အဂတိတိုက်ဖျက်ရေး အိတ်ပေါက်နဲ့ ဖားကောက်နေသလား

အဂတိတိုက်ဖျက်ရေး အိတ်ပေါက်နဲ့ ဖားကောက်နေသလား
Published 5 March 2018

မြန်မာနိုင်ငံ၏ ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အတွင်း အဂတိလိုက်စားမှု အညွှန်းကိန်းများကို Transparency International မှ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

“ကျွန်တော်စိတ်ပူတာက Corruption (အဂတိလိုက်စားမှု) သည် သွေးထဲမှာတင် မဟုတ်တော့ဘူး။ DNA ထဲရောက်နေတာ စိတ်ပူတယ်”

ဒီစကားကို စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်က မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ UNODC တို့ ပူးပေါင်းစီစဉ်တဲ့ Promote Integrity to Counter Corruption စာတမ်းဖတ်ပွဲမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

အဂတိလိုက်စားမှုက သွေးထဲမှာဆို သွေးကို ဖောက်ထုတ်လိုက်လို့ ရပေမဲ့ မျိုးရိုးဗီဇ (DNA) ထဲ ရောက်သွားလို့ရှိရင်တော့ တိုက်ဖျက်ဖို့ ခက်ခဲသွားမယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုက အုပ်ချုပ်ရေး အလွှာအသီးသီးမှာ အမြစ်တွယ်လှိုက်စားနေခဲ့တာ ကြာခဲ့ပါပြီ။ အဂတိလိုက်စားမှုဆိုတာက အများပြည်သူများ အကျိုးဆောင်ဖို့ ပေးအပ်ထားတဲ့ အာဏာနဲ့ အခွင့်အရေးတွေကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်းလို့ စီးပွားရေးပညာရှင် ဦးမြင့်က သူ့ရဲ့ အဂတိလိုက်စားမှုအကြောင်း၊ အကျိုးနှင့် ကုထုံးများဆိုတဲ့ စာတမ်းမှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်အရ အဂတိလိုက်စားမှုမြောက်တဲ့ အပြုအမူတွေမှာ လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ဖော်လံဖား၍ အကျိုးစီးပွားရှာခြင်း၊ သာတူညီမျှ ကောင်းစားရေး ဆောင်ရွက်ချက်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနဲ့ သြဇာသုံး အကြံအဖန်လုပ်ခြင်း စတဲ့အချက်တွေက အကျုံးဝင်တယ်လို့ ဦးမြင့်ရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

အဂတိလိုက်စားမှုမြောက်တဲ့ အပြုအမူတွေထဲက လိမ်လည်ခြင်းနဲ့ အလွဲသုံးစားလုပ်ခြင်းက ဒုတိယလူမပါဘဲ လုပ်ပိုင်ခွင့်အာဏာရရှိထားသူ အရာရှိတစ်ယောက်တည်းက ကျူးလွန်နိုင်ပြီး လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ သြဇာသုံး အကြံအဖန်လုပ်ခြင်းတို့က ဘက်နှစ်ဘက် ပါဝင်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုမြောက်တဲ့ ဆက်ဆံရေးမှာ ပါဝင်ကြတာကတော့ ပေးသူနဲ့ ယူသူ ဖြစ်ပါတယ်။

ဒီလို အဂတိလိုက်စားမှု အပြုအမူတွေက အစိုးရကန်ထရိုက်များ၊ အစိုးရအထောက်အပံ့များ၊ အစိုးရအခွန်ဘဏ္ဍာအပြင် ဗျူရိုကရေစီ ယန္တရားကြီး မိမိဦးတည်စေချင်ရာကို မြန်မြန်ဆန်ဆန် ချောမွေ့လည်ပတ်စေဖို့ ချောဆီဆိုတဲ့ တံစိုးလက်ဆောင်နဲ့ လာဘ်ငွေကို ထည့်ပေးရတဲ့ အကြောင်းအရာတွေမှာ တွေ့ရတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အထူးစီးပွားရေး အကျိုးအမြတ်နဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင် ဦးမြင့်က လုပ်ငန်းလိုင် စင်ထုတ်ပေးတဲ့ အစိုးရအရာရှိငယ်တစ်ယောက်နဲ့ ဥပမာပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က လိုအပ်တဲ့ ခွင့်ပြုမိန့်ကို မြန်မြန်ဆန်ဆန် လိုချင်တာကြောင့် ငွေကြေးတစ်စုံတစ်ရာ ပေးလာနိုင်တဲ့အတွက် အရာရှိငယ်အနေနဲ့ သူ့ဖောက်သည်လုပ်ငန်းရှင်တွေဆီကနေ အထူးစီးပွားရေး အကျိုးအမြတ်ကို ရယူဖို့ သူ့ရဲ့ တရားဝင် အဆင့်နေရာကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စီပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်က မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ UNODC တို့ ပူးပေါင်းစီစဉ်တဲ့ Promote Integrity to Counter Corruption စာတမ်းဖတ်ပွဲမှာ အဂတိလိုက်စားမှုအကြောင်းက စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ဗျူရိုကရေစီယန္တရားကြီးမှာ ဘာကြောင့် အဂတိလိုက်စားမှုတွေက ဖြစ်နေရပါသလဲ။

