အရင်အတိုင်း ညနေများ

အရင်အတိုင်း ညနေများ
Published 9 March 2018

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်များကို ရန်ကုန်မြို့တော်ခန်းမအနီး တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရောက်ရှိလိုသည် ဖြစ်စေ၊ မရောက်ရှိလိုသည်ဖြစ်စေ ညနေကတော့ ရောက်ရှိလာပါတယ်။ ညနေရဲ့ နေရောင်ခြည်က အပူလျော့နေတာ သေချာပေမယ့် အိမ်ပြန်ဖို့ ရုန်းကန်နေတဲ့ လူတွေရဲ့ အပူကတော့ ဘတ်စ်ကားမှတ်တိုင်တွေမှာ တောက်လောင်နေပါတယ်။ အမှောင်ဟာ နောက်ကျတတ်တဲ့ အရာမဟုတ်ပါဘူး။ မိသားစုတွေရဲ့ ပြန်လည်တွေ့ဆုံချိန်မှာ  အမှောင်ကျရောက်မနေခဲ့ရင် ပျော်ရွှင်ဖွယ်ရာ  ဖြစ်တယ်လို့ အိမ်တံခါးပေါက်တွေရဲ့ ယုံကြည်နေမှုဟာ နှစ်များစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။

ညနေတွေရဲ့ ပျောက်ဆုံးနေတဲ့ ရယ်မောသံတွေ၊ ကလေးတွေရဲ့ကစားသံတွေကို လိုက်လံရှာဖွေဖို့ ဘယ်သူမှ မအားလပ်ကြသေးပါဘူး။ ထမင်းအိုးတွေ ပွက်ပွက်ဆူဆူနိုင်စေဖို့ ဘတ်စ်ကားတွေပေါ်ကို အပြေးတက်နေတဲ့  ခြေထောက်တွေကတော့ မြို့ပြရဲ့ နေရာတိုင်းမှာ ရှိနေပါတယ်။

ညနေရဲ့ လက်ဖက်ရည်တစ်ခွက်ကို အရသာခံသောက်ရင်း သတင်းစာတစ်စောင်နဲ့ ခေတ်ကြီးထဲကို ဝင်ကြည့်လိုက်ပါတယ်။ စိတ်ဆင်းရဲမှုတွေကို ညနေက ယူဆောင်မလာတတ်ပေမယ့် စိတ်ဆင်းရဲစရာ သတင်းတွေကတော့ သတင်းစာတွေမှာ အမြဲပါလာတတ်ပါတယ်။ စစ်ပွဲတွေအကြောင်း၊ သက်ငယ် မုဒိမ်းမှုအကြောင်းတွေပေါ့။

ဘာလိုပဲဖြစ်ဖြစ် ညနေရဲ့အရသာကို လက်ဖက်ရည်တစ်ခွက်ထဲကနေဖြစ်ဖြစ်၊ သတင်းစာတစ်စောင်ကနေဖြစ်ဖြစ် ကျွန်တော်ကတော့ ရယူခံစားတတ်ပါတယ်။ ဘတ်စ်ကားပေါ်မတက်ခင် လက်ဖက်ရည်တစ်ခွက်တော့ သောက်ဖြစ်အောင် သောက်ပါတယ်။

အိမ်ကို ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာဟာ ကျွန်တော်တို့လို ဘတ်စ်ကားစီးတဲ့ လူတန်းစားတွေအတွက်တော့ ခန့်မှန်းလို့မရတဲ့ အရာတစ်ခုပါ။ အိမ်ကို နောက်ကျပြီး ရောက်နိုင်သလို၊ အဆင်ပြေရင်လည်း မမှောင်ခင် ရောက်နိုင်ပါတယ်။ နောက်ကျတာတွေ  စောရောက်တာတွေကို သိပ်တွေးနေလို့မရပါဘူး။ ရန်ကုန်မြို့ထဲကနေ မြို့ပြင်တွေဆီသွားနေတဲ့ ဘတ်စ်ကားတွေပေါ်မှာ စိုးရိမ်ပူပန်နေသူတွေက အများအပြားပါပဲ။

အဲဒါကြောင့် အဆင်မပြေသူဟာလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အားလုံးက ဝမ်းရေးအတွက်၊ နေရေးအတွက်  အဆင်မပြေသူတွေချည်းပါပဲ။ ရုန်းကန်နေရသူတွေချည်းပါပဲ။ ညနေခင်းမှာ လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီး အမောအပန်းလေး တော့ ဖြေသင့်တယ် မဟုတ်လား။

