ငွေ မည်းခဝါချလိုသူတွေအတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေကို ပထမခြောက်လမှာ သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းပဲ သတ်မှတ်ရာကနေ ရာခိုင်နှုန်း ၃၀ နဲ့ စည်းကြပ် ကောက်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီလို မူလပုဒ်မ ၂၅ ကို ပြင်ဆင်ခဲ့ပေမယ့် ဥပဒေကြမ်းပူးပေါင်းကော်မတီက အခန်း (၈) ဆိုပြီး ပုဒ်မ (၃၃)၊ ပုဒ်မ (၃၄)၊ ပုဒ်မ (၃၅)၊ ပုဒ်မ (၃၆)၊ ပုဒ်မ (၃၇) နဲ့ ပုဒ်မ (၃၈) တွေအဖြစ် ပြင်ဆင်ချက်တင်သွင်းခဲ့ပါတယ်။

ဒီလိုပြင်ဆင်ချက်တင်သွင်းခဲ့ရာမှာ အသစ်တင်သွင်းလာတဲ့ ပုဒ်မတွေရဲ့ ဆိုလိုရင်းက ပုဒ်မ (၃၃) မှာဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော်မယ်။ ပြန်လည်လွှဲပြောင်းခြင်းနဲ့ ဈေးကွက်အတွင်းမှာ ငွေကြေးလှည့်ပတ်မှု တိုးမြင့်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်စေဖို့၊ တရားမျှတမှုကို အခြေခံတဲ့ အခွန်စနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဖို့ ပုဒ်မ ၂၅ မှာ မည်သို့ပင် ပြဌာန်းထားစေကာမူဆိုပြီး အခွန်နှုန်းတွေကို ပထမခြောက်လမှာ ‘ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်း တစ်ခုခုသို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ’ အတွက် သုံးရာခိုင်နှုန်း၊ ‘ဘဏ်၌အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာ ထည့်ဝင်သည့်ငွေကြေး” တွေအတွက် ပထမခြောက်လမှာ ငါးရာခိုင်နှုန်းနဲ့  ‘နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရွှေနှင့်အဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် အသုံးပြုသည့် ငွေကြေးများနှင့်လက်ဝယ်ရှိငွေကြေး’ တွေကို ပထမခြောက်လမှာ ခုနစ်ရာခိုင်နှုန်းလို့ ပြင်ဆင်ခဲ့ပါတယ်။

ဒုတိယခြောက်လမှာဆိုရင်  ‘ပြည်တွင်း နေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်း တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေး ဆောင်ခဲ့သောဝင်ငွေများ’ အတွက် ငါးရာခိုင်နှုန်း၊ ‘ဘဏ်၌ အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာ ထည့်ဝင်သည့်ငွေကြေး’ တွေအတွက် ဒုတိယ ခြောက်လမှာ ခုနစ်ရာခိုင်နှုန်းနဲ့  ‘နှစ်တစ် နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းသို့မဟုတ် ရွှေနှင့် အဖိုးတန်ပစ္စည်းများ အပါအဝင်ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် အသုံးပြုသည့် ငွေကြေးများနှင့်လက်ဝယ်ရှိငွေကြေး’ တွေကို ဒုတိယခြောက်လမှာ ရာခိုင်နှုန်း ၁၀ လို့ ပြင်ဆင်ခဲ့ပါတယ်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူရင်းပုဒ်မ ၂၅ ကို အခန်း (၈) ထပ်မံဖြည့်သွင်းပြီး ပုဒ်မခြောက်ခုနဲ့ ဖော်ပြခဲ့ပေမယ့် ဒီလို ထပ်မံထည့်ခဲ့တဲ့ ပုဒ်မခြောက်ခုရဲ့ ဆိုလိုရင်းတွေနဲ့ ဖွင့်ဆိုချက်တွေဟာ ခြားနားမှုမရှိဘဲ မူရင်းပုဒ်မ ၂၅ ကိုပဲ ထပ်ကွန့်ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ငွေတွေကို လျှော်ဖွပ်ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရေးအတွက်ဆိုတဲ့ အချက်တစ်ခုနဲ့ ပုဒ်မခြောက်ခုအထိ ဖြန့် ထုတ်ခဲ့ပေမယ့် တရားမဝင် ဝင်လာမယ့် ငွေမည်းတွေ၊ အကြမ်းဖက်မှုတွေကို ထောက်ပံ့မယ့် ငွေမည်းတွေကို တားမြစ်နိုင်မယ့် တိကျသေချာတဲ့ပုဒ်မတွေ ဖြည့်သွင်းထောက်ပြနိုင်စွမ်းမရှိဘဲ စီးပွားရေးစနစ်ထဲကို ဘယ်လိုငွေတွေပဲ ဝင်လာဝင်လာ လက်ခံမှာပဲဆိုတဲ့ပုံစံနဲ့ပဲ  ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်တင်သွင်းခဲ့တာကို တွေ့ရပါတယ်။

အခြားတစ်ချက်အဖြစ်လည်း ဒီလိုခေတ်အဆက်ဆက် အခွန်ရှောင်ခဲ့တဲ့ငွေတွေကို သုံးရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း ၁၀ ကြားမှာပဲ အခွန်ပေးဆောင်စေဖို့ ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်တင်သွင်းခဲ့တာဟာ သူတို့ကိုယ်တိုင်ဖြည့်စွက်ခဲ့တဲ့ ပုဒ်မ (၃၃) ပါအချက်ဖြစ်တဲ့ ‘တရားမျှတမှုကို အခြေခံတဲ့ အခွန်စနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဖို့’ ဆိုတဲ့အချက်ကို လုံးလုံးလျားလျား သွေဖီထားတာကို ပုံမှန်အခွန်ထမ်းနေတဲ့ တာဝန်သိပြည်သူတွေကို သတ်မှတ်နှုန်းဖြစ်တဲ့ ပုဒ်မ ၁၉ ပါအချက်ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အခွန်ထမ်းရမယ့် ငါးရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအခွန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ထပ်တိုးပုဒ်မတွေဟာ အခွန်ရှောင်ခဲ့သူတွေကိုပဲ မျက်နှာသာထပ်ပေးထားတာကို အတိအကျ တွေ့မြင်နိုင်ပါတယ်။

ဒီလို ပြည်သူတွေကြားမှာ ဝေဖန်မှုမြင့်တက်နေတဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့် (Tax Amnesty )ပေးဖို့ အစိုးရက ဦးဆောင်ကြိုးပမ်းပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက ပုံစံပြောင်းထောက်ခံခဲ့တဲ့ Tax Amnesty ကို မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးရာမှာ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “ခွေးသေပုပ် ဖြစ်နေပေမယ့် ရေနစ်သူတွေအတွက်တော့ အသက်ကယ်ရာဖြစ်ရင် အသက်ရှင်ရေးအတွက် ဖက်ပြီးတွယ်လိုက်သင့်ရင် လိုက်ရမှာပဲ” လို့ အစိုးရ ရဲ့ Tax Amnesty ကို ခွေးသေပုပ်နဲ့ ဥပမာ ပြုခဲ့ပါတယ်။

