မိုက်တယ်ဆိုတာ လွယ်ပါတယ်

မိုက်တယ်ဆိုတာ လွယ်ပါတယ်
Published 11 March 2018

Rio Bravo ရုပ်ရှင်ဇာတ်ကားပိုစတာ

ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးမှာ ဘာလင်မြို့ကြီးကို ဗုံးသွားကြဲမယ့် လေယာဉ်မှူးတွေ ကို အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ယောက်က တန်းစီပြီး “အကောင်းဆုံးကတော့ မင်းတို့ အားလုံးငါတော့ သေမှာပဲ၊ ပြန်လာနိုင်မှာ မဟုတ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီးတော့သာ သွားလိုက်ကြ၊ မဟုတ်ရင် တအုံနွေးနွေးနဲ့ ဟိုစဉ်းစား ဒီစဉ်းစား စဉ်းစားပြီးမှလုပ်ရင် အယောင်ယောင်အမှားနဲ့ အဲဒါကမှ သေဖို့ ပိုနီးစပ်သေးတယ်” လို့ ပြောခဲ့ပါတယ်။ သူပြောတာ ဟုတ်သလိုလိုရှိပေမယ့် နားထောင်ရတဲ့ ပိုင်းလော့တွေမှာတော့ ဘယ်မှာစိတ်ချမ်းသာ နိုင်လိမ့်မတုန်း။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ သေမှာ မကြောက်တဲ့လူရှိမှ မရှိဘဲဟာကိုး။ သေမှာမကြောက်တဲ့လူ မရှိဘူးဆိုပေမယ့် သေမှာမကြောက်ဘူးလို့ ထင်ရတဲ့လူတွေကို စစ်မြေပြင်မှာ တစ်ခါတစ်ရံမှာ တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ သတ္တိကို မွေးယူနိုင်လို့ဖြစ်ပြီး ဒီအကြောင်းကို သာဓကနဲ့ ရှင်းပြပါမယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကပါပဲ။ ရုရှား တိုက်လေယာဉ်မှူးတွေဟာ ဂျာမဏီက အဏုမြူဗုံးထုတ်လုပ်ဖို့ စုဆောင်းထားတဲ့ ပစ္စည်း (Heave water) တွေကို သိုလှောင်ထားတဲ့ နေရာတစ်ခုကို ဗုံးကြဲဖို့ ပြင်ဆင်ကြတယ်။ အဲဒါ အဲဒီနေရာနဲ့ ချွတ်စွပ်တူတဲ့ ရုရှားက တောင်ကြားတစ်ခုထဲကို လေယာဉ်မှူးတွေကို လေ့ကျင့်ခိုင်းပါတယ်။ အောက်က ဂျာမန်လေယာဉ်ပစ် အမြောက်တွေ ချထားတဲ့ နေရာတွေမှာ ပုံတူအရုပ်တွေကို ချထားပေးတယ်။ နောက်ပြီးမှ တစ်လကျော်လောက် လေ့ကျင့်ခိုင်းတယ်။ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး အမှတ်ပေးတယ်။ နောက်ဆုံးအခေါက်တွေမှာ တကယ့်ဗုံးတွေ စက်သေနတ်တွေကို အသုံးပြုပြီး တိုက်ခိုင်းတယ်။ အောက်ကလည်း တကယ့်စက်သေနတ်နဲ့ ပစ်ပေးတယ်။ အဲဒါ တကယ်သွားဗုံးကြဲတဲ့အခါကျတော့ ပိုင်းလော့တွေက တကယ်တိုက်နေတာလို့ မထင်တော့ဘူး၊ အမှတ်ပေးနေတာလို့ပဲ ထင်နေကြတယ်။ ကြောက်စိတ်က ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ဒါ့ကြောင့် စိတ်အေးလက်အေးနဲ့ တိုက်ပွဲဝင်နိုင်ခဲ့တဲ့အတွက် အဲဒီတိုက်လေယာဉ်အုပ်စုဟာ ပစ်မှတ်ကို လုံးဝပျက်စီးအောင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သတ္တိရှိတယ် မရှိဘူးဆိုတာ လေ့ကျင့်မှုပေါ်မှာ မူတည်နေတယ်လို့ ဆိုနိုင်တယ်။ နောင်တစ်ခါ အတွေ့အကြုံဟာ လေ့ကျင့်မှု တစ်မျိုးပဲဖြစ်လို့ အတွေ့အကြုံများသူတွေမှာ သတ္တိဆိုတာ အလိုလိုရှိနေတတ်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သတ္တိရှိလာအောင် လွယ်လွယ်နဲ့တော့ လုပ်ယူလို့ မရနိုင်ဘူးလို့ ဆိုချင်မိပါတယ်။ အပြန်အလှန်အားဖြင့် အလွယ်တကူထွက်လာလေ့ရှိတဲ့ မိုက်စိတ်ကျ ပြန်တော့လည်း အလွယ်တကူနဲ့ ထိန်းချုပ်ပြီး အထဲပြန်သွင်းလို့ မရနိုင်တာကို တွေ့ရပြန်ပါတယ်။ ဒီအကြောင်းတွေ စဉ်းစားနေမိတဲ့ အချိန်မှာပဲ ၁၉၅၉ ခုနှစ်က ထွက်ပေါ်လာခဲ့တဲ့ Rio Bravo ဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကား တစ်ကားကို ပြန်ကြည့်မိပါတယ်။ အဲဒီဇာတ်ကားဟာ အဲဒီသတ္တိနဲ့ မိုက်စိတ်တွေကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာဖြစ်လို့ အဲဒီဇာတ်ကားအကြောင်း ပြောပြချင်ပါတယ်။

အမေရိကန် ပြည်တွင်းစစ်ပြီးကာစက တက္ကဆပ်ပြည်နယ်ထဲမှာ ‘ရိယိုဘရာဗိုး’ ဆိုတဲ့ မြို့လေးတစ်မြို့ရှိပြီး အဲဒီမြို့က ‘ဒု’ (Dude) Dean Martin ဆိုတဲ့ ဒုရဲမြို့နယ်မှူးဟာ အရက်မသောက်ရရင် မနေနိုင်တဲ့ ဇိုးသမားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာအတွေ့အကြုံလည်း ရှိ၊ လေ့ကျင့်မှုလည်းများလို့ အလွန်တော်ပြီး သတ္တိလည်းကောင်းတဲ့ သေနတ်သမားတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဒုဟာမြို့လေးက အရက်ဆိုင်ထဲကို ဝင်လာပါတယ်။ ဖဲဝိုင်းနဲ့ အရက်ဝိုင်းတွေက အရက်ခွက်တွေကို ကြည့်ပြီး အရက်သောက်ချင်လွန်းလို့ ဒုဟာ နှုတ်ခမ်းကို လျှာနဲ့သပ်နေရပါတယ်။ ဒါကိုမြင်သွားတဲ့ ခြံပိုင်ရှင်သူဌေးကြီး ‘နေသန်’ ရဲ့ ညီဖြစ်သူ ‘ဂျိုး’ က ထွေးခံထဲကို ဒေါ်လာ ပြား တစ်ပြား