ဘတ်စ်ကားပေါ်ရောက်ရင်လည်း ထိုင်စရာနေရာရဖို့က မလွယ်ပါဘူး။ ဂိတ်စကနေ သွားစီးနိုင်ရင်တော့ ထိုင်စရာနေရာ ရတတ်ပါတယ်။ မထသရဲ့ ဘတ်စ်ကားတွေဟာလည်း ညနေမှာ လူကျပ်ခဲ့ပါတယ်။ YBS ရဲ့ဘတ်စ်ကားတွေဟာလည်း ညနေမှာ လူကျပ်နေဆဲပါပဲ။ YBS  ရဲ့ဘတ်စ်ကားတွေမှာတော့ စပယ်ယာတွေနဲ့ မဆက်ဆံရတာတစ်ခုတော့ သာပါတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ အိမ်ပြန်လိုသူချင်း ဖေးကူရပါတယ်။ မိန်းကလေးတွေကို မဖွယ်မရာပြုလိုသူတွေ၊ ခါးပိုက်နှိုက်တွေကတော့ ညနေရဲ့ ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ ရှိနေဆဲပါပဲ။ ထိုင်စရာနေရာတစ်နေရာဟာ  လူကျပ်နေတဲ့ ဘတ်စ်ကားပေါ်မှာတော့ အားလုံးက လိုချင်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဦးစားပေးသင့်သူကို ဦးစားပေးတတ်တဲ့ စိတ်ထားလေးတွေက လူတွေဆီမှာ ရှိနေဆဲပါ။ အဆင်ပြေလို့ ထိုင်စရာနေရာလေးရရင် ကျွန်တော် လည်း ဟိုငေး ဒီငေး ငေးရင်း၊ ဟိုတွေး ဒီတွေး တွေးတတ်ပါတယ်။ စာအကြောင်း၊ ကဗျာအကြောင်း တွေးမိတဲ့နေ့တွေရှိသလို၊ မိသားစု စားဝတ်နေရေးအတွက် တွေးပူတဲ့နေ့တွေလည်း ရှိပါတယ်။ စာဖတ်လို့ ရလောက်တဲ့အထိ အခြေအနေပေးရင်လည်း စာအုပ်တစ် အုပ်ထုတ်ပြီး စာဖတ်ပေါ့။ ဒါပေမဲ့ ထိုင်စရာရတဲ့နေ့ဆိုတာကလည်း ရဒေါင့်ရခဲပါ။ အများအားဖြင့်တော့ မတ်တတ်ရပ်စီးရင်း ဟို ဒီ တွေးနေရတဲ့ ညနေတွေပါပဲ။

ဘတ်စ်ကားပေါ်က ညနေတွေဟာ ပင်ပန်းခြင်းတွေ၊ မွန်းကျပ်ခြင်းတွေ အပြည့်နဲ့ဆိုတော့ အိမ်မှာ ကျန်သူတွေကတော့ မပင်ပန်းကြဘူးလား။ အိမ်မှာကျန်သူတွေဟာလည်း ညစာအတွက် ချက်ပြုတ်ပြင်ဆင်ရ၊ နောက်နေ့ အလုပ်သွားမယ့်သူ၊ ကျောင်းသွားမယ့်သူ တွေအတွက် ကြိုတင်တွေးတော ပင်ပန်းနေကြရတာပါပဲ။ ရုန်းကန်ရတဲ့လူတွေချည်းပါပဲ။ ခေတ်ဟာ ကျွန်တော်တို့တွေကို အေးချမ်းစွာ နေထိုင်စားသောက်ဖို့ အခွင့်အရေး မပေးသေးပါဘူး။ ကျွန်တော်တို့ အခွင့်အရေးအတွက် ကျွန်တော်တို့ ရုန်းကန်နေရဆဲ၊ လမ်းပေါ် တက်နေရဆဲပါ။ ဘယ်အရာမှ လွယ်လွယ်မရ နိုင်သလို၊ ဘယ်သူ့စကားကိုမှ လွယ်လွယ် မယုံကြည်ဖို့ ခေတ်ကြီးက ကျွန်တော်တို့ကို အမြဲသင်ကြားပေးနေတာ မဟုတ်လား။  ညနေရဲ့ သတင်းစကားတွေမှာ ပျော်ရွှင်ခြင်းအကြောင်းတွေချည်းသာ မိသားစုကို လူတိုင်းက ပြောချင်ကြတာ မဟုတ်လား။

