အိမ်သုံးမီတာ သုံးမျိုးအတွက် ကျပ် ၁၄ ဒသမ ၆ ဘီလျံဖိုး ဝယ်ယူရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုခြင်းနှင့် Name Plate များ ပါဝင်မှုမရှိဘဲ ပြုပြင်ပြောင်းလဲထားသည့်မီတာများကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို ကျေနပ်မှုမရှိသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့သို့ တိုင်ကြား

အိမ်သုံးမီတာ သုံးမျိုးအတွက် ကျပ် ၁၄ ဒသမ ၆ ဘီလျံဖိုး ဝယ်ယူရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုခြင်းနှင့် Name Plate များ ပါဝင်မှုမရှိဘဲ ပြုပြင်ပြောင်းလဲထားသည့်မီတာများကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို ကျေနပ်မှုမရှိသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့သို့ တိုင်ကြား
Published 12 March 2018

အိမ်သုံးမီတာသုံးမျိုးအတွက် ကျပ် ၁၄ ဒသမ ၆ ဘီလျံဖိုး ဝယ်ယူရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုခြင်းနှင့် Name Plate များ ပါဝင်မှုမရှိဘဲ ပြုပြင်ပြောင်းလဲထားသည့် မီတာများကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို ကျေနပ်မှုမရှိသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများစွာသို့ တိုင်ကြားထားကြောင်း Myanmar Machinery Manufacturing ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူ ပူးပေါင်းထားသည့် Myanmar Machinery Manufacturing ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ခေါ်ယူခဲ့သည့် အိမ်သုံးမီတာသုံးမျိုး၊ ပါဝါမီတာတစ်မျိုးနှင့် စီတီမီတာတစ်မျိုး ဝယ်ယူမည့် 84 (T)/ ESE 2017-2018 တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ကုမ္ပဏီ ၂၀ က တင်ဒါဝယ်ယူခဲ့သော်လည်း ကိုးခုသာ နမူနာပစ္စည်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ခေါ်ယူသည့် တင်ဒါအပေါ် တင်ဒါစိစစ်ရွေးချယ် အတည်ပြုရေးကော်မတီမှ သတ်မှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ပါဝင်ရမည့်နည်းပညာ Technical Specification များကို လျစ်လျူရှုကာ မလျော်မကန်အခွင့် အာဏာသုံး၍ ဆောင်ရွက်သည့် အချက်များအဖြစ် Name Plate နှင့် ပတ်သက်၍ Technical Specification တွင် ဝယ်ယူမည့် မီတာအားလုံးအတွက် အသေးစိတ်တူညီစွာ သတ်မှတ်ထားသော်လည်း Junction River ကုမ္ပဏီသည် ၎င်းအချက်များကို လျစ်လျူရှုကာ Technical Specification မကိုက်ညီသော၊ Name Plate မပါသော နမူနာမီတာများကို တင်သွင်းခဲ့ပြီး တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှလည်း မျက်ကွယ်ပြု၍ လက်ခံယှဉ်ပြိုင်စေခဲ့သည်ဟု နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများစွာကို တိုင်ကြားသည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူ ပူးပေါင်းထားသော Myanmar Machinery Manufacturing ကုမ္ပဏီ၏ တိုင်ကြားစာတွင် ဖော်ပြထားမှုအရ သိရသည်။

ထို့ပြင် တင်ဒါစည်းမျဉ်းစည်းကမ်းအရ ဒုတိယဝန်ကြီးကိုယ်တိုင်ဦးစီး၍ အတည်ပြုထုတ်ပြန်ထားသော Technical Specification သတ်မှတ်ချက်များကို ဖောက်ဖျက်၍ စက္ကူစတစ်ကာဖြင့် ပြုလုပ်ထားသည့် Name Plate များကပ်၍ အစစ်ဆေးခံခြင်းကို ခွင့်ပြုပေးခဲ့ခြင်း၊ Test Lab က Name Plate မပါသဖြင့် Test Result တွင် မှတ်ချက်ပေးခဲ့သော်လည်း ဒုတိယဝန်ကြီး ဦးဆောင်သည့် တင်ဒါစိစစ် ရွေးချယ်အတည်ပြုရေးကော်မတီမှ Technical အအောင်ပေးခဲ့ခြင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ရှိ လျှပ်စစ်စမ်းသပ်ရေးဌာနတွင် နမူနာမီတာများကို စစ်ဆေးရာ Technical Specification ပါ စစ်ဆေးရမည့် အဓိကအချက်ပေါင်း ၂၀ ကို ပြည့်စုံအောင် မစစ်ဆေးဘဲ လျစ်လျူရှုပြီး Accuracy Test တစ်ခုတည်းသာ စမ်းသပ် စစ်ဆေးခြင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၌ ဈေးနှုန်းဖွင့်လှစ်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းအရ မလွဲမသွေ စစ်ဆေးရမည့်အချက်များကို စစ်ဆေးခြင်း မရှိခြင်းများ စသည်ဖြင့် သမ္မတရုံးမှ ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ကျုးလွန်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။

