<

စစ်ရှိန်တက်လာတဲ့ မြန်မာပြည်

ယနေ့ ကမ္ဘာကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် နီးကပ်လာပြီဖြစ်တယ်။

ဒါကြောင့် သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှုတွေ ရောယှက်လာပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာနဲ့ ကူးလူးဆက်ဆံမှုနည်းခဲ့တဲ့ မြန်မာတွေဟာ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲမှာ ကမ္ဘာနဲ့ပိုပြီး ထိတွေ့လာတယ်။

ဒီနေရာမှာ ကမ္ဘာနဲ့ ကူးလူးဆက်ဆံရာမှာ မြန်မာတွေဟာ ယဉ်ကျေးမှုကွာဟချက်ကြောင့် အားနည်းတာကို တွေ့ရပေမယ်။

ဒီလိုဆက်ဆံရာမှာ သံခင်းတမန်ခင်း  (Diplomacy) အရဆိုတဲ့ သိမ်မွေ့တဲ့နည်းနဲ့ ဆက်ဆံကြသော်လည်း လက်တွေ့မှာ ပွင့်လင်းမြင်သာမှုတွေ ရှိရပါတယ်။

 

အားနာမှု

ယနေ့မှာ နိုင်ငံတကာရဲ့ ယဉ်ကျေးမှုတွေဟာလည်း  တုံ့ပြန်စီးဆင်းမှုတွေ ဖြစ်လာတယ်။ ဒီတော့ မိမိကိုယ်တိုင် အခြေခိုင်ဖို့တော့ လိုတယ်။ ဥပမာ အနောက်တိုင်းက နိုင်ငံခြားစကားတွေ (အထူးသဖြင့် အင်္ဂလိပ် စကားတွေ) ထဲမှာ အားနာတယ်ဆိုတဲ့ စကားမရှိဘူး။ သူတို့ အဘိဓာန်မှာလည်း နီးစပ်တာတွေတော့ရှိတယ်။ အားနာတာရယ်လို့ ထပ်တူညီတာတွေ မရှိဘူးတဲ့။

ဒါကို အချို့ မြန်မာတွေက ဂုဏ်ယူကြတယ်။ အားနာတာဟာ မြန်မာတို့ရဲ့ ယဉ်ကျေးတဲ့ ဓလေ့လို ယူဆကြလို့ပဲ။

မြန်မာတွေက အားမနာတတ်တဲ့ နိုင်ငံခြားသားတွေကို ရိုင်းတယ်လို့ ယူဆကြတယ်။ တကယ်တော့ အားနာတတ်တာဟာ ယဉ်ကျေးတာမဟုတ်သလို မအားနာတာလည်း ရိုင်းတာမဟုတ်ပါဘူး။ ဒါဟာ မတူတဲ့ ဓလေ့တွေပါ။

ကျွန်တော် အင်္ဂလန်မှာ ကျောင်းနေစဉ်က နိုင်ငံခြားသားတစ်ယောက်ကို မြန်မာစကားသင်ပေးတယ်။ သူက တတ်လွယ်ပေမယ့် အားနာတယ်ဆိုတဲ့ စကားကို ဘယ်လိုမှ သင်လို့နားမလည်ဘူး။

တစ်နေ့တော့ အဲဒီနိုင်ငံခြားသားဟာ သူရဲ့မွေးနေ့အတွက် ညစာစားပွဲကိုလာဖို့ ကျွန်တောာ်တို့ မြန်မာမိတ်ဆွေတွေကို ဖိတ်တယ်။ စုစုပေါင်း သုံးယောက်ပါ။ ကျွန်တော်တို့အားလုံး ခေါင်းညိတ်ကြတယ်။ လာမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ထဲက တစ်ယောက်မွေးနေ့ပွဲဒင်နာကို မလာခဲ့ဘူး။ နောက်တစ်နေ့မှာ နိုင်ငံခြားသားက သူ့မိတ်ဆွေကို မေးတယ်။