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဂတိလိုက်စားမှုက လစာ မလုံလောက်မှုကစပြီး နောက်ပိုင်းမှာ အလေ့အကျင့် ဖြစ်သွားတယ်လို့ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ ဖြေကြားထားပါတယ်။

“ဘယ်လိုစတာလဲဆိုတော့ အားလုံး မလုံလောက်တဲ့ လစာတွေနဲ့ စတာပေါ့နော်။ မလုံလောက်တဲ့ လစာနဲ့ စပေမဲ့ နောက်ဆုံးကျတော့ အလေ့အကျင့်ဖြစ်သွားတယ်။ ဟို ကျွန်မတို့ ပြောလေ့ရှိတယ်မလား။ အကြွေးထူ မပူ၊ သန်းထူ မယားဆိုသလိုပေါ့နော်။ လာဘ်ပေးလာဘ်ယူက ယူရင်းယူရင်းနဲ့ပဲ သိပ်ဂရုမစိုက်တော့ဘူး ဆိုသလို ဖြစ်သွားတာပေါ့။ အဲဒီဟာတွေဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုထဲကို စိမ့်ဝင်သွားတဲ့ သဘောရှိတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

ဒါကြောင့် လာဘ်ပေးလာဘ်ယူ ပျောက်ဖို့အတွက် တစ်ဖက်က လုံလောက်တဲ့ လစာပေးရမှာဖြစ်ပြီး တစ်ဖက်က တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူဆိုတာ ဘာဖြစ်လဲ။ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အဆင့်ဖြစ်သွားတယ်ဆိုရင်တော့ အင်မတန်မှ ဆိုးပါလိမ့်မယ်။ အဲဒီတော့ ကျွန်မတို့ဟာ လာဘ်ပေးလာဘ်ယူ ပျောက်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတော့ တစ်ဖက်ကလည်း လုံလောက်တဲ့ လစာပေးသလို တစ်ဖက်ကလည်း တရားဥပဒေအရ အရေးယူရမယ်” လို့ သူက ဆိုပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီယန္တရားမှာ နှစ်ချို့ပြီး အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့အတွက် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အနေနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပေမဲ့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုကို ထိရောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်း ပြောကြားရာမှာ ကာလကြာရှည် သံချေးတက်နေတဲ့ အလေ့အကျင့်တွေကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ရည်မှန်းထားသလောက် မဖြစ်ခဲ့ဘူးလို့ သမ္မတဟောင်း ဦးသိန်းစိန်က ဝန်ခံခဲ့ပါတယ်။

“အစိုးရအဖွဲ့မှာလည်း လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းထားသလို တစ်ဖက်ကလည်း လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ International Transparency Initiative အရ ၂၀၁၀ ခုနှစ်မှာ Anti Corruption Index 183 ကနေ ယခု ၂၀၁၅ ခုနှစ်မှာ ၁၄၆ ဖြစ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ဘက်ကို ရွေ့လာတာ တွေ့နိုင်ပါတယ်။ ကာလကြာရှည် သံချေးတက်နေတဲ့ အလေ့အကျင့်တွေကို ပြုပြင်တဲ့နေရာမှာ ချက်ချင်းတော့ ကျွန်တော်ဖြစ်ချင်သလို မဖြစ်နိုင်ခဲ့တာ တွေ့ရပါတယ်” လို့ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ဘာကြောင့်အလုပ်မဖြစ်ခဲ့ပါသလဲ။ အဓိကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ တိုင်ကြားရာမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နောက်ပိုင်း ဖြစ်ပွားတဲ့ အဂတိလိုက်စားမှုကိုသာ တိုင်ကြားရမယ်လို့ ကော်မရှင်က သတ်မှတ်ခဲ့တာဖြစ်ပြီး တိုင်ကြားရာမှာ အရေးကြီးတဲ့ သက်သေခံချက်ပါရမယ့်အပြင် နစ်နာသူကိုယ်တိုင် တိုင်ကြားရမယ်လို့ ကော်မရှင်က သတ်မှတ်ခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရရဲ့ နောက်ဆုံးလက်ကျန် တစ်နှစ်ကျော်အတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူတဲ့ စုံစမ်းစစ်ဆေးမှု ၁၅ မှု လုပ်နိုင်ခဲ့ပြီး ငါးမှုကိုသာ အမိန့်ချမှတ်နိုင်ခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသက်တမ်း ငါးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparency International) ကနေ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းတွေကတော့ ၂၀၁၁ ခုနှစ်မှာ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်မှာ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၇၊ ၂၀၁၄ ခုနှစ်မှာ အဆင့် ၁၅၆ နဲ့ ၂၀၁၅ ခုနှစ်မှာ အဆင့် ၁၄၇ တို့ပဲ ဖြစ်ပါတယ်။