ညနေတွေကို တခြားသူတွေရော ဘယ်လိုကုန်လွန်ကြလဲ။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ ရပ်ကွက်လေးထဲကို ဟို ဒီ လျှောက်သွားရင်း ကြည့်မိပါတယ်။  ရပ်ကွက်ထဲက ညနေတွေကလည်း လှုပ်ရှားရုန်းကန်ခြင်း အပြည့်နဲ့ပါပဲ။ သုံးရေအတွက် ရေ ကန်ကနေ ရေထမ်းနေသူတွေ၊ ဝက်စာအတွက် ထမင်းရည်နဲ့ အစားအစာအကြွင်း အကျန်တွေကို လိုက်လံတောင်းယူပြီး ဝက်စာပုံး ထမ်းလာသူတွေ၊ ဈေးရောင်း ဈေးဝယ်က ပြန်လာသူတွေနဲ့ ညနေဟာ ချွေးတွေ စိုရွှဲနေပါတယ်။ အခြေခံလူတန်းစားတွေများတဲ့ ရပ်ကွက်လေးကနေ ညနေရဲ့ မြင်ကွင်းထဲက ဘယ်လိုအရာတွေကိုများ ကျွန်တော် မျှော်လင့်လို့ရမှာလဲ။ကျွန်တော်ကိုယ်တိုင်လည်း ညနေမှာ အိမ်ပြန်ရောက်ဖို့ကို မနည်းကြိုးစားနေရသူတစ်ယောက် မဟုတ်လား။ ကျန်ခဲ့တဲ့ခေတ်တွေ၊ နှစ်တွေရဲ့ ညနေတွေ။ ကျွန်တော့် ဘဝထဲက ညနေတွေ။ ပြီးခဲ့ပြီလို့ ထင်ရပေမယ့် မပြီးသေးတဲ့ ညနေတွေ။ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ အများအပြား ကျန်ရှိနေဆဲပါ။

၁၉၈၀ ပြည့်လွန်နှစ်တွေက ညနေတွေကရော ဘယ်လိုပုံမျိုးပါလဲ။ ၁၉၈၃ ခုနှစ်မှာ ကျွန်တော်မွေးတာဖြစ်တဲ့အတွက် ၁၉၈၀ ကျော် ခေတ်ရဲ့ ညနေတွေကို စာအုပ်တွေကတစ်ဆင့်၊ မိဘတွေဆီကတစ်ဆင့်သာ သိခဲ့ရပါတယ်။ အိမ်ရှိ လူကုန် အလုပ်လုပ်ကြတာကိုတော့ ကျွန်တော် မှတ်မိပါတယ်။ ဝန်ထမ်းတွေဖြစ်တဲ့ အဖေနဲ့ အမေ၊ ထန်းသီးမုန့်ပေါင်းပြီး ရောင်းတဲ့အမေကြီး။ မိသားစုဟာ ညနေမှ ပြန်ဆုံကြရတာပါ။ ကျောင်းဆရာမဖြစ်တဲ့ အမေက မြို့ လေးနဲ့ အနည်းငယ်လှမ်းတဲ့ ရွာလေးမှာ တာဝန်ကျတယ်တဲ့။ အမေဟာ အသွားငါးမိုင်၊ အပြန်ငါးမိုင် စက်ဘီးနင်းရင်း ကျောင်းတက်ရတာတဲ့။ အဖေကတော့ ခရိုင်မြို့မှာ အလုပ်သွားရတဲ့အတွက် အဲဒီခေတ်က လိုင်းကားဖြစ်တဲ့ ဂျစ်ကားစီးပြီး အလုပ်သွား အလုပ်ပြန် လုပ်ရတာတဲ့။ ညနေ မှောင်ပြီဆိုတော့မှ မိသားစု စုံကြရတာတဲ့။ ထမင်းဝိုင်းမှာ ထမင်းစားမှ မျက်နှာတွေစုံကြရတဲ့ ညနေတွေပဲပေါ့။

၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ညနေတွေကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိနေပါတယ်။ အရာရာ မတည်ငြိမ်မှုတွေဖြစ်ပြီးစ၊  အပြောင်းအလဲအတွက် ကြိုးစားမှုတွေ ရက်ရက်စက်စက် နှိမ်နင်းခံနေရတဲ့ ကာလတွေပါ။ ညနေစောင်းပြီးလို့ အမှောင်ရောက်လာတာနဲ့ အိမ်တံခါးပိတ်ဖို့ မမေ့လျော့တဲ့ ကာလတွေပါ။ ရေဒီယိုကို အသံတိုးတိုးနဲ့ နားထောင်ရတဲ့ ကာလတွေပါ။ အမှောင်မရောက်ခင် ညနေမှာပဲ အားလုံးဟာ လုပ်စရာရှိတာကို အမြန် လက်စသတ်ကြပါတယ်။ နေ့မြင် ညပျောက် ဖြစ်တတ်တဲ့ အပိုင်းအခြားကာလတွေပါပဲ။ အိမ်ကို ပြန်ရောက်ဖို့၊ အိမ်ရှိ လူကုန် လူစုံဖို့ ညနေတွေကို ရင်ခုန်စိုးထိတ်ရင်း ကျော်ဖြတ်ရတာပါ။ ကျွန်တော်တို့ ကလေးတွေကတော့ ရုပ်မြင်သံကြားစက်ရှိတဲ့ အိမ်ကို သွားကြည့်ဖို့ပဲ တွေးနေမိတာပါ။ ညနေမှာ ကလေးတွေ စွန်လွှတ်ဖို့၊ ဘောလုံးကန်ဖို့ ကွင်းပြင်ကျယ်ကြီး  တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ညနေတွေမှာ ရှိနေသေးပါတယ်။ အခုတော့ ကွင်းပြင်တွေဟာ ညနေတွေကို နှုတ်မဆက်နိုင်တော့ပါ ဘူး။ မြို့ပြရဲ့ ကလေးတွေအတွက်တော့ ညနေကွင်းပြင်ဆိုတာ မရှိတော့တဲ့ စကားလုံးတစ်ခု ဖြစ်သွားပြီ။