ဒီလို ခွေးသေပုပ် Tax Amnesty ကို ကန့်ကွက်ဆွေးနွေးခဲ့သူများပေမယ့် ဒီဥပဒေဟာ NLD အစိုးရက တင်သွင်းပြီးတော့ NLD လွှတ်တော်မှာ NLD ပါတီက ကိုယ်စားလှယ်အများစုက ထောက်ခံမယ့် အခြေအနေဖြစ်နေတာမို့ ပြည်သူတွေက ကန့်ကွက်ပေမယ့် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တဲ့ ငြိမ်းစုစီဥပဒေကြမ်းလိုပဲ လွှတ်တော်မှာ အတည်ပြုဖို့၊ ပြဌာန်းနိုင်ဖို့ များနေပြီ ဖြစ်ပါတယ်။

ဒီလို ပြည်သူတွေက မမျှတဘူး ယူဆနေပေမယ့် အစိုးရနဲ့ လွှတ်တော်က မရရအောင် အတည်ပြုကြမယ်ဆိုရင် ဒီ ခွေးသေပုပ် Tax Amnesty ကို အပုပ်နံ့ နည်းနိုင်သမျှနည်းအောင် အတတ်နိုင်ဆုံး မျှတအောင် ဘယ်လိုထပ်မံပြင်ဆင်ဆွေးနွေး မလဲဆိုတာ လက်ရှိကာလမှာ သုံးသပ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဥပဒေတစ်ခုသီးခြားပြဋ္ဌာန်းဖို့ ဆွေးနွေးတဲ့ NLD ကိုယ်စားလှယ်တွေ

ငွေမည်းခဝါချပုဒ်မနဲ့ ပတ်သက်ပြီး မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ရာမှာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အရင်အစိုးရလက်ထက်မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို အချိန်နဲ့ မဟုတ်ဘဲ ငွေပမာဏနဲ့ အခုလို အခွန်အကောက် ဥပဒေရောပြီး လုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်အဖြစ် ဥပဒေမပြဋ္ဌာန်းမီမတ်လမှာ ဒေါ်လာဈေး ၁၀၀၀ ဝန်းကျင်က ဥပဒေပြဋ္ဌာန်းပြီးချိန် မေလအလွန်မှာ ဒေါ်လာဈေး ၁၂၀၀ ကျော်ဖြစ်ခဲ့ပြီး စက်တင်ဘာလကနေ အခုလို နှစ်နှစ်ကြာလာတဲ့အထိ ဒေါ်လာဈေးက ၁၃၀၀ အောက်ကို ပြန်မဆင်းတော့ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

ငွေမည်းတွေကို ခဝါချခွင့်ပြုလိုက်ပြီး ဘယ်လိုရလာတဲ့ငွေတွေလည်းဆိုတာ စိစစ်နိုင်မှုမရှိရင် နေ့စဉ်သန်းထောင်နဲ့ချီ ထွက်နေတဲ့ မူးယစ်ဆေးကငွေမည်းတွေဟာ အခွန်သုံးရာခိုင်နှုန်းပေးပြီး ပြည်တွင်းငွေကြေးဈေး ကွက်ဆီစီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီလို ဝင်လာတာနဲ့ တပြိုင်နက် ဦးသိန်းစိန်လက်ထက်က ဆောင်ရွက်မှုကြောင့် ဒေါ်လာဈေး ၃၀၀ လောက် ခုန်တက်တာထက်ဆိုးတဲ့ ငွေကြေးဖောင်းပွမှု မလွဲမသွေကြုံနိုင်ပြီး နောက်ဆုံးမှာ နစ်နာသွားမှာက တိုင်းပြည်နဲ့ ပြည်သူပဲ ဖြစ်လာပါလိမ့်မယ်။ ရလာတဲ့အခွန်နှုန်း သုံးရာခိုင်နှုန်းဟာ အစိုးရအတွက်၊ တိုင်းပြည်အတွက် လုံလောက်တဲ့ ငွေကြေးပမာဏ ပြည်တွင်းငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းနိုင်တဲ့ပမာဏနဲ့ ဘိန်းဖြူလို ငွေမည်းတွေက စီးဝင်လာတဲ့ပမာဏတွေနဲ့ အိမ်ခြံမြေဈေးကွက် ဆီစီးဝင်သွားရင် အိမ်ခြံမြေဈေးတွေ လှုပ်ခတ်လာနိုင်သလို ဒီလိုငွေမည်းတွေ ပြန်ပြီးတော့ စီးထွက်သွားရင်လည်း လက်ရှိဈေးကွက်ပြိုကျနေတဲ့ အိမ်ခြံမြေပူးပေါင်းပေါက်ကွဲမှုထက်ဆိုးတဲ့ ဖြစ်စဉ်ကြုံရနိုင်ပါတယ်။ ဒီလို အိမ်ခြံမြေဈေးနဲ့ ဆောက်လုပ်ရေးဈေးကွက် မပြိုသေးဘဲလည်ပတ်နေတာကို ပိုပြီးတော့ ကောင်းမယ်ထင်လို့ ငွေမည်းတွေနဲ့ လည်ပတ်ခွင့်ပေးမှ ပိုဆိုးတဲ့အဖြစ်မျိုး ကြုံလာရရင် အစိုးရမှာ ပြန်လည်ထိန်းကျောင်းနိုင်စွမ်းရှိလို့လား၊ တာဝန်ယူ၊ တာဝန်ခံနိုင်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။

ရခိုင်ပြည်နယ်အတွင်း သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်

“ဒီအတွက် ဘယ်သူ တာဝန်ယူ တာဝန် ခံခဲ့လဲ။ တာဝန်ယူဖို့ဝေးလို့ ကိုယ်လုပ်ထားတာ မဟုတ်တဲ့အတိုင်း မှိန်းနေကြပါတယ်။ ဒီလို တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အလေ့အထ တွေကို ဒီဘက်ခေတ်မှာ အဆက်ဖြတ်ဖို့ လိုပါပြီ။ အခု ဒီလိုထပ်မဖြစ်စေချင်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချိန်ရဖို့ ဒီဟာကို နောက်ဆုတ်ဖို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒီလောက်အရေးကြီးတာကို ပုဒ်မတစ်ခု စာကြောင်း ၁၀ ကြောင်းလောက်နဲ့ ဝန်ကြီးဌာနက လွှတ်တော်တင် ဥပဒေကြမ်းကော်မတီက အစည်းအဝေး ခြောက်ကြိမ်နဲ့ အခန်းတစ်ခုဖြစ်အောင်ရေး ကိုယ်စားလှယ်တွေက တစ်ဦးကို ခြောက်မိနစ်နဲ့ ကမျောကသော ဆွေးနွေး အင်ဒိုနဲ့ဆို လမ်းကြိတ်စက်နဲ့ ပြိုင်ကားလို Speed က ကွာလှပါတယ်။ အခုဥပဒေက အဖြစ်သဘောသာရှိပြီး ဒါကို အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းကလည်း ကိုယ့်လောက်တောင် ကိုယ်မနိုင်တဲ့ လူကဝေဖန်ခံ နေရတဲ့ အဖွဲ့ဖြစ်တာကတစ်ကြောင်း၊ တကယ်လို့ဆိုးကျိုးတွေ ကြီးကြီးမားမားဖြစ်လာခဲ့ရင် အတည်ပြုလိုက်တဲ့ ကိုယ့်လွှတ်တော် လည်းတာဝန်မကင်းတာမို့ ပြောဆိုနေရခြင်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ ငွေမည်း၊ အဂတိတရား၊ ပနားမားပေပါထဲက လျှို့ဝှက်အကောင့်၊ လက်ကြီးသမားတွေ၊ မကောင်းတာမှန်သမျှ ရွှေခါးပတ်၊ ငွေခါးပတ် ချန်ပီယံဆုတွေပဲချိတ်နေတဲ့ ဒီနိုင်ငံမှာ ခရိုကြီးတွေ၊ သူဌေးကြီးတွေရဲ့ ညည်းတွားသံကြောင့် ဒီလိုအလောတကြီးနဲ့ အခွန်ရှောင် ဆုကြေးပေးသနားမယ့် အစီအစဉ်အပေါ် တာဝန်ကျေအခွန်ထမ်းတွေ၊  ၂၀၁၅ မှာ မျှော်လင့်တကြီးနဲ့ မဲပေးခဲ့ကြတဲ့ နင်းပြားပြည်သူတွေကို စိတ်ဒဏ်ရာမရစေဖို့ ဒီလွှတ်တော်ကြီးက အသေအချာ တွေးဆပြီး လောလောဆယ်ဒီပုဒ်မတွေကို ပယ်ဖျက်ပြီး နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် လွှတ်တော်ထဲ တင်သွင်းနိုင်အောင် ကြိုးစားပေးကြပါ” လို့ ဦးမျိုးဝင်းက ထောက်ပြခဲ့ပါတယ်။