ရမှတ်အနေနဲ့ ၂၀၁၂ မှာ ၁၅ မှတ်၊ ၂၀၁၃ မှာ ၂၁ မှတ်၊ ၂၀၁၄ မှာ ၂၁ မှတ်နဲ့ ၂၀၁၅ မှာ ၂၂ မှတ်သာ ရရှိခဲ့တဲ့အတွက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ အောင်မှတ်မရခဲ့ဘူးလို့ ဆိုရမှာပါ။

ဒါကြောင့်လည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ မေးခွန်း မေးမြန်းခဲ့ပါတယ်။

ဦးတင်မောင်ဦးက “နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို အဓိကဖြေရှင်းရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မည်သို့သောစနစ်ဖြင့် အရေးယူ ဆောင်ရွက်နေပါသနည်းနှင့် ယနေ့ခေတ် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်မှု ရှိ။ မရှိ” ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာပါ။

“လက်တွေ့အခြေအနေမှာ ကိန်းဂဏန်းတွေကို အဓိကမထားဘဲနဲ့ လေ့လာမယ်ဆိုရင် နိုင်ငံတော်အတွင်းမှာ အဂတိလိုက်စားမှုဟာ လျော့နည်းပပျောက်သွားတဲ့နေရာရှိသလို အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုပြုမှုနေတဲ့ ဌာနတော်တော်များများဟာလည်း တိုးပွားလာတာကို လေ့လာတွေ့ရှိရပါတယ်” လို့ မေးခွန်းမေးမြန်းချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ပြန်လည်ဖြေကြားချက်ထဲမှာ “သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က တာဝန်ပေးတာကလွဲရင် သတင်းကြားရုံသက်သက်နဲ့ စုံစမ်းစစ်ဆေးဖို့ ဥပဒေမှာ မပါဘူး” ဆိုတဲ့ အချက်ပါဝင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဦးမြဝင်းက “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာ လုပ်ပိုင်ခွင့်အာဏာရှိသူများရဲ့ မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှုများနဲ့စပ်လျဉ်းပြီး ကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံစစ်ဆေးပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီပြဋ္ဌာန်းချက်မှာပါတဲ့ လုပ်ငန်းများမှာ ကြီးမားကျယ်ပြန့်တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့ပုံစံများ စနစ်တကျ သတ်မှတ်ထားရှိမှုမရှိဘဲနဲ့ လုပ်ကိုင်လို့မရပါဘူး” လို့လည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလို ကော်မရှင်ဥက္ကဋ္ဌရဲ့ ဖြေကြားချက်အရ ကော်မရှင်က တိုင်ကြားစာတွေကိုသာ စုံစမ်းစစ်ဆေးမှု လုပ်နေတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းက သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ခရီးမရောက်ခဲ့တာလား ဆိုတာ မေးခွန်းထုတ်စရာပါ။

NLD ပါတီရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြေညာစာတမ်းမှာတော့ ‘အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်’ လို့ ဖော်ပြထားပါတယ်။

အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်း ဖော်ဆောင်ဖို့ လိုအပ်သလို ထိရောက်စွာ ဆောင်ရွက်မယ်လို့ ဆိုပေမဲ့ NLD အစိုးရ အုပ်ချုပ်ရေးပိုင်းကို စတင်တာဝန်ယူချိန်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သွေးတိုးစမ်းတဲ့ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် သြင်္ကန်ကာလမှာ အစိုးရအဖွဲ့ဝင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ်သိန်း ၅၀ လက်ဆောင်ပေးတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူခြင်းမရှိဘဲ သတိပေးရုံသာ လုပ်ခဲ့တာကြောင့် ပြည်သူတွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စဖြစ်ပွားပြီးနောက်ပိုင်း အဲဒီအချိန်တုန်းက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ ‘လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်’ ကို ဗဟိုရုံးတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေဆီ ၂၀၁၆ ဧပြီ ၁ ရက်စွဲနဲ့ ပေးပို့ဖြန့်ဝေခဲ့ပါတယ်။