ညနေတွေအကြောင်းက စိတ်မောစရာတွေ၊ ပင်ပန်းတာတွေချည်းပဲလို့ ထင်စရာပါပဲ။ ညနေတွေမှာ မိသားစုချစ်မေတ္တာတွေ၊ ချစ်သူ စုံတွဲတွေရဲ့ ကြည်နူးစရာတွေကိုလည်းကျွန် တော်တို့ ဖန်တီးကြပါတယ်။ ဘဝဆိုတာ နာကျင်စရာတွေချည်းပဲလို့ ဘယ်တုန်းကမှ ကျွန်တော် မတွေးပါဘူး။ ဘဝကို ရုန်းကန်ရှင်သန်နေသူတိုင်းလည်း တွေးမယ်လို့ မထင်ပါဘူး။ လွယ်လွယ်ကူကူ အရှုံးပေးလိုက်ရင် ညနေတွေဟာ အမှောင်ကို မြန်မြန်ခေါ်ဆောင်လာမှာ အသေအချာပေါ့။ အမှောင်မလာခင်  လက်ချင်းဆုပ်ကိုင်ရင်း လမ်းလျှောက်လာတဲ့ ချစ်သူစုံတွဲတွေကို ညနေ တိမ်တွေ ငေးကြည့် နေမှာပါ။ ကလေးလေးတွေ ဆော့ကစားနေတာကို ညနေရဲ့ လေပြည်လေညင်းတွေက သဘောကျနေမှာပါ။ မိသားစုတွေအတွက် နံနက်ခင်းကတည်းက ကျွန်တော်တို့ လမ်းပေါ် တက်ခဲ့တာမဟုတ်လား။ အိမ်တံခါးပေါက်မှာ တစ်ယောက်ရဲ့ အပြုံးကို တစ်ယောက်က ရယူဖို့၊ တစ်ယောက်ရဲ့ အဆင်မပြေခြင်းကို တစ်ယောက်က ဝေမျှရယူဖို့ ညနေတွေကို ကျွန်တော်တို့က သင်ကြားပေးရမှာပါ။ ဘယ်လို ညနေမျိုးကိုဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ကျော်ဖြတ်ဖို့သာ တွေးနေတဲ့ ဦးခေါင်းတွေ လမ်းမတွေ ပေါ်မှာ ရှိနေဖို့က အရေးကြီးပါတယ်။နာကျင်စရာတွေကို ပေါက်ကွဲပစ်လိုက်ရင်း စိတ်ဒဏ်ရာတွေကိုချည်း မွေးမြူထားဖို့က လွယ်ကူပါတယ်။ ရှုံးနိမ့်ခြင်းကို လက်ခံရရှိဖို့ကလည်း မခက်ခဲပါဘူး။ အသက်ကို ၀၀ရှူသွင်းဖို့ ညနေတွေမှာ လေကောင်းလေသန့် ရှိပါသေးတယ်။ အမှောင်မလာခင် အိမ်ကို ပြန်ရောက်မယ့် လမ်းတွေကို ပြဖို့ ညနေတွေမှာ အလင်းရောင် ရှိပါသေးတယ်။

ခေတ်တိုင်း ခေတ်တိုင်းရဲ့ ညနေတွေက တူညီနေဆဲပါ။ အထူးသဖြင့် သာမန်လူတန်းစားတွေအတွက်ပေါ့။ အရင်အတိုင်း ညနေတွေကို ရင်ဆိုင်ဖြတ်သန်းနေတဲ့ ခြေထောက်တွေကရော သန်မာမှုတွေ လျော့နည်းလာပြီလား။ ညနေတိမ်၊ ညနေလမ်း၊ ညနေမြစ်ကမ်းပေါ်မှာ လမ်းမသာလည်း ဆန်တက်ရမှာပါပဲ။ လမ်းသာရင်လည်း စုန်ရမှာပေါ့လေ။ ညနေတွေက ဘယ်တော့မှ မညာပါဘူး။ အမှောင်တွေနဲ့ ကျွန်တော်တို့ အိမ်ပြန်ချိန်တွေကို ရေးဆွဲပေးနေဆဲ မဟုတ်လား။

Most Read

Most Recent