ထို့ပြင် ဒုတိယဝန်ကြီး ဦးဆောင်သည့် တင်ဒါစိစစ်ရွေးချယ် အတည်ပြုရေးကော်မတီမှ တင်ဒါစည်းမျဉ်း စည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာ နှိုင်းယှဉ်ထုတ်ပြန်ရမည့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ Technical Specification များနှင့် ပတ်သက်၍ အောင်မြင်ခဲ့ရခြင်း အကြောင်းရင်းများကို ပွင့်လင်းမြင်သာစွာ ကြေညာမှုမပြုခဲ့ခြင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ Technical Specification များနှင့် ကိုက်ညီမှုမရှိဘဲ Name Plate မပါသည့်မီတာများဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Junction River ကုမ္ပဏီကို တင်ဒါအအောင်ပေးခဲ့ခြင်း၊ တင်ဒါစိစစ်ရွေးချယ်မှု စည်းမျဉ်းများ အပိုဒ် (၉) အရ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ရည်ညွှန်း (၂) ပါစာဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လိပ်မူ၍ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဝန်ကြီးဌာနများသို့ မိတ္တူပေးပို့ ကန့်ကွက်ခဲ့သော်လည်း ဖြေကြားရှင်းလင်းပေးမှု မရှိခြင်းများ ကြုံခဲ့ရပြီး ဒုတိယဝန်ကြီး ဦးဆောင်သည့် တင်ဒါစိစစ်ရွေးချယ် အတည်ပြုရေးကော်မတီမှ ဈေးနှုန်းနှိုင်းယှဉ်မှု တစ်ခုတည်းဖြင့် အိမ်သုံးမီတာသုံးမျိုး ကျပ် ၁၄ ဒသမ ၆ ဘီလျံကို Junction River ကုမ္ပဏီ၊ ပါဝါမီတာတစ်မျိုး ကျပ် ၁ ဒသမ ၂ ဘီလျံကို Alpha Power ကုမ္ပဏီတို့အား သတ်မှတ်ရွေးချယ်ကာ ဇန်နဝါရီ ၁၉ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်းနှင့် သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီမှုမရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်ကာ ရွေးချယ်ခံရသည့် Junction River ကုမ္ပဏီကို တိုင်ကြားခြင်းဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီသလို နိုင်ငံတော်အတွက်လည်း အရည်အသွေးမပြည့်မီတဲ့ မီတာတွေကြောင့် နစ်နာရတယ်။ Name Plate တွေ မပါတဲ့အပြင် စက္ကူနဲ့ကပ်ပြီး မီတာပါအရည်အသွေး အချက်အလက်တွေကို ပြုပြင်ပြောင်းလဲပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ကုမ္ပဏီကို တင်ဒါအအောင်ပေးခဲ့တာကြောင့် နိုင်ငံရော၊ မီတာသုံးစွဲတဲ့ပြည်သူတွေပါ နစ်နာတယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

ထိုသို့ နိုင်ငံသားပိုင်ကုမ္ပဏီမှ ပြည်တွင်း၌ထုတ်လုပ်ကာ နည်းပညာ အချက်အလက် နှိုင်းယှဉ်ပါက အားသာချက်များစွာရှိသည့် မီတာများကို ဈေးနှုန်းကျပ် ၃၅၀၀ ကွာဟမှုဖြင့် မရွေးချယ်ခဲ့ခြင်း၊ ဒေါ ပုံမြို့နယ်တွင် AMI စနစ်ဖြင့် အဆင့်မြှင့်တင်နေပြီး နိုင်ငံတစ်ဝန်းသို့ ကျပ် ၁၄၈ ဘီလျံကျော်ဖိုး ထုတ်လုပ်ရောင်းချထားသည့် Myanmar Machinery Manufacturing ကုမ္ပဏီ၏ Ever မီတာများနှင့် ချိတ်ဆက်သုံးနိုင်ဖွယ် မရှိသည့် မီတာများကို တင်ဒါဝယ်ယူမှုကြောင့် နိုင်ငံနှင့် ပြည်သူများနစ်နာနိုင်ခြင်း၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် တင်ဒါစိစစ် ရွေးချယ်အတည်ပြုရေး ကော်မတီ၏ တစ်ဖက်သတ်ဘက်လိုက်မှု အကြိမ်ကြိမ် ကြုံတွေ့ရမှုကြောင့် Myanmar Machinery Manufacturing ကုမ္ပဏီတွင် နစ်နာဆုံးရှုံးရခြင်းများကို ရင်ဆိုင်ခဲ့ရသည်ဟု တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့တိုင်ကြားရာတွင် အစိုးရတာဝန်ရှိသူများကိုသာ တိုင်ကြားရုံသာမက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ပါ တိုင်ကြားခဲ့ပြီး ကော်မရှင်က လက်ရှိအချိန်တွင် စုံစမ်းအရေးယူနိုင်မည်မဟုတ်ဘဲ လွှတ်တော်တွင် ဆွေးနွေးနေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုး ပြဋ္ဌာန်းပြီးမှသာ စစ်ဆေးလုပ်ဆောင်နိုင်မည်ဟု တုံ့ပြန်ခဲ့သည်ဟု ဦးမျိုးအောင်က ပြောကြားသည်။

