NCA အကောင်အထည်ဖော်မှုကို ကိုယ်ကိုယ်တိုင် ပြန်တားမှုမဖြစ်စေရန် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအား မေလဆန်းပြုလုပ်မည်ဖြစ်ပြီး ညီလာခံ မတက်ဟုဆိုကာ ကျန်ခဲ့သည့်အဖွဲ့များ ရှိနိုင်ကြောင်း PNLO ဦးဆောင်နာယက ပြောကြား

NCA အကောင်အထည်ဖော်မှုကို ကိုယ်ကိုယ်တိုင် ပြန်တားမှုမဖြစ်စေရန် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအား မေလဆန်းပြုလုပ်မည်ဖြစ်ပြီး ညီလာခံ မတက်ဟုဆိုကာ ကျန်ခဲ့သည့်အဖွဲ့များ ရှိနိုင်ကြောင်း PNLO ဦးဆောင်နာယက ပြောကြား
Published 5 March 2018

နေပြည်တော်ရှိ NRPC ၌ ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော JICM အား တွေ့ရစဉ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုကို ကိုယ်ကိုယ်တိုင်ပြန်တားမှု မဖြစ်စေရန် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား မေလဆန်းတွင် ပြုလုပ်မည်ဖြစ်ပြီး ညီလာခံမတက်ဟုဆိုကာ ကျန်ခဲ့သည့်အဖွဲ့များ ရှိနိုင်ကြောင်း NCA ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မတ် ၃ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေးအား လာမည့်ဧပြီကုန် မေလဆန်းကျင်းပရန် ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် သဘောတူ ဆုံးဖြတ်ခဲ့သည့်အပေါ် ညီလာခံ အမှန်တကယ် ကျင်းပနိုင်ခြင်းမရှိ မေးမြန်းရာတွင် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“မေလဆန်းမှာတော့ ကျွန်တော်တို့ရဲ့လမ်းပြမြေပုံပြဋ္ဌာန်းချက်နဲ့အညီတော့။ လမ်းပြမြေပုံကိုတားလို့ရှိရင် NCA ကို အကောင်အထည်ဖော်တာကို တားလို့ရှိရင် ကျွန်တော်တို့ကိုယ်တိုင်က ဒီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့။ ကျွန်တော်တို့ကိုယ်တိုင်က ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေမှာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ခြေထောက် ကိုယ်ပြန်ဆွဲသလို ဖြစ်နေတယ်။ ကိုယ့်တုတ်နဲ့ ကိုယ်ပြန်ရိုက်သလိုဖြစ်နေတယ်။ ကျွန်တော်တို့လုပ်ရမယ့် တာဝန်ပျက်ကွက်သလို ဖြစ်နေတယ်။ မဖြစ်မနေတော့ သွားမှာပါ။ သွားတဲ့အချိန်မှာ လက်မှတ်ထိုး ၁၀ ဖွဲ့ပေါ့။ ၁၀ ဖွဲ့ထဲမှာ ကွဲသွားနိုင်တယ်။ ဒါမလုပ်လို့ မတက်ဘူးဆိုလည်း မတက်တဲ့သူကျန်ပေါ့။ မတတ်နိုင်ဘူး။ အဲဒီ Process တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ သတင်းကြားတယ်။ RCSS ထိပ်တန်းခေါင်းဆောင်တွေကိုယ်တိုင်က Process အပျက်မခံဘူး။ သူတို့ မလုပ်ရသေးလည်း သူတို့တက်မှာပဲလို့ ပြောသံကြားတယ်။ သို့သော် တရားဝင်တော့ မပြောသေးဘူးပေါ့လေ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်ရန် အချက် အပါအဝင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့်ကိစ္စရပ်များကို ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ PPST ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် အစည်းအဝေးသို့ PNLO ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိဘဲ ကြေညာချက် ရေးသားသူများသည် သဘောထားတင်းမာသူအချို့က ရေးခြင်းဖြစ်ပြီး ထိုသို့အပြုသဘောမဆောင်သည့် ကြေညာချက်ကို ပြန်လည် သုံးသပ်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် JICM အစည်းအဝေးသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် တစ်ဝက်ခန့်သည် ဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်များမတက်ဘဲ ကိုယ်စားလှယ်သာ တက်ရောက်သဖြင့် ထိုကဲ့သို့ အရေးကြီးသည့် အစည်းအဝေးအား ခေါင်းဆောင်များ တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားသည်အထိ ပြုလုပ်ခဲ့ရသည်။

JICM အစည်းအဝေးသည် အစိုးရဘက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် တာဝန်ရှိသူများနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ရသည့် အဆင့်မြင့် အစည်းအဝေးတစ်ခုဖြစ်သည်။

အဆိုပါ JICM အစည်းအဝေး ကျင်းပသည့်ရက်သည် ပအိုဝ်းအမျိုးသားနေ့နှင့် တိုက်ဆိုင်နေသဖြင့် အခမ်းအနားတစ်ခုသို့ တက်ရောက်ရန် ကိုယ်စားလှယ်လွှဲစာဖြင့် PNLO ကိုယ်စားဒုတိယဥက္ကဋ္ဌအား တက်ရောက်စေခဲ့ကြောင်း၊ ကျန်အဖွဲ့ခေါင်းဆောင်များသည်လည်း အစည်းအဝေးကို မူတစ်ခုချမှတ်ကာ ရှောင်သွားခြင်းမျိုး မဟုတ်ဘဲ တိုက်ဆိုင်သွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

လက်ရှိတွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် လားဟူဒီမိုကရက်တစ် အစည်းအရုံးမပါ ကျန်ကိုးဖွဲ့မှ ခေါင်းဆောင်ကိုးဦး JICM သို့ တက်ရောက်ခွင့် ရရှိထားသည်။