တခြားနိုင်ငံတွေကို ပြန်လေ့လာမယ်ဆိုရင် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ဟာ မြန်မာနိုင်ငံလို မဆိုင်တဲ့ ဥပဒေမှာ ပုဒ်မလေးတစ်ခု အနေနဲ့ ထည့်သွင်းဖော်ပြခဲ့တာ မဟုတ်ပါဘူး ။ တိကျတဲ့ ဥပဒေ၊ ခိုင်မာတဲ့မူဝါဒ၊ အခွန်လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးမှုတွေကို စနစ်တကျ စိစစ်နိုင်စွမ်းရှိတဲ့ အတွေ့အကြုံရင့်ပုဂ္ဂိုလ်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံလို ဆိုးရွားတဲ့ မူးယစ်ဆေးဝါးရငွေတွေ၊ မှောင်ခိုကုန်သွယ်မှုတွေ၊ လက်နက်အရောင်းအဝယ်တွေ၊  တိုင်းပြည်ကခိုးထုတ်သွားတဲ့ငွေတွေနဲ့ ရှုပ်ထွေးနေတဲ့ ဖြစ်စဉ်မျိုးတွေ ရှိမနေပါဘူး။ ဒီလိုရှုပ်ထွေးလှတဲ့ ငွေမည်းခဝါချမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ဥပဒေ မထုတ်ဘဲ ပုဒ်မလေးတစ်ခုနဲ့ ခွေးသေပုပ် Tax Amnesty  တောင်းခံနေရခြင်း နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေပါသလဲ။

ဦးသိန်းစိန်အစိုးရလက်ထက်ကနေ လက်ရှိအစိုးရလက်ထက်အထိ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအများစုဟာ ခရိုနီတွေရဲ့ အကျိုးစီးပွားတွေကိုပဲ ကာကွယ်ပေးနေတဲ့ ဥပဒေဖြစ်နေတယ်လို့ ဝေဖန်ခံခဲ့ရတာကြာပါပြီ။ အဲဒါကြောင့်လည်း ဥပဒေတစ်ရပ်က မူကြမ်းဘဝမှာကတည်းက မမျှတဘူး၊ ခရိုနီတွေကို အသာစီးပေးထားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရသလို ဥပဒေတစ်ခုပြဋ္ဌာန်းပြီးတာနဲ့ အမြဲဆက်လုပ်ရတာက ပြဋ္ဌာန်းပြီးပြီးချင်းဥပဒေကို ပြန်လည်ပြင်ဆင်ရေးပါ။

မြန်မာနိုင်ငံမှာလည်း အဲဒီလို ခရိုနီအကျိုးစီးပွားကို အဓိကကာကွယ်တယ်လို့ အဝေဖန်ခံနေရတဲ့ ဥပဒေတွေများစွာရှိနေပြီး လက်ရှိအစိုးရလက်ထက်မှာကို ပြင်ဆင်ရမယ့် ဥပဒေ ၁၀၀ ကျော်ရှိနေပါတယ်။

ဒီလို ခရိုနီမျက်နှာပဲကြည့်နေတဲ့ ဥပဒေတွေ များသထက်များလာနေခြင်းကလည်း တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ကျဆင်းစေပြီး တိုင်းပြည်ရှေ့မဆက်နိုင်အောင် လုပ်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ ဥပဒေတစ်ရပ်ရေးဆွဲနေချိန်မှာ ဥပဒေရေးဆွဲသူတွေဖြစ်တဲ့ ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ် စသူတွေကို ခရိုနီတွေ၊ လုပ်ငန်းရှင်တွေက ငွေနဲ့ပေါက်ပြီး သူတို့ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မယ့် အချက်ကို ဥပဒေပုဒ်မအဖြစ်ပါအောင် ထည့်သွင်းကြပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ရေးဆွဲတဲ့ ဥပဒေတွေဟာ ခရိုနီတွေက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ရေးဆွဲတဲ့သူတို့ လိုချင်တဲ့ အချက်ကို ဥပဒေပုဒ်မအဖြစ် အသွင်ပြောင်းထားတဲ့ ဥပဒေကြမ်းတွေအဖြစ် ပြည်သူတွေသိရှိအကြံပြုနိုင်အောင်ဆိုတဲ့ ဥပဒေကြမ်းရေးဆွဲပြီးမှ ထွက်ပေါ်လာပါတယ်။

ဒီလို ဥပဒေကြမ်းအဆင့်ကနေ ဥပဒေမှာ ခရိုနီအကျိုးစီးပွား ကာကွယ်ရေး ပုဒ်မတွေ ပါလာအောင် ခရိုနီက ငွေနဲ့ပေါက်ပြီး ဥပဒေရေးဆွဲရာဝန်ကြီးဌာန၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေကို အသုံးချတာကြောင့် ငွေပေးစေခိုင်းသူတွေက ခရိုနီ ကာကွယ်ရေးပုဒ်မတွေ ဥပဒေမှာ ပါဝင်ရေးအတွက် တတ်စွမ်းသမျှ ကာကွယ်ကြပါတယ်။

ဒီလို ခရိုနီတွေ ငွေပေးပြီး ထည့်ခိုင်းထားတဲ့ မမျှတတဲ့အချက်ကို ဥပဒေရေးဆွဲသူတွေက ကာကွယ်ပေးနေတဲ့အတွက် ဒီလို ပုဒ်မတွေကို ပယ်ဖျက်ဖို့ ပြန်ပြီးတော့ ဆွေးနွေးရတာက အခက်ခဲဆုံးဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီပုဒ်မကို ရေးဆွဲသူတွေက ဘယ်လို Idea နဲ့ ရေးဆွဲလည်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီဟာသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆိုးကျိုးတွေအများကြီးဖြစ်မယ်။