“ဘာလို့မလာလဲ”

“မအားလို့ပါ။ ဆေးခန်းသွားရတာပါ။ဆရာဝန်နဲ့ ချိန်းထားလို့ပါ”

“ကိစ္စမရှိပါဘူး။ အရေးပေါ်ကိစ္စတွေကို မရှောင်နိုင်ဘူး မဟုတ်လား”

“အရေးပေါ်ကိစ္စ မဟုတ်ပါဘူး။ ဆေးခန်းကို သွားပြဖို့ စီစဉ်ထားပြီးသားပါ” လို့ ပြောတယ်။ ဒီတော့ နိုင်ငံခြားသားအတော်လေး အံ့သြသွားတယ်။ ပြီးတော့ပြောတယ်၊

“အင်း၊ ကျွန်တော် ဖိတ်တုန်းက ခင်ဗျားက မလာနိုင်တာကို ပြောရမှာအားနာတာကိုး” လို့ ပြောတော့ မြန်မာက အံ့အားသင့်သွား တယ်။

“ခင်ဗျား အားနာတယ်ဆိုတဲ့စကား နားလည်ပြီပေါ့ဟုတ်လား”

“ဟုတ်ကဲ့ နားလည်ပါပြီ။ ခင်ဗျားတို့ မြန်မာတွေဟာ ပြောရမှာ အားနာတယ်။ လုပ်ရမှာ အားမနာဘူး” လို့ ပြောလိုက်တယ်။

စဉ်းစားကြည့်လေ။ သူက ဖိတ်တာကို လက်ခံတယ်။  ပြီးတော့ ခပ်တည်တည်ပဲ၊ မလာဘူး။ မြန်မာအများစုဟာ ပြောရမှာ အားနာတတ်ကြတယ်။ လုပ်ရမှာတော့ အားမနာကြဘူး။

 

ဧည့်ခံခြင်း

နောက်မတူတဲ့ ယဉ်ကျေးမှုကို ပြောဦးမယ်။ မြန်မာတွေပါပဲ။ မြန်မာတွေဟာ အိမ်တစ်အိမ်သွားရင် ဘာသောက်မလဲလို့မေးရင် ဘယ်ဧည့်သည်မဆို ငြင်းကြတာပဲ။ အထူးသဖြင့် တောကလာတဲ့ မိတ်ဆွေတွေပေါ့။

“ရတယ်၊ ကိစ္စမရှိဘူး” လို့ချည်း ပြောကြတယ်။ နောက် အအေးဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ်၊ ကော်ဖီဖြစ်ဖြစ် အိမ်ရှင်လာချပေးတာကို စားကြတာပဲ။ မုန့်ပါ စားကြတယ်။ (အားနာလို့ စားတာပဲလား မသိပါဘူး)

အင်္ဂလိပ်တွေမှာတော့ အိမ်လည်လာဖို့ ခွင့်တောင်းရသေးတယ်။ ဒီအတိုင်း သူများအိမ်ကို တံခါးခေါက်ကာ ၀င်လည်လို့ မရဘူး။ အိမ်ရှင် ခွင့်ပြုဖို့ လိုပါတယ်။

ဒီလို အလယ်လာရင် အိမ်ရှင်က ပထမ “လက်ဖက်ရည် သောက်ချင်လား။ ကော်ဖီသောက်ချင်လား” လို့ မေးတတ်တယ်။ နောက် “သကြားနဲ့ နို့နဲ့ သောက်မှာလား” လို့ မေးတယ်။ တစ်ခါတရံ “သကြားဘယ်နှဇွန်းလဲ” ဆိုတာကို မေးတယ်။

ဘယ်မြန်မာအိမ်မှာမှ ဒီလိုမေးတာ မကြားဖူးဘူး။ အိမ်ရှင်က ရှိတာကို ဖျော်ပေးလိုက်တယ်။ ဧည့်သည်တွေကလည်း  မိမိ ဆီးချိုရှိပေမယ့် အိမ်ရှင်ဖျော်တဲ့ ကျောက်ပန်းတောင်းကိုလည်း သောက်တာပါပဲ။

