<

လေလှိုင်းမှတစ်ဆင့် ဖုန်းလိမ်လည် ရောင်းချသူတွေကို အရေးယူဖို့လိုပြီ

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် စမတ်ဖုန်း လိမ်လည်ရောင်းချမှုများနှင့် ပတ်သက်သော အချက်အလက်များကို တွေ့ရစဉ်

အခုတလော ပြည်သူများအကြား လိမ်လည်မှုတစ်ခုအကြောင်း ပြောဆိုမှုရှိနေသည်။ ယင်းလိမ်လည်ခံရမှုကို အများစု ကြုံတွေ့နေရသည်။ အဆိုပါ လိမ်လည်မှုမှာ လေလှိုင်းမှတစ်ဆင့် ဖုန်းဖြင့်အများပြည်သူကို ဖုန်းကံစမ်းမဲပေါက်ကြောင်းနှင့် ပရိုမိုးရှင်း လျှော့ဈေးဖြင့်ရကြောင်း စသည့် အကြောင်းရင်းနှစ်ချက်ကို အခြေခံ၍ သွေးဆောင်လိမ်လည်ကြသည်။

မျက်စိပွင့်၊ နားပွင့်ရှိသူများမှာ ယင်းကိစ္စဖြင့် ဖုန်းဆက်လာခြင်းမှာ လိမ်လည်တော့မည်ဟု သိရှိနားလည်သော်လည်း တချို့မှာ ကံစမ်းမဲပေါက်သည်။ တစ်ဝက်လျှော့ဈေးဖြင့်ရသည်ဟုဆိုရင် ၀မ်းသာပျော်ရွှင်စွာဖြင့် ၀ယ်ယူကြတော့သည်။

“သုံးသိန်းကျော်တန်ဖုန်းကို အထူးပရိုမိုးရှင်းဖြစ်လို့ ကျပ် ၁၃၀၀၀၀ ကျော်နဲ့ ရမယ်ဆိုတော့ စိတ်ဝင်စားသွားမိတာ အမှန်ပါပဲ။ လက်ပတ်နာရီတစ်လုံးကိုလည်း ဈေးသက်သက်သာသာနဲ့ ရဦးမယ်လို့ဆိုတယ်။ ဒါနဲ့ယူမလားဆိုတော့ မှာလိုက်တယ်။ နောက်တော့မှ အွန်လိုင်းပေါ်မှာ ကိုယ့်ရှေ့ကကြုံရတဲ့သူတွေ ရေးထားတာတွေကိုဖတ်ရပြီး နောက်မ၀ယ်တော့ဘူးလို့ ငြင်းလိုက်ပါတယ်” ဟု ဖုန်းဆက်သွယ်ခံရသူတစ်ဦးဖြစ်သည့် မသီတာမိုးက ပြောကြားသည်။

ဘယ်လိုလိမ်လည်သလဲ

လိမ်လည်သူ အများစုမှာ MPT ဖုန်းကတ်ကိုင်ဆောင်သူများကို ဖုန်းဖြင့်ဆက်သွယ်၍ ဖုန်းရောင်းဝယ်မှုကို လုပ်ဆောင်ကြသည်။ ဆက်သွယ်ခံရသူ၏ ဖုန်းနံပါတ်မှာ ကံစမ်းမဲပေါက်သောကြောင့် ကာလတန်ဖိုး နှစ်သိန်းကျော်ရှိ စမတ်ဖုန်းကို တစ်ဝက်ဈေးနှုန်းဖြင့် ရရှိမည်ဖြစ်ကြောင်း မက်လုံးပေးပြောဆို သွေးဆောင်ကြသည်။ ထို့ပြင် ဆက်သွယ်ခံရသူများမှာ ပရိုမိုးရှင်းကာလဖြစ်သောကြောင့် ကာလတန်ဖိုး နှစ်သိန်းကျော်ရှိ စမတ်ဖုန်းကို ထက်ဝက်ဈေးဖြင့် ရရှိမည့်အပြင် ငွေကျပ်တစ်သိန်းတန်ဖိုးရှိ လက်ဆောင်များ ရရှိမည်ဖြစ်ကြောင်း မက်လုံးပေး ပြောဆိုသွေးဆောင်ကြသည်။ ထို့ပြင် ဖုန်းများသို့ ကံစမ်းမဲပေါက်ကြောင်း မက်ဆေ့ခ်ျပို့ကြသည်။ သို့သော် ဆက်သွယ်ခံရသူများမှာ မိမိကိုယ်တိုင် ကံစမ်းခဲ့သူများမဟုတ်သဖြင့် ဇဝေဇ၀ါဖြစ်ကြသည်။