အစိုးရအနေနဲ့ နိုင်ငံတော်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ရန်ပုံငွေတွေ၊ ဘဏ္ဍာငွေတွေ အများကြီးလိုတယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲဒီလို လိုတဲ့အတွက် ဘယ်သူတွေက လော်ဘီလုပ်ပြီးတော့ ပြဋ္ဌာန်းတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပြင်ပမှာလည်း တော်တော်ဂယက်ရိုက်နေပါတယ်။  မူလဥပဒေကြမ်းအတိုင်းသာ အတည်ပြုမယ်ဆိုရင်တော့ တိုင်းပြည်မှာတော်တော်လေး ဒုက္ခရောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေအများစုက ဘယ်လိုပဲပြောပြော တချိန်က လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ အနေအထားရှိတယ်။ အခုခပ်များများက လက်လှုပ်ရင်တောင် ပါးစပ်မလှုပ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒီလိုရှိနေတဲ့အချိန်မှာ လူတစ်စုကြောင့်၊ လူနည်းနည်းလေးကြောင့်၊ ခရိုနီတစ်စုကြောင့် သူတို့ဝင်ငွေတွေကို ငွေမည်းတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့အတွက် သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းရတာနဲ့ ဒါကို တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်မယ်ဆိုရင် တစ်ခေတ်တစ်ခါက ထီလက်မှတ်ဝယ်သလို ဖြစ်နေပါလိမ့်မယ်။ တစ်ချိန်တုန်းက ငွေမည်းရှိတဲ့သူတွေတရားမဝင် ငွေရှိတဲ့သူတွေဟာ ထီလက်မှတ်လိုက်ဝယ်ကြပါတယ်။ ငါးသိန်းဆု၊ ၁၀ သိန်းဆု၊ သိန်း ၅၀ ဆု စသဖြင့် ထီလက်မှတ်ဝယ်ပြီး ထီလက်မှတ်ကိုပြပြီးတော့ အကုန်သုံးတယ်။ အဲဒီတော့ ဒီနေ့ဒီဟာကို တရားဝင်ငွေ လုပ်လိုက်ရင် သူတို့မှာရှိတဲ့ငွေရဲ့ပမာဏ ဘယ်လောက်အပ်မယ်ဆိုတာလည်း ကျွန်တော်တို့မှာ ဥပဒေတွေလည်းမရှိဘူး။ စိစစ်မယ့်အဖွဲ့တွေလည်း မရှိဘူး” လို့ NLD လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်တဲ့ ဦးရဲထွဋ်က ဆွေးနွေးပါတယ်။

ဒါ့အပြင် ဦးရဲထွဋ် ဒီပုဒ်မကြောင့် အခွန်စည်းကြပ်မှုလုပ်ရာမှာ အန္တရာယ်များစွာရှိနေပြီး ငွေမည်းတွေ၊ မူးယစ်ဆေးဝါးရောင်းချရတဲ့ ဝင်ငွေတွေ၊ ဘာသာရေးအစွန်းရောက်တွေရဲ့ ဝင်ငွေတွေဝင်ရောက်လာနိုင်တာနဲ့ အိမ်နီးချင်းတိုင်းပြည်က ငွေမည်းတွေ အများအပြား စီးဝင်လာနိုင်တာကြောင့် မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်တာကိုလည်း သတိပေးခဲ့ပါတယ်။

“အခွန်ရှောင်သူတွေအတွက် အဲဒီလို လျှော့ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံထဲကို ပြည်ပကနေ တိတ်တဆိတ်ဝင်လာမယ့် တရားမဝင် ဝင်ရောက်လာမယ့် ငွေတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဘာသာရေးအရ နောက်ကနေ ထောက်ပံ့နေတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို ထောက်ပံ့နေတဲ့ငွေတွေ ဝင်လာနိုင်တယ်။ အိမ်နီးချင်း စီးပွားရေးဖွံ့ဖြိုးတဲ့နိုင်ငံက လုပ်ငန်းရှင်ကြီးတွေက ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဝယ်ယူတာတွေလည်း ဖြစ်နိုင်တဲ့အတွက် အသေအချာစဉ်းစားဖို့ လိုနေပါတယ်” လို့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သုံးသပ်ပါတယ်။

NLD ကိုယ်စားလှယ်တွေက ဒီပုဒ်မနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ အဓိကအချက်အဖြစ် ရာခိုင်နှုန်းတိုးမြှင့်ဖို့နဲ့ ပုဒ်မတစ်ခုအနေနဲ့ မထည့်ဘဲ ဥပဒေတစ်ခုအဖြစ် သီးခြားရေးဆွဲ ပြဋ္ဌာန်းဖို့ ဆွေးနွေးခဲ့တာကို တွေ့မြင်ရပါတယ်။

“အခန်း (၇) ပုဒ်မ ၂၅ မှာပြဋ္ဌာန်းထားတဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့်အကြောင်း ဆွေးနွေးမှာဖြစ်ပါတယ်။ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့၊ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေတွေကို အခွန်လွတ်ငြိမ်းချမ်းသာခွင့်၊ အခွန်သက်သာခွင့်ပေးရာမှာ အကျိုးအပြစ်၊ အကောင်းအဆိုးတွေ များစွာရှိပါတယ်။ ကောင်းကျိုးကတော့ အခွန်တိုးလာမယ်။ နည်းမှန်လမ်းမှန် ဆောင်ရွက်နိုင်ရင်အခွန်အခြေခံကို ချဲ့ထွင်နိုင်မယ်။ ငွေကြေးစီးဆင်းမှု ပိုကောင်းလာမယ်။ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်း တိုးလာနိုင်တယ်။ ဆိုးကျိုးကတော့ အခွန်ယဉ်ကျေးမှု ပျက်သွားနိုင်ပါတယ်။ ဥပဒေနဲ့အညီ ဝင်ငွေခွန်ပုံမှန်ပေးဆောင်နေတဲ့ အခွန်ထမ်းကြီးများ၊ ဝန်ထမ်းများအပေါ် မျှတမှုမရှိဘဲ အခွန်တိမ်းရှောင်သူတွေ များစွာမျက်နှာသာပေးသလို ဖြစ်သွားနိုင်ပါတယ်။ တည်ငြိမ်မှုပျက်ပြား စေနိုင်ပါတယ်။ ဥပဒေလိုက်နာရေး၊ အခွန်ပေးဆောင်ရေး၊ အခွန်ပေးဆောင်သူများ အသိအမှတ်ပြုရေး၊ အခွန်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူရေး ဆောင်ရွက်နေချိန်မှာ အခွန်လျော့နည်းပေးဆောင်သူတွေကို အထူးနည်းပါးတဲ့နှုန်းနဲ့ ပေးဆောင်ခွင့်ပြုတာဟာ ဥပဒေလိုက်နာသူတွေနဲ့ ပုံမှန်ပေးဆောင်နေသူတွေကို စိတ်အားပျက်စေပြီး အခွန်လျော့နည်းပေးဆောင်ဖို့ လမ်းပြသလိုဖြစ်နိုင်ပါတယ်။ ဒီအပုဒ်လေး တစ်ပိုဒ်ပြဋ္ဌာန်းရုံနဲ့ မလုံလောက်ပါဘူး။ သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ပါတယ်” လို့ NLD ကိုယ်စားလှယ်တစ် ဦးဖြစ်တဲ့ ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။