Myanmar Machinery Manufacturing ကုမ္ပဏီက ထုတ်လုပ်သည့် Ever မီတာများသည် မီတာ၏အတွင်းပစ္စည်းများ ထပ်မံထည့်သွင်းပြုပြင်ရန် မလိုအပ်သည့်အပြင် အစိုးရက ဖော်ဆောင်နေသည့် eGovernment ကို အထောက်အပံ့ဖြစ်စေရန် မီတာ၏ AMI စနစ်ပါ Software ကို မြန်မာစာစနစ်ဖြင့် ချိတ်ဆက်၍ စက္ကန့်ပိုင်းအတွင်း မီးသုံးစွဲမှု၊ မီးအားကျမှု၊ မီးခိုးသုံးမှုနှင့် ဓာတ်တိုင်များ၏ ပတ်ဝန်းကျင်ကိုပါ စစ်ဆေးကြည့်ရှုနိုင်ရန် ပြင်ဆင်ထားကြောင်းနှင့် လက်ရှိ နိုင်ငံ့ဘဏ္ဍာမှ တန်ဖိုးအဖြစ် ကျပ် ၁၄၈ ဘီလျံကျော်ဖိုး ဝယ်ယူထားသည့် မီတာနှစ်သန်းကျော်နှင့် ဆက်စပ်သုံးစွဲမရသည့်မီတာများကို ဝယ်ယူမည်ဆိုပါက နိုင်ငံတော်က အကောင်အထည် ဖော်ဆောင်နေသည့် eGovernment ကို အဟန့်အတားဖြစ်စေခြင်းများနှင့် တင်ဒါစည်းမျဉ်းချိုးဖောက်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီကို အနိုင်ပေးခဲ့ခြင်းအားဖြင့် မဖြစ်သင့်သည့် အခြေအနေကို ဖန်တီးခဲ့မှုအပေါ် နောင်တွင်ထိုကဲ့သို့ ပြဿနာမျိုး မဖြစ်စေရန် စံပြအနေဖြင့် သီးခြားလွတ်လပ်သောအဖွဲ့ (Third Party) ဖြင့် စနစ်တကျ ပြန်လည်စိစစ်ပေးရန်နှင့် မျှတမှုမရှိသည့် တင်ဒါစာချုပ်ကို ပယ်ဖျက်ပေးရန် အသနားခံ တင်ပြခဲ့ကြောင်း တိုင်ကြားစာနှင့် ဦးမျိုးအောင်၏ ပြောကြားမှုအရ သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆက်သွယ်မေးမြန်းနိုင်သော ပုဂ္ဂိုလ်များဖြစ်သည့် သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် (လျှပ်စစ်) ဦးအောင်ကျော်ထူးအား ဆက်သွယ်ရာ အဆိုပါ တင်ဒါခေါ်ယူမှုကိုပင် သိရှိမှုမရှိကြောင်း၊ ဌာနများပြားသဖြင့် မည်သည့်ဌာနမှ ခေါ်ယူသည်ဆိုသည်နှင့် လျှပ်စစ်ကိစ္စများ မေးမြန်းလိုပါက ဒုတိယအမြဲတမ်းအတွင်းဝန် (လျှပ်စစ်) ဦးစိုးမြင့်ကို ဆက်သွယ်မေးမြန်းစေလိုကြောင်း ဖြေကြားပြီး ဦးစိုးမြင့်အား ဆက်သွယ်ရာ ထုတ်ပြန်ပေးထားသည့်ဖုန်းကို ကိုင်ဆောင်မှုမရှိကြောင်းနှင့် အစည်းအဝေး တက်နေကြောင်း ဖုန်းကိုင်ဆောင်သူက ဖြေကြားသည်။ ဒုတိယဝန်ကြီး ဦးဆောင်သည့် တင်ဒါစိစစ်ရွေးချယ် အတည်ပြုရေး ကော်မတီ၏ တစ်ဖက်သတ် ဘက်လိုက်မှု ဖြစ်စဉ်ဟု အစိုးရအဖွဲ့တာဝန်ရှိသူများထံ တိုင်ကြားသည့်စာတွင် သုံးနှုန်းပါရှိသည့်အတွက် ဒုတိယဝန်ကြီး ဦးထွန်းနိုင်အသုံးပြုသည့် Facrbook အကောင့်သို့လည်း ဆက်သွယ်မေးမြန်းထားပြီး တုံ့ပြန်ဖြေကြားမှုများကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Most Read

Most Recent