“မင်္ဂလာပါအစ်ကို အစ်မရေ- ဒီဖုန်းနံပါတ်လေးက ကျွန်တော်တို့ကုမ္ပဏီရဲ့ ပရိုမိုးရှင်းကာလလေးမှာ ကံစမ်းမဲပေါက်လို့ သံချောင်းကိုတောင် ထုရိုက်နိုင်တဲ့ ကာလပေါက်ဈေး နှစ်သိန်းရှစ်သောင်းရှိသော ဖုန်းကို ကျပ်တစ်သိန်းငါးသောင်း ရှစ်ထောင်တည်းနဲ့ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မေတ္တာလက်ဆောင် အနေနဲ့ တစ်သိန်းကျော်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်း အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ အာမခံတစ်နှစ်၊ ဆားဗစ်သုံးလ၊ ၁၅ ရက်အတွင်းပျက်ရင် တစ်လုံးပြန်လျော်ပေးပါတယ်” ဟု ဖုန်းရောင်းချသူက ဆက်သွယ်ပြောကြားခဲ့သည်။

“ဖုန်းမဲပေါက်တယ်။ ပရိုမိုးရှင်းရမယ်။ အဲဒါကြောင့် စမတ်ဖုန်းတစ်လုံးကို တစ်ဝက်ဈေးနဲ့ရမယ်ဆိုပြီး ဆက်သွယ်လာတယ်။ ကျွန်တော်ဘယ်ကိုမှ ကံမစမ်းထားဘူး။ ဖုန်းနံပါတ်ကို ဘယ်လိုရလဲမေးတော့။ ဖုန်းဆက်သူက ကုမ္ပဏီကပေးတဲ့ ဖုန်း List ထဲမှာ အစ်ကို့ ဖုန်းနံပါတ်ပါလို့ ဆက်တာပါ။ ကျွန်တော်တို့က ၀န်ထမ်းတွေပါတဲ့။ အဲဒီတော့ ဖုန်းရဲ့လိုအပ်တဲ့ မန်မိုရီတွေ၊ ရမ်တွေ၊ တခြားအစိတ်အပိုင်းတွေအကြောင်း မေးတော့ သူတို့သေသေချာချာ မပြောနိုင်ဘူး။ မဲပေါက်တယ်။ တစ်ဝက်ဈေးရမယ်။ လက်ဆောင်တွေရမယ်ဆိုတာချည်းကိုပြောပြီး မက်လုံးတွေပေးနေတယ်။ တကယ်တည်းလည်း သူတို့ဖုန်းက Brand မရှိဘူး။ အဲဒီကြောင့် တစ်သိန်းကျော်လောက်နဲ့ရလည်း Customer ကို လိမ်ရောင်းတာပဲ။ ဒီဈေးရှိတဲ့ တခြားဖုန်းတွေလောက်လည်း ကွာလတီမမီပါဘူး။ ကျွန်တော်တောင် ဖုန်းအကြောင်း တီးမိခေါက်မိရှိတဲ့အတွက်၊ နည်းနည်းပါးပါး နားလည်တဲ့အတွက် ဒါချင်းထည့်နေတယ်ဆိုသိတာ။ တချို့နားမလည်သူတွေဆို ဘယ်လောက်ခံနေရလဲမသိဘူး” ဟု ဖုန်းဆက်သွယ်ခံရသူတစ်ဦးဖြစ်သည့် ကိုဇင်မိုးလွင်က ပြောကြားသည်။