ဒါ့အပြင် နှစ်ပေါင်းများစွာအခွန်ဆောင်နေတဲ့ နိုင်ငံသားတွေကို စိတ်မပျက်စေဖို့အတွက် အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်စေချင်တယ်လို့ NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

“၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကို ပြင်ဆင်ချက်ကိစ္စတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၃၃ ဖြစ်တဲ့ အခွန်သက်သာမှုပြုခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေး ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်စေရန်၊ နိုင်ငံသားတွေကို ဥပဒေကို ပူးပေါင်းပါဝင်ရန် အစရှိသဖြင့် ရည်ရွယ်ချက်တွေနဲ့ အသစ်ဖြည့်စွက်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာလည်း Tax Amnesty ကို ပြုလုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခွန်မဆောင်ခဲ့တဲ့ အခြေအနေလည်း ရှိနေခဲ့တဲ့အတွက် အခုဥပဒေအရဆိုရင် တရားဝင် ဖြစ်သွားနိုင်သလို၊ အခွန်မဆောင်ဘဲနဲ့ အခွန်ရှောင်နေသူတွေပါ တရားဝင်ဖြစ်သွားမှာ ဖြစ်တဲ့အတွက် Tax Amnesty နဲ့ ပတ်သက်ပြီးတော့ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အခွန်ရှောင်တဲ့ အလေ့အကျင့်တွေ ဖြစ်မလာနိုင်ဘူးလို့လည်း ပြောလို့မရနိုင်ပါဘူး။ အခွန်ဆောင်တဲ့သူတွေက ၃၀ ရာခိုင်နှုန်း၊ အခွန်ရှောင်တဲ့သူတွေက သုံးရာခိုင်နှုန်းဆိုတော့ အခွန်ရှောင်တဲ့သူတွေ ပိုမိုများပြားမလာနိုင်အောင်လည်း ဒီဥပဒေ ပြဋ္ဌာန်းပြီးတာနဲ့တစ်ဆက်တစ်စပ်တည်း စီမံဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ အခွန်စနစ်နဲ့ပတ်သက်ပြီး ကောင်းမွန်နေသော်လည်း မြန်မာနိုင်ငံမှာတော့ Implement အပိုင်း အားနည်းနေပါတယ်။ အခုအချိန်အထိ အပေါ်ပိုင်းကနေ မူဝါဒတွေ ဘယ်လောက်ကောင်းအောင် ချနေပေမယ့်လည်း အခွန်ဆောင်ချင်ရင်တောင် မလွယ်ကူတဲ့ကိစ္စတွေ အခုအချိန်ထိ အခွန်နဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ Corruption တွေရှိ နေတယ်ဆိုတာက အောက်ခြေမှာရှိတဲ့ ပြည်သူအများခံစားနေရတာပါ။ ဒါကြောင့် ဒီဥပဒေ ထုတ်ပြန်ပြီးတာနဲ့တစ်ပြိုင်နက် ဥပဒေကို အကောင်အထည်ဖော်တဲ့အပိုင်းကိုပါ ရှင်းလင်းစွာရှိဖို့လိုပါတယ်။ အခွန်ရှောင်တဲ့ ကိစ္စရပ်တွေကိုပါ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ဘယ်လောက်ပဲ အခွန်နှုန်းလျော့လျော့ အစိုးရရည်မှန်းချက် ပြည့်မီနိုင်မှာ မဟုတ်ပါဘူး။ ပုဒ်မ ၃၃ (က၊ခ) နဲ့ပုဒ်မ ၃၄ (က၊ခ၊ဂ) တို့ကို ပြင်ဆင်လိုပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားမှတ် ချက်အတိုင်းဆိုရင် အလွန်ကို ရှုပ်ထွေးတယ်ဆိုတာ တွေ့ရပါတယ်။ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း အစရှိသဖြင့် ရှုပ်ထွေးစွာ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တဲ့သူတွေကိုတော့ ပထမခြောက်လမှာ သုံးရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လမှာ ငါးရာခိုင်နှုန်းအထိ ထားရှိပြီးတော့ စုဆောင်းငွေအပါအဝင် အခြားသော ကဏ္ဍမှာရှိတဲ့ ငွေတွေကိုတော့ ပထမခြောက်လမှာ ငါးရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လမှာ ခုနစ်ရာခိုင်နှုန်းဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ထားသင့်ပါတယ်။ ဒါမှလည်း ချမှတ်ထားတဲ့ ဥပဒေရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပဒေဟာ ရှင်းလင်းပြတ်သားပြီးတော့ အခွန်စည်းကြပ်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်ရခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများပိုင်ဆိုြင်ခင်း၊ ရောင်းဝယ်ခြင်းကို အရေးယူတဲ့ ဥပဒေအရလည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်းကောင်း၊ ထိခိုက်မှုမရှိစေရဆိုတဲ့ဥပဒေကို တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်ဖို့လည်း လိုပါတယ်။ Tax Amnesty ပေးသလိုပဲ။ နှစ်ပေါင်းများစွာ အခွန်ဆောင်နေတဲ့ နိုင်ငံသားတွေကိုလည်း အခွန်ဆောင်ခြင်းကို စိတ်ပျက်စေတဲ့ ကိစ္စတွေ မဖြစ်ပေါ်စေဖို့အတွက် အစိုးရအနေနဲ့ အကောင်းဆုံးစဉ်းစားပြီး အကောင်းဆုံး ဆောင်ရွက်စေချင်ပါတယ်။ အခွန်ဥပဒေကို ရှင်းလင်းပြတ်သားပြီးတော့ နိုင်ငံသားတွေအတွက် အကျိုးရှိစေတဲ့ဥပဒေ စည်းနှောင်မှုရှိတဲ့ ဥပဒေအသစ်ကိုလည်း အမြန်ဆုံး အသစ်ပြဋ္ဌာန်းသင့်ပါတယ်” လို့ ဆိုပါတယ်။

NLD ပါတီကိုယ်စားလှယ်တွေရဲ့ ဆိုလိုရင်းဖြစ်တဲ့ ဥပဒေသီးခြားဖြစ်ရေးဟာ အမှန်တကယ် လုပ်ဆောင်သင့်တဲ့ပုံစံဖြစ်ပေမယ့် အခွန်နှုန်းကိုတော့ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းကနေ အမြင့်ဆုံးမှ ၁၅ ရာခိုင်နှုန်းလောက်ပဲ အလွန်အမင်းလျှော့ချတဲ့ Tax Amnesty ဟာ မဖြစ်သင့်ပါဘူး။ ဒီလိုအခွန်လျှော့ချလို့ Tax Amnesty ပေးလို့ တိုင်းပြည်က ဒေါ်လာဘီလျံနဲ့ချီပြီး ရလာနိုင်မှာမဟုတ်တာကို သတိပြုဖို့ လိုအပ်တာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကို ကာမိစေဖို့ အိန္ဒိယလို အခွန်နှုန်း မြှင့်သင့်သလို လက်ရှိပြည်တွင်းကို စီးဝင်ချင်နေတဲ့ ငွေမည်းတွေကလည်း ခဝါချခွင့်သာ ရမယ်ဆို ရာခိုင်နှုန်း ၄၀ ဆိုလည်း ပေးကြမှာပါ။ လက်ရှိပုံမှန် အခွန်ထမ်းဆောင်နေကြရ သူတွေက အမြင့်ဆုံး ၂၅ ရာခိုင်နှုန်းဖြစ်နေတာမို့ အခွန်ရှောင်ခဲ့သူတွေနဲ့ ငွေမည်းတွေကို Tax Amnesty  ပေးမယ်ဆိုရင်တောင် မြင့်မားတဲ့ အခွန်နှုန်း သတ်မှတ်ချက်ပါဝင်သင့်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက အစိုးရရဲ့ ခွေးသေပုပ် Tax Amnesty ကို ဘယ်လိုဝေဖန်သလဲ