အဲဒီလမ်းညွှန်ချက်ထဲမှာ အစိုးရအဖွဲ့ဝင်များအနေနဲ့ မိမိရာထူးကြောင့် ပေးအပ်တယ်လို့ ယူဆရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံကနေ ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရလို့ သတ်မှတ်ပြီး ကျန်ပုဂ္ဂိုလ်အဖွဲ့အစည်းများ ပေးပါက တစ်ကြိမ်ကို ကျပ်နှစ်သောင်းခွဲထက်မပိုဘဲ တစ်နှစ်အတွင်း ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများနဲ့ အခါကြီးရက်ကြီးတွေမှာ ဂါရဝပြုပေးအပ်ပါက ကျပ်တစ်သိန်းထက်မပိုတဲ့ လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် အစိုးရ၊ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှု၊ မမှန်မကန် လုပ်ဆောင်ခဲ့မှုများကို အထောက်အထား အချက်အလက်များ ပြည့်စုံစွာ ဖော်ပြပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနထံ တိကျပွင့်လင်းစွာ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ တိုင်တန်းသူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အမြဲတမ်းနေရပ်လိပ်စာနဲ့ ဆက်သွယ်ဖို့ လိပ်စာအပြည့်အစုံအပြင် ဆက်သွယ်ရန်ဖုန်း၊ လက်ကိုင်ဖုန်း၊ ဖက်စ် နဲ့ email ရှိပါက ထည့်သွင်းဖော်ပြဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေနဲ့ လက်ခံရရှိတဲ့ တိုင်တန်းချက်များ ပေါက်ကြားခြင်း မရှိစေဖို့ စီစဉ်ထားတာကြောင့် တိုင်ကြားဖို့ရှိပါက စိုးရိမ်ပူပန်မှုကင်းစွာနဲ့ တိုင်ကြားနိုင်တယ်လို့ ပါရှိပါတယ်။

ဒီလို ‘လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်’ ထုတ်ပြန်ပြီး မကြာခင်အချိန်မှာပဲ လွှတ်တော်ဘက်ပိုင်းကလည်း ၂၀၁၆ ခုနှစ် သြဂုတ် ၁၀ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ‘နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း’ အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒီအဆိုကိုအတည်မပြုမီ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ NLD ကိုယ်စားလှယ် တချို့က လက်ရှိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ပေးနေပေမဲ့ အောက်ခြေ မှာ အကျင့်ပျက်ခြစားမှုတွေ ဆက်ရှိနေပါက ပြည်သူတွေ စိတ်ပျက်လာနိုင်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ‘အစိုးရသစ်လက်ထက်မှာ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့အား သွန်ခွန်စိုက် လုပ်ဆောင်နေတဲ့အချိန်မှာ နောက်ကွယ်ကနေပြီးတော့ တချို့သော အကျင့်ပျက် နိုင်ငံ့ဝန်ထမ်းများကြောင့် လုပ်ငန်းတွေ နှောင့်နှေးမှုတွေ များစွာ ကြုံတွေ့နေရပါတယ်။ ခေါင်းဆောင်ပိုင်းက ပြောင်းလဲပြီးတော့ အောက်ခြေပိုင်းက အကျင့်ပျက်မှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ပြည်သူလူထုအနေနဲ့ ရေရှည်မှာ အစိုးရအပေါ် စိတ်ပျက်ပြီးတော့ လာပါလိမ့်မယ်’ လို့ ဆွေးနွေးပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတစ်ဝန်း အကျင့်ပျက်ခြစားမှုများအကြောင်း ဆွေးနွေးကြရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှု အားနည်းနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ အဂတိလိုက်စားမှု သိသာ ထင်ရှားလာအောင်နဲ့ လျော့ပါးအောင် ဆောင်ရွက်ပေမဲ့ ကော်မရှင်တစ်ရပ် အမြန်ဆုံးလိုအပ်နေတယ်လို့ ထန်းတပင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအပြီးမှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ကော်မရှင် ဆောင်ရွက်ချက်များနဲ့ပတ်သက်လို့ ပြန်လည် ရှင်းလင်းရာမှာ အကျင့်ပျက်ခြစားမှုများကို တိုင်ကြားစာများ ရှိပေမဲ့ အများစုက သက်သေမခိုင်လုံခြင်း၊ ပစ်စာသဘောဆန်နေခြင်းတို့ ပါဝင်နေပြီး အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်နိုင်ဖို့ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ ပါဝင်တဲ့ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ လွှတ်တော်ထံ တင်ပြပါတယ်။