နယ်တွင်နေထိုင်သူ အများစုမှာ ယင်းသို့ လိမ်လည်မှုကိုခံနေရပြီး ဖုန်းဆက်သွယ်သူများက ဖုန်း၏ပျက်စီး၊ မှားယွင်းမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်း ရေးသားပြောဆိုကြမှုများမှာ လူမှုကွန်ရက် Facebook အွန်လိုင်းစာမျက်နှာများတွင် ရုပ်သံဖိုင်များ၊ ဓာတ်ပုံများဖြင့် ပျံ့နှံ့လျက်ပြီး ဖြန့်ဝေသူများ အများအပြားရှိနေသည်။ အဆိုပါ လိမ်လည်ရောင်းချသည့် စမတ်ဖုန်းများကို ချင်းဖုန်းဟု အမည်ပေး ပြစ်တင်ဝေဖန်ကြသည်။ ထို့ပြင် အဆိုပါ ဖုန်းများမှာ တံဆိပ်အမျိုးမျိုးဖြင့် ပြောင်းလဲထုတ်လုပ်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

“စမတ်ဖုန်းတစ်လုံးက သူ့စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းလျော်ညီမှုရှိ မရှိသိချင်ရင် ဈေးကွက်ထဲမှာ နာမည်ရနေတဲ့ဖုန်းနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ဥပမာ – သူ့ဖုန်းက ကျပ်သုံးသိန်းဆိုရင် Xiaomi, Meizu, Huawei ဖုန်းတွေမှာ အဲဒီဈေးနှုန်းနဲ့ ဘယ်ဖုန်းတွေရလဲ။ ကျပ်တစ်သိန်းကျော်ဆိုရင်လည်း အဲဒီဈေးနှုန်းနဲ့ ဘယ်ဖုန်းတွေရနိုင်လဲ။ ယှဉ်ကြည့်လို့ရတယ်။ ပြီးတော့ ဖုန်းနဲ့ဆက်သွယ်ကြော်ငြာ ရောင်းချတဲ့ ဖုန်းရဲ့ဟာ့ဒ်ဝဲအချက်အလက်တွေက အမှန်အကန်ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ချင်းဖုန်းပဲ” ဟု စမတ်ဖုန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

စားသုံးသူအခွင့်အရေးကို ချိုးဖောက်နေသလား

ထိုသို့ဖုန်းဖြင့်ဆက်၍ ကံစမ်းမဲပေါက်ကြောင်း လိမ်လည်မှုမှ စားသုံးသူ အခွင့်အရေးကို ချိုးဖောက်နေကြောင်း စားသုံးသူကာကွယ်ရေးအသင်းထံမှ သိရသည်။

ထို့ကြောင့် စားသုံးသူကာကွယ်ရေး အသင်းအနေဖြင့် အဆိုပါ လိမ်နေမှုများကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