NLD ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့သလို တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကလည်း အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ တိုင်းရင်းသားအမည်ခံပြီး ပြည်ပနိုင်ငံတွေက ငွေမည်းတွေကို  ငွေဖြူ အသွင်လုပ်ကိုင်နေခြင်း၊ ဆော်ဒီအာရေးဗီးယားနိုင်ငံက ငွေကြေးအကူအညီတွေနဲ့ လုပ်ငန်းရှင်တွေကို နောက်ကွယ်က ပံ့ပိုးခြင်းတွေရှိ နေတယ်လို့ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးစိုးသိန်းရဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် စက်မှု (၂) ဝန်ကြီးအဖြစ်တာဝန်များစွာ ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသိန်းရဲ့ စကားတွေနဲ့ NLD ကိုယ်စားလှယ်တွေရဲ့ စကားတွေကို ပြန်ကောက်မယ်ဆိုရင် မြန်မာနိုင်ငံဆီကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက အကြမ်းဖက်ထောက်ပံ့ငွေတွေ စီးဝင်နေပြီဆိုတဲ့ အခြေအနေကို ဖြစ်ပေါ်စေတဲ့ အသွင်ဆောင်လာတာကို ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး ချက်မှာ တွေ့မြင်ရပါတယ်။

“တိုင်းပြည်ရဲ့ လိုအပ်ချက်အရ လုပ်ဆောင်တာမှန်ပေမယ့် ပုံမှန်တာဝန်ကျေစွာ ထမ်းဆောင်နေသော အခွန်ထမ်းများ၊ ပုံမှန် အခွန်ထမ်းဆောင်လို စိတ်ပျက်ပြားစေသည့်  ကွာဟသော အခွန်နှုန်းထားမဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်းစသည့် သတ်မှတ်ချက်များ အနေနဲ့ ငွေကြေးပမာဏ အနည်းအများပေါ်မူတည်ပြီး အခွန်နှုန်းခွဲခြားပေးပါက အခွန်ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆေးမြီးတို သို့မဟုတ် ဆေးခါးကြီးတိုက်ကျွေးခြင်းအားဖြင့်လည်း သေချာသောနည်းလမ်း ဟုတ်မဟုတ် ပြောရန်ခက်ပါတယ်။ လွှတ်တော်နှစ်ရပ်မှ သက်ဆိုင်သည့် ကော်မတီအားလုံး၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့   ပြည်ထဲရေးဝန်ကြီးဌာနအားလုံး သုံးသပ်ပါ ဝင်ညှိနှိုင်းသင့်တယ်လို့ တင်ပြအပ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို အားကိုးပြီး လုပ်ဆောင်မယ်ဆိုရင်လည်း မိမိနိုင်ငံအခြေအနေကို သတိပြုသင့်ပါတယ်။ နံပါတ်တစ်မှာဆိုရင် ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ငွေထက်ပြည်တွင်းမှာ လှည့်ပတ်သုံးစွဲနေတဲ့ငွေက ပိုမိုများနေတာ၊ အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တိုင်းရင်းသားအမည်ခံပြီး ပြည်ပနိုင်ငံတွေက ငွေမည်းတွေကို ငွေဖြူများအသွင်လာရောက်လုပ်ကိုင်နေခြင်း၊ ဆော်ဒီအာရေးဗီးယားနိုင်ငံက Oil Money တွေနဲ့ ထောက်ပံ့နေခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသည့် ငွေများရှိနေခြင်း၊ နိုင်ငံတကာ ငွေကြေးခဝါချမှုရှုထောင့်မှ စဉ်းစားရန်လိုခြင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းတွေအပေါ် အခွန်သက်သာခွင့် လက်ရှိရရှိနေခြင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဘက်ဘက်က အချိန်ယူပြီးတော့  ကြောင်းကျိုးသုံးသပ်ပြီး အသင့်တော် ဆုံးနည်းလမ်းကို ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”လို့ ဦးစိုးသိန်းက အကြံပြုပါတယ်။

ဒါ့အပြင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့  ဗိုလ်မှူးကြီးအောင်ကျော်ဇောက ငွေကြေးခဝါချမှုတွေနဲ့ တရားမဝင် ငွေမည်းတွေ ငွေဖြူဖြစ်သွားမှာကို သတိထားဆောင်ရွက်ဖို့ လိုအပ်ပြီး ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဟာ အခွန်ငွေရရှိ ရေးသက်သက်ကိုပဲ ဦးစားပေး စဉ်းစားတာ မဖြစ်သင့်ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

“အခွန်အကောက်ဥပဒေရဲ့ ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်တွေကို ကြိုဆိုရမှာဖြစ်ပေမယ့် ငွေကြေးခဝါချမှုတွေနဲ့ ငွေမည်းများ ငွေဖြူဖြစ်သွားမှာကိုတော့ သတိထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြည်သူတွေ လက်ခံနိုင်တဲ့နှုန်းထားနဲ့ အခွန်ကို လျှော့ပေါ့ကောက်ခံခြင်းအားဖြင့် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ အခွန်ဝင်ငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာထဲကို စီးဝင်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ငွေကြေးစီးဝင်မှုများပြားတဲ့ အိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းတွေမှာ လက်ရှိအခွန်ကောက်ခံမှုနှုန်းထား မြင့်မားနေသော်လည်းလက်တွေ့မှာ နိုင်ငံတော်က ရရှိနေတဲ့ အခွန်အခဟာ နည်းပါးနေပြီး ပြည်သူတွေအနေနဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းခြင်းအတွက် သုံးစွဲရတဲ့ငွေ ပမာဏဟာ များပြားနေတာကိုတွေ့ရပါတယ်။ ဒါတွေကို ပွင့်လင်းမြင်သာစွာ ရာခိုင်နှုန်း နည်းနည်းနဲ့ လူများများ အခွန်ပေးဆောင်နိုင်အောင် ဆောင်ရွက်ခြင်းဟာ အခွန်စနစ်အပေါ် ပြည်သူတွေ ယုံကြည်မှုတိုးလာပြီး အခွန်အခများ မှန်မှန်ကန်ကန် ရရှိစေမှာဖြစ်ပါတယ်” လို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမိုးဟန်က ဥပဒေကြမ်း ပုဒ်မ ၃၃ ပြဋ္ဌာန်းချက်အရ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်ပေးဆောင်ရခြင်း မရှိသေးတဲ့ ဝင်ငွေတွေဟာ ဥပဒေပြဋ္ဌာန်းပြီး ပထမခြောက်လအတွင်း သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လမှာ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းပေးဆောင်ပြီး တရားဝင် အခွန်ထမ်းဆောင်ပြီးသားငွေကြေးတွေ ပိုင်ဆိုင်နိုင်လာမှာဖြစ်တာကြောင့် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေတွေကို ပြန်လည် အခွန်ထပ်ဆောင်နိုင်စေဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ပြီး နောင်မှာ စည်းကြပ်မှုမှလွတ်ကင်းသော ဝင်ငွေဟူသော အသုံးအနှုန်းမရှိတော့ဘဲ အခွန်တိမ်းရှောင်မှုတွေအတွက် တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဒုတိယ ဝန်ကြီးက ပြောကြားခဲ့ပေမယ့် ငွေကြေးခဝါချမှုတွေနဲ့ တရားမဝင်ရရှိတဲ့ ငွေတွေငွေဖြူဖြစ်သွားမှာကို သတိထားဆောင်ရွက်ဖို့လိုတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