ပစ်ထည့်ပေးလိုက်ပါတယ်။ ဒုဟာ မရှက်နိုင်တော့ဘဲ ထွေးခံထဲကို လက်နဲ့ နှိုက်မယ်အလုပ်မှာ တစ်စုံတစ်ယောက်က ထွေးခံကို ခြေထောက်နဲ့ ကန်ပစ်လိုက်ပါတယ်။ ဒု မော့ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီလူဟာ သူ့အထက်အရာရှိ မြို့နယ်ရဲမှူး ‘ချန့်စ်’ John Wayne ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒုလည်း လူကြားထဲမို့ ရှက်သွားတာနဲ့ ချန့်စ် ဟိုဘက်အလှည့်မှာ နောက်စေ့ကို တုတ်နဲ့ရိုက်ချလိုက်လို့ ချန့်စ် လဲကျသွားပါတယ်။ အဲဒီအခါမှာ ဂျိုးရှေ့တက်လာပြီး ဒုကို အားရပါးရထိုးပါတယ်။ အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဂျိုးပစ်လိုက်တဲ့ ကျည်ဆန်တစ်တောင့်ဟာ ဘေးကနေ ရန်ပွဲကို ဝင်ဖြန်ဖြေတဲ့ လူတစ်ယောက်ကို ထိမှန်ပြီး သေဆုံးသွားပါတယ်။ ဒါ့ကြောင့် ချန့်စ်ဟာ ဂျိုးကို ရဲစခန်း အချုပ်ထဲထည့်ပြီး ‘စတန်ပီ’ ဆိုတဲ့ ခြေတစ်ဖက်မသန်တဲ့ ဒုရဲမြို့နယ်မှူး အဘိုးကြီးကို အစောင့်ချထားလိုက်ပါတယ်။

အဲဒီအချိန်မှာ ချန့်စ်ရဲ့သူငယ်ချင်း ‘ပက်’ ဆိုသူဟာ ရထားလုံး လေးငါး ခြောက်စီးလောက်ပါတဲ့ ယာဉ်တန်းတစ်ခုနဲ့အတူ မြို့ထဲကို ဝင်လာပါတယ်။ ယာဉ်တန်းအစောင့်အဖြစ် လိုက်လာသူကတော့ ‘ရိုင်းယန်း’ Ricky Nelson ဆိုတဲ့ လူငယ် သေနတ်သမားလေးပဲ ဖြစ်ပါတယ်။ ပက်နဲ့ ရိုင်းယန်းတို့ဟာ ချန့်စ် နေရာချပေးတဲ့ မြို့ပြင်က ချောင်းဘေးမှာပဲ ရထားလုံးတွေကိုရပ်ပြီး စခန်းချလိုက်ကြပါတယ်။ ရထားလုံးတွေပေါ် တင်လာတာတွေက အစိုးရ ခံတပ်တစ်ခုကိုပို့ဖို့ ယမ်းနဲ့ ဒိုင်းနမိုက်တွေဖြစ်နေလို့ ချန့်စ်က မြို့နဲ့ ခပ်ဝေးဝေးကို ထုတ်ထားလိုက်တာပါပဲ။ နောက်မကြာခင်မှာ ဟိုတယ်အပြင်က သေနတ်သံတွေကို ချန့်စ်နဲ့ ဒုတို့ ကြားလိုက်ကြရပါတယ်။ ရထားလုံးစခန်းက ဟိုတယ်ကို ပြန်လာတဲ့ပက်ကို နေသန်ရဲ့ တစ်ပည့်တစ်ယောက်က မြင်းဇောင်းထဲကနေ ချောင်းပြီး သေနတ်နဲ့ နောက်ကျောကို ပစ်သွားတာဖြစ်ပါတယ်။ ချန့်စ်နဲ့ ဒုတို့ မြင်းဇောင်းထဲ လိုက်ဝင်သွားတဲ့အခါ လူသတ်သမားက သူတို့ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားပါတယ်။ အဲဒီအချိန်မှာ ဒုကတစ်ချက်တော့ ပြန်ပစ်နိုင်လိုက်ပါတယ်။ သေနတ်သမားဟာ မြင်းဇောင်းထဲကအထွက်မှာ ရေအိုင်ထဲကနေ ဖြတ်ပြေးပြီး အရက်ဆိုင်ထဲ ဝင်သွားပါတယ်။ ဒုနဲ့ ချန့်စ်တို့ အရက်ဆိုင်ထဲ လိုက်ဝင်သွားကြတဲ့အခါ ဆိုင်ထဲမှာ နေသန်ရဲ့ တပည့်တွေ ၁၀ ယောက်ကျော်လောက်ကို တွေ့ရပါတယ်။ ဒုက အားလုံးကို မတ်တတ်ရပ်ခိုင်းပြီး သေနတ်တွေချိတ်ထားတဲ့ ခါးပတ်တွေကို ကြမ်းပြင်ပေါ် ဖြုတ်ချခိုင်းပါတယ်။ နောက်ပြီး ဖိနပ်တွေကို စစ်ကြည့်တဲ့အခါ တစ်ရံမှ ရွှံ့ပေမနေတာကိုလည်း တွေ့ရပါတယ်။ ဒုနဲ့ ချန့်စ်တို့က ဒီအရက်ဆိုင်ထဲကို လူတစ်ယောက် ပြေးဝင်လာတာ မတွေ့ဘူးလားလို့ မေးတော့ အားလုံးက တက်ညီလက်ညီ မတွေ့ဘူးလို့ ဖြေကြပါတယ်။ အေးပေါ့ကွာ၊ မင်းတို့စကား မှန် မမှန် ကြည့်ရသေးတာပေါ့လို့ ချန့်စ်က ပြောလိုက်ပါတယ်။ ကောင်တာမှာထိုင်တဲ့ ‘ချာလီ’ ဆိုသူကလည်း လူဆိုးတွေဘက်က ပါချင်ချင်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ချန့်စ်က ‘အေးကွာ မေ့နေလိုက်တာ ချာလီ့ဖိနပ်ကိုလည်း စစ်ဖို့ လိုသေးတာပေါ့’ လို့ပြောလိုက်ပါတယ်။ ချာလီလည်း ကောင်တာရှေ့ ထွက်လာပြီး “ကျွန်တော် စီးတဲ့ဖိနပ်က ခင်ဗျားတို့မှုတ်တဲ့ ခရာထက်တောင် ပြောင်သေး” ဆိုပြီး ခြေထောက်ကို မြှောက်ပြပါတယ်။ ဒါဟာ မင့်ထက် ပိုမိုက်တယ်ဆိုတဲ့သဘောနဲ့ သက်သက်စော်ကားလိုက်တာပါ။ မတ်တတ်ရပ်နေတဲ့လူတွေထဲက တစ်ယောက်ကလည်း “သနားပါတယ်ကွာ ဒုခမျာ အရက်သောက်ချင်နေရှာမှာပေါ့” လို့ ပြောပြီး တစ်ဒေါ်လာ ငွေဒင်္ဂါးတစ်ပြားကို ထွေးခံထဲ လှမ်းပစ်ထည့်ပေးလိုက်ပါတယ်။ ဒုကတော့ ဒါတွေကို ဂရုမစိုက်အားသေးပါဘူး။ မျက်လုံးတွေက သိမ်းငှက်မျက်လုံးလို လူသတ်သမားကိုပဲ ရှာဖွေနေရပါတယ်။ အဲဒီအချိန်မှာ ကောင်တာပေါ်က အရက်ခွက်ထဲကို အပေါ်ကနေ သွေးစက်တွေကျလာတာကို တွေ့လိုက်ရလို့ ဒုဟာ နောက်ပြန်လှည့်ပြီး ထပ်ခိုးပေါ်က သေနတ်သမားကို ပစ်ချလိုက်ပါတယ်။ သေနတ်သမားရဲ့ ခန္ဓာကိုယ်ကြီးကတော့ ကြမ်းပြင်ပေါ်ကို ဒုန်းခနဲ ပြုတ်ကျလာတော့တာပေါ့။ ချန့်စ်က သေသူသေနတ်သမား ရဲ့ အင်္ကျီအိပ်ကပ်ထဲကို ရှာတဲ့အခါ ဒေါ်လာ ၅၀ တန် ရွှေဒင်္ဂါးပြား တစ်ပြားကို တွေ့လိုက်ရပါတယ်။ အဲဒီမှာ ချန့်စ်က “ငွေ ၅၀ နဲ့ လူတစ်ယောက်ကို သတ်ပေးရတာ မတန်လိုက်တာကွာ၊ နောက်ပြီး ကိုယ့်အသက်ကိုပါ ပေးလိုက်ရတာဆိုတော့ ပိုလို့တောင် မတန်သေး” လို့ ပြောလိုက်ပါတယ်။ ဒုကလည်း တစ်ဒေါ်လာပြား ပစ်ပေးတဲ့လူကို သေနတ်နဲ့ချိန်ပြီး ထွေးခံထဲက ဒေါ်လာပြားကို ပြန်နှိုက်ယူခိုင်းပါတယ်။ ထွေးခံထဲ ဒေါ်လာပြားပစ်ပေးတုန်းကတော့ အဲဒီကောင်းဘွိုင်ရဲ့ မျက်နှာပေးက ‘မိုက်တယ်ဆိုတာ လွယ်ပါတယ်’ ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။ အခု သူများတံတွေးတွေထဲ မြုပ်နေတဲ့ ထွေးခံထဲက ဒေါ်လာပြားကို ပြန်နှိုက်ယူရတဲ့အခါမှာတော့ ရွံလည်း ရွံ၊ ရှက်လည်း ရှက်မို့ မျက်နှာမှာ ချွေးတွေ သီးလို့နေပါပြီ။ အဲဒီအချိန်မှာ ချန့်စ်က “ကဲ မင်းတို့ကောင်တွေအကုန်လုံး မနက်မိုးလင်းတာနဲ့ မြို့ထဲကထွက်ပြီး နောက်ဘယ်တော့မှလည်း ပြန်မလာကြနဲ့တော့၊ ချာလီကတော့ အဲဒီသေနတ်တွေအကုန်လုံးကို လှည်းနဲ့တိုက်ပြီး မင်းကိုယ်တိုင် ငါ့ရဲစခန်းလာပို့” လို့ အမိန့်ပေးလိုက်ပါတယ်။ ဒါဟာ မိုက်တယ်ဆိုတာ လွယ်ပါတယ်ဆိုတဲ့ လူတွေအပေါ် ချက်ချင်းတရားစီရင် လိုက်တာပါပဲ။ သေနတ်သမားရဲ့ အလိုတူအလိုပါတွေဖြစ်လို့ သေနတ်လည်း သိမ်းနယ်နှင်ဒဏ်လည်း ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ နောက်ရက်များ မကြာခင်မှာ နေသန်ရဲ့လူတွေက ဒုကို အလစ်မှာ ဝင်ဖမ်းပြီး ဒုနဲ့ဂျိုးကို လူချင်းလဲမယ်လို့ ကမ်းလှမ်းကြပါတယ်။ ချန့်စ်လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။ ဒါ့ကြောင့် စတန်ပီ၊ အဲဒီအချိန်မှာ ဒုရဲမြို့နယ်မှူး ဖြစ်နေပြီဖြစ်တဲ့ ရိုင်းရမ်းနဲ့ ချန့်စ်တို့ဟာ ဂျိုးကို အချုပ်ခန်းထဲက ထုတ်လိုက်ကြပါတယ်။ အချုပ်ခန်းထဲက ဟန်ပါပါခြေလှမ်းပြီး ထွက်လာတဲ့ ဂျိုးရဲ့စတိုင်ကတော့ ‘မိုက်တယ်ဆိုတာ လွယ်ပါတယ်’ ဆိုတဲ့ ပုံစံမျိုးနဲ့ပါပဲ။ လူလဲပွဲကို မြို့ပြင်က ချောင်းဘေးမှာ လုပ်ကြပါတယ်။ လူချင်းလဲနေတုန်း ပစ်ခတ်မှုတွေဖြစ်ကုန်ကြပြီး ချန့်စ် တို့ဘက်က အနိုင်ရပါတယ်။ စတန်ပီက ပက်တို့ယူလာတဲ့ ဒိုင်းနမိုက်တွေကို တိုက်ပွဲအတွင်းမှာ အသုံးချနိုင်လိုက်လို့ တိုက်ပွဲ မြန်မြန်ပြီးသွားတာပါ။ နောက်ဆုံး လူဆိုးတွေ နေရာယူထားတဲ့ နှစ်ထပ်အိမ်ကြီး ဒိုင်းနမိုက်ဒဏ်ကြောင့် မီးစွဲလောင်စပြုချိန်မှာ နေသန်တို့ လူတွေအားလုံး လက်နက်ချလိုက်ကြရတဲ့ အခန်းနဲ့ ရုပ်ရှင်ကို အဆုံးသတ်လိုက်ပါတယ်။