“အဲဒီကိစ္စတိုင်စာတွေ ရောက်လာတဲ့အတွက် စုံစမ်းနေတယ်။ ဘာတွေသတင်းရလဲဆိုတော့ အဲဒီလိုမျိုးကုမ္ပဏီတွေ မြန်မာနိုင်ငံထဲမှာ လေးငါးခုရှိတယ်။ အဲဒီပိုင်ရှင်တွေက တရုတ်တွေ၊ မြန်မာစကားမတတ်တဲ့ တရုတ်တွေ။ သူတို့က စကားပြန်ငှားပြီးတော့ Operator တွေကို အလုပ်လျှောက်ရင် လျှောက်သလောက်ခန့်တယ်။ MPT ရဲ့ ဖုန်းနံပါတ်တွေ ဘယ်လိုရလဲတော့ မသိဘူး။ Operator တစ်ယောက်ကို ဖုန်းနံပါတ် သုံး-လေးလုံးလောက်ကို တစ်နေကုန် ထိုင်ဆက်ခိုင်းတယ်။ သူတို့က လူကြီးမင်းဖုန်းနံပါတ်က ကံစမ်းမဲပေါက်တယ်။ ပရိုမိုးရှင်း အစီအစဉ်မှာပါနေတယ် ပြောပြီးတော့ Brand မရှိတဲ့ ဖုန်း၊ နာမည်မရှိတဲ့ အပြင်မှာ လေး-ငါးသောင်းလောက်တန်တဲ့ ဖုန်းတွေကို နှစ်သိန်းလောက်တန်တယ်။ တစ်သိန်းခွဲလောက်နဲ့ ရမယ်။ လူကြီးမင်းတို့ကို တခြားလက်ဆောင်တွေ ပေးဦးမယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အဲဒီကုမ္ပဏီတွေကို ဖုန်းကို တံဆိပ်အမျိုးမျိုး ပြောင်းပြီးထုတ်တယ်။ ၀ယ်ယူသူတွေက ၀ယ်ပြီးသုံးလေးလကြာတော့ ပျက်သွားတယ်။ ပျက်သွားတော့။ ဘာမှအာမခံချက်မရှိဘူး။ သူတို့ပေးခဲ့တဲ့ ဖုန်းဆက်တော့လည်း အဲဒီအချိန် မကိုင်တော့ဘူး။ ဆိုတော့ ဒါကလိမ်လည်ပြောတဲ့ ပရိုမိုးရှင်း၊ လိမ်ပြီးပြောတဲ့ ကြေညာဖြစ်တဲ့အတွက် စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ညီနေတယ်။ အဲဒါတွေကို ဆရာတို့အနေနဲ့ စုံစမ်းပြီးတော့ ရရှိလာတဲ့ အချက်အလက်တွေအရ အရေးယူ ဆောင်ရွက်သွားဖို့ရှိတယ်။ အစိုးရဌာနဆိုင်ရာတွေလည်း လုပ်ဆောင်ဖို့လိုတယ်။ ဆိုင်လည်းဆိုင်တယ်။ အဲဒီအတွက် ဒီလိုအကြောင်းအရာတွေကို အများပြည်သူသိရှိအောင် သတင်းအချက်ပေးတာမျိုး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခွင့်အရေးအကြောင်း အသိပညာပေးတာမျိုး လုပ်သင့်တယ်” ဟု စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရမှု ကြုံတွေ့ခဲ့ရပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပြင် ပြည်တွင်းရှိ စားသုံးသူကာကွယ်ရေးအသင်း၊ မြန်မာစားသုံးသူများ သမဂ္ဂတို့ကို ဆက်သွယ်အသိပေးတိုင်ကြား အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေဆိုတာ

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ အခန်း (၅) စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၆ (က) တွင် ဖော်ပြထားသည့် စားသုံးသူ၏ အခွင့်အရေးမှာ (၁) ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ (၂) ကုန်စည်သို့ မဟုတ်ဝန်ဆောင်မှုကို ရွေးချယ်နိုင်ခြင်းနှင့် ၀န်ခံကတိပြုထားသော တန်ဖိုး၊ စည်းကမ်းချက်များ၊ အာမခံတို့နှင့်အညီ ရယူနိုင်ခြင်း၊ (၃) ကုန်စည် သို့မဟုတ်ဝန်ဆောင်မှု၏ အခြေအနေ၊ အာမခံချက်တို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရယူခွင့်ရှိခြင်း၊ (၄) စားသုံးသူ အသုံးပြုသော ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုအပေါ် ကြားနာဖြေရှင်းပေးရန် အရေးဆို တိုင်တန်းနိုင်ခြင်း၊ စားသုံးသူ အကာအကွယ်ပေးမှုများ ရရှိနိုင်ခြင်းနှင့် မှန်ကန်သော ဖြေရှင်းမှု ရရှိနိုင်ခြင်း၊ (၅) ခွဲခြားဆက်ဆံမှုမရှိသည့် မျှတသော ဆက်ဆံမှုနှင့် ၀န်ဆောင်မှု ရရှိခြင်းတို့ဖြစ်သည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ အခန်း (၇) စီးပွားရေး လုပ်ငန်းရှင်များအတွက် တားမြစ်ချက်များ ၉ တွင် ဖော်ပြထားသည်မှာ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါအခြေအနေများတွင် ၀ယ်ယူသူ သို့မဟုတ် အသုံးပြုသူအား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ ရောင်းချရန် ကမ်းလှမ်းခြင်းသော်လည်းကောင်း၊ အရောင်းမြှင့်တင်ခြင်းသော်လည်းကောင်း၊ ကြော်ငြာခြင်းသော်လည်းကောင်း မပြုလုပ်ရ (က) ထုတ်ဖော်ညွှန်းဆိုထားသော အရည်အသွေး စံချိန်စံညွှန်း၊ ပုံစံသို့မဟုတ် နည်းလမ်း၊ ထူးခြားသောလက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှုမရှိသည့် ဈေးနှုန်းလျှော့ပေးထားသော ကုန်စည် သို့မဟုတ် အထူးဈေးနှုန်း သတ်မှတ်ထားသော ကုန်စည်ဖြစ်ခြင်း၊ (ခ) သစ်လွင်ကောင်းမွန်သော အခြေအနေတွင် မရှိသည့် ကုန်စည်ဖြစ်ခြင်း၊ (ဂ) အခြားကုမ္ပဏီတစ်ခုခု၏ ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုကို ခိုင်မာသော ထောက်ပံ့မှုနှင့် အာမခံမှုပြုခြင်း၊ (ဃ) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုဖြစ်ခြင်း၊ (င) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုဖြစ်ခြင်း၊ (စ) အခြားသောကုန်စည် သို့မဟုတ် ၀န်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ချိုးနှိမ်ဖော်ပြခြင်း၊ (ဆ) သတင်းအချက်အလက် အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း၊ (ဇ) မသေချာမရေရာသော ကုန်စည် (သို့မဟုတ်) ၀န်ဆောင်မှုဖြစ်ခြင်း စသည်တို့ကို ဖော်ပြထားသည်။

ထို့ပြင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ အခန်း (၇) စီးပွားရေး လုပ်ငန်းရှင်များအတွက် တားမြစ်ချက်များ ၁၃ တွင် စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက် ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ၀န်ဆောင်မှု အားရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် ကြေညာခြင်းမပြုရဟု ဖော်ပြထားသည်။

“Facebook မှာတော့ ဒီလိုဖုန်းရောင်းနေတဲ့ ဖြစ်စဉ်တွေကို ကြုံတွေ့နေရတာကိုတော့ သိနေရတယ်။ အဲဒါက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ကြည့်မယ်ဆိုရင် ဥပဒေဖော်ပြချက်တွေနဲ့ ငြိစွန်းမှုရှိတာလေးတွေ တွေ့နေရတယ်။ ဥပမာ ဒီဖုန်းက အိုင်ဖုန်းနဲ့ ဒီဇိုင်းတူအောင် ထုတ်ထားတာမျိုးတို့ အဲဒီလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေတာရယ်၊ သံချောင်းကို ရိုက်ခွဲတောင် မကွဲတာမျိုးတွေ၊ အလွန်အကြူးဖော်ပြညွှန်းဆိုပြီး ရောင်းချတာ တွေ့နေရတယ်။ နောက်တစ်ခုက Customer က မသိဘဲ ကံစမ်းမှုမရှိဘဲ သူ့ဖုန်းကို ဆက်သွယ်ခေါ်ဆို ကြေညာတာမျိုးပေါ့။ အဲဒါက Customer ဘက်ကို စိတ်အနှောင့်ယှက် ဖြစ်ပေါ်ခဲ့တာမျိုးပေါ့။ လက်ရှိစားသုံးသူ အကာအကွယ်ပေးရေး ဥပဒေက၊ နည်းဥပဒေမထွက်ရှိခဲ့တဲ့အတွက် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေမှုကို ပြန်ပြင်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းတော့ ထွက်ထားတယ်။ နိုင်ငံတော်သမ္မတလက်မှတ် ထိုးရင်တော့ အတည်ဖြစ်မှာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေဘက်က နစ်နာမှုတွေရှိရင်တော့ သင့်တော်လျောက်ပတ်တဲ့ ဥပဒေတွေနဲ့ နစ်နာမှုကို တိုင်ကြားလို့ ရပါတယ်။ တာဝန်ရှိသူ အသီးသီးကလည်း ဒီလိုကိစ္စတွေကိုပေါ့ သေးသေးမထားဘဲ စိစစ်အရေးယူတာမျိုးတို့နဲ့ ပြေလည်အောင်ဆောင် ရွက်ပေးသင့်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးကျော်စွာက သုံးသပ်ပြောကြားသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ အခန်း (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များ ၂၃ တွင် ဖော်ပြထားသည်မှာ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၉၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။ ထို့ပြင် အခန်း (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များ ၂၃ အရ ပြစ်ဒဏ်ကျခံစေရကာမှု စားသုံးသူသည် မိမိ၏နစ်နာမှုအတွက် တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။