“ပုဒ်မ ၃၃ အရ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေပိုင်ဆိုင်ထားသူတွေအတွက် အခွင့်အရေးတစ်ခုသဖွယ် ဖြစ်နေပြီး ရာခိုင်နှုန်းအနည်းငယ်သာပေးဆောင်ရုံဖြင့် တရားဝင်အခွန်ထမ်းဆောင်ပြီးဖြစ်သော ငွေကြေးအဖြစ် ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် အခွန်အခများ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုချင်း၊ ကုမ္ပဏီတစ်ခုချင်းစီက ၎င်းတို့ရဲ့ အမြတ်ငွေတွေကို ဝင်ငွေခွန် ထမ်းဆောင်ရမည်ဆိုပါက ငါးရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ထမ်းဆောင်ပြီးမှသာ တရားဝင် အခွန်ထမ်းဆောင်ပြီးဖြစ်သော ငွေကြေးဖြစ်လာနိုင်တဲ့အတွက် အခွန်ထမ်းဆောင်မှု မမျှမတ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို မမျှမတမှုကြောင့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေပြီး နိုင်ငံတော်ကို အခွန်ပုံမှန်ထမ်းဆောင်နေသူတွေအနေနဲ့ အခွန်ထမ်းဆောင်လိုစိတ် လျော့နည်းလာပြီး အခွန်ရှောင်လိုမှုများ တိုးပွားလာကာ ရရှိလာတဲ့အမြတ်ငွေတွေကို စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေအဖြစ် အခွန်ပေးဆောင်လိုမှု များများပြားလာနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းပုဒ်မ ၃၅ အရ တရားမဝင်သော နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေအရလည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရလည်းကောင်း အရေးယူခြင်းအား ထိခိုက်မှုမရှိစေရဆိုသည့် အချက်ပါသော်လည်း တာဝန်ရှိဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အားမမျှတဲ့အတွက် စိစစ်ကြပ်မတ်ဖို့ဖြစ်နိုင်မည် မဟုတ်ဘဲ မသမာမှုတွေ၊ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်” လို့ ဗိုလ်မှူးမိုးဟန်က ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်အသံဟာ ပြည်သူ့အသံ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို အရင်ပြည်သူတွေက ကန့်ကွက်ခဲ့တဲ့ ဥပဒေတွေလိုပဲ ‘NLD အစိုးရ၊ NLD လွှတ်တော်’  ငါတို့ လုပ်နိုင်တယ်ဆိုပြီး ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို မျက်ကွယ်ပြုပြဌာန်းလိုက်မယ်ဆိုရင် ပြည်သူကို ကိုယ်စားမပြုတဲ့ လွှတ်တော်အဖြစ်၊ ပြည်သူကို ကျောခိုင်းတဲ့ လွှတ်တော်အဖြစ် မှတ်ကျောက်တင်ခံရနိုင်ပါတယ်။

ခွေးသေပုပ် Tax Amnesty ၊ နိုင်ငံတကာ ငွေမည်းခဝါချမှုနဲ့ မူးယစ်ဆေးဝါးငွေတွေဝင်လာရင် ဘယ်သူတာဝန်ခံမလဲ

အနှစ်ချုပ် ပြောရမယ်ဆိုရင် ဒီငွေမည်း ခဝါချပုဒ်မတွေကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေက လုံးဝကိုဖြုတ်ပစ်သင့်ပြီး ခိုင်မာကောင်းမွန်တဲ့ မူဝါဒဖြစ်အောင်၊ ပြည်သူတွေကိုလည်း ကျောမခိုင်းမိအောင် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အတိုင်း သီးခြားဥပဒေတစ်ခုနဲ့ ပြဋ္ဌာန်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ လာမယ့် ၂၀ ရက်နေ့မှာ ဒီငွေမည်းခဝါချတဲ့ပုဒ်မနဲ့ ပတ်သက်ပြီး ဘဏ်လုပ်ငန်းရှင် ၂၀၊ ဒါမှမဟုတ် အခွန်ထမ်းထိပ်တန်း ၂၀ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ ဘဏ်လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်၊ အခွန်ထမ်းထိပ်တန်း ၂၀ ပဲဖြစ်ဖြစ် ဘယ်လိုလူတွေပဲဖြစ်ဖြစ် ထူးခြားတဲ့ ရလဒ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်းရှင်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ဒီလိုပဲ အခွန်ထမ်းထိပ်တန်း ၂၀ မှာလည်း အခွန်ဆောင်လာတာ ငါးနှစ်ကျော်၊ ခြောက်နှစ်ပဲရှိသေးပြီး လုပ်ငန်းတွေစတင်ချိန်ကနေ ဆယ်စုနှစ်တစ်ခုကျော်ကျော် အခွန်ရှောင်ခဲ့တဲ့ လုပ်ငန်းရှင်တချို့ ပါဝင်ပါတယ်။ ဒီလိုလူတွေဆီက ဘာတစ်ခုမှ ထူးခြားတဲ့ အကြံပြုချက်ရမှာမဟုတ်ဘဲ ထောက်ခံတာပဲ တွေ့ရနိုင်ပါတယ်။

မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခွန်အကောက်ဥပဒေကြမ်း၏ ပုဒ်မ ၂၅ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်ပြီး
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော ဆွေးနွေးနေသည်ကို တွေ့ရစဉ်