မိုက်တယ်ဆိုတာ လွယ်ပါတယ်ဆိုတဲ့ လူတွေမီးလောင်နေတဲ့ အိမ်ကြီးထဲက လက်မြှောက်ပြီး ထွက်လာတဲ့အချိန်မှာ အပိုးကျိုးနေတာကို တွေ့ကြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြောတဲ့အတိုင်းမလုပ်ရင် ချန့်စ်က စကားပြောမနေဘဲ အသေပစ်သတ်လိုက်မှာ မို့ပါပဲ။ လောကမှာ လူဆိုတာ အချုပ်ကျတာ၊ ထောင်ကျတာကို မကြောက်ပါဘူး။ အသား နာမှာနဲ့ သေမှာကိုသာ တုန်နေအောင်ကြောက်ကြတာပါ။ ဒါ့ကြောင့်လည်း တချို့နိုင်ငံတွေမှာ ကြိမ်ဒဏ်နဲ့ သေဒဏ်တွေ အခုထိရှိနေကြသေးတာ ဖြစ်တယ်။ ဝန်ထမ်းဘ၀ နယ်စပ်ဒေသတစ်နေရာ ရောက်နေတုန်းက ငါးရက်တစ်ကြိမ်လုပ်တဲ့ ဈေးနေ့မှာ လူတွေဟာ ဈေးအရောင်းအဝယ် မလုပ်ကြဘဲ တီဗီတွေရှေ့မှာချည်း အကုန်စုပြုံတိုးနေကြတာကို တွေ့ရပါတယ်။ လက်စသတ်တော့ လူသတ်မှုကျူးလွန်တဲ့ တရားခံကို တောင်စောင်းတစ်နေရာ ခေါ်သွားပြီး သေဒဏ်ပေးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်နေကြတာကိုး။ တရားခံကိုတော့ အဝတ်နက်နဲ့ မျက်နှာကို စည်းထားပါတယ်။ အားလုံး ကိစ္စဝိစ္စပြီးလို့ တီဗီလည်း ပိတ်သွားတော့မှ ရောင်းတာ၊ ဝယ်တာတွေ ပြန်စကြတာပါ။ မကြည့်မနေရလို့ အမိန့်ထုတ်ထားပုံလည်း ရပါတယ်။ အဲဒီနယ်မြေမှာ အမှုအခင်းနည်းပြီး လူတွေအတော်လေး အေးအေးချမ်းချမ်း နေနိုင်ကြတာကိုလည်း သတိထားမိပါတယ်။ ဒီလိုလုပ်သင့်၊ မလုပ်သင့်ဆိုတာကို သူတို့ယဉ်ကျေးမှု သူတို့ထုံးတမ်းစဉ်လာပေါ် အခြေခံပြီး နယ်မြေက တာဝန်ရှိသူတွေက တိုင်ပင်ဆုံးဖြတ်ပြီး လုပ်ကြပုံပါပဲ။ ဒီလုပ်ရပ်ဟာ ယဉ်ကျေးတယ်၊ မယဉ်ကျေးဘူး၊ ဟိုဥပဒေနဲ့ညီတယ် ဒီဥပဒေနဲ့ မညီဘူးဆိုတာတွေကို ဒီနေရာမှာ ဆွေးနွေးမနေချင်တော့ပါဘူး။ အဓိကပြောချင်တာကတော့ ကိုယ်တို့နိုင်ငံမှာ အခုဆိုရင် သတင်းစာတောင် ကောက်မကိုင်ရဲလောက်အောင် ဖြစ်နေတာ အတော်လေး ကြာနေပြီဆိုတာ ကိုပါပဲ။ မိုက်တယ်ဆိုတာ မလွယ်ပါလား၊ ဖြစ်သွားရင် ကိုယ်ကျိုးနည်းမှာ ပါလားဆိုတာကို လူတွေသိမြင်သွားအောင် လုပ်မှမလုပ်နိုင် ကြသေးဘဲဟာကိုး။

Most Read

Most Recent