အချိုရည်တိုက်လည်း သောက်လိုက်တယ်။ တချို့လည်း တစ်ငုံသောက်ပြီးထားခဲ့တယ်။ အိမ်ရှင်က ပစ်လိုက်ရတာပေါ့။

မှန်တယ်၊ မှားတယ်မဟုတ်ပါဘူး။ ယဉ်ကျေးမှုမတူတာကို ပြောလိုတာပါ။

 

ကျန်းမာရေးနဲ့ နိုင်ငံရေး

မြန်မာတွေက ရောဂါကြီးကြီးကျယ်ကျယ် ဖြစ်တယ်ဆိုရင်တောင် ဆရာဝန်ပြရင် တစ်ယောက်ကိုပဲ ပြတယ်။ နောက်တစ်ယောက် သဘောထားကိုယူရမှာ အားနာတယ်။

“ခွဲရမယ်” လို့ ဆရာဝန်ပြောရင် “ကျွန်တော် မခွဲချင်ဘူး” လို့ ပြောလေ့မရှိဘူး။

ဒါဟာလည်း အားနာတာလည်းပါသလို ကြည့်တဲ့ဆရာဝန်က အချိန်ပေးပြီး ဆွေးနွေးတာမျိုးတွေ မရှိတတ်လို့ပါပဲ။

ကျွန်တော် လီကွမ်ယူအကြောင်း စာအုပ်ဖတ်တော့ အဲဒီထဲမှာ ရေးထားတာကို တွေ့တယ်။ သူ့ကို ကုသနေကျ အထူးကုဆရာဝန်က သွေးကျဲဆေး ၁၀၀ မီလီဂရမ်ပေးတယ်။

နှလုံးရောဂါအတွက် ဖြစ်တယ်။ ဒီတော့ လီကွမ်ယူက ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မသောက်သေးဘူး။ သူရဲ့ အိမ်တော်ဆရာဝန်ကို စုံစမ်းတယ်။ (လူတိုင်းဟာ နောက်ဆရာ ၀န်တစ်ယောက်ကို မေးလို့ရတယ်)

“စောစောက အထူးကုသွေးကျဲဆေး ၁၀၀ မီလီဂရမ်ကိုသောက်ရမလား”

“မသောက်ပါနဲ့၊ များတယ်”

“များရင် ဘာဖြစ်သွားနိုင်လဲ”

“များရင် ထိရှမိတဲ့အခါတွေမှာ သွေးမတိတ်တော့ဘူး။ အပြင်မှာဖြစ်တယ်ဆိုရင် သိသာတယ်။ ကုလို့ရတယ်။ ကိုယ်ခန္ဓာအတွင်းက ကလီစာတွေမှာ သွေးယိုစီးမှုဖြစ်ရင် အန္တရာယ်ကြီးတယ်”

“ဘာလို့ သူက ဒီလိုများများပေးတာလဲ”

‘သူတို့ အနောက်တိုင်းက လူတွေဟာ ကိုယ်ကာယကြီးတယ်။ သူတို့ကိုပေးတဲ့ ဆေးအတိုင်း သောက်လို့မဖြစ်ဘူး”

ဒီအကြောင်းကို လီကွမ်ယူက သေသေချာချာ စဉ်းစားတယ်။ အရှေ့တိုင်းနဲ့ အနောက်တိုင်း မတူပါလား။ ဒါဆိုရင် အနောက်တိုင်းမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ကို အရှေ့တိုင်းက ပုံတူကူးချတာမျိုး လုပ်သင့်လား။