အဆိုရှင်ဖြစ်သူ ဒေါက်တာ သန်းဝင်းကတော့ နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများကို အရှိန်အဟုန် မြှင့်တင်ပြီး ထိထိရောက်ရောက် တိုက်ဖျက်သွားရေးဟာ အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်ပြီး တစ်ရက်စောပြီး ဒီကိစ္စကို ဆောင်ရွက်ပါက တိုင်းပြည်နဲ့ ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိလေဖြစ်တယ်လို့ သူ့သဘောထားကို လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

ဒီအဆိုကို နှစ်ရက်ကြာ အချိန်ယူပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦးက တက်တက်ကြွကြွ ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာတော့ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၇၀ မဲရရှိကာ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

“အဆိုကို လွှတ်တော်က အတည်ပြုလိုက်နိုင်တယ်ဆိုတော့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ တာဝန်ရှိသွားတဲ့ သဘောဖြစ်သွားပြီ” လို့ အဆိုရှင်ဖြစ်သူ ဒေါက်တာသန်းဝင်းက လွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

ဒါကြောင့်လည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ စိန်ခေါ်မှုတွေအနက် အဓိကအကျဆုံးက အဂတိလိုက်စားမှု ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့ပြင် အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုးအထက်မှာ ထားရှိခြင်းဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၈ ရက်တုန်းက အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး မီဒီယာစာမျက်နှာတွေပေါ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ အဲဒီသတင်းကတော့ သိန်းထောင်ချီ လာဘ်စားမှုကို အကြောင်းပြုပြီး ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေးအရာရှိများ အပါအဝင် စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးလိုက်တာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ကော်မရှင်အတွင်းရေးမှူး ဦးစိန်တင်က တရားလိုလုပ်ပြီး သူတို့ကို ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အမှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ပတ်သက်လို့ ငွေကျပ် သိန်းထောင်ချီ အဂတိလိုက်စားမှုထဲမှာ Alphard ယာဉ်ပေးတာ၊ Mark II ယာဉ်ပေးတာ စတဲ့အချက်တွေ ပါပါတယ်။ အရင်က ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ပေမဲ့ ဒီအမှုမှာ ပြည်ထဲရေးအရာရှိတွေ ပါဝင်နေတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ အရင်အစိုးရလက်ထက်မှာ ဒုတိယ အမြဲတမ်းအတွင်းဝန် တာဝန်ယူခဲ့ဖူးတဲ့ ဦးပြုံးချိုဟာ လက်ရှိမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ နောက်ထပ်ပါဝင်သူတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာ နဝန်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိတစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခံထားရသူနှစ်ဦး ပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။

ဒီကိစ္စမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အထင်အရှား ပေါ်ပေါက်လာတဲ့ ခြောက်ဦးကိုသာ တရားစွဲဆိုခဲ့တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကိုတော့ ပြည်သူတွေ မသိနိုင်တော့ပါဘူး။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုကို အတည်ပြုခဲ့ပြီး တစ်နှစ်နဲ့ သုံးလကျော်အကြာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က သမ္မတဦးထင်ကျော်က ပြန်လည် ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အရင်ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်ကို တာဝန်ပေးအပ်လိုက်ပါတယ်။ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါး ရှိလာတဲ့အချိန်ရောက်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းတာပါ။

အသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်သစ်မှာ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က လေးဦးစီ ရွေးထားပြီး စုစုပေါင်းအဖွဲ့ဝင် ၁၂ ဦး ပါရှိပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ လူစာရင်းမှာ အရင်ကော်မရှင်တုန်းက လူဟောင်းတွေဖြစ်တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အငြိမ်းစားညွှန်ကြားရေးမှူး ဦးစိုးတင့်နဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်မြတ်စိုးတို့ပဲ ပြန်ပါလာပါတယ်။