လေလိုင်းမှတစ်ဆင့် ဖုန်းလိမ်လည် ရောင်းချနေသူတွေကို အရေးယူဖို့လိုပြီ

ပြည်သူတွေအနေနဲ့ ၎င်းတို့ အမှန်တကယ် ပါဝင်ထားခြင်း၊ ကြိုတင်သိရှိထားခြင်း မရှိဘဲ ကံစမ်းမဲပေါက်သည်၊ ပရိုမိုးရှင်းပါဝင်သည်ဟုဆိုကာ မက်လေးပေးမဲဆွယ်၊ လိမ်လည်ရောင်းချခံရမှုများ တွေ့ကြုံနေရသည်။ ရရှိသည့်ပစ္စည်း၏ အရည်အသွေးမှာလည်း ကောင်းမွန်မှုမရှိသည့်အပြင် ဈေးနှုန်းမှာလည်း အလားသဏ္ဌာန်တူ ဖုန်းများထက်မြင့်မားသည့် ကွာခြားမှုပင် ရှိနေသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိုသို့ရောင်းချသူများကို နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် စားသုံးသူ ကာကွယ်ပေးရေး ဥပဒေဖြင့်သော်လည်းကောင်း၊ ငြိစွန်းမှုရှိနေသည့် အခြားဥပဒေများဖြင့်သော်လည်းကောင်း စိစစ်ဖော်ထုတ်၍ အရေးယူကာ ပြည်သူလူထုအကျိုးကို ကာကွယ်ပေးရန် တာဝန်ရှိနေသည်။

“စုံစမ်းရသလောက်တော့ အဲဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားတယ်။ ဘယ်လိုတင်ထားလဲတော့ မသိဘူး။ သူတို့ဖုန်းလာပို့တဲ့သူတွေမှာ ကုမ္ပဏီမှတ်ပုံတင်ထားတာလေး မိတ္တူဆွဲ လာတာလေးတွေ ပါလာတာကို တွေ့ရတယ်။ အဲဒီမှာ ပိုင်ရှင်က တရုတ်နာမည်တွေပဲ။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ဒီလိုဟာတွေကို မှတ်ပုံတင်ခွင့်ပြုသလား။ ပြည်သူလူထုကို လိမ်လည်ရောင်းချတဲ့ ကုမ္ပဏီတွေကို ရင်းနှီးမြုပ်နှံမှုကော်မရှင် အနေနဲ့ ပြန်စိစစ်ဖို့တော့လိုတယ်။ လိုအပ်ရင် Black List ကြေညာပေးရမယ်” စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့သည်။

March 11, 2018














Copy Protected by Chetan's WP-Copyprotect.