ဒီမိုကရေစီမှာ ပျော့ကွက်ဟာကွက်တွေ ရှိတယ်။ သတိမထားဘဲ လုပ်ရင်မှားတတ်ကြောင်း သူ့စာအုပ်မှာ ထောက်ပြသွားတယ်။ သူပြောတာ မှန်ပါတယ်။ နိုင်ငံရေးဟာ အင်မတန် ထိရှလွယ်တဲ့ လူမှုရေးကဏ္ဍထဲမှာ ပါတယ်။ ကျွန်တော်တို့ရဲ့ အားနာတဲ့ပုံစံတွေနဲ့ ကိုက်ညီအောင်လုပ်တဲ့ နိုင်ငံရေးဆိုတာ အခက်အခဲ အများကြီး တွေ့မှာပါပဲ။

 

တုံ့ပြန်မှုနဲ့ ကတိက၀တ်

မြန်မာတွေဟာ တုံ့ပြန်မှုအားနည်းတယ်။ ဒါကို အနောက်တိုင်းပုံစံနဲ့ဆိုရင် ‘ပျင်းတယ်’ လို့ သတ်မှတ်ရမှာပါပဲ။ တုံ့ပြန်မှုတွေ မရှိတာဟာ မလေးစားရာလည်းကျတယ်။ ကြုံကြိုက်တုန်း ဥပမာတစ်ခု တင်ပြလိုတယ်။

ဗြိတိသျှတက္ကသိုလ်တွေမှာ သက်ဆိုင်ရာ စာမေးပွဲတွေ အောင်ပြီးတဲ့အခါမှာ ဘွဲ့နှင်းသဘင်ရှိတယ်။ (မြန်မာပြည်မှာလိုပါပဲ) ဘွဲ့ကို ယူကို ယူရတယ်။  ဘွဲ့နှင်းသဘင်တက်မလား။ ဒါမှမဟုတ် ဘွဲ့နှင်းသဘင်မတက်ဘဲ အဝေးရောက်ဘွဲ့ ယူမလား။ ယူလို့ရတယ်။ ဒါပေမဲ့ ဘွဲ့လာမယူနိုင်ဘူး။ အဝေးရောက် ဘွဲ့ယူမယ်ဆိုရင် ဘာကြောင့်အဝေးရောက် ဘွဲ့ယူရတယ်ဆိုတာကို ဖော်ပြပြီး ခွင့်ပြုချက် တောင်းရတယ်။ မိမိသဘောဆန္ဒအရ လုပ်ချင်တာ လုပ်လို့ မရဘူး။ ဘွဲ့ယူတဲ့နေ့မှာလည်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ပျက်ကွက်လို့မရဘူး။ တက်ကို တက်ရမှာ ဖြစ်တယ်။

ဒီလိုတက်ဖို့ စာရင်းပေးထားပြီး မတက်တဲ့လူကို ဘွဲ့မပေးတော့တဲ့အထိ ပြင်းထန်စွာ အရေးယူတတ်တယ်။ သူတို့ ယူဆတာက ဘွဲ့ယူမယ့် လူတစ်ယောက်ဟာ ကတိက၀တ်တွေကို တတ်နိုင်သမျှ စောင့်ထိန်းရမယ်။

ဒီလိုစောင့်ထိန်းဖို့ တာဝန်ရှိတယ်ဆိုတာကို နားလည်မှ ဘွဲ့ကို ချီးမြှင့်တယ်ဆိုတဲ့ သဘောပဲ၊ မြန်မာပြည်မှာ အနီးကပ်ဘွဲ့သွားယူတာ ပျက်ကွက်လည်း ဘာမှသိပ်အပြစ်မကြီးဘူး။ နောက်ကြုံတဲ့အခါ သွားယူရင် လက်မှတ်တော့ရတာပါပဲ။

 

ပြောပါ၊ ညှိနှိုင်းပါ

ယနေ့ ပညာခေတ်မှာ လူမှုဆက်ဆံရေးတွေဟာ ပုံစံပြောင်းလာတဲ့အတွက် အားနာမှုတွေ ကြီးစိုးလို့မဖြစ်ဘူး။