ကော်မရှင်သစ်မှာ ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင်ကြည်နဲ့ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးစန်းဝင်းတို့ကို တာဝန်ပေးထားပြီး အဖွဲ့ဝင်များအဖြစ် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနဲ့ ဒေါ်လဲ့လဲ့သွင်တို့ ဖြစ်ပါတယ်။ ကော်မရှင်သစ်ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သုံးဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ နှစ်ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသုံးဦး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တစ်ဦး၊ တရားလွှတ်တော်ရှေ့နေ အဖွဲ့ဝင်နှစ်ဦးပါတဲ့အတွက် တရားလွှတ်တော်ရှေ့နေအများဆုံး ပါဝင်လာတာကို တွေ့ရမှာပါ။

NLD အစိုးရသက်တမ်း ပထမနှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ စုံစမ်းစစ်ဆေးမှု ၁၂ မှုရှိသာရှိပြီး လေးမှုကို အမိန့်ချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ စုံစမ်းစစ်ဆေးမှု ၁၉ မှု ရအထိရှိခဲ့ပြီး နှစ်မှုကိုသာ အမိန့်ချနိုင်ခဲ့ပါတယ်။

NLD အစိုးရသက်တမ်းနှစ် နှစ်နီးပါးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ စုံစမ်းစစ်ဆေးမှု ၃၁ မှုသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုး ရလက်ထက်မှာ ကော်မရှင်အနေနဲ့ အဂတိတိုက်ဖျက်ရေးကို ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ တရားသူကြီး၊ အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိ၊ ပညာရေးမှူး၊ ပါမောက္ခချုပ်၊ စည်ပင်အရာရှိကြီးတွေနဲ့ စာရေး အစရှိတဲ့ အကျင့်ပျက် အာဏာရှိသူတချို့နဲ့ နိုင်ငံ့ဝန်ထမ်းအချို့ကို အရေးယူနိုင်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparency International) ကနေ ထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၆ မှာ ရှိခဲ့ပါတယ်။ ဒါဟာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ်အလွန် NLD အစိုးရလက်ထက်မှာ အညွှန်းကိန်းအဆင့် တက်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံက ပါဝင်နေဆဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု အလိုက်စားဆုံး နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အဆင့်က ၁၃၆ ဆိုပေမဲ့ အမှတ် ၁၀၀ မှာ ၂၈ မှတ်သာရတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မှတ်မရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်း ကောင်းမွန်လာ Transparency International ရဲ့ ၂၀၁၆ Corruption Perceptions Index အရ နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှာ ၁၃၆ မှာ ရပ်တည်လာခဲ့ပါတယ်။ ၂၀၁၀ မှာ (၁၇၆)၊ ၂၀၁၁ မှာ (၁၈၀) ဖြစ်ခဲ့ရာကနေ လက်ရှိ (၁၃၆) ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကူးပြောင်းတဲ့ ကမ္ဘာ့နိုင်ငံတွေကို လေ့လာရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ထူထောင်ရေးတို့ကို လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာရာမှာ အမြန်ဆုံး လုပ်နိုင်တဲ့နိုင်ငံတွေဟာ အနည်းဆုံး ၁၀ နှစ်ကျော်ကြာကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ အမြန်ဆုံး ကြာမြင့်ချိန် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု လုံးဝပပျောက်သွားတဲ့နိုင်ငံဆိုတာ မရှိပါဘူး။ အနည်းနဲ့အများ ရှိနေတတ်ကြတဲ့အထဲမှာ အကောင်းမွန်ဆုံး အခြေအနေကို ဖန်တီးကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီကူးပြောင်းပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်ခဲ့တာ အချိန်အားဖြင့် ၁၀ နှစ် မရှိသေးပါဘူး။ ဒီအချိန်ကာလအတွင်းမှာ အရပ်ရပ် အထွေထွေ ပြောင်းလဲဆန်းသစ်ဖို့ဆိုတာ ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်” လို့ ၂၀၁၇ မေ ၁၇ ရက်က သူရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အစိုးရကနေ အဓိက ဦးတည်ဆောင်ရွက်နေတဲ့ အချက်လေးချက်ရှိပြီး (၁) အစိုးရယန္တရား အဆင့်ဆင့် ပွင့်လင်းလာရေး (Initiating the Open Government)၊ (၂) ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲရေး (Regulatory Reform)၊ (၃) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး (Decentralization)၊ (၄) နိုင်ငံ့ဝန်ထမ်းများ လုပ်ရည်ကိုင်ရည် မူဘောင်ချမှတ်ရေးနှင့် မြှင့်တင်ရေး အစီအစဉ်။ (Civil Service Com-petency Framework and Cap-acity Building) တွေပဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီး မကြာခင်အချိန်က ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparency International) ကနေ ထုတ်ပြန်လိုက်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ မှာ ရှိခဲ့ပါတယ်။ ပြောရရင် NLD အစိုးရနှစ်နှစ် သက်တမ်းအတွင်း ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်မှာ အဆင့်ခြောက်ဆင့် တက်လာတာပါ။ မြန်မာနိုင်ငံရဲ့ အဆင့်က ၁၃၀ ဆိုပေမဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မှတ်မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှု အလိုက်စားဆုံးနိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်သစ်လက်ထက်မှာတော့ ဈေးဦးပေါက် အရေးယူမှုအဖြစ် ဖာပွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ နဲ့ အရေးယူပေးဖို့ အမှုဖွင့်ခဲ့ပါတယ်။

ဦးသိန်းဇော်ဦးအနေနဲ့ အရင်တမူးခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တုန်းက ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ဓာတ်သတ္ထုခွန် ကောက်ခံရရှိငွေထဲကနေ ၂၀၁၆ ခုနှစ်မှာ ငွေကျပ် သိန်း ၂၄၀ ကျော်၊ ၂၀၁၇ ခုနှစ်မှာ ငွေကျပ် ၉၁ သိန်းကျော်ကို ကိုယ်ကျိုးရယူ သုံးစွဲခဲ့တဲ့အပြင် တမူးမြို့ စန္ဒကူးရပ်ကွက်က မြေကွက်အကွက် ၂၀ ကို ချထားပေးရာမှာ ရိုဖြောင့်စွာ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အရေးယူပေးဖို့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့ပေမယ့် ဦးသိန်းဇော်ဦးကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဒီနေ့အထိ မမိသေးပါဘူး။

ဒါ့အပြင် ထူးခြားမှုအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂ ဦးအထိ ရှိနေပါတယ်။ ဒီလို ထွက်ပြေးတိမ်းရှောင်နေတဲ့ အဂတိလိုက်စားမှုမှ တရားခံပြေး ၁၂ ဦးကို ဖမ်းဆီးရမိနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တရားခံတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ထုတ်ပြန်ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့် တရားစွဲဆိုခဲ့တဲ့ အမှုတွေ အနက် တရားခံ ၁၂ ဦးက ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် တရားခံပြေး ၁၂ ဦးကို ဖမ်းဆီးရမိနိုင်ဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေ၊ ရဲစခန်းတွေကို သတင်းပေး တိုင်ကြားနိုင်ဖို့ တရားခံတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြအပ်ပါတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ တရားခံပြေး ၁၂ ဦးကတော့ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ မကွေးတိုင်းတရားလွှတ်တော်မှ ဦးစီးအရာရှိ ဒေါ်အဉ္ဇလီမြရှိန်၊ ပုဒ်မ ၅၆။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ စီမံကိန်း ကြီးကြပ်အကဲဖြတ်အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းမြ၊ ပုဒ်မ ၅၆။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးဇော်လင်းလင်းနိုင်၊ ပုဒ်မ ၅၆။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ ပေပင်ချောင် ရဲကင်းစခန်း စခန်းမှူး ရဲအုပ် ရာဇာကိုကို၊ ပုဒ်မ ၅၆၊ ၆၃။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ တရားမဝင် သစ်စက်လုပ်ငန်း ဦးစိန်မောင်ဝင်း၊ ပုဒ်မ ၅၆၊ ၆၃။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေး၊ ပုဒ်မ ၅၆ ။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ (ငြိမ်း) ဦးမြင့်ဝေ၊ ပုဒ်မ ၅၆ ။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ ကျောက်တံခါးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြေတိုင်း (၄) ဦးလပြည့်ဝန်း(ခ)မောင်မောင်၊ ပုဒ်မ ၅၆ ။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်အေးအေးနွဲ့၊ ပုဒ်မ ၅၆။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယမင်းသန့်၊ ပုဒ်မ ၅၇၊ ၆၃။ ကျင့် ၅၁၂ နဲ့ တရားစွဲခံထားရတဲ့ အထက်တန်းရှေ့နေ ဒေါ်စုကြည်၊ ပုဒ်မ ၅၆ ။ ကျင့် ၅၁၂ နဲ့ တရားစွဲဆိုခံထားရတဲ့ တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့ ဖြစ်ပါတယ်။

ထွက်ပြေးနေတဲ့ တရားခံပြေး ၁၂ ဦးရဲ့ ရာထူးတွေကို ကြည့်မယ်ဆိုရင် ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တောအုပ်၊ စခန်းမှူး၊ သစ်စက်လုပ်ငန်းပိုင်ရှင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိ(ငြိမ်း)၊ မြေတိုင်း(၄)၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ အထက်တန်းရှေ့နေ၊ ခရိုင်အုပ်ချုပ်ရေးမှူး စတဲ့ ရာထူးသိပ်မကြီးတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီလို ရာထူးတွေထဲမှာ တရားရေးက လေးယောက်၊ စီမံကိန်းက တစ်ယောက်၊ သစ်တောက တစ်ယောက်၊ ရဲကတစ်ယောက်၊ သစ်စက်ပိုင်ရှင်က တစ်ယောက်၊ အုပ်ချုပ်ရေးက နှစ်ယောက်၊ မြေစာရင်းက နှစ်ယောက် ပါဝင်နေပါတယ်။

ဒီလို ရာထူးငယ်သူတွေကတောင် အဂတိလိုက်စားမှုနဲ့ အရေးယူဖို့ တရားစွဲဆိုတာကို ရှောင်ပြေးနိုင်တယ်ဆိုရင် ဒီထက်မက ရာထူးကြီးတဲ့သူတွေကို အရေးယူတဲ့အခါမှာ သူတို့လိုပဲ ရှောင်ပြေးသွားမလား ဆိုတတဲ့အချက်က စိုးရိမ်စရာပါ။

မြန်မာစကားပုံမှာ “အိတ်ပေါက်နဲ့ ဖားကောက်” ဆိုတဲ့ စကားပုံကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။ လက်ရှိအနေအထားမှာ အားနည်းချက်တွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ပဲ အားသွန်ခွန်စိုက် လုပ်ဆောင်ပေမယ့် အရာထင်မှာ မဟုတ်ဘူးလို့ အဓိပ္ပာယ်ရပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကော်မရှင်အသစ်ဖွဲ့ပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ကော်မရှင်အသစ်အနေနဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ UNODC တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ Promote Integrity to Counter Corruption စာတမ်းဖတ်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

“ဒီဘုံရန်သူကို တွန်းလှန်တဲ့နေရာမှာ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တစ်ခုတည်းနဲ့လည်း မရဘူး။ အစိုးရဌာနဆိုင်ရာများ ပါဝင်ရုံမျှနဲ့လည်း မရပါဘူး။ လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး၊ အသက်အရွယ်ကြီးငယ်လတ်အသီးသီး၊ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာမှ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ငါးကြီးကြီးဖမ်းပြီး ကြော်ပစ်တဲ့ နည်းလမ်းကို အသုံးပြုဖို့ စီးပွားရေးပညာရှင် ဦးမြင့်က အကြံပြုပြောကြားပါတယ်။

“တကယ်လုပ်နေတဲ့ဟာ ပြရမယ်။ ပြတဲ့အခါ အများအားဖြင့် ဘယ်လိုလုပ်ကြသလဲဆိုရင် ဥပမာက ငါးကြီးကြီးအချို့ကို ကြော်လိုက်ပါ” လို့ ဦးမြင့်က ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စီးပွားရေးပညာရှင် ဦးမြင့် အကြံပြုသလို ငါးကြီးကြီးကြော်ပြဖို့ဆိုရင် တရားစွဲဆိုမှုကနေ လွတ်နေတဲ့ တရားခံပြေး ငါးသေးသေးလေးတွေကို အရင်ဆုံး ဖမ်းဆီးပြီး အရေးယူပြနိုင်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ကော်မရှင်ကနေ တရားစွဲလိုက်၊ အဂတိလိုက်စားသူတွေက ထွက်ပြေးလိုက်နဲ့ဆို ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ်သလိုဖြစ်နေပြီး ဒီလိုသာ အိတ်ပေါက်နဲ့ ဖားကောက်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာ ဘယ်လောက်လုပ်လုပ် အသက်ဝင်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကော်မရှင်အနေနဲ့ ပေါက်နေတဲ့ အိတ်ကို အချိန်မီ ဖာထေးနိုင်ခြင်း ရှိ မရှိက ဗျူရိုကရေစီယန္တရားတွေ ပွင့်လင်းမြင်သာမှုရှိဖို့ လိုနေပါတယ်။

“ပွင့်လင်းမြင်သာမှုရှိရင် Corruption (အဂတိလိုက်စားမှု) မရှိနိုင်ပါဘူး။ Corruption (အဂတိလိုက်စားမှု) ဘာကြောင့်ရှိလဲ၊ ပွင့်လင်းမြင်သာမှုမရှိလို့ပါ” လို့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဆိုပါတယ်။

Most Read

Most Recent