“ဒီကိုးယောက်မှာ Protocal မှာအကြီးအကဲတွေက အကုန်လုံး မလာနိုင်ဘဲနဲ့ လေးယောက်လောက်ပဲ လာနိုင်တယ်။ ကျန်တာအားလုံးက ကိုယ်စားလှယ်တွေအဆင့်ဖြစ်နေတယ်။ ကိုယ်စားလှယ်တွေကလည်း တတိယတန်း၊ စတုတ္ထတန်းခေါင်းဆောင်တွေ ဖြစ်နေတယ်။ နိုင်ငံတော်ဘက်ကလာတော့ အမြင့်ဆုံးခေါင်းဆောင်တွေ တော်တော်လေး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တယ်။ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်တယ်ဆိုတော့ ဒါ Protocal မြင့်တာပေါ့။ ဒါကြောင့် သူတို့ဘက်က စိတ်မကောင်းဘူး။ ဒီဘက်က ကိုယ်စားလှယ်လောက်နဲ့ လွှဲတယ်ဆိုတော့ ကျွန်တော်ကိုတော့ သူတို့နားလည်တယ်ပေါ့။ ဒါပေမဲ့ ကျန်တဲ့ခေါင်းဆောင်တွေ မလာတာကိုတော့ သူတို့သိပ်မကြိုက်ဘူး။ နောက်ပြီးတော့ KNU က ခေါင်းဆောင်ကြီး မလာဖြစ်တာလည်း သူတို့မကြိုက်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ထို့ပြင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ခေါင်းဆောင်နှစ်ဦးရှိကြောင်း၊ တစ်ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဖြစ်ပြီး ကျန်တစ်ဦးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ပြည်တွင်းပွဲများတွင် ခပ်ရှောင်ရှောင်နေလေ့ရှိပြီး RCSS အတွင်းရေးမှူး(သုံး)တစ်ဦးတည်းအား စွယ်စုံသုံးနေသဖြင့် အစိုးရနှင့် တပ်မတော်ဘက်မှ သဘောကျခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပုံမှန်အားဖြင့် အမြဲတမ်းလာတယ်။ သူတစ်ယောက်လောက် ထိုင်ပြလိုက်တယ်။ ဦးဆောင်ထိုင်လိုက်တယ်ဆိုရင် တစ်ဖက်က အစိုးရ၊ တပ်မတော်ဘက်က စိတ်ချမ်းသာတယ်။ ဟိုဘက်ကလည်း အသက်ကြီးပိုင်း၊ ရာထူးကြီးပိုင်း ပါလာတယ်ဆိုတာ သူက ဝမ်းသာတယ်။ အခုကဘယ်သူမှ မပါတဲ့ အခါကြတော့ နည်းနည်းလေး။ ပြောကွက်ဖြစ်သွားတယ်။ ဒါကျွန်တော်တို့ တိုင်းရင်းသားဘက်က အားနည်းချက်ပဲ။ ဒါကြောင့်နောက်ဆိုရင် အဲဒီလို အဆင်သင့်မဖြစ်ဘူး။ လူကြီးတွေမတတ်နိုင်ဘူးဆိုရင် မခေါ်တာကောင်းတယ်။ အဲဒီလို ကိုယ်စားလှယ်နဲ့ပဲပြောရင် ဟိုဘက်ကလည်း ကိုယ်စားလှယ်ပဲလွှတ်ပြီးပြောရင် ကျွန်တော်တို့ရဲ့ JICM အနှစ်သာရနဲ့ သူရဲ့ စီရင်ပိုင်ခွင့်က ကျသွားမယ်။ ဆုံးဖြတ်တာ ရဲရဲမဆုံးဖြတ်တော့ဘူး။ ဟိုမရောက်၊ ဒီမရောက် ဖြစ်လာတတ်တယ်။ အဲဒါက ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က စုဖွဲ့မှုမှာ ပြဿနာရှိတဲ့ကိစ္စ ဖြစ်တယ်။ အဲဒါကိုတော့ ဝန်ခံရမှာပေါ့။ ကျွန်တော်တို့ထဲမှာ ရှိနေတယ်။ အသေးစိတ်တော့ မပြောတော့ဘူး။ ကျွန်တော်တို့ထဲမှာရှိနေတာဆိုတာ။ ဒါနိုင်ငံတော်ဘက်က အမှား မဟုတ်ဘဲ ကျွန်တော်တို့ဘက် ချို့ယွင်းချက် ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီဖြစ်သည်။ ၎င်းတို့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA (PC)၊ DKBA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့်လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်ကြသည်။

ယင်း ၁၀ ဖွဲ့အနက် လားဟူဒီမိုကရက်တစ် အစည်းအရုံးမှာ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခွင့်မရှိဘဲ ထိုသို့ကျင်းပခွင့်မရှိကြောင်း NCA မရေးထိုးမီကပင် အစိုးရနှင့် သဘောတူထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ(NMSP) မှာ ယခုလကုန်ပိုင်းတွင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။

ယခင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနက် KNU အပါအဝင် ကရင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့သည် ၎င်းတို့လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ တစ်ကြိမ်ကျင်းပထားပြီးဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အတူ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အကြိုလူထုတွေ့ဆုံပွဲ ကိစ္စရပ်ကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ခြင်း မရှိဘဲ ယာယီရွှေ့ဆိုင်းထားပြီး လက်ရှိတွင် ဆွေးနွေးပွဲကျင်းပနိုင်ရန် အစိုးရဘက်မှ RCSS/SSA သို့ ရွေးချယ်နိုင်ရန် နည်းလမ်းများ ကမ်းလှမ်းထားကြောင်း သိရသည်။

Most Read

Most Recent