မိမိ မလုပ်နိုင်တာ မိမိပြောရမယ်။ မိမိ လိုအပ်တာကိုလည်း  မိမိပြောရမယ်။ မိမိ မသိတာကိုလည်း သိဟန်ဆောင်လို့ မရဘူး။ အရေးအကြီးဆုံးက လက်ခံဖို့ပါပဲ။

ဒီစာရေးတဲ့အချိန်မှာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ စီးပွားရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြစ်နေတယ်။ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့သဘောဖြစ်တယ်။

စစ်ပွဲတွေဆိုတာ လက်နက်နဲ့တိုက်တဲ့ စစ်ပွဲရှိတယ်။ ကမ္ဘာစစ် (World War) ၊ ပြည်တွင်းစစ်တွေဖြစ်တယ်။ သဘောတရားနဲ့ တိုက်ပွဲရှိတယ်။ ဒါကို စစ်အေးတိုက်ပွဲ  (Cold War) ဆိုတာရှိတယ်။ ခုကုန်သွယ်ရေးတိုက်ပွဲ (Trade War) တွေ ဖြစ်နေတာပါပဲ။

ကျွန်တော်တို့နိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်မှာ ပဋိပက္ခတွေဖြစ်နေတယ်။ ဒါဟာ စစ်ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်။ ဒီအတွက် ပြောကြဆိုကြရပါမယ်။ ညှိနှိုင်းရပါမယ်။ ငါနဲ့မတူ ငါ့ရန်သူ လုပ်လို့မရတာကို သဘောပေါက်ဖို့ပါပဲ။

စစ်ဖြစ်မယ်ဆိုရင်ဘယ်သူမှ မကောင်းဘူး။ ဒါပေမဲ့ စစ်လက်နက်ရောင်းချင်တဲ့ နိုင်ငံတွေအတွက်တော့ ကောင်းတာပေါ့။ သူတို့ လက်နက်ရောင်းဖို့က စောင့်နေတယ်။ အမြောက်ကျည်ဆန် တစ်တောင့်ရဲ့တန်ဖိုးဟာ အိမ်ထောင်စုတစ်စုကို တစ်လလောက်တော့ အေးအေးဆေးဆေး ကျွေးထားနိုင်တယ်။

ကျွန်တော်တို့ အစိုးရမင်းတွေ၊ အမတ်မင်းတွေ၊ နိုင်ငံရေးသမားတွေကို မှာချင်ပါတယ်။ အခြေအနေနဲ့ လိုက်ဖက်ပြီး ပြောင်းလဲလာတဲ့ လူမှုရေးအယူအဆတွေကို သဘောပေါက်ဖို့ အချိန်ရောက်ပြီ ဖြစ်တယ်။

ထောင်ချောက်ထဲ မဆင်းမိပါစေနဲ့။ ဆီးရီးယားနိုင်ငံဆိုရင် ခု လေးနှစ်ကျော်နေပြီ။ အမေရိကန်က ဗုံးကြဲလိုက်၊ ရုရှားက ဗုံးကြဲလိုက်၊ တူရကီတပ်တွေ ၀င်လာလိုက်နဲ့  ပြည်သူ သိန်းချီသေကုန်ပါပြီ။

လောလောဆယ် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းကာစ (လမ်းလျှောက်သင်ကာစ) မှာ စိတ်ဆိုးစိတ်ကောက် စကားမပြောနေလို့ မရဘူး။ ရန်ဖြစ်လို့ မရဘူး။ စစ်ဆိုတာ ကြောက်စရာပါ။ မျက်စိကန်းတစ္ဆေမကြောက် လုပ်လို့မရပါဘူး။

မြန်မာတွေ ကြီးပွားတိုးတက်ဖို့ မြန်မာတွေ ရှေ့တန်းထွက်ပြီး စကားပြောပါ။ ရန်ဖြစ်ဖို့ မလိုကြောင်း တင်ပြပါတယ်။

March 11, 2018














Copy Protected by Chetan's WP-Copyprotect.