ပြည်သူတွေကန့်ကွက်၊ လက်မခံနေတဲ့ကြားက လက်ဝါးချင်းရိုက်ပြီး ဒီငွေမည်းခဝါချ ဥပဒေပုဒ်မတွေကို အတည်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံဆီကို စီးဝင်လာခဲ့တဲ့ငွေတွေဟာ မူးယစ်ဆေးဝါးက ရလာတဲ့ငွေတွေ ဖြစ်နေမယ်။ ငွေမည်းတွေဖြစ်နေမယ်။ နိုင်ငံတကာ တရားရုံးတွေက အလိုရှိနေတဲ့ ငွေမည်းခဝါချမှုတွေ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ချိတ်ဆက်နေမယ်ဆိုရင် ဒီလိုငွေကြေးခဝါချဖို့ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံတကာခုံရုံးမှာ အရေးယူခံရတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းထားသလို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကိုလည်း ပြဋ္ဌာန်းထားပါတယ်။ ဒီလို ဥပဒေပြဌာန်းထားမှုနဲ့အတူ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံံ့မှုတွေ၊ စီးဝင်မလာအောင် တားမြစ်ထားမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာရပါတယ်။ ဒီလိုနိုင်ငံတကာ စည်းမျဉ်းတွေကို လိုက်နာရမယ့် မြန်မာအစိုးရဟာ နှစ်နှစ်လောက်စီးပွားကျတာနဲ့ ခရိုနီတွေလက်ဝါး ရိုက်သံကြားမှာ တိုင်းပြည်စီးပွားတက်နိုးနိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံ၊ ပြည်သူ့အသံကို သွေဖည်ပြီး ဒီပုဒ်မကို မရမနေ ပြဋ္ဌာန်းမယ်ဆိုရင် တစ်ချိန်မှာ အစိုးရတာ ဝန်ရှိသူတွေကိုယ်တိုင် ငွေကြေးခဝါချမှုနဲ့ နိုင်ငံတကာ ခုံရုံးတွေမှာ အရေးယူခံရမလားဆိုတာ ကြိုတင်တွေးဆဖို့ လိုအပ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံလိုမျိုး အခြေအနေမတူ၊ ဥပဒေ မထုတ်ဘဲ ဖြစ်ကတတ်ဆန်းပုဒ်မလေးနဲ့ ငွေမည်းခဝါချလို့ရအောင် ဘယ်သူတွေက လက်ဝါးရိုက်ခဲ့သလဲ။ ဒီပုဒ်မနောက်ကွယ်မှာ ငွေမည်းခဝါချချင်တဲ့သူတွေက ဘယ်လိုငွေမည်းတွေကို ကိုင်ထားတာလဲဆိုတာကို MFIU (မြန်မာနိုင်ငံ ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့) အနေနဲ့လည်း စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။

ဦးသိန်းစိန်က စည်းကြပ်မှုမှလွတ်ကင်းနေသော ငွေဆိုပြီး စပေးခဲ့တာကို တံဆိပ်ပြန်ကပ်မယ်ဆိုရင် ဦးသိန်းစိန်တုန်းက ပေးခဲ့တာဟာ ထင်သာမြင်သာရှိတဲ့ အခြေပစ္စည်းကို ပေးခဲ့တာဖြစ်ပြီး လက်ရှိအစိုးရက ငွေမည်းတွေကို အဓိကပေးချင်တဲ့ သဘောဖြစ်နေပါတယ်။ ဦးသိန်းစိန်တုန်းက အခြေပစ္စည်းကို အခွန်ရာခိုင်နှုန်း ၃၀ အထိ ပေးခဲ့တာတောင် ဒီလောက်အထိ တိုင်းပြည်စီးပွားရေးနဲ့ အိမ်ခြံမြေအပေါ် ဂယက်ရိုက်တယ်လို့ ဝေဖန်မယ်ဆိုရင် လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ဘယ်ကရလာတဲ့ငွေမှန်းမသိတဲ့ ငွေကြေးကို သုံးရာခိုင်နှုန်းနဲ့ ငွေမည်းခဝါချခွင့်ပေးမှာက တိုင်းပြည်နဲ့ ပြည်သူတွေကို အခုထက်ပိုမိုတဲ့ ဆင်းရဲကြပ်တည်းမှု မလွဲမသွေရစေပါမယ်။ ဒါ့အပြင် နိုင်ငံတကာက အလိုရှိနေတဲ့ ငွေမည်းတွေနဲ့ပါ ချိတ်ဆက်ခဝါချခဲ့တာကို နိုင်ငံတကာ တရားရုံးတွေအဖွဲ့အစည်းတွေက စိစစ်တွေ့ရှိခဲ့မယ်ဆို ဒီငွေမည်းခဝါချပုဒ်မကို  ဦးဆောင်တင်သွင်းတဲ့ အစိုးရအဖွဲ့နဲ့ ဒီငွေမည်းခဝါချ ပုဒ်မကို ထပ်ဆင့်ထောက်ခံအကြံပြုခဲ့တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီကိုယ်တိုင် နိုင်ငံတကာခုံရုံးမှာ ရာဇဝတ်သားဖြစ်သွားမလား ဆိုတာကို ကြိုတင်တွေးဆဖို့ လိုအပ်ပါတယ်။

အစိုးရအနေနဲ့ ငွေမည်းခဝါချပုဒ်မကို မဖြစ်မနေပေးမှာလို့ သန္နိဋ္ဌာန်ချထားပြီးပြီဆိုရင်လည်း မူးယစ်ဆေးဝါးက ငွေတွေနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့တဲ့ငွေကြေးတွေ စီးဝင်မလာအောင် ဦးသိန်းစိန်အစိုးရတုန်းကလို အိမ်ခြံမြေအခြေပစ္စည်းတွေကိုပဲ လက်ရှိသုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းကနေ အခွန်နှုန်း ပြန်လည်တိုးမြှင့်ပြီး ပေးသင့်ပါတယ်။

ဥပဒေတစ်ခု သီးခြားပြဋ္ဌာန်းသင့်တယ်ဆိုတာက အကြောင်းမဲ့မဟုတ်ဘဲ ဒီလို ငွေမည်းခဝါချခွင့်ပေးခြင်းအားဖြင့် နိုင်ငံတကာက အလိုရှိနေတဲ့ ငွေမည်းခဝါချမှုတွေ၊ အကြမ်းဖက်မှုကို ထောက်ပံ့တဲ့ငွေတွေ မြန်မာနိုင်ငံဆီကို စီးဝင်မလာအောင်တင်မက ဒီလို ငွေတွေစီးဝင်လာပြီး နိုင်ငံတကာဥပဒေတွေအရ အစိုးရကိုယ်တိုင် တရားခံအဖြစ် ငြိစွန်းနိုင်မယ့် အခြေအနေတွေကို အကျယ်တဝင့် ပြန်လည်သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို အကျယ်တဝင့်သုံးသပ်မှုမရှိဘဲ ခရိုနီ၊ တိုင်ကွန်းတွေရဲ့ ညည်းတွားသံအောက်မှာ ဖြစ်ကတတ် ဆန်းမပြည့်စုံတဲ့ ပုဒ်မလေးတွေနဲ့ ငွေမည်းခဝါချခွင့် ဇွတ်အတင်းပေးလိုက်မယ်ဆိုရင် အစိုးရကိုယ်တိုင် ခရိုနီ၊ တိုင်ကွန်းတွေရဲ့ ထောင်ချောက်မှာမိပြီး နိုင်ငံတကာခုံရုံးမှာ ရာဇဝတ်သားအဖြစ် တာဝန်ခံရမယ့် အခြေအနေဖြစ်သွားနိုင်တာမို့ သီးခြားဥပဒေ ပြဋ္ဌာန်းပြီးဟာ ကွက်မရှိအောင် စနစ်တကျလုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။

Most